← Chapters

အရင်တုန်းကကစားဖော်ကစားဖက်

Vol. 44 Ch. 616

အရင်တုန်းကကစားဖော်ကစားဖက်

Vol. 44 Ch. 616

အခန်း (၆၁၆) အရင်တုန်းကကစားဖော်ကစားဖက်

ထိုသတင်းပျံ့နှံ့သွားသည်နှင့် ရေသလင်းနန်းတော်နှင့် မြွေစိမ်းကျွန်းတို့မှာ ဆိုးဆိုးရွားရွား ခံစားလိုက်ရသည်။

ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းက ‘ရွှမ်ဝူလက်သီးသိုင်းကျမ်း’ အတွက် ချန်လီတောင်နှင့် ပူးပေါင်းသွားပြီဖြစ်ကြောင်း ရေသလင်းနန်းတော် ရိပ်မိနိုင်သည်။ ထိုအချိန် ကွမ်းကျင်းချုန်နှင့် မြွေစိမ်းကျွန်းမှလူများကတော့ မြေကြီးနှင့်ခေါင်းနှင့် ကိုင်ဆောင့်ခံရသည့်ပမာ ခံစားကြရသည်။

ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းသည် ‘ရွှမ်ဝူလက်သီးသိုင်းကျမ်း’ ကို ရရှိရန် အမြဲတမ်း မျှော်လင့်ခဲ့ပြီး သူတို့သိုင်းအမွေအနှစ်များကို အဆင့်မြှင့်တင်လိုခဲ့သည်။ အကယ်၍ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်း ပိုမိုတိုးတက်လာပါက မြွေစိမ်းကျွန်း အချိန်မရွေးသုတ်သင်ခံရနိုင်သဖြင့် ကွမ်းကျင်းချုန်တို့အုပ်စု စိတ်ပူပန်နေကြခြင်းပင်။

မြေစိမ်းကျွန်းသခင်မ ‘မြွေစိမ်းဒေဝီ’ ကွမ်းကျင်းချုန်မှာ အရင်ဘိုးဘေးများကို မည်သို့မျက်နှာချင်းဆိုင်ရမည်ကိုပင် မသိနိုင် ဖြစ်ရသည်။

ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာတွင် ပြန်ပေါ်လာသောသတင်း ကြားရသည့်အခါ အခြားသော ထိပ်သီးအင်အားစုများသည်လည်း အနီးကပ်အာရုံစိုက်လာကြသည်။

လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများကြား တိုက်ပွဲများသည်လည်း ယာယီရပ်တန့်သွားသည်။ ဤကမ္ဘာတွင် ရန်ကျောက်ကဲ ပြန်ပေါ်လာပြီဖြစ်ရာ အခြေအနေ မည်သို့ရှိလာမည်ကို အားလုံးက တိုက်ပွဲများရပ်တန့်လျက် စောင့်ကြည့်လိုကြသည်။

ရန်ကျောက်ကဲကတော့ ဘာမှထပ်မွှေရန် ရည်ရွယ်ချက် မရှိပေ။

သူက ချန်လီတောင်ဂိုဏ်းချုပ် ကောင်းထျန်းကျုန်းနှင့်တွေ့ဆုံပြီး အလပ သလာပ စကားစမည် ပြောဆိုကြသည်။

ကောင်းထျန်းကျုန်းက သိုင်းသူတော်စင်အဆင့်ရောက်ရှိနေပြီ ဖြစ်ပြီး ရေသလင်းနန်းတော်သခင် ‘လင်ရှီး’ ၊ ကျန်လုန်ဂိုဏ်းချုပ် ‘ကျောက်ကျုန်း’ တို့နှင့် အဆင့်တူညီနေပြီ ဖြစ်၏။

ကောင်းထျန်းကျုန်းကတော့ ရိုးရှင်းစွာပင် တွေးခေါ်သည်။

ရေသလင်းနန်းတော်က လှုပ်ရှားမှုငြိမ်သက်နေခြင်းမှာ လျှို့ဝှက်စွာ အားကောင်းလာခြင်းကို ညွှန်ပြသည်။ ထို့ကြောင့် ရန်ကျောက်ကဲ ပြန်ရောက်လာခြင်းကို သူက အလွန်ပင် ကြိုဆိုသည်။

ထို့ပြင် ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာတွင် အခွင့်အာဏာတစ်ခုကိုင်ဆွဲရန် ရည်ရွယ်ချက်မရှိကြောင်း အနည်းနှင့်အများ နားလည်ထားသည်။ အနည်းဆုံးတော့ ရန်ကျောက်ကဲမှာ ထိုသို့သော ရည်မှန်းချက်မရှိကြောင်း သိရှိသည်။

သို့တိုင် ယခုတစ်ကြိမ် ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာသို့ ရောက်လာသည်မှာ တစ်ယောက်တည်းမဟုတ်ဘဲ ဂိုဏ်းတူမောင်နှမများစွာ အတူခေါ်လာသည်ကို ချန်လီတောင်က ရိပ်မိသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“’ကောင်း’ ဂိုဏ်းချုပ် ၊ ဒီ ‘ရန်’ မှာ လုပ်စရာကိစ္စလေးတွေရှိလို့ သိပ်ကြာကြာနေနိုင်မှာ မဟုတ်ဘူး ၊ ဒါကြောင့် ကျေးဇူးပြုပြီး ဒီမှာနေခဲ့မယ့် ငါ့ရဲ့ ဂိုဏ်းတူမောင်နှမတွေကို စောင့်ရှောက်ပေးပါဦး”

ကောင်းထျန်းကျုန်းနှင့် ချန်လီတောင်မှ သိုင်းသမားများ ရန်ကျောက်ကဲစကားကြောင့် အံ့အားသင့်သွားကြသည်။ ရန်ကျောက်ကဲ ပြောသည့်စကားအရဆိုလျှင် ယခုတစ်ကြိမ်ထွက်ခွာသွားပြီးနောက်ပိုင်း အချိန်အတန်ကြာအောင် ပြန်လာဦးမည် မဟုတ်ပေ။

ကောင်းထျန်းကျုန်းစိတ်ထဲ အတွေးများစွာ ဖြတ်သန်းသွားသော်လည်း သူက တုံ့ဆိုင်းမနေဘဲ စိတ်ခံစားချက်အပြည့်ဖြင့် စကားဆိုသည်။

“’ရန်’ သခင်လေးက အားနာနေပြန်ပြီ ၊ အဝေးကလာတဲ့ဧည့်သည်တွေကို ဧည့်ဝတ်ကျေပွန်ရမှာ သဘာဝပါပဲ”

အိမ်ရှင်နှင့်ဧည့်သည်များ စကားပြောဆိုကြပြီးနောက် ရန်ကျောက်ကဲတို့အုပ်စု ထွက်ခွာသွားချိန် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ လုဖုန်းတို့အုပ်စုက ကျန်ရစ်ခဲ့သည်။

ရန်ကျောက်ကဲထံမှ ရွှမ်ဝူလက်သီးသိုင်းကျမ်းအတွက် သူတို့ ဤနေရာအထိ ရောက်ရှိလာခြင်း ဖြစ်သည်။ ရေသလင်းနန်းတော်နှင့် မပူး‌ပေါင်းတော့ဘဲ ချန်လီတောင်သို့ ချဉ်းကပ်ရန်ဆုံးဖြတ်ခဲ့ကြသဖြင့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းက ချန်လီတောင်နှင့် ကိစ္စရပ်များစွာကို ဆွေးနွေးရန် လိုအပ်သည်။

ရန်ကျောက်ကဲတို့အုပ်စု ပင်မခန်းဆောင်ကြီးအတွင်းမှ ထွက်ခွာလာပြီးနောက် သူတို့အားလုံး ရွှီဖေးကို လှမ်းကြည့်လိုက်ကြသည်။

ရွှီဖေးနှင့် ရှီကျွင်းလေးတို့ သမုဒ္ဒရာကမ္ဘာတွင် နေထိုင်ခဲ့ကြသည်မှာ အချိန် (၁၅)နှစ် ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ ရွှီဖေးက အပြင်ပန်းတွင် အသက် (၃၀)ကျော်ခန့် ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် အသက် (၅၀) နီးပါး ရှိနေပေပြီ။

သူက ဤနှစ်များတွင် အချိန်လုံးဝမဖြုန်းတီးဘဲ ကြိုးစားကျင့်ကြံခဲ့သဖြင့် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်နေပေပြီ။ သူ၏အသက်အရွယ်ဖြင့် ဤအဆင့်သို့ရောက်ရှိသည်မှာ အလွန်ငယ်ရွယ်သေးသည်ဟု ဆိုနိုင်၏။

ရန်ကျောက်ကဲက...

