ရက်စက်သော ရန်ကျောက်ကဲ
Vol. 1-9 Ch. 82
အခန်း(၈၂) ရက်စက်သော ရန်ကျောက်ကဲ
ရန်ကျောက်ကဲသည် ကြမ်းကြုပ်သော ကျားတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ရှောင်ရှန်း၏ရှေ့သို့ သွေးဆာစွာ ဆင်းသက်လာ၏။
ရှောင်ရှန်းသည် ရန်ကျောက်ကဲနှင့် အကွာအဝေး ခွာလိုသည့်သဘောဖြင့် နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။
ရန်ကျောက်ကဲသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် လေပေါ်သို့ ပျံတက်လိုက်၏။
သူတစ်ကိုယ်လုံး၏ သွေးကြောများ ပေါင်းဆုံသည့် နေရာများတွင် ခွေနေသော ရေခဲနဂါးနှင့် မီးနဂါးများက တညီတညွတ်တည်း ကျယ်လောက်စွာ ဟိန်းဟောက်လိုက်သည်။
ရေခဲ၏မြူနှင့် မီး၏အလင်းတို့ သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာ၏။ သူ့ကြယ်တာရာချီ၏ ပေါင်းစပ်မှုနှင့်အတူ ရေခဲနှင့် မီးတို့ အပြန်အလှန် ယှက်နွယ်သွားရာ ရန်ကျောက်ကဲမှာ နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူလျက်ရှိသည်။
သူ့လက်သီး ဆန့်ထုတ်လိုက်သည်နှင့်အတူ ကျားဟိန်းသံ ထွက်ပေါ်လာ၏။ သူ့ချီထဲမှလည်း နဂါးဟိန်းသံ ထွက်ပေါ်လာ၏။
သွေးတံခါးဝကို လှုံ့ဆော်လိုက်ရာ ရွှမ်းဝူဧကရာဇ်၏စွမ်းအားက ပေါက်ကွဲထွက်ပေါ်လာသည်။
ရန်ကျောက်ကဲသည် လက်သီးတစ်ချက်တည်းဖြင့် ရှောင်ရှန်း၏ ဆည်းဆာတစ်ထောင်ပုံရိပ်ယောင်လက်ဝါး ခုခံမှုအလွှာကို ထိုးခွဲလိုက်သည်။
ရှောင်ရှန်းမှာ အကြီးအကျယ် ထိတ်လန့်သွားရာ တက်နေဝန်းခုန်ပျံခြင်းသိုင်းကို အသုံးပြု၍ ရှောင်တိမ်းရန် ပြင်ဆင်လိုက်သည်။
"သွား!"
ကျယ်လောင်သော အသံနှင့်အတူ ကောင်းကင်နဂါးက ၎င်း၏ ဧရာမကိုယ်ထည်ကို ဆန့်လိုက်သကဲ့သို့ ရန်ကျောက်ကဲသည် သူ၏ကျောကို မတ်လိုက်သည်။
သည်တစ်ခါ ထုတ်ဖော်လိုက်သော စွမ်းအားကို လွင့်မျောတိမ်များနှင့် အင်္ကျီလက်အိုးထဲမှ မိုးပြာရောင်နဂါးသိုင်းပညာ၏ နဂါးပျံများ သိုင်းကွက်တို့တွင် ထည့်သွင်းအသုံးပြုလိုက်သည်။
လျပ်တစ်ပြက်အတွင်း ပတ်ပတ်လည်မှ တိမ်တိုက်ပုံရိပ်များနှင့် နဂါးပုံရိပ်များ ကောင်းကင်သို့ ပျံတက်သွားကြသည်။
ရှောင်ရှန်း လှုပ်ရှားတော့မည့် အချိန်မှာတင် ရန်ကျောက်ကဲသည် ပိုမို လျင်မြန်သော အမြန်နှုန်းဖြင့် သူ့ရှေ့ ရောက်လာကာ ကြီးမားသော အရှိန်အဟုန်ဖြင့် ကုပ်ဆွဲလိုက်သည်။
ရန်ကျောက်ကဲသည် သူ့လက်ချောင်းများကို ဆန့်ထုတ်၍ ချိတ်ကောက်သဏ္ဌာန် ကွေးလိုက်ကာ ရှောင်ရှန်း၏လက်မောင်းနှစ်ဖက်ကို ဖမ်းဆုပ်လိုက်သည်။
ပုံရိပ်နှစ်ခု လေထဲတွင် ရုတ်ချည်း ရပ်တန့်သွားသည်။
ရန်ကျောက်ကဲသည် သူ့ခြေထောက်တစ်ဖက်ဖြင့် ရှောင်ရှန်း၏ ရင်ဘတ်အား စောင့်ကန်လိုက်၏။
တချိန်တည်းမှာပင် ရေခဲနဂါးများနှင့် မီးနဂါးများ လှည့်ပတ်နေသော စွမ်းအားက သူ့လက်များမှတဆင့် အပြင်သို့ ထွက်လာ၏။
တောင်တွေ မြစ်တွေကို ပြောင်းပြန်လှန်နိုင်သော ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲသည် ရှောင်ရှန်း၏လက်မောင်းများကို အားဖြင့် လိမ်ချိုးလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲသည် ရှောင်ရှန်း၏လက်မောင်းများကို မလွတ်ပေးဘဲ ဆက်လက် ဆုပ်ကိုင်ထားရင်း ရှောင်ရှန်းကို ဆက်ကာ ဆက်ကာ ဆင့်ကန်လိုက်သည်။
ကန်ရင်း၊ ဆွဲရင်း၊ ဆန့်ကျင်ဘက် အင်အားနှစ်ခုကြောင့် ရှောင်ရှန်း၏ခန္ဓာကိုယ်မှာ အဝတ်စုတ်တစ်ခုသဖွယ် ရုတ်ချည်း တွန့်လိမ်သွားသည်။
"ဘန်း..."
ပလုံးပထွေးအသံတစ်ခု ထွက်လာကာ သွေးနှင့် အသားစများ နေရာတိုင်းသို့ ပြန့်ကျဲသွားသည်။
ကောင်းကင်ထက်တွင် သွေးမိုး ရွာသွန်းလာသည်။ သူတို့နှစ်ယောက်ရှိရာ လေထဲ၌ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
ကျယ်လောက်သော အော်ဟစ်သံနှင့်အတူ ရန်ကျောက်ကဲသည် ရှောင်ရှန်း၏လက်မောင်းများကို ဆွဲဖြဲလိုက်ကာ ပုခုံးနှစ်ဖက်နှင့် ကျောရိုးများကိုလည်း လိမ်ချိုးလိုက်သည်။
ရှောင်ရှန်းက စူးစူးဝါးဝါး ငိုယိုမြည်တမ်းလိုက်သည်။ "ရန်ကျောက်ကဲ…. မင်း လုပ်ရဲ…”
ရန်ကျောက်ကဲသည် ရှောင်ရှန်း၏လက်မောင်းပြတ်များကို လွှင့်ပစ်လိုက်ပြီး လေထဲသို့ ခြေလှမ်း လှမ်းကာ သူကန်လိုက်သည့်အရှိန်ကြောင့် လွင့်ထွက်သွားသော ရှောင်ရှန်းကို ထပ်မံ ဖမ်းဆုပ်လိုက်သည်။
"သေတော့မယ့် သူက အရေးမပါတဲ့စကားတွေ မပြောသင့်ဘူး"
ပတ်ပတ်လည်မှ နေသူတော်စင်ဂိုဏ်းသားများမှာ ကျောက်ရှီချန်းနှင့် သူ့မဟာအစီအရင်မှ စွမ်းအား၏ တွန်းထုတ်ခြင်းကို ခံခဲ့ရခြင်းကြောင့် ရှောင်ရှန်းကို ကူညီရန် အချိန်မရှိခဲ့ပေ။ ယခုမှ သူတို့သည် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ရှောင်ရှန်း၏မျက်လုံးများမှာ မျက်လုံးအိမ်များထဲမှ ပေါက်ထွက်လုမတတ် ဖြစ်နေသည်။ "ရန်ကျောက်ကဲ၊ အပျော်မလွန်နဲ့ဦး"
"မင်း ငါ့ကို သတ်နိုင်ရင်တောင်မှ မင်း ငါနဲ့အတူ လိုက်ရဖို့ ကံကြမ္မာပါပြီးသားပဲ"
"ငါ မင်းကို အောက်မှာ စောင့်နေမယ်"
