ကတုံးပေါ်ထိပ်ကွက်၊ တန်ပြန်ကတုံးပေါ်ထိပ်ကွက်၊ တန်ပြန့်တန်ပြန် ကတုံးပေါ်ထိပ်ကွက်
Vol. 1-8 Ch. 35
ဆေးဖော်ဆောင်တွင် တစ်ညလုံးအလုပ်လုပ်ပြီးနောက် နံနက်ပိုင်းတွင် လီချန်ရှို့သည် ကောက်ရိုးတဲများရှိရာသို့ ပြန်လာခဲ့သည်။
တဲအနားသို့ မရောက်မီမှာပင် အရက်နံ့များကို ရလိုက်၏။ သူသည် စိတ်အာရုံကို ဖြန့်ကျက်၍ ဆရာတူညီမ၏ တဲအတွင်းသို့ကြည့်လိုက်ရာ ကိုယ့်နဖူးကိုယ်ရိုက်လိုက်ရတော့သည်။
‘ ငါ ရှောင်သွားမှ ရမယ် ’
တဲအတွင်းရှိ မြင်ကွင်းသည် သိပ်မဆိုးပေ။
တဲအတွင်း မြေကြီးပေါ်တွင် နတ်မိုနိုပိုလီကတ်ပြားများနှင့် ဆရာတူညီမလေးအတွက် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က လီချန်ရှို့ ပြုလုပ်ပေးထားသည့် ဖဲချပ်များ ပြန့်ကျဲနေသည်။
ထိုကတ်များသည် အတော်အတန်ခမ်းနား၏။ လီချန်ရှို့သည် ထိုကတ်များအား သူ၏စက္ကူရုပ်များ ပြုလုပ်သည့် စက္ကူသားဖြင့် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ထိုစက္ကူသည် အဖိုးတန်သစ်ပင်၏ သစ်စေးများဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ပြုလုပ်ရန်လုပ်ငန်းစဉ်သည်လည်း ရှုပ်ထွေးပေသည်။
သူတို့သည် တစ်ညလုံး ကစားခဲ့ကြပုံပေါ်၏။ နောက်ဆုံးတွင် ကျိုးကျိုး၏အရက်များကို သောက်ကာ မှောက်သွားကြခြင်း ဖြစ်ပေမည်။
လီချန်ရှို့၏ စိတ်အာရုံသည် တဲအတွင်းမြေပေါ်တွင် ဓားကြီးအပြင် ဂါဝန်ရှည်များ၊ အင်္ကျီများ၊ ဖိနပ်များနှင့် ခြေအိတ်များကိုပါ အာရုံခံမိလိုက်သည်။
ကျိုးကျိုးနှင့် လန်လင်းအယ်သည် ကော်ဇော်ပေါ်တွင် ဟောက်၍ အိပ်နေကြသည်။ ကျိုးကျိုးသည် လင်းအယ်၏ပေါင်အား ဖက်ကာအိပ်နေပြီး လင်းအယ်သည် ကျိုးကျိုး၏ လက်မောင်းများကို ကိုင်ထားလေသည်။
ယုံချင်ရွှမ်းယာမှာမူ ကော်ဇောအစွန်လေးတွင် ကျော့ကျော့မော့မော့ အိပ်ပျော်နေ၏။ သို့သော် သူမ၏လက်ထဲမှာလည်း တစ်ယောက်ယောက်၏ အတွင်းဝတ်ပန်းရောင်လေးကို ကိုင်ထားလေသည်။
‘ ငါကြည့်လို့ မဖြစ်ဘူး။ ငါကြည့်လို့ မဖြစ်ဘူး... ’
လီချန်ရှို့သည် တဲပတ်လည်ရှိ မန္တန်အစီအရင်ကို နှိုးပေးလိုက်သည်။ ထို့နောက် ရေကန်လေးဘေးရှိ မိုးမခပင်ကြီးထံ လျှောက်သွားလေ၏။ သူသည် လုပ်၍မပြီးသေးသော စက္ကူရုပ်နှစ်ရုပ်ကို ထုတ်ကာ ဓမ္မတန်ခိုးများကို သုံး၍ ဆက်လက်ပြုလုပ်နေလိုက်သည်။
ပုံပြောင်းစက္ကူရုပ်သည် အဆင့်မြင့်မှော်ပညာဖြစ်သည်။ ထိုပညာအား တာအိုဂိုဏ်းများ၏ ကြယ်တာရာနည်းလမ်း(၃၆)သွယ် ထဲတွင် မှတ်တမ်းတင်ထားသည်။ လီချန်ရှို့က ကံအားေလျာ်စွာ ထိုပညာအား တတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ထိုပညာကို သူ တတ်ခဲ့သည်မှာ နှစ်(၅၀)ရှိခဲ့ပေပြီ။ သို့သော် ကနဦးအဆင့်ကို မကျော်နိုင်သေးပေ။
လီချန်ရှို့တစ်ယောက် နတ်ဝိဇ္ဇာဖြစ်လာသည့်အခါမှသာ ထိုပုံပြောင်းစက္ကူရုပ်သည် အမှန်တကယ် စွမ်းအားကြီးလာမည်ဖြစ်သည်။ ထိုအခါတွင် သူ ဖန်တီးထားသော စက္ကူရုပ်တွင် သူ၏ မူလဝိညာဉ်ပါလာမည်ဖြစ်ပြီး ထိုဝိညာဉ်သည် မူလခန္ဓာကိုယ်အတွင်းမှထွက်၍ စက္ကူရုပ်အတွင်း အချိန်အတိုင်းအတာတစ်ခုထိ ဝင်ရောက်လှုပ်ရှားနိုင်မည် ဖြစ်သည်။
ပုံပြောင်းစက္ကူရုပ်သည် သူ၏မှော်အတတ်များအနက် တစ်ခု ဖြစ်၏။ သူ၏ရန်သူများကို ကိုယ်တိုင်အန္တရာယ်ကြုံစရာ မလိုဘဲ တိုက်ခိုက်နိုင်ခြင်းသည် သူ့အတွက် အဆင်အပြေဆုံးဖြစ်သည်။