“အစ်မယွီကျန်း အခြေအနေ ဘယ်လိုလဲ”

ယင်ယွီကျန်းမှာ သူမရရှိခဲ့သော ဒဏ်ရာများကြောင့် သက်တမ်းတဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်သည်။ ယခု အချိန် (၁၀)နှစ် ကျော်သွားပြီ ဖြစ်လေရာ ပိုမိုကောင်းမွန်လာခြင်းမရှိလျှင် ပြန်လည်ကောင်းမွန်ရန် မျှော်လင့်ချက် မရှိတော့ပေ။

ရွှီဖေးက ပြုံးရင်း...

“ကျွင်းအာက သူ့ကို စောင့်ရှောက်ပေးနေတယ် ၊ ကံကောင်းစွာပဲ လွန်ခဲ့တဲ့နှစ်တွေက ခရမ်းရောင်ဝါးပွင့်ဝတ်ဆံကို ငါတို့တွေ့ခဲ့တယ် ၊ ဒါကြောင့် အစ်မယွီကျန်းရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်ခဲ့တယ် ၊ ဒါပေမဲ့ သတိတော့ ပြန်ရမလာသေးဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“သမုဒ္ဒရာကမ္ဘာမှာ ခရမ်းရောင်ဝါးပွင့်ဝတ်ဆံ ရှိနေတာလား ၊ အဲဒါ အတော်လေး ကောင်းတာပဲ”

သက်တမ်းရှည်စေသောနည်းလမ်းများမှာ နဂိုကပင် ရှားပါးလှသည်။ ထို့ပြင် ယင်ယွီကျန်း၏ အခြေအနေက ထူးခြားလှသဖြင့် အသက်ရှည်ရန် အများစုအသုံးပြုသော ဝိညာဉ်ဆေးဝါးများကို အသုံးပြု၍ မရနိုင်ပေ။ ထို့ကြောင့် သူမ အသက်ဆက်နိုင်ရန် နည်းလမ်းများစွာ ရှာဖွေကြရသည်။

ခရမ်းရောင်ဝါးပွင့်ဝတ်ဆံသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မရှိသလို မျောလွင့်ဝိညာဉ်ကမ္ဘာတွင်လည်း မရှိပေ။ ဤ သမုဒ္ဒရာကမ္ဘာတွင် ထင်မှတ်မထားသော အစွမ်းထက်ပစ္စည်းများရှိနေခြင်းက ယင်ယွီကျန်းအတွက် ကောင်းကင်ဘုံက လွတ်လမ်းပေးသည်ဟူသော ခံစားချက်ဖြင့် ရန်ကျောက်ကဲ သက်ပြင်းချနိုင်ခဲ့သည်။

သူတို့ ချန်လီတောင်အနောက်ဘက်သို့ ရောက်လာခဲ့သည်။

ခြံဝန်းထဲတွင် အသက် (၂၇) (၂၈) ခန့် လူငယ်လေးတစ်ယောက်ရှိနေပြီး သူ့မျက်ဝန်းများက တည်ငြိမ်ကာ အလွန်တရာ ယောကျ်ားပီသချောမောသည်။

ထိုလူငယ်လေးက ရန်ကျောက်ကဲ ၊ ဖူအန်းစုနှင့် အခြားသူများကိုတွေ့တော့ ဝမ်းသာအားရ ရယ်မောနှုတ်ဆက်သည်။

“ဆရာဘွားဘွား’ဖူ’ ၊ ဆရာဦးလေး’ရန်’...”