ရန်ကျောက်ကဲသည် သူ့စကားများကို နားထဲ မသွင်းပေ။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လက်သည်းများဖြင့် ရှောင်ရှန်း၏ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။
သူ့အခြားလက်တစ်ဖက်ကိုလည်း ဖြန့်လိုက်ပြီး ရှောင်ရှန်း၏ငယ်ထိပ်တည့်တည့်ကို ရိုက်ချလိုက်သည်။
ရန်ကျောက်ကဲ၏လက်က ရှောင်ရှန်း၏ဦးခေါင်းကို ဖိထားရင်း ရေခဲတမျှ အေးစက်စွာ ရယ်မောလိုက်သည်။ "ငါ အရမ်း ကြောက်တာပဲကွာ"
ထိုသို့ ပြောပြီးနောက် ရန်ကျောက်ကဲသည် ရှောင်ရှန်း၏ဦးခေါင်းကို ဆုပ်ကိုင်ထားသော သူ့လက်ချောင်းများကို ရုတ်တရက် ညှစ်လိုက်ပြီး အပေါ်သို့ ဆွဲယူလိုက်သည်။
သူ၏စွမ်းအားကြီးသော ကြယ်တာရာချီနှင့်အတူ အကြမ်းပတမ်းနိုင်သော သူ့ခန္ဓာကိုယ်ခွန်အားက တပြိုင်နက် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲသည် ရှောင်ရှန်း၏လည်ပင်းကို လိမ်ချိုး၍ ရှောင်ရှန်း၏ဦးခေါင်းကို ဆွဲဖြုတ်လိုက်သောအခါ သွေးမိုးများ နောက်တစ်ကြိမ် ရွာသွန်းလာသည်။
ရှောင်ရှန်းမှာ မျက်လုံးအပြူးသား ပွင့်လျက်ရှိကာ ငြိမ်းချမ်းစွာ အနားမယူနိုင်သေးပေ။
လေဝိဉာဉ်တောင်ကြားတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။
ရှောင်ရှန်း၏ဦးခေါင်းကိုကိုင်၍ လေထဲ၌ မားမားမတ်မတ်ရပ်နေသော ရန်ကျောက်ကဲကို လူတိုင်း ကြက်သေသေလျက် ကြည့်နေကြသည်။
"ရန်ကျောက်ကဲ!!!!"
နောက်အခိုက်အတန့်တွင် နေသူတော်စင်ဂိုဏ်းသားအားလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
သူတို့ခေါင်းဆောင်သိုင်းဆရာသခင်နှင့်အတူ သူတို့အားလုံး ရန်ကျောက်ကဲထံသို့ တဟုန်ထိုး ပြေးလာကြသည်။
တောင်ကြားထဲတွင် ကျောက်ရှီချန်းသည် တိတ်ဆိတ်တည်ငြိမ်လျက်ရှိကာ သူ့ဘယ်လက်ကို လက်သီးဆုပ်၍ ညာဘက်လက်ကို လက်ဝါးသဏ္ဌာန်ပြုကာ ရှေ့သို့ တပြိုင်နက် တွန်းထုတ်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးအကြား မွှေနှောက်ဖျက်စီးနေသော ရွှေရောင်နဂါးအလင်းများ စတင်ထွက်ပေါ်လာသည်။ တကယ့် နဂါးများ ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့်အလား ၎င်းတို့၏ ကြေးခွံများမှာ ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေသလို ၎င်းတို့၏ဟိန်းသံများသည်လည်း ကောင်းကင်ကိုးဆင့်ကိုပင် တုန်ခါသွားနိုင်လောက်သည်။
