ငါ့မှာ အရန်အစီအစဉ်ရှိတယ်
Vol. 1-8 Ch. 36
လီချန်ရှို့က တိမ်ဖြူတစ်အုပ်ပေါ်တွင် အေးဆေးစွာဖြင့် မတ်တတ်ရပ်လျက် လိုက်ပါလာပြီး မနိမ့်မမြင့် ပျံသန်းကာ ချုံတောင်လေးသို့ ပြန်ရောက်လာသည်။
သူ၏ရင်ထဲ၌ ခဲဆွဲထားသည့်အလား လေးလံနေတော့သည်။
မူလက အဖွဲ့အား ဦးဆောင်ရမည့်အရေးမှ အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့ပြီဟူ၍ သူ တွေး၍ မဆုံးခင် ယုံချင်ရွှမ်းယာက သူ့တာဝန်အား ပြန်လည်အပ်နှင်းသွားခဲ့သည်။
ယင်းအပြင် သူ့ကို ထွက်ပေါက်ရှာမရအောင် ကောင်းကင်နတ်မင်းတံဆိပ်တော်များဖြင့် အထပ်ထပ်ပိတ်လှောင်သွားခဲ့ပေသည်။
ကံကောင်းစွာဖြင့် လီချန်ရှို့က ကျိုးဝူအား အပြစ်ပုံချထားခဲ့ပြီးသား ဖြစ်နေသည်။ သူ့ကိုယ်သူ သူ့ဆရာတူဦးလေး၏ လှည့်ကွက်များအောက် ရောက်ခဲ့ရသော ရိုးသားဖြူစင်သည့် လူငယ်လေးတစ်ယောက်အသွင် ပုံဖော်လိုက်သည်ဖြစ်၍ သူ ဒုက္ခများများစားစား တွေ့နိုင်တော့မည် မဟုတ်ပေ။
ကျိုးဝူ၏ဂုဏ်သိက္ခာအား စော်ကားသည့်အတွက် သူ့ကို အပြစ်မတင်နိုင်ပေ။ ကျိုးဝူသည်ပင် စတင် ထောက်ချောင်ဆင်ခဲ့သ ည်မဟုတ်ပါလား။ သူ့အနေဖြင့် ကျဉ်းထဲကြပ်ထဲမှ လွတ်မြောက်ရန် ကြိုးစားရာတွင် တာအိုဂျပု၏ခေါင်းအား မတော်တဆ တက်နင်းမိခဲ့ခြင်းသာ ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ တုနတ်ဝိဇ္ဇာကိုးပါးအနက် တစ်ပါးနှင့် မည်သူမျှ ပေါ်တင်မတိုက်ခိုက်ဝံ့ကြသည်ဖြစ်၍ ထိုကိစ္စက နိဂုံးချုပ်သွားမည်ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ကျိုးဝူက ထိုသို့ကြံစည်ရသည်ကို လီချန်ရှို့ နက်နက်နဲနဲ တွေးတောနေမိသည်။
‘ တာအိုရသေ့ဂျပုက ရယ်စရာကောင်းတယ်လို့များ ထင်နေတာလား ’
သူတို့နှစ်ဦး အရက်အတူတူ သောက်ခဲ့စဉ်အခါက ကျိုးဝူက လီချန်ရှို့ကို နာမည်ကြီးအောