သက်ရှိဒဏ္ဍာရီ ‘ရန်ကျောက်ကဲ’
Vol. 44 Ch. 615
အခန်း (၆၁၅) သက်ရှိဒဏ္ဍာရီ ‘ရန်ကျောက်ကဲ’
လုဖုန်းစကားကိုကြားတော့ ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“’လု’ ဂိုဏ်းချုပ် ဆန္ဒရှိရင်တော့ ငါ့ဘက်က ကန့်ကွက်စရာမရှိပါဘူး”
လုဖုန်းက တည်ကြည်လေးနက်စွာဖြင့်...
“ဒါဖြင့် သွားကြရအောင်”
သူတို့အုပ်စု ဆက်လက်ခရီးဆက်ခဲ့ကြပြီး ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားများ၏ စိတ်ခံစားချက်များက ပြောင်းလဲသွားကြပေပြီ။
တပည့်ငယ်များက စိတ်လှုပ်ရှားနေသလို စိုးရိမ်နေကြသည်။ သူတို့က ရန်ကျောက်ကဲကို စိတ်အားထက်သန်သောမျက်ဝန်းများဖြင့် ကြည့်နေကြစဉ် ဝါရင့်အကြီးအကဲများကတော့ အတွေးနက်လျှက်ရှိကြပြီး အသံပို့လွှတ်ခြင်းနည်းစနစ်ဖြင့် အပြန်အလှန် အမြင်ချင်းဖလှယ်နေကြသည်။
ဝါဒတောင်တပည့်များကတော့ များများနားထောင် ၊ များများလေ့လာ ၊ နည်းနည်းလှုပ်ရှားပြီး နည်းနည်းစကားပြောဆိုသော ရန်ကျောက်ကဲ၏ မူဝါဒကို လက်ကိုင်ထားကာ တိတ်ဆိတ်စွာပင် ရှိနေကြသည်။
သို့သော် သူတို့စိတ်ထဲတွင်တော့ အတွေးပေါင်းများစွာ ပြည့်နက်လျှက်ရှိသည်။
ပထမဆုံးစကား စ ပြောသူမှာ စကားနည်းလှပါသည်ဆိုသော ‘စစ်ခုန်ချင်း’ ဖြစ်၏။
သူမ စကားပြောရန်ဟန်ပြင်လိုက်သည်ကိုတွေ့တော့ ရန်ကျောက်ကဲဘေးနားမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အမြင်နိုင်သောအရံအတားတစ်ခု ဖန်ဆင်းလိုက်ပြီး ဝါဒတောင်ဂိုဏ်းသားများနှင့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းသားများကြား ပိုင်းခြားထားလိုက်သည်။ ထို့ကြောင့် စစ်ခုန်ချင်း၏အသံကို ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းသားများ ကြားသိနိုင်ခြင်း မရှိတော့ပေ။
အစပိုင်းတွင် ကြယ်တာရာချီစွမ်းအားကိုအသုံးပြုကာ အသံပို့လွှတ်စနစ်ဖြင့် မေးမြန်းရန် စဉ်းစားထားသောလည်း အစီအရင်ဖန်ဆင်းလိုက်သည်ကို တွေ့မြင်လိုက်သည့်အခါ စစ်ခုန်ချင်းက ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော်မေးမြန်းလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ... အခု အသုံးပြုလိုက်တာ ဘာသိုင်းပညာလဲ”
ရန်ကျောက်ကဲက တည်ငြိမ်သောအမူအရာဖြင့်...
“ရွှမ်ဝူအဆက်အနွယ်ရဲ့ ထိပ်တန်းအဆင့် သိုင်းပညာတစ်ရပ်ပဲ ၊ “ရွှမ်ဝူလက်သီးသိုင်း” လို့ ခေါ်တယ်”
သူက ဆက်ရှင်းပြသည်။
“အရင်တုန်းက ရှာတွေ့ထားတဲ့ သိုင်းပညာအမွေအနှစ်တွေထဲမှာ ရွှမ်ဝူလက်သီးသိုင်း အပိုင်းအစအချို့ တွေ့ခဲ့ရတယ် ၊ ဒါပေမဲ့ ကွမ်းမင်ဂိုဏ်းက သိုင်းသူတော်စင်တွေကို သတ်ဖြတ်ပြီးတဲ့နောက် သူတို့ဆီက အတော်လေးပြီးပြည့်စုံတဲ့ ရွှမ်ဝူလက်သီးသိုင်းအမွေအနှစ်ကို ထပ်ရရှိခဲ့တယ်”
“ဒီသိုင်းပညာက ရွှမ်ဝူမျိုးဆက်ရဲ့ ထိပ်တန်းအဆင့် ကိုယ်ပိုင်သိုင်းပညာတစ်ခု ဖြစ်ပေမယ့် အကိုးအကားပြုလုပ်ဖို့အတွက်လည်း အရမ်းကောင်းတယ်”
စစ်ခုန်ချင်းက...