ကျောက်ရှီချန်း ထုတ်လွှတ်လိုက်သော အစီအရင်၏စွမ်းအားကြောင့် နေသူတော်စင်ဂိုဏ်းသားများမှာ နောက်သို့ ဆက်တိုက် ဆုတ်နေရကာ လေဝိဉာဉ်တောင်ကြားသို့ ခြေတစ်လှမ်းပင် မလှမ်းနိုင်ဘဲ ဖြစ်နေသည်။
ရှု့ချွမ်တို့အုပ်စုသည်လည်း ခံစစ်မှ တိုက်စစ်သို့ ကူးပြောင်းလိုက်ကြသည်။
"ပြန်ဆုတ်" နေသူတော်စင်ဂိုဏ်း၏သိုင်းဆရာသခင်သည် စိတ်ပျက်စွာ အော်ဟစ်လိုက်၏။ ရွေးချယ်စရာမရှိဘဲ သူနှင့် သူ့ဂိုဏ်းသားတို့ ပြန်ဆုတ်ခဲ့ရတော့သည်။
ကျောက်ရှီချန်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ အစိမ်းရောင်နှင့်အနီရောင်က သူ့မျက်နှာတွင် အဆက်မပြတ် တစ်လှည့်စီ ဖြစ်ပေါ်နေ၏။
သူ့လက်ဝါးကို ပြန်ရုတ်လိုက်ကာ အခြားသူများသည်လည်း ရန်သူ့နောက် လိုက်နေသည်ကို ရပ်တန့်လိုက်သည်။
ရှောင်ရှန်း၏ခေါင်းကို ကိုင်ထားသော ရန်ကျောက်ကဲသည် မြေပေါ်သို့ ဆင်းသက်လိုက်ပြီး အားဟူ၏ဘေးသို့ ပြန်လာလိုက်သည်။
အားဟူက မြေပေါ်တွင် တပလ္လင်ခွေချိတ် ထိုင်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်မှ မဟူရာအိပ်မက်ဆိုးချပ်ဝတ်ကလည်း အရောင်မှေးမှိန်လျက်ရှိသည်။ ထိုချပ်ဝတ်ပေါ်တွင် ထောင်ပေါင်းများစွာသော ရွှေအပ်များ အပြည့် ဖြစ်နေ၏။
ထောင်ပေါင်းများစွာသော ရွှေအပ်များက အလင်းချပ်ဝတ်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်လျက်ရှိသည်။
အားဟူ၏ မျက်နှာက အတော် မှိုင်တွေနေ၏။ ကံကောင်းထောက်မစွာပဲ သူ ဝတ်ထားသော စိတ်ဝိဉာဉ်လက်နက် မဟူရာအိမ်မက်ဆိုးချပ်ဝတ်က ခုခံရေးကိရိယာတစ်ခုဖြစ်နေခဲ့သည်။ ၎င်းကို ခုခံရာ၌ရော တိုက်ခိုက်ရာ၌ပါ နှစ်မျိုးစလုံး အသုံးပြုနိုင်သည့်အပြင် ၎င်း၏ခုခံရေးစွမ်းအားက အလွန် အံ့အားသင့်ဖွယ်ရာကောင်းလှသည်။
မဟုတ်ပါက ရှန်တျန်းသိုင်းပညာရှင်သုံးယောက်နှင့် တပြိုင်တည်း တိုက်ခိုက်နေရစဉ် ရှောင်ရှန်း၏အလစ်တိုက်ခိုက်မှုကို ခံရပါက သူ သေမည်မှာ အသေအချာပင်။
မဟူရာအိမ်မက်ဆိုးချပ်ဝတ်က သိပ်သည်းသော ကောင်းကင်နေအပ်မိုးကို ခံနိုင်ခဲ့သော်လည်း ၎င်းတို့၏စွမ်းအားများ ရိုတ်ခတ်သည့် ဒဏ်ကြောင့် အားဟူမှာ အပြင်းအထန် ဒဏ်ရာရခဲ့ရသည်။
ကောင်းကင်နေအပ်များက သူ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက် မထိုးဖောက်သွားသော်လည်း အားဟူသည် ထောင်ပေါင်းများစွာသော တိုက်ခိုက်မှုများကို တပြိုင်နက် ခံလိုက်ရသကဲ့သို့ပင်။
ရန်ကျောက်ကဲသည် အားဟူ နောက်သို့ သွား၍ သူ့လက်ဝါးကို အားဟူ၏ကျော၌တင်ကာ အားဟူ၏ခန္ဓာကိုယ်အခြေအနေ ထိန်းညှိ့ရာ၌ ကူညီပေးလိုက်သည်။