အခြား မန္တန်အစီအရင်များ၊ အဆောင်များ၊ ဆေးလုံးများနှင့် အဆိပ်များသည် အရန် ကျင့်ကြံမှုများပင် ဖြစ်သည်။ ၎င်းတို့သည် သူ၏ အစစ်အမှန်ပန်းတိုင်သို့ လျှောက်လှမ်းရာလမ်းတွင် ကိုယ့်ကိုယ်ကို ကာကွယ်ရန်အသုံးချနိုင်သော ဝါသနာများသာ ဖြစ်လေသည်။
နေ့ဝက်ခန့်ကြာပြီးနောက် လီချန်ရှို့သည် စက္ကူရုပ်နှစ်ရုပ်ကို ပြန်သိမ်းလိုက်သည်။ ကောက်ရိုးတဲ့သို့ လှမ်းကြည့်လိုက်ရာ ထိုအမျိုးသမီးသုံးဦးသည် နိုးသေးပုံ မပေါ်သေးချေ။
‘ ဆရာလည်း သူ့မိတ်ဆုံစားပွဲက ပြန်မလာသေးဘူး။ ကြည့်ရတာ တော်တော်နဲ့ ပြန်မှာမဟုတ်သေးဘူး ထင်တယ် ’
သူ၏ဆရာသည် မြေနတ်ဝိဇ္ဇာသာဖြစ်ခဲ့သော်လည်း ဂိုဏ်းထဲတွင် အတော်အတန်မျက်နှာပွင့်ခဲ့ပြီ ဖြစ်သည်။
နတ်ဝိဇ္ဇာအဖြစ်သို့ မတက်လှမ်းနိုင်သူသည် အသက်(၃၀၀၀)ခန့်သာ နေနိုင်သော သာမန်သေမျိုးများသာ ဖြစ်ကြ၏။
ယခင်က ချီယွမ်နှင့် သိကျွမ်းခဲ့ကြသူများသည် ဤနှစ်ရာပေါင်းများစွာအတွင်း အကြောင်းအမျိုးမျိုးကြောင့် သူ့အား ခပ်တန်းတန်းသာဆက်ဆံခဲ့ကြသည်။ ယင်းမှာ ချီယွမ်ထံတွင် နဂိုက မြင်တွေ့ခဲ့ရသော တန်ဖိုးမျိုးကို သူတို့ မတွေ့ရတော့သောကြောင့် ဖြစ်နိုင်သလို ချီယွမ်သေဆုံးသွားပါက သိပ်၍ မခံစားရစေရန်လည်း ဖြစ်နိုင်ပေသည်။ ထို့ပြင် ချီယွမ်အား သိမ်ငယ်စိတ် မဝင်စေလို၍လည်း ဖြစ်နိုင်၏။
သို့သော် ယခုတွင်မူ ချီယွမ်သည် မြေနတ်ဝိဇ္ဇာတစ်ပါးအဖြစ် ရောက်ရှိသွားပြီ ဖြစ်သဖြင့် အနာဂတ်တွင် အရာအားလုံးအဆင်ချောခဲ့ပါမူ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ထိ ရောက်နိုင်ပေသည်။
သူ၏ဂုဏ်သိက္ခာအား အနည်းငယ်ထိပါးသွားသော်လည်း အသက်ရှည်ရှည်ဆက်၍ နေနိုင်ပြီဖြစ်သည်။ ယခင်က သူ၏မိတ်ဆွေများသည်လည်း ချီယွမ်အား ပြန်၍ အရာသွင်းခဲ့ပေပြီ။
နတ်ဝိဇ္ဇာဂိုဏ်းများရှိ သူများသည် ထိုကဲ့သို့ပင် လက်တွေ့ကျကြသည်။
‘ အခုကစပြီး ဆရာရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ခက်ခဲဦးမှာပဲ ’
ထိုသို့ တွေးတောနေစဉ်မှာပင် လီချန်ရှို့သည် တောင်အပြင်သို့ လှမ်းကြည့်လိုက်သည်။
ဝှစ်....
ကောင်းကင်အား ဖြတ်ကာ ပျံသန်းလာသောအရာ တစ်ခု၏ အသံကို ကြားလိုက်ရသည်။ လီချန်ရှို့သည် မိုးမခပင်အား အကာအကွယ်ယူလိုက်ပြီး လက်ဝဲလက်ကို မြှောက်ကာ သူ့ဆီတန်းတန်းမတ်မတ်လာနေသော ကျောက်စိမ်းဓားတစ်ချောင်းအား ညွှန်ထားလိုက်သည်။ ထိုကျောက်စိမ်းဓားသည် သူ့ရှေ့ (၁၀)ကျန့်အကွာတွင် ရပ်တန့်သွား၏။
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်၏အသံသည် ကျောက်စိမ်းဓားအတွင်းမှနေ၍ ထွက်ပေါ်လာသည်။
“ ချုံတောင်လေးက ချန်ရှို့လေးရေ… ဆွေးနွေးစရာတွေအတွက် ပိုင်ဖန်ခန်းမကို တတ်နိုင်သမျှမြန်မြန်လာခဲ့ကွာ ”
လီချန်ရှို့ပြန်ဖြေလိုက်သည်။
“ အမိန့်အတိုင်းပါ … ဆရာဦးလေးခင်ဗျား ”
ကျောက်စိမ်းဓားသည် ပြန်လှည့်၍ ကောင်းကင်ခွင်းတောင်သို့ ပြန်သွားလေသည်။
ခေတ္တမျှကြာသောအခါ နောက်ထပ် ကျောက်စိမ်းဓားနှစ်ချောင်းသည် ဦးတည်ရာတစ်ဖက်တည်းမှ လီချန်ရှို့ထံသို့ပျံလာကြ၏။ သို့သော် ၎င်းတို့သည် သူ့အားကျော်ကာ သူ့ဆရာတူညီမလေး၏တဲဆီသို့ ဆက်ပျံသွားကြသည်။
လီချန်ရှို့သည် ချက်ချင်းပင် သဘောပေါက်သွားလေသည်။