“အဲဒါက တကယ်လေးနက်တဲ့ သိုင်းပညာပဲ ၊ အခုပဲ ဒီကမ္ဘာက ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနဲ့ မြွေစိမ်းကျွန်းရဲ့ သိုင်းပညာတွေကို တွေ့မြင်လိုက်ရတာ အတော်လေး ထူးခြားမှုရှိတယ် ၊ ဒါတောင်မှ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ရဲ့ ရွှမ်ဝူလက်သီးသိုင်းက အဲဒီသိုင်းပညာတွေထက် သာလွန်တယ်နော်”
ဖူအန်းစုက ...
“မင်းက သူတို့ကို ဒီသိုင်းပညာနဲ့ မျှားခေါ်ဖို့ စဉ်းစားနေတာလား”
ပြောပြီးသည်နှင့် သူမက လုဖုန်းတို့အုပ်စုကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ကျွန်ုပ်တို့မျိုးနွယ်စုသည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကမ္ဘာကြီးကို သိမ်းပိုက်ရန် လောလောဆယ် မရည်ရွယ်ထားသောကြောင့် ဤနေရာတွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်စေရန် ရည်ရွယ်ချက် မရှိပါ။ ထို့ပြင် ဤတစ်ကြိမ်တွင် တပည့်များအား ခေါ်ဆောင်လာရခြင်းမှာ အစွန်းရှစ်ပါးကမ္ဘာသည် လုံခြုံလွန်းသောကြောင့် ဖြစ်သည်။ ဒီမှာ ကျင့်ကြံဖို့ ပိုပြီးကောင်းတယ်လေ”
“ဒါပေမဲ့ ငါက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကို မကြာခင်သွားတော့မှာ ၊ ငါတို့ဂိုဏ်းက ဒီကမ္ဘာမှာ သိုင်းသူတော်စင်လည်းမရှိ အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်းမရှိဘဲ ကျန်ရစ်ခဲ့ရမှာ ၊ ချန်လီတောင်ဆိုတာကလည်း တကယ်တော့ အပြင်လူပဲလေ ၊ တခြားသူအပေါ်မျှော်လင့်ချက်ထားတာထက် ကိုယ့်ကိုယ်ကိုယ်အားကိုးတာက ပိုကောင်းတယ် ၊ ဒါမှ အဆိုးဆုံးအခြေအနေတွေအတွက် ကြိုတင်တွက်ဆနိုင်မှာပေါ့”
ဖူအန်းစုက ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...
“မင်း ပြောတာ မှန်ပါတယ်”
ဝါဒတောင်မှ တပည့်အချို့က နားလည်သွားကြသော်လည်း အချို့ကတော့ နားမလည်ကြသေးပေ။
ဖူအန်းစုက သူတို့ကို တစ်ချက်ကြည့်ရင်း...
“ကျောက်ကဲက ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းကလူတွေကို သင်ပြပေးတာတွေကိုကြည့်ပြီး မင်းတို့လည်း တစ်ခါတည်း သင်ခန်းစာ ယူသင့်တယ်”
အားလုံးက တိတ်ဆိတ်ငြိမ်သက်နေစဉ် ဖူအန်းစုက ဆက်ပြောသည်။
“ဒီကိုမလာခင်ကတည်းက သမုဒ္ဒရာကမ္ဘာအကြောင်းကို ပြောပြထားပြီးသားဆိုမေယ့် အချိန်ကြာမြင့်ခဲ့တဲ့နောက် အကြောင်းအရာအတော်များများလည်း ပြောင်းလဲနေခဲ့ပြီ”
“အရင်တစ်ခေါက် ငါတို့ဒီကိုလာတုန်းက သမုဒ္ဒရာကမ္ဘာမှာ လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းရှိတယ် ၊ အဲဒီ လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှာ ချန်လီတောင် ၊ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနဲ့ ရေသလင်းနန်းတော်က မဟာမိတ်တွေပဲ ၊ တစ်ဖက်မှာတော့ သွေးနီနဂါးဂိုဏ်း ၊ ဓားအသင်္ချေရေကန် ၊ ကြံ့ဝိညာဉ်ကျွန်းနဲ့ လေ့ဖုန်းဂိုဏ်းတို့က မဟာမိတ်တွေ ဖြစ်တယ် ၊ အဲဒီ မဟာမိတ်အုပ်စုတွေက အချင်းချင်း မတည့်ကြဘူး”