အခြားသူများအားလုံးသည်လည်း ရန်ကျောက်ကဲကို စိတ်ရှုပ်ထွေးနေသော မျက်နှာများဖြင့် ကြည့်နေကြသည်။
ရှောင်ရှန်းက သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့ရာ ရန်ကျောက်ကဲသည် သူ့အား ပြန်လည်သတ်ဖြတ်ခဲ့သည်မှာ မျှတသည်ဟု ဆိုနိုင်သော်လည်း ရန်ကျောက်ကဲက ရှောင်ရှန်းအား အမှန်တကယ် သတ်ဖြတ်ခဲ့သည်ကို မြင်ရသောအခါ သူတို့၏စိတ်များ ခေတ္တမျှ တုန်လှုပ်သွားကြသည်။
အထူးသဖြင့် ဤကဲ့သို့ အကြမ်းပတမ်းနိုင်၍ ရက်စက်ကြမ်းကြပ်သော နည်းလမ်းဖြင့် သတ်ဖြတ်ခဲ့ခြင်းကြောင့်ပင်။
စောစောက ရန်ကျောက်ကဲသည် ရှောင်ရှန်း တိုက်ခိုက်ခဲ့စဉ်က ရန်ကျောက်ကဲက ရှောင်ရှန်းအား မည်မျှပင် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခဲ့ပါစေ၊ ၎င်းကို သူတို့နှစ်ယောက် ယှဉ်ပြိုင်သည့်ပွဲ၌ ရှောင်ရှန်းက ပို၍ အားနည်းခဲ့ခြင်းကြောင့်ဟု သတ်မှတ်၍ ရသေးသည်။
သို့သော်လည်း နှစ်ဖက်စလုံးမှာ သက်ဆိုင်ရာ ဂိုဏ်းအသီးသီး၏မျိုးဆက်သစ်လူငယ်များအနက် ထိပ်တန်းအဆင့်များဖြစ်ပြီး သူတို့၏ဂိုဏ်းအသီးသီးက အင်အားများစွာ စိုက်ထုတ်၍ ပြုစုပျိုးထောင်ထားသာ မျိုးစေ့လေးများဖြစ်ကြကာ မည်သူက သာလွန်ကြောင်း ယှဉ်ပြိုင်၍ ဆုံးဖြတ်သည်နှင့် တစ်ဖက်က အခြားတစ်ဖက်အား တိုက်ရိုက် သတ်ဖြတ်ခြင်းသည်က လုံးဝ မတူသော ကိစ္စရပ်နှစ်ခုဖြစ်သည်။
ထို့ပြင် ရှောင်ရှန်း၏အဘိုးကလည်း နေသူတော်စင်ဂိုဏ်း၏ အကောင်ကြီးကြီးအနည်းစုထဲမှ တစ်ယောက်ဖြစ်နေသေးသည်။
ရှောင်ရှန်းပြောခဲ့သလိုပင် နေသူတော်စင်ဂိုဏ်းက ရန်ကျောက်ကဲကို အလွယ်တကူ အလွတ်ပေးမည်မဟုတ်ပေ။
ဤကိစ္စသည် အခြားဂိုဏ်းမှ သစ္စာဖောက်လာသော တပည့်ကို လက်ခံသည့် ကိစ္စနှင့် နှိုင်းယှဉ်ပါက အများကြီး ပိုမို ကြီးမားလေသည်။
သို့သော် သူတို့၏ရှုပ်ထွေးသော ခံစားချက်များ အကြားတွင် ဝါဒတောင်နှင့် အရှေ့တန်၏ကျင့်ကြံသူများသည် အားကောင်းသော စိတ်လှုပ်ရှားမှုကိုလည်း ခံစားရသည်။
အရင်နှစ်များက နေသူတော်စင်ဂိုဏ်းသည် သူတို့ကို ခြေလှမ်းတိုင်းတွင် ဖိအားပေးနေခဲ့ကာ မောက်မာပြီး အထိန်းအကွပ်မဲ့လွန်းလှသည်။
မင်းကျတော့ သတ်ဖို့ လှုပ်ရှားလို့ရတယ်၊ ဝါဒတောင်ဂိုဏ်းဘက်ကကျတော့ ပြန်တုံ့ပြန်လို့ မရဘူးလား။
ဒါက မမျှတပေ။
ထိုအခိုက်တွင် ရန်ကျောက်ကဲ၏မျက်နှာက ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွား၏။