သူသည် ခေါင်းရမ်းလိုက်ပြီး တိမ်ဖြူတစ်အုပ်ပေါ်သို့တက်ကာ ကျန်သူများထက်စော၍ ရှေ့မှသွားလိုက်သည်။ ပိုင်ဖန်ခန်းမသို့သွားကြမည့် ကျိုးကျိုးနှင့် ယုံချင်ရွှမ်းယာကို သူရှောင်လိုခြင်းပင်။
***
ထိုတွေ့ဆုံပွဲသည် အရှေ့ပင်လယ်ရှိ မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲသို့ သွားရမည့်အရေးနှင့် သက်ဆိုင်ပေလိမ့်မည်။
သူသည် အာရုံစိုက်မခံရစေရန် ခန်းမရှေ့ရှိ သစ်ပင်အောက်တွင် ခဏထိုင်နေလိုက်သည်။
အမှန်ပင် သူ့အား မည်သူမှ သတိမထားမိကြပေ။
ပိုင်ဖန်ခန်းမ၏ အနောက်တောင်ဘက်မှနေ၍ လူရိပ်ဆယ်ခုထွက်လာ၏။ ထိုအခါမှ လီချန်ရှို့သည် အတွင်းသို့ဝင်ကာ ထောင့်တစ်ထောင့်ရှိ အရိပ်ထဲတွင် မသိမသာရပ်နေလိုက်သည်။
‘ ဆရာဦးလေးကျိုးဝူက ယုတ်မာကောက်ကျစ်ပြီး သဘောထားသေးသိမ်တဲ့အပြင် သူများတွေကို အသုံးချရတာ ကြိုက်တယ်။ ဒါပေမဲ့ အနည်းဆုံးတော့ သူက စကားတော့တည်ပါတယ် ”
ထိုအချိန်တွင် တခြားသူများ၏ အမြင်၌ လီချန်ရှို့သည် ဗလာနတ္ထိဒုတိယအဆင့်တွင်ရှိသော စံပြတပည့်တစ်ယောက် ဖြစ်လေသည်။ ကျိုးဝူသည် လီချန်ရှို့၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်သည် ဗလာနတ္ထိဆဋ္ဌမအဆင့်ဖြစ်ကြောင်း ထုတ်မပြောခဲ့ချေ။
လီချန်ရှို့ဝင်သွားသောအချိန်တွင် ခန်းမအတွင်း၌ သူ၏မျိုးဆက်ရှိ တပည့်ခြောက်ဦးရောက်နေပြီ ဖြစ်သည်။ အသက်(၁၀၀၀)ကျော်ပြီဖြစ်သော အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသူ ခြောက်ဦးခုနှစ်ဦးလည်း ရှိနေ၏။
မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲကဲ့သို့ အခမ်းအနားကြီးများတွင် ဂိုဏ်းပေါင်းစုံမှလူများ စုဝေးကြသည်ဖြစ်ရာ ထိုသို့သောပွဲများအား ဂိုဏ်းအချင်းချင်း ယှဉ်ပြိုင်ရာနေရာအဖြစ် သဘောထားကြသည်။ ထိုဂိုဏ်းများသည် သူတို့တပည့်များ၏ အရည်အချင်းနှင့် အလားအလာများကို မည်သို့ပြနိုင်သနည်း။ ထိုတပည့်များ၏ အသက်အရွယ်နှင့် ကျင်ကြံခြင်းအဆင့်ကို ဖော်ပြခြင်းဖြင့် ပြနိုင်ပေသည်။
အကယ်၍ တပည့်တစ်ယောက်သည် အသက်အရွယ်ငယ်သေးသော်လည်း ကျင့်ကြံခြင်းအဆင့် မြင့်မားနေလျှင် ထိုတပည့်တွင် အဆင့်မြင့် အရည်အချင်းများနှင့် အလားအလာကောင်းများ ရှိကြောင်းသိနိုင်၏။ ထိုတပည့်သည် သူ၏ဂိုဏ်းအား ဂုဏ်တက်စေပေမည်။
ထို့ကြောင့် ကျိုးကျိုးသည် အခန်းအောင်းလေ့ကျင့်နေချိန်မှလွဲ၍ ထိုသို့သောပွဲမျိုးကို အမြဲတက်ရလေသည်။
အတုမဲ့နတ်ဝိဇ္ဇာများ ဆက်၍ရောက်ရှိနေသေးသဖြင့် လီချန်ရှို့သည် ခန်းမအတွင်း ဆက်၍စောင့်နေရသည်။ တပည့်ငယ်နှစ်ယောက် သုံးယောက်လည်း ဝင်ရောက်လာ၏။
ကျိုးကျိုးနှင့် ယုံချင်ရွှမ်းယာတို့ရောက်လာသောအခါ ထိုခန်းမအတွင်း စုစုပေါင်း တပည့်ငယ်(၁၁)ဦးနှင့် အတုမဲ့နတ်ဝိဇ္ဇာ(၁၆)ပါး တို့ရှိသွားလေသည်။
ထိုသူများသည် ဤနေ့ဤနေရာတွင် စုဝေးရန် ဖိတ်ကြားခံရသူများ ဖြစ်သည်။
ဂိုဏ်းပြင်ပကိစ္စများအတွက် တာဝန်ရှိသူ အကြီးအကဲကောသည် အခြားအကြီးအကဲနှစ်ဦးနှင့်အတူ ဝင်လာသည်။ သူတို့သည် ထိုတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်ကို အသေးစိတ်ရှင်းပြကြ၏။
အကြီးအကဲကောက ပြောလိုက်သည်။
“ အရှေ့ပင်လယ်မှာရှိတဲ့ နဂါးနန်းတော်က အရှေ့ပင်လယ်ကမ်းရိုးတန်းမှာ မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲကို ဦးဆောင်ကျင်းပမယ်။ သူတို့က အရှေ့ကျွန်းမှာရှိတဲ့ အဓိကနတ်ဝိဇ္ဇာဂိုဏ်းတွေကို ဖိတ်ထားတယ်။ အဲဒီထဲမှာ တုနတ်ဝိဇ္ဇာဂိုဏ်းလည်းပါတယ် ”