ထိုလူငယ်လေးက အခြားသူမဟုတ် ၊ ရှီကျွင်းသာပင်။

သူက ချက်ချင်းပင် ဖူအန်းစု ၊ ရန်ကျောက်ကဲနှင့် အခြား‌သော ဂိုဏ်းတူမောင်နှမများကို လက်နှစ်ဖက်ဆုပ်ဂါရဝပြု နှုတ်ဆက်လိုက်သည်။

ဖန်းယွင်ရှန်း ၊ စစ်ခုန်ချင်းနှင့် အခြားသူများမှာ သမုဒ္ဒရာကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အချိန်စီးဆင်းမှု မတူညီခြင်းကို သိရှိထားသည့်တိုင် ရှီကျွင်းအား ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်အဖြစ် တွေ့မြင်လိုက်ရသည့်အခါ အတော်လေး အသားမကျသလို ခံစားလိုက်ရသည်။

ယင်လုန်ထူသည် သူ့ထက် ခေါင်းတစ်လုံးစာနီးပါး အရပ်ပိုမြင့်နေသော ရှီကျွင်းကို မှင်တက်စွာဖြင့် စိုက်ကြည့်နေသည်။

အရင် ဝါဒတောင်တွင် နေထိုင်စဉ်က သူတို့နှစ်ယောက် သက်တူရွယ်တူခန့် ဖြစ်ပြီး အတော်လေးလည်း ခင်မင်ကြသည်။ သူနှင့် ကစားဖော်ကစားဖက်ကက ယခု သူ့ထက် ဆယ်နှစ်ကျော်ခန့် အသက်ကြီးနေသည်ကိုတွေ့ရသည့်အခါ လောကကြီးအကြောင်း တဖြည်းဖြည်း နားလည်စွပြုနေပြီဖြစ်သော ဟန်လုန်အာမှာ သူ့ဦးနှောက် အသုံးမချနိုင်တော့သလို ခံစားလိုက်ရ၏။

ရှီကျွင်းကတော့ ပြုံးရယ်ရင်း ယင်လုန်ထူကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ဆရာဦးလေး’ယင်’...”

“မ... မလို... မလိုပါဘူး”

အတော်လေးမှင်တက်နေသော ယင်လုန်ထူမှာ စကားများပင် ထစ်ကုန်သည်။

အစကပင် ရှီကျွင်းကိုကြည့်ကာ မှင်တက်နေကြသော ဝါဒ‌တောင်တပည့်များမှာ ယင်လုန်ထူ၏ပုံစံကိုကြည့်ရင်း မရယ်ဘဲမနေနိုင်ကြတော့ပေ။

ရွှီဖေးဘေးနားတွင် ရပ်နေသော ရန်ကျောက်ကဲက အသံပို့လွှတ်စနစ်ဖြင့် စကားဆိုသည်။

“ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ ကျွန်တော် အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ရောက်တော့ အားဟူကို လှိုင်းနက်ဂေဟာ စေလွှတ်ပြီးအစ်မ’ရှဲ့ယိုချန်’ ဆီ သတင်းပို့ခိုင်းလိုက်တယ်”

ရွှီဖေးက ရန်ကျောက်ကဲနှင့်အားဟူကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲက အားဟူကို ခေါင်းညိတ်ပြလိုက်တော့ အားဟူက ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း...

“အစ်ကို’ဖေး’... ကျွန်တော် ‘ရှဲ့’ မိန်းကလေး ‘ရှဲ့ယိုချန်’ နဲ့ တွေ့ခဲ့ပါတယ် ၊ သခင်လေးညွှန်ကြားတဲ့အတိုင်း ကျွန်တော်တို့နဲ့အတူ သမုဒ္ဒရာကမ္ဘာကိုလိုက်ခဲ့ဖို့ သူမကို ဖိတ်ခေါ်ခဲ့တယ်”

“ဒါပေမဲ့ ‘ရှဲ့’ မိန်းကလေးက ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တယ် ၊ သူပြောတာက အနာဂတ်မှာ အစ်ကို’ဖေး’ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်လာရင် လှိုင်းနက်ဂေဟာကို လာခဲ့ပါဦးတဲ့”

အားဟူက နားမလည်နိုင်စွာဖြင့် ဆက်ပြောသည်။

“ကျွန်တော် ပတ်ဝန်းကျင်မှာ မေးမြန်းကြည့်တော့ ‘ရှဲ့’ မိန်းကလေးက အချစ်သစ်မတွေ့သေးဘူးတဲ့ ၊ ဒါပေမဲ့ ဘာလို့ ကျွန်တော်တို့နဲ့အတူ လိုက်မလာတာလဲ မသိဘူး”