ကျောက်စိမ်းနဂါးဓားသည် ပြောင်းပြန်အစီအရင်၏ အူတိုင်အဖြစ် ဆက်လက် ဆောင်ရွက်လျက်ရှိကာ ကျောက်ရှီချန်း၏မဟာအစီအရင်နှင့် အတူတကွ တွဲဖက် လုပ်ဆောင်လျက်ရှိသည်။
ရန်ကျောက်ကဲက သူ့လက်ကို ရမ်းလိုက်သောအခါ မဟာနေမင်းဘီးသည် သူ့လက်ထဲသို့ တဖန် ပြန်ရောက်လာသည်။
မဟာနေမင်းဘီးကို ကြည့်ရင်း လူတိုင်း ပင့်သက်ရှိုက်လိုက်မိသည်။
"ဝါဒတောင်သခင်လေးက ရှောင်ရှန်းကို အချိန်ခဏလေးအတွင်း သတ်နိုင်ခဲ့တယ်"
နှစ်ယောက်စလုံးမှာ အဆင့်တူ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း ရန်ကျောက်ကဲသည် ရှောင်ရှန်းကို တစ်ဖက်သတ် ရိုက်နှက်နိုင်ခဲ့သည်။
အရှေ့တန်ကျင့်ကြံသူတစ်ယောက်က တံတွေးမျိုချလိုက်သည်။ "ရှောင်ရှန်းက သာမာန် အပြင်ပိုင်းသိုင်းပညာရှင်တစ်ယောက် ယှဉ်လို့ရတဲ့သူမျိုး မဟုတ်ဘူး"
လက်ရှိ လေဝိဉာဉ်တောင်ကြား၌ ဝါဒတောင်နှင့် အရှေ့တန်ကျင့်ကြံသူများတွင် ရှောင်ရှန်းထက် ကျင့်ကြံမှုအဆင့်မြင့်သော လူများစွာ ရှိသော်လည်း အဆင့်တူအတွင်း မည်သူကမှ ရှောင်ရှန်းကို အနိုင်ယူနိုင်လိမ့်မည်ဟု မဆိုဝံ့ပေ။
"နေသူတော်စင်ဂိုဏ်းရဲ့အလင်းမင်းသားက သခင်လေးရန်နဲ့အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ မင်းသားလေးပါးထဲက တစ်ပါးပဲ၊ ပြီးတော့ အလင်းမင်းသားနဲ့ ရှောင်ရှန်းက တက်သစ်စနေလေးစင်းထဲမှာ အပါအဝင်ဖြစ်သလို နေသူတော်စင်ဂိုဏ်းလူငယ်မျိုးဆက်ရဲ့ မျက်နှာစာပဲ"
သို့သော်လည်း ဤကဲ့သို့ မိုးကောင်းကင်က မျက်နှာသာပေးသော သားတော်မှာ ရန်ကျောက်ကဲ၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
တစ်စုံတစ်ယောက်က ခပ်တိုးတိုးအသံဖြင့် အံ့အားတသင့် ပြောဆိုလိုက်သည်။ "ရန်ကျောက်ကဲက ကောလဟာလတွေထဲကထက်တောင် ပိုအားကြီးသေးတယ်"
အစောပိုင်းက ကောလဟာလအရ ရန်ကျောက်ကဲသည် အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်တွင် ရှိစဉ်က အဆင့်ကျောက်၍ ရှောင်ရှန်းကို အနိုင်ယူခဲ့သည်ဟု ဆိုလေသည်။
သူတို့ထဲက မည်သူကမှ ၎င်းကို မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့သောကြောင့် ထိုကောလဟာလအပေါ် အနည်းငယ် သံသယဖြစ်မိခဲ့သည်။
သို့သော် ယခုတော့ ၎င်းကို မေးခွန်းထုတ်စရာ မလိုတော့ပေ။
ချောမော၊ ခန့်ညားသော သခင်လေးနှင့် ခက်ထန်၊ ရက်စက်သော ကျင့်ကြံသူ နှစ်ဦးစလုံး၏သရုပ်များသည် သူတို့၏စိတ်ထဲတွင် တစ်ခုတည်းအဖြစ် ပြည့်စုံစွာ ပေါင်းစည်းသွားခဲ့လေပြီ။