“ အယုတ်တမာနဂါးတစ်ကောင် ငါတို့ဂိုဏ်းကို လာကျူးကျော်စော်ကားတာ မင်းတို့လည်း မြင်လိုက်မှာပါ ”
“ ပြီးတော့ အဲဒီနဂါးယုတ်က တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ငါတို့ဂိုဏ်းကို တွေ့ဆုံပွဲကျင်းပမယ့်ရက်စွဲ အမှားကြီး ပေးသွားတာပဲ။ ငါတို့ တုနတ်ဝိဇ္ဇာဂိုဏ်းကို အရူးလုပ်ချင်တာပေါ့ ”
“ တော်သေးတာက အရှေ့ကျွန်းက နတ်ဝိဇ္ဇာဂိုဏ်းတွေက အချင်းချင်း မေးမြန်စုံစမ်းကြလို့ပဲ။ အဲဒီတွေ့ဆုံပွဲက နောက်(၇)ရက်နေရင် ကျင်းပမယ်ဆိုတာ ငါတို့သိခဲ့တာ ကြာပြီ။ နောက်(၄)ရက်နေရင် ငါတို့ တုနတ်တိဇ္ဇာဂိုဏ်းက အခြားဂိုဏ်းတွေနဲ့အတူ အရှေ့ပင်လယ်ကိုသွားမယ် ”
“ ဂိုဏ်းချုပ်ကလည်း ဒီတစ်ခေါက် တပည့်တွေကို ဦးဆောင်ဖို့ အရှင်ဝမ်ချင်းကို တာဝန်ပေးထားတယ်။ အခြားကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ အကြီးအကဲတွေလည်း ပါလိမ့်မယ်... ”
“ မင်းတို့ အတုမဲ့နတ်ဝိဇ္ဇာတွေလည်း လိုက်ရမယ် ”
အကြီးအကဲကောသည် ပြောပြီးသည်နှင့် သူ၏ရှေ့၌ရှိသော လူ(၂၇)ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် ဆက်၍ပြော၏။
“ နဂါးနန်းတော်က ဒီမိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲကို လုပ်ရတဲ့ အကြောင်းအရင်း သုံးချက်ပဲရှိတယ် ”
“ ပထမတစ်ချက်က သူတို့တွေက အရှေ့ပင်လယ်နဲ့ အရှေ့ပင်လယ်ကမ်းရိုးတန်းအကြားမှာ နယ်နမိတ်တစ်ခု ရှင်းရှင်းလင်းလင်းသတ်မှတ်ချင်တယ် ”
“ ဒုတိယအနေနဲ့ အရင်အခေါက်တုန်းက အရှေ့ပင်လယ်ကိုသွားပြီး မိစ္ဆာနှိမ်နင်းခဲ့တဲ့ နတ်ဝိဇ္ဇာဂိုဏ်းတွေဆီမှာ ဆုံးရှုံးခဲ့ရတဲ့ သူတို့ရဲ့ သိက္ခာကို ပြန်အဖတ်ဆယ်ချင်လို့ပဲ ”
“ နောက်ဆုံးတတိယတစ်ခုကတော့ သူတို့ရဲ့ နဂါးတပည့်တွေကို တန်ခိုးအင်အားပြသနိုင်ဖို့ အခွင့်အရေးပေးချင်လို့ပဲ ”
“ နဂါးမျိုးနွယ်က ဒီတစ်ခေါက်မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲမှာ သေချာပေါက် ရတနာတော်တော်များများကို ဆုအနေနဲ့ ချီးမြှင့်မှာပဲ။ တပည့်ငယ်တွေက တစ်ဦးကိုတစ်ဦး လက်တွဲခေါ်ကြပြီး အခြေအနေအလိုက် အချင်းချင်း ကာကွယ်ပေးတာ၊ ပူးပေါင်းတိုက်ခိုက်တာတွေ လုပ်ရမယ် ”
“ မင်းတို့ဆယ်ယောက်... ”
ကောအကြီးအကဲသည် နောက်ပိုင်းတွင်ရပ်နေသော တပည့်ငယ်ဆယ်ယောက်ကိုကြည့်လိုက်ပြီးနောက် လီချန်ရှို့ရပ်နေသော အခန်းထောင့်ကို ဆက်ကြည့်လိုက်သည်။ ထို့နောက် ပြန်ပြင်၍ပြောလိုက်၏။
“ မင်းတို့ ဆယ့်တစ်ယောက်က မင်းတို့မျိုးဆက်ထဲမှာ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသူတွေပဲ။ မင်းတို့က..အာ... ဉာဏ်အကောင်းဆုံးသူတွေလည်း ဖြစ်တယ် ”
“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါတို့ဂိုဏ်းက အရှေ့ပင်လယ်မှာ မိစ္ဆာနှိမ်နင်းဖို့ သွားခဲ့တယ်။ နဂါးနန်းတော်က သေချာပေါက် ဒီတွေ့ဆုံပွဲအတွင်းမှာ ငါတို့ကို ပစ်မှတ်ထားမှာပဲ။ ငါတို့နဲ့ သိပ်ပြီးမျက်နှာကြောမတည့်တဲ့ တခြားဂိုဏ်းတွေကလည်း ငါတို့ အခက်အခဲကြုံအောင် လုပ်လိမ့်မယ်။ မင်းတို့ တပည့်ငယ်တွေ ကိုယ့်ကိုယ်ကို အရှက်ခွဲမိအောင် လုပ်လိမ့်မယ် ”
“ ဒါကိုမှတ်ထား ... မင်းတို့ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်လို့မရဘူး။ ကျောင်းတော်သုံးကျောင်းထဲက နတ်ဝိဇ္ဇာဂိုဏ်းတွေရဲ့ ဣန္ဒြေသိက္ခာကို စောင့်ထိန်းရမယ် ”