“အခု သွေးနီနဂါးဂိုဏ်းက သုတ်သင်ခံလိုက်ရပြီး ကြံ့ဝိညာဉ်ကျွန်းကလည်း အတော်လေး အားနည်းသွားပြီ ၊ ချန်လီတောင်ဂိုဏ်းချုပ် ကောင်းထျန်းကျုန်းက သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာပြီး ရေသလင်းနန်းတော်သခင် ‘လင်ရှီး’ နဲ့ အဆင့်တူညီသွားတယ် ၊ ပြီးတော့ ချန်လီတောင်ရဲ့အင်အားလည်း အရမ်းကောင်းလာတယ် ၊ ဒါကြောင့် ဓားအသင်္ချေနန်းတော်က အထွတ်ထိပ်မှော်ဝင်ဓားဖြစ်တဲ့ ‘မျောလွင့်ဓား’ ကိုလည်း ကြောက်စရာမလိုတော့ဘူး”
ဖူအန်းစုက ဖြည်းညင်းစွာ ဆက်ရှင်းပြသည်။
“ဒီတော့ ထိပ်သီးသိုင်းဂိုဏ်းကြီးတွေရဲ့ ဆက်ဆံရေးက အရင်ကနဲ့မတူတော့ဘူး”
ဝါဒတောင်သိုင်းသမားများအားလုံး နားလည်သွားကြသည်။
ဂိုဏ်းသားတစ်ယောက်က...
“ဒါဆို ရေသလင်းနန်းတော်နဲ့ ချန်လီတောင်က မဟာမိတ်တွေမဟုတ်တော့ဘဲ ပြိုင်ဘက်တွေ ဖြစ်သွားတာပေါ့ ၊ အခု ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းကို ရေသလင်းနန်းတော်ဘက်ရောက်မသွားဘဲ ချန်လီတောင်နဲ့ ပူးပေါင်းမိအောင် မျှားခေါ်နေတာပေါ့”
ဖူအန်းစုက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... မြွေစိမ်းကျွန်းရှိနေသရွေ့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းလည်း အကျပ်အတည်း ရင်ဆိုင်နေရမှာပဲ ၊ သူတို့နှစ်ဂိုဏ်းက ကမ္ဘာမကြေရန်သူတွေဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် သုတ်သင်ရှင်းလင်းပစ်ဖို့ ဆက်ကြိုးစားနေမှာပဲ”
သူမက ဆက်ပြောသည်။
“အစပိုင်းမှာ သိုင်းတာအိုအမွေအနှစ်နဲ့ပတ်သက်တဲ့ ပဋိပက္ခနဲ့ အစပြုပေမယ့် နှစ်ပေါင်းများစွာ ကြာလာပြီးတဲ့နောက် နှစ်ဦးနှစ်ဖက် အသေအပျောက်တွေများလာပြီး ရန်ငြိုးရန်စတွေကလည်း ပင်လယ်ရေအောက်ခြေအထိ နက်ရှိုင်းလာခဲ့တယ်”
အားဟူက မျက်တောင်တစ်ချက်ခတ်ရင်း...
“ဒါပေမဲ့ ... ရေသလင်းနန်းတော်က ဓားအသင်္ချေရေကန်နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်ရော”
ဖူအန်းစုက...
“ဓားအသင်္ချေရေကန်ကလည်း နဂါးသင်္ချိုင်းကနေ အကျိုးအမြတ် အနည်းငယ်ရရှိခဲ့တယ် ၊ ရေသလင်းနန်းတော်ကလည်း ချန်လီတောင်ကို မမီပေမယ့် သူတို့လည်း အတော်လေး အကျိုးအမြတ်တွေရရှိခဲ့မှာ အမှန်ပဲ ၊ ဒီ (၈)နှစ်အတွင်းမှာ ရေသလင်းနန်းတော်က ဘာမှ ထူးထူးခြားခြား လှုပ်ရှားတာမတွေ့ရဘူး ၊ ဒါက ထိပ်သီးသိုင်းဂိုဏ်းကြီးတွေကြားမှာ အားပြိုင်နေတယ်ဆိုတာ ပြသနေတယ်”
“နန်းတော်သခင် ‘လင်ရှိး’ က ကျင့်ကြံခြင်းအဆင့်တက်တော့မှာလား ၊ ဒါမှမဟုတ် သူတို့ကိုယ်ပိုင်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပြုလုပ်နေသလား မပြောတတ်ဘူး”
ထိုစကားကိုကြားတော့ လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
ဖူအန်းစုက...