ရန်ကျောက်ကဲက အားဟူကို တံတောင်ဖြင့်တွတ်လိုက်ပြီး ရယ်မောရင်းပင် အပြစ်တင်လိုက်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ”

အားဟူက ရိုးရှင်းစွာပင် ရယ်မောနေတော့ ရွှီဖေးလည်း မနေနိုင်ဘဲ ပြုံးလိုက်၏။

“သူ ဘာလို့လိုက်မလာလဲဆိုတာ ငါ နားလည်နိုင်ပါတယ် ၊ ငါကပဲ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ပြီး သူနဲ့တွေ့နိုင်အောင် ကြိုးစားရတော့မှာပေါ့”

ရန်ကျောက်ကဲက ပြုံးရင်း...

“အခု ဆရာ‌ဒေါ်လေး’ဖူ’ နဲ့ တခြားတပည့်တွေ ဒီကိုရောက်လာပြီဆိုတော့ အစ်မယွီကျန်းနဲ့ ကျွင်းအာလေးတို့အနားမှာ မင်းမရှိနေလည်း ရပြီလေ”

သူက ဆက်ပြောသည်။

“ငါ မင်းအတွက် စန့်ချုန်ကြေးမုံမှန်ထားခဲ့မယ် ၊ ပြီးတော့ မှန်သားကမ္ဘာခရီးသွားနည်းလမ်းကိုလည်း သင်ပေးခဲ့မယ် ၊ နောက်တစ်နှစ်လောက်ဆို စန့်ချုန်ကြေးမုံမှန် အားပြန်ပြည့်လောက်ပြီ ၊ ဒါဆို မင်း ကိုယ့်ဟာကိုယ် အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်လို့ရပြီ”

“မြန်မြန်ပြန်တာကောင်းတယ် ၊ မဟုတ်ရင် မင်း ဟိုဘက်ကိုပြန်ရောက်ရင် အစ်မ’ရှဲ့ယိုချန်’ ထက် မျိုးဆက်နှစ်ဆက်လောက် အသက်ကြီးနေတော့မယ်”

ရန်ကျောက်ကဲ စ နောက် သည်ကို ရွှီဖေးက လျစ်လျူရှုလိုက်ပြီး မျက်မှောင်တစ်ချက် ကြုံ့လိုက်၏။

“နေပါဦး... မင်းက အဲဒီ ကြေးမုံမှန် ငါ့ကိုပေးမယ်ဆိုတော့ မင်းကရော ဘယ်လိုလုပ်မှာလဲ”

ရန်ကျောက်ကဲက...

“အထက်ဘုံကမ္ဘာကိုသွားဖို့ စန့်ချုန်ကြေးမုံမှန် မလိုအပ်ဘူးလေ”

ရွှီဖေးက မျက်ခုံးများတင်းတင်းကျပ်ကျပ် တွန့်ချိုးထားဆဲဖြစ်လေရာ ရန်ကျောက်ကဲက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ စကားဆက်ပြောသည်။

“အဘိုးအို’မော့’ က အထက်ဘုံကမ္ဘာက ကိစ္စအချို့ကို ပြောပြခဲ့တယ် ၊ အဲဒီအရာတွေသာ အခုထိရှိနေသေးတယ်ဆိုရင် အထက်ဘုံကမ္ဘာကိုသွားဖို့ တခြားနည်းလမ်းတွေ အသုံးပြုနိုင်ပါတယ် ၊ ယာယီကမ္ဘာဖြတ်လမ်းကြောင်းတစ်ခုဖန်တီးဖို့ မှန်သားကမ္ဘာခရီးသွားနည်းလမ်းတစ်ခုတည်းရှိတာ မဟုတ်ဘူးလေ”

ရန်ကျောက်ကဲစကားကိုကြားတော့ ရွှီဖေး စိတ်သက်သာရာရသွားသည်။

“ဒါဖြင့် မင်း ဘယ်တော့သွားမှာလဲ”

ရန်ကျောက်ကဲက တိုးတိတ်စွာဖြင့်...

“အခုပဲ...”

All Chapters