“ တကယ်လို့ တစ်ယောက်ယောက်ကများ မင်းတို့ကို လျှို့ဝှက်ပြီး လာစိန်ခေါ်ရင် သူတို့ကို ဂရုစိုက်မနေနဲ့။ မင်းတို့ရဲ့အစွမ်းတွေကို တရားဝင်ယှဉ်ပြိုင်တဲ့အခါမှ သူတို့ကို မြည်းခိုင်းလိုက် ”
“ နတ်ဝိဇ္ဇာဂိုဏ်းပေါင်းစုံကလည်း ကြိုပြီး ဆွေးနွေးထားကြပြီးပြီ။ အရှေ့ပင်လယ်ကိုသွားကြမယ့် အရှေ့ကျွန်းမှာရှိတဲ့နတ်ဝိဇ္ဇာဂိုဏ်းတွေရဲ့ အငယ်ဆုံးမျိုးဆက်က တပည့်တွေက အသက်(၁၅၀)အောက် ရှိရမယ်။ အဲဒီအထဲက နည်းနည်းကတော့ တာအိုပေါင်းစည်းအဆင့်ကို ရောက်နေကြပြီပေါ့လေ ”
“ တကယ်လို့ အဲ့ဆုချီးမြှင့်တဲ့ ရတနာတွေကို ရအောင်ယူနိုင်ရင် ကိုယ့်အစွမ်းအစအတွက် ဆုအနေနဲ့ ကိုယ့်ဘာသာယူထားနိုင်တယ် ”
“ နားလည်ကြလား ”
တပည့်ငယ်ဆယ့်တစ်ယောက်ထဲမှ တော်တော်များများသည် ဝမ်းသာအားရဖြစ်သွားကြသည်။ သူတို့သည် အတူတကွပင်ဖြေလိုက်ကြသည်။
“ အကြီးအကဲကောရဲ့ သင်ကြားပြသမှုကို တပည့်တို့စိတ်ထဲမှာ သေချာမှတ်သားထားပါမယ် ”
အကြီးအကဲကောသည် ခေါင်းညိတ်ပြလိုက်ပြီး ခေတ္တမျှ ကိုယ့်ဘာသာ တီးတိုးရေရွတ်နေ၏။ ထို့နောက် သူဆက်၍ပြောလိုက်သည်။
“ နောက်တစ်ခုရှိသေးတယ်။ ဒီအတွက် ငါ့ကို အရှင်ဝမ်ချင်းကိုယ်တိုင် ညွှန်ကြားလိုက်တာပဲ... ”
လူအာလုံး တိတ်ဆိတ်စွာဖြင့် ဂရုတစိုက်နားထောင်နေလေသည်။
“ ချုံတောင်လေးက လီချန်ရှို့က ဘယ်မှာလဲ ”
“ တပည့်ဒီမှာပါ ခင်ဗျာ ”
လီချန်ရှို့ ပြန်ဖြေလိုက်သည်။
သူသည် ရင်ထဲမှနေ၍ ကျိန်ဆဲလိုက်၏။ ကျိုးဝူ၏ အကောက်ကြံနိုင်မှုကို သူလျှော့တွက်မိခဲ့လေသည်။ သို့သော် သူသည် တည်ငြိမ်စွာပင် ဦးညွှတ်နေလိုက်သည်။
အကြီးအကဲကောသည် လေသံဖျော့ဖျော့ဖြင့် ပြောလိုက်၏။
“ ဒီခရီးစဉ်အတွင်းမှာ တပည့်ငယ်တွေအကုန်လုံး မင်းရဲ့ညွှန်ကြားမှုကို နာခံရမယ်။ မင်းက... တပည့်ငယ်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ ”
ထိုအခိုက်တွင် အခြားတပည့်ငယ်ဆယ်ဦးအပြင် အတုမဲ့နတ်ဝိဇ္ဇာဆယ့်ခြောက်ပါးသည်လည်း နားမလည်နိုင်ဟန်ဖြင့် လီချန်ရှို့အား လှည့်ကြည့်လိုက်ကြသည်။
‘ ဘာလို့ ဗလာနတ္ထိဒုတိယအဆင့်ပဲရှိသေးတဲ့ သူကို ခေါင်းဆောင်ခန့်ရတာလဲ ’
လီချန်ရှို့သည် ကျန်လူများ သူ့အား စိုက်ကြည့်နေသည်ကို အာရုံခံမိလိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းသည် အောက်သို့ကွေးသွားလေ၏။
‘ သူ ဒါကို တမင်လုပ်တာပဲ။ ဆရာဦးလေးကျိုးဝူ ဒါကို တမင်လုပ်တာပဲ ဖြစ်ရမယ်။ ဒီတာအိုရသေ့ဂျပုက ငါ့ကို ဝှက်ဖဲတွေ ထုတ်သုံးလာအောင် ဖိအားပေးနေတယ် ’
ထိုမတိုင်မီက လီချန်ရှို့သည် အရှေ့ပင်လယ်သို့ အဖွဲ့နှင့်အတူ ရောတိရောယောင်လိုက်သွားလျှင် မည်သည့်ပြဿနာမှ ကြုံရလိမ့်မည်မဟုတ်ဟု တွေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ကာကွယ်ပေးရန် ဂိုဏ်းအတွင်းမှ ကောင်းကင်နတ်မင်းအဆင့်ရှိသူများနှင့် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသူများ လိုက်ပါခဲ့မည် ဖြစ်သောကြောင့်ပင်။
တချိန်တည်းမှာပင် အရှေ့ပင်လယ်အနီးတွင် သူပုန်း၍ ကောင်းကင်ပြစ်ဒဏ်အားခံယူနိုင်မည့် ကျယ်ပြန့်၍ လူနေနည်းပါးသော နေရာတစ်ခုကိုရှာဖွေရန်လည်း ရည်ရွယ်ထားခဲ့၏။
သို့သော် ကျိုးဝူသည် သူ့အတွက် ထောင်ချောက်ဆင်ထားပြီးဖြစ်ကြောင်း သူ မသိရှိခဲ့ပေ။