“အဲဒီလိုသာဆိုရင်တော့ ရေသလင်းနန်းတော်က သမုဒ္ဒရာကမ္ဘာမှာ လောကပထမ ဖြစ်နေဦးမှာပဲ ၊ ဒီတော့ သူတို့က ဓားအသေင်္ချရေကန်နဲ့ မဟာမိတ်လုပ်မှာ မဟုတ်ဘူး ၊ လုပ်မယ့်လုပ် ချန်လီတောင်နဲ့ပဲ မဟာမိတ်ပြန်လုပ်ဖို့ အစီအစဉ် ရှိလိမ့်မယ်”
“ဒါကြောင့် အခုချိန်မှာ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းသာ ချန်လီတောင်နဲ့ပူးပေါင်းလိုက်ရင် ရေသလင်းနန်းတော် အနေနဲ့ အားနည်းသွားလိမ့်မယ်”
ရန်ကျာက်ကဲကိုကြည့်ရင်း ဝါဒတောင်မှတပည့်များက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ကြသည်။
စစ်ခုန်ချင်းက...
“ဒီလိုလုပ်ဖို့က အပြောထက် အလုပ်ပိုခက်ခဲပါတယ် ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ကလွဲရင် တခြားဘယ်နှစ်ယောက်က ကမ္ဘာတစ်ခုရဲ့အခြေအနေကို အလွယ်တကူ ပြောင်းလဲနိုင်မှာတဲ့လဲ ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က အခုတစ်ခေါက် သမုဒ္ဒရာကမ္ဘာကိုလာတာ အခြေအနေ ရုတ်ရုတ်သဲသဲဖြစ်အောင်မလုပ်ဘူးလို့ ပြောခဲ့တယ် ၊ ဒါပေမဲ့ အခုတော့ သူ့ရဲ့ လက်သီးချက်တစ်ချက်ကပဲ ဒီကမ္ဘာက အခြေအနေတွေကို ပြောင်းလဲသွားစေခဲ့ပြီ”
ဖူအန်းစုက စစ်ခုန်ချင်းကိုကြည့်ရင်း...
“အကြွင်းမဲ့အာဏာကိုဆန့်ကျင်ပြီး လုပ်ဆောင်နိုင်တဲ့ သေးငယ်တဲ့လှည့်ကွက်ဆိုတာ မရှိဘူး ၊ ဒါက အမှန်တရားပဲ ၊ ဒါပေမဲ့ လောကမှာ အကြွင်းမဲ့အာဏာရှိတဲ့သူ ဘယ်လောက်များများ ရှိနိုင်မှာလဲ ၊ လူတိုင်းက အထွတ်ထိပ်ရောက်ဖို့ မရပ်မနား ကြိုးစားရုန်းကန်ကြရတာပဲလေ ၊ ဒါပေမဲ့ အဲဒီလို ကြိုးစားရာမှာ သတိထားရမယ့်အချက်တွေ အများကြီး ရှိတယ်”
သူမက ဆက်ပြောသည်။
“မင်းက သူတစ်ပါးကို အသုံးမချဘူးဆိုတာက ပြဿနာမရှိဘူး ၊ ဒါပေမဲ့ ရန်သူက မင်းကိုအသုံးချသွားမှာကိုတော့ နားလည်ထားဖို့လိုတယ် ၊ လောကမှာ သူများဓားငှားပြီး လူသတ်တဲ့ဖြစ်ရပ်တွေ အများကြီးရှိတယ် ၊ ဒီတော့ မင်းကိုယ်တိုင် လုံ့လဝီရိယစိုက်ထုတ်ပြီး ပြုလုပ်ထားတဲ့ဓားတစ်လက်ကို တခြားသူတွေ ဝင်ပြီးအသုံးချမသွားဖို့က အရေးကြီးတယ်”
စစ်ခုန်ချင်း ခဏမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်ရင်း မည်သည့်စကားမှ မဆိုတော့ပေ။
ရန်ကျောက်ကဲက ပြုံးလျှက်...