ထိုမတိုင်ခင်က လီချန်ရှို့သည် ဤခရီးတွင် ဆုံးရှုံးမှုမရှိရန် မျှော်လင့်ခဲ့သည်။ ယခုတွင်မူ တစ်ခုခုဆုံးရှုံးရတော့မည်မှာ သေချာသလောက်ရှိနေပေပြီ။
ကျိုးကျိုးသည် ဝမ်းမြောက်ဝမ်းသာမေးလိုက်သည်။
“ ဆရာက ဒီကောင်စုတ်လေးကို ဘယ်လိုလုပ်သိနေတာလဲ ”
သို့သော် တပည့်ငယ်အနည်းအကျဉ်းနှင့် အခြားတောင်များမှ အတုမဲ့နတ်ဝိဇ္ဇာများသည် သူတို့၏ မေးခွန်းများကို အောင့်မထားနိုင်တော့ပေ။ သူတို့သည် မေးခွန်းများစ၍မေးရန် ဟန်ပြင်လိုက်ချိန်တွင် လီချန်ရှို့က ထ၍ပြောလိုက်သည်။
“ အဲဒါက မသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ်ခင်ဗျာ ”
လီချန်ရှို့သည် လျင်မြန်စွာပင် ပြောလိုက်၏။
သူသည် မျက်မှောင်ကြုတ်ကာ ခေါင်းငုံ့ထားသည်။ သူ၏ကိုယ်ရောက်ကိုယ်ဝါသည် အနည်းငယ်ရှုပ်ထွေးနေပြီး နဖူးတွင်လည်း ဇောချွေးများပျံနေလေသည်။
သူသည် လေသံတိုးတိုးဖြင့် ဆက်၍ပြောလိုက်၏။
“ အကြီးအကဲကောရဲ့ အမိန့်ကို ပြန်ရုတ်သိမ်းပေးဖို့ ကျွန်တော် တောင်းဆိုပါတယ် ”
“ အဲ ... ”
အကြီးအကဲကောသည် မျက်မှောင်ကြုတ်သွားသည်။
“ မင်းက အရှင်ဝမ်ချင်းရဲ့ အမိန့်ကို မကျေနပ်ဘူးလား ”
“ ကျွန်တော်မဝံ့ရဲပါဘူး။ ဒါပေမဲ့ ဒါက တစ်ခုခုတော့ လွဲနေတာသေချာပါတယ်... ”
လီချန်ရှို့ ခေါင်းငုံ့ထားဆဲပင် ဖြစ်သည်။
သူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီး ညင်သာစွာ မေးလိုက်၏။
“ ကျွန်တော်အရဲစွန့်ပြီး တစ်ခုလောက်မေးပါရစေခင်ဗျာ။ ဒီအမိန့်ကို အရှင်ဝမ်ချင်းကိုယ်တိုင် တိုက်ရိုက်ပေးတာပါလား ဒါမှမဟုတ် ဆရာဦးလေးကျိုးဝူကတဆင့် ပြောခိုင်းလိုက်တာပါလား ”
ကောအကြီးအကဲသည် မျက်မှောင်ကြုတ်ပြီး ပြောလေသည်။
“ ကျိုးဝူကနေတဆင့် ပြောလိုက်တာပါ ”
လီချန်ရှို့တစ်ယောက် ရင်တွင်း၌ စိတ်သက်သာသွားဟန် သက်ပြင်းတစ်ချက်ချလိုက်၏။ ထို့နောက် သူသည် အနည်းငယ်တုန်လှုပ်၍ အတန်ငယ်ကူရာကယ်ရာမဲ့နေသည့် မျက်နှာထားအဖြစ် ဂရုတစိုက် သရုပ်ဆောင်လိုက်ပြီး ပြောလိုက်သည်။
“ အဲဒီလိုဖြစ်မယ်မှန်း ကျွန်တော်သိပါတယ် ”
ကျိုးဝူသည် အရှင်ဝမ်ချင်း၏ နာမည်ကို တမင်အသုံးချခဲ့ခြင်း ဖြစ်ပေမည်။ တပည့်ငယ်များနှင့်သာဆိုင်သော ထိုမျှသေးငယ်သည့်ကိစ္စအတွက် သူသည် အရှင်ဝမ်ချင်းထံ သွား၍ အစီအရင်ခံမည်မဟုတ်ပေ။
ထိုသို့သော အမိန့်အတုလုပ်ရန် ကျိုးဝူအတွက် မခက်ပေ။ အရှင်ဝမ်ချင်းသည် ထိုကိစ္စအား ပြန်၍စုံစမ်းမည်မဟုတ်သလို လိုအပ်လျှင် သူ၏ချစ်တပည့်အတွက် လိမ်ပင်လိမ်ပေးလိမ့်မည်။ ကျိုးဝူသည် အရင်ဆောင်ရွက်၍ ပြီးမှ အစီရင်ခံသည့်နည်းကို သုံးလိုက်ခြင်းပင်။
သို့သော် ယင်းအကြံည် လီချန်ရှို့ ရှောင်ထွက်နိုင်မည့် ဟာကွက်တစ်ကွက် ပေါ်သွားစေသည်။
လီချန်ရှို့သည် ချက်ချင်းပင် တန်ပြန်တိုက်ကွက်ကို ဆုံးဖြတ်လိုက်၏။
‘ ဆရာဦးလေးက ကျွန်တော့်ကို အရင်ထောင်ချောက်ဆင်ခဲ့တာ ဆိုတော့ ဒီလိုပြန်တုန့်ပြန်ရတဲ့အတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ’
တပည့်ငယ်အဖွဲ့၏ခေါင်းဆောင်ဖြစ်ရသည်မှာ သိုးအုပ်တစ်ခု၏ သိုးထိန်းဖြစ်ရသကဲ့သို့ပင်။ ယင်းသည် လီချန်ရှို့အား ပြဿနာများ၏ အလယ်သို့ တွန်းပို့ပေလိမ့်မည်။
သတင်းစကားများသာ ပြန့်သွားလျှင် တောင်အသီးသီးမှ နတ်ဝိဇ္ဇာများနှင့် တပည့်များ၏ မျက်လုံးများသည် လီချန်ရှို့အပေါ်တွင် ကျရောက်လာမည် ဖြစ်သည်။ ပြဿနာများသည် လှိုင်းလုံးများကဲ့သို့ တစ်လှိုင်းပြီး တစ်လှိုင်း သူ့ထံ ရောက်လာပေမည်။
ဤကဲ့သို့သော တာဝန်မျိုးကို သူ မထမ်းဆောင်နိုင်ပေ။
လီချန်ရှို့သည် အလွန်အပြစ်ရှိသည့်ဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
“ အကြီးအကဲကို ကျွန်တော် ထိမ်ချန်မထားတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျွန်တော်နဲ့ ကောင်းကင်ခွင်းတောင်က ဆရာဦးလေးကျိုးဝူတို့ ပိုပြီး ရင်းနှီးလာခဲ့ပါတယ်။ ကျွန်တော်တို့ အရက်အတူတွဲသောက်တဲ့ အကျင့်တစ်ခုလည်း ရခဲ့ပါတယ် ”
“ ဒီတွေ့ဆုံပွဲမတိုင်ခင်တုန်းက ဆရာဦးလေးကျိုးဝူနဲ့ ကျွန်တော် အရက်အတူတူသောက်နေတုန်း သူက မထင်မရှား အဆင့်နိမ့်တဲ့ ကျွန်တော့်လို တပည့်မျိုးကိုတောင် ဂိုဏ်းအတွင်းမှာ ကျော်ကြားလာအောင် လုပ်ပေးနိုင်ကြောင်း မူးမူးနဲ့လျှောက်ပြောပါတယ်... ”
“ ကျွန်တော်က ဆရာဦးလေးကျိုးဝူ မူးလို့ပြောတဲ့စကားပဲဆိုပြီး အတည်မယူခဲ့ပါဘူး။ ကြည့်ရတာ ပြောတဲ့အတိုင်းမလုပ်နိုင်ရင် သူ့မာနထိခိုက်မှာဆိုးလို့ ဒီလိုအမိန့်အတုတွေ လျှောက်လုပ်တာ ထင်ပါတယ်။ အခု ကျွန်တော် တော်တော်လေးကြောက်နေပါပြီ ”
အကြီးအကဲကောမှာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး အခြားတပည့်များ၏မျက်နှာများတွင်လည်း နားလည်သွားသော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။
‘ ဒီလိုကိုး... ’
ရုတ်ခြည်းပင် စိုက်ကြည့်နေသော အကြည့်များတွင် မလိုမုန်းတီးမှုများ လျော့နည်းသွားလေ၏။ လူအများစုသည် ဂိုဏ်း၏အစောင့်အရှောက်တစ်ယောက်ဖြစ်သော ကျိုးဝူသည် အာဏာကို ထိုသို့အလွယ်တကု အလွဲသုံးစားလုပ်ခြင်းအပေါ် အံ့အားသင့်နေကြသည်။ တချိန်တည်းမှာပင် ဓားစာခံဖြစ်သွားရသော လီချန်ရှို့အတွက် သူတို့ သနားစိတ်ဝင်သွားကြ၏။
ကျိုးကျိုးသည် တီးတိုးပြောလိုက်သည်။
“ ဆရာတူအစ်ကိုငါးကတော့ ဘာလို့ဒီလောက် ကလေးဆန်ရတာလဲ။ တကယ်ပါပဲ... ”
ထိုနေရာနှင့် လီထောင်ချီကွာခြားသော နေရာတွ င်ရှိနေသည့် ကျိုးဝူသည် ပျံသန်းနေရင်း အဆက်မပြတ် နှာချေသွားလေတော့သည်။
ပိုင်ဖန်ခန်းမအတွင်း၌ လီချန်ရှို့တစ်ယောက် သက်ပြင်းချရင်း ဆက်ပြောနေသည်။
“ ကျွန်တော်လည်း အကြီးအကဲကို အခက်မတွေ့စေချင်ပါဘူး။ ပြီးတော့ ဆရာဦးလေးကျိုးဝူရဲ့ စေတနာကိုလည်း အပြစ်မတင်ရက်ပါဘူး... ”
“ ဒါပေမယ့် ကျွန်တော် အဲဒီလိုကြီးလေးတဲ့ တာဝန်ကြီးကို မယူဝံ့ပါဘူး ခင်ဗျာ... ”
“ အကြီးအကဲအနေနဲ့ အဖွဲ့ကို ဦးဆောင်ဖို့ ထူးချွန်တဲ့အရည်အချင်းရှိပြီး အကျင့်စရိုက်ကောင်းမွန်တဲ့ အခြားတပည့်တစ်ယောက်ကိုပဲ ရွေးချယ်ဖို့ တောင်းဆိုပါရစေ။ ဒီအတိုင်း ကျွန်တော်က ဒီအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ အရှေ့ပင်လယ်ကို အတူတူသွားမယ်ဆိုရင် မျက်နှာပြောင်တိုက်ရာ ကျနေပါလိမ့်မယ် ... ”
“ တကယ်လို့ အရှင်ဝမ်ချင်းကသာ ဒီအမိန့်ကို အမှန်တကယ်ပေးခဲ့တာဆိုရင် ကျွန်တော် တာဝန်ကနေ တစ်လက်မမှ ရှောင်ပြေးမှာ မဟုတ်ပါဘူး။ ဒီတာဝန်ကို ကျွန်တော် အရိုးကြေကြေအရေခမ်းခမ်း ထမ်းရွက်မှာပါ။ ဂိုဏ်းအတွက်ဆို ကျွန်တော် အသက်စွန့်ဖို့တောင် ဝန်မလေးပါဘူး ”