“အဲဒီလောက် မဟုတ်ရပါဘူးဗျာ... ဆရာဒေါ်လေး’ဖူ’ ရာ... ၊ ကျွန်တော်က ငါးစာလေးတပ်ပြီးငါးမျှားလိုက်တာ ငါးက အစာကိုလာဟပ်တာတော့ မတတ်နိုင်ဘူးလေ ၊ ပြီးတော့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းအနေနဲ့ ကျွန်တော်တို့အသုံးချတာခံရပေမယ့် သူတို့အတွက်လည်း အကျိုးမယုတ်ပါဘူး ၊ ဒီဖြစ်ရပ်မှာ ဘယ်သူကပိုပြီး အကျိုးအမြတ်ရမလဲဆိုတာတောင် မသေချာသေးဘူး”
သူက ဆက်ပြောသည်။
“သူတို့က သူတို့ရမယ့်အကျိုးအမြတ်ကို ဆုပ်ကိုင်ဖို့ ကြိုးစားချိန်မှာ ကျွန်တော်တို့က အသုံးချလိုက်တာလေးပါပဲ”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ကျောက်စိမ်းစာလိပ်တစ်လိပ်ကို ဖူအန်းစုအား လှမ်းပေးလိုက်သည်။
“ဒီ ကျောက်စိမ်းစာလိပ်ကို သိမ်းဆည်းထားပါ ဆရာဒေါ်လေး’ဖူ’ ၊ ဒီထဲမှာ ရွှမ်ဝူလက်သီးသိုင်းကျမ်းကို မှတ်တမ်းတင်ထားတယ် ၊ ဒါက လုံလောက်ပါပြီ ၊ ဒီ လိပ်အိုကြီးကို ဘယ်လိုဆက်ထိန်းထားမလဲဆိုတာကတော့ ဆရာဒေါ်လေးပဲ ဆက်ပြီး ကြည့်လုပ်လိုက်ပါ”
ဖူအန်းစုက ကျောက်စိမ်းစာလိပ်ကိုယူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“မင်း စိတ်ချပါ ၊ ဒီကိစ္စကို ငါ ကိုင်တွယ်နိုင်ပါတယ်”
***
တည်ရာမဲ့ပင်လယ်ဒေသသို့ရောက်ရှိသည်နှင့် ချန်လီတောင်မှသိုင်းသမားများ ကြိုတင်သတင်းရရှိပြီး ရန်ကျောက်ကဲတို့အုပ်စုကို လာရောက်ကြိုဆိုနေကြသည်။
သို့သော် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းချုပ် ‘လုဖုန်း’ သည်လည်း ရန်ကျောက်ကဲနှင့်အတူ လိုက်ပါလာသည်ကို တွေ့ရသည့်အခါ ချန်လီတောင်သိုင်းသမားများ အတော်လေး အံ့အားသင့်သွားကြသည်။
ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာတွင် ပြန်ပေါ်လာသည်ဆိုသောသတင်း ပျံ့နှံ့သွားသည်နှင့် လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများအားလုံး၏ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး အထူးသဖြင့် ရေသလင်းနန်းတော်က ပိုမိုအာရုံစိုက်နေသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီးများအားလုံးက အံ့အားသင့်ခြင်းနှင့်အတူ လမ်းကြောင်းမျိုးစုံဖြင့် ရန်ကျောက်ကဲသတင်းကို ရသမျှ စုံစမ်းကြသည်။ နောက်ဆုံးကြားသိရသောသတင်းကြောင့် သူတို့အားလုံး အချိန်အတန်ကြာ စကားမပြောနိုင် ဖြစ်ကြရ၏။
ရန်ကျောက်ကဲလက်ထဲတွင် ရွှမ်ဝူမျိုးဆက်သိုင်းညာ ရှိနေသည်။
ဤသည်က ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်း၏ သိုင်းပညာအမွေအနှစ်များ ပိုမိုတိုးတက်လာစေရန် မျှော်လင့်ချက် ဖြစ်သည်။
ထိုသတင်းပျံ့နှံ့သွားသည့်အခါ သမုဒ္ဒရာကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားသည်။
ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်း၏စွမ်းအားက ရေသလင်းနန်းတော် ၊ ကျန်လုန်ဂိုဏ်းနှင့် အခြားသိုင်းဂိုဏ်းများထက် နိမ့်ကျသည်။ ထိုသိုင်းဂိုဏ်းက သမုဒ္ဒရာကမ္ဘာရှိ ထိပ်သီးသိုင်းဂိုဏ်းများတွင် အားနည်းသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ သူတို့ ထိုသို့ အားနည်းနေသည်မှာ မပြည့်စုံသော သိုင်းပညာအမွေအနှစ်ကြောင့် ဖြစ်၏။
သို့သော် ယနေ့တော့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းအတွက် ပြီးပြည့်စုံသည့်သိုင်းပညာက တစ်စုံတစ်ယောက်လက်ထဲတွင် ရှိနေသည်။
ထိုသူက အခြားသူမဟုတ် ၊ သမုဒ္ဒရာကမ္ဘာ၏ သက်ရှိဒဏ္ဍာရီ ‘ရန်ကျောက်ကဲ’ သာလျှင် ဖြစ်လေသည်။