“ ဒါပေမဲ့ အခုကိစ္စက ဆရာဦးလေးကျိုးဝူသာ ကျွန်တော့်ကို စနောက်ချင်တာဆိုရင် ဒီခေါင်းဆောင်ရာထူးကို ကျွန်တော် လက်မခံဝံ့ပါဘူး ခင်ဗျာ။ ဒီအဖွဲ့ထဲက အဖွဲ့ဝင်တပည့်တစ်ယောက်အဖြစ်ပဲ ဆက်ရှိနိုင်ဖို့ မျှော်လင့်ပါတယ်... ”
“ အကြီးအကဲခင်ဗျာ...အခြေအနေကို အမြော်အမြင်ကြီးကြီးထားပြီး သုံးသပ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်... ”
စကားပြောပြီးသည်နှင့် လီချန်ရှို့သည် ခေါင်းငုံ့ကာ ဦးညွှတ်အရိုအသေပေးလိုက်လေသည်။ အချိန်အတော်ကြာသည်အထိ ပြန်မမော့တော့ပေ။
အခြား နတ်ဝိဇ္ဇာများသည် သူ့အား သနားသွားကြသည်။ သူတို့အားလုံးသည် ဤသနားစဖွယ်တပည့်လေးအပေါ် ကျိုးဝူသည် အမှန်ပင် စနောက်ခဲ့သည်ဟု ထင်သွားကြလေ၏။
‘ အဲဒါက လွယ်မှာမဟုတ်ဘူး ’
အမျိုးသမီးတပည့်တစ်ဦးကမူ …
“ ဂိုဏ်းတူမောင်လေး ချန်ရှို့ ... မောင်လေးပဲ ခေါင်းဆောင်လုပ်လိုက်ပါ။ အစ်မတို့ မောင်လေးရဲ့အခြေအနေကို နားလည်ပါတယ်။ အစ်မတို့ မကျေမနပ်မဖြစ်ပါဘူး ” ဟူ၍ပင် ပြောလိုက်ပေသေးသည်။
အခြားတပည့်များသည်လည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြကြလေသည်။
“ ချန်ရှို့ပြောတာ အဓိပ္ပာယ်ရှိပါတယ်... ” အကြီးအကဲကောက ပြောလိုက်သည်။
သူ၏မျက်လုံးများထဲတွင် လီချန်ရှို့အား အထင်ကြီးမှုများဖြင့် ပြည့်နေလေသည်။
အကြီးအကဲကောက ဆက်၍ ပြောလေ၏။
“ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျိုးဝူကလည်း အလယ်ကျွန်းကို ခရီးထွက်သွားတော့ သူ့ကို ဆက်သွယ်လို့မရဘူး ဖြစ်နေတယ်။ ဒီကိစ္စလေးအတွက် အရှင်ဝမ်ချင်းကို အနှောင်အယှက်သွားပေးဖို့လည်း မသင့်တော်ဘူး။ အင်းလေ ... မင်းပြောသလို ခေါင်းဆောင်အသစ်ပဲ ရှာကြတာပေါ့ ”
အကြီးအကဲကော စကားပြောပြီးသည်နှင့် ယုံချင်ရွှမ်းယာသည် ရှေ့သို့ထွက်ရပ်လိုက်သည်။ ထို့နောက် သူမ၏လက်နှစ်ဘက်အား ဆုပ်ကာ ဦးညွှတ်အရိုအသေပေးလိုက်၏။ သူမသည် ပြတ်သားသောလေသံလေးဖြင့် ပြောလိုက်သည်။
“ တပည့်ရွှမ်းယာ ဒီတာဝန်ကို ယူဖို့ အသင့်ပါပဲ ”
လီချန်ရှို့ အနည်းငယ် အံ့အားသင့်သွားရသည်။
‘ အံမယ် ဒီအဆိပ်မက ... ဒီနေ့ ငါ့ရဲ့ ဆန္ဒတွေကို ဘာလို့ သဘောပေါက်နေရတာတုန်း။ သူ အကျယ်ချုပ်မိနေတုန်း တော်တော်ရင့်ကျက်လာပုံရတယ်။ သူ့ရဲ့ အဆိပ်ဓာတ်တွေတောင်ပျောက်...ပျောက်... ’
လီချန်ရှို့ သက်ပြင်းပင် မချလိုက်နိုင်ခင်မှာပင် ယုံချင်ရွှမ်းယာက ထပ်ပြောလိုက်၏။
“ အကြီးအကဲအနေနဲ့ အဖွဲ့နှစ်ဖွဲ့ခွဲပေးဖို့ ရွှမ်းယာ တောင်းဆိုချင်ပါတယ်။ ဂိုဏ်းတူအစ်ကိုချန်ရှို့နဲ့ ရွှမ်းယာ အတူတူ တာဝန်ကိုခွဲယူလို့ရတာပေါ့။ ဒါဆို နှစ်ဘက်လုံးအတွက် အဆင်ပြေစေမယ် ထင်ပါတယ် ”
“ အဟမ်း... ”
လီချန်ရှို့ မှာ ရုတ်ခြည်းပင် နင့်သွားရသည်။
‘ မင်းမေဘ ... သူ့အဆိပ်ဓာတ်တွေ မပျောက်သေးတဲ့အပြင် ပိုတောင်ဆိုးလာပါလားဟ ”
ထို့နောက် ယုံချင်ရွှမ်းယာသည် လီချန်ရှို့အား လှည့်၍ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုများနှင့်ပြည့်၍နေပြီး ထိုအစီအစဥ်ကို အလွန် အလေးအနက်ထားနေဟန်ရှိသည်။ သို့သော်လည်း သူမကိုကြည့်ရသည်မှာ အတန်ငယ် ရှက်ရွံ့နေဟန်တူ၏။
‘ ရွှမ်းယာတာဝန်ထားလိုက်ပါ ဂိုဏ်းတူအစ်ကိုချန်ရှို့ … အစ်ကို့ကို အာရုံစိုက်ခံရအောင် ရွှမ်းယာလုပ်မှာ မဟုတ်ပါဘူး ’
ထိုအခိုက်တွင် လီချန်ရှို့မှာမူ အစိတ်စိတ်အမြွှာမြွှာ ဆွဲဖဲ့ခံလိုက်ရသည့်ပမာ ခံစားနေရတော့သည်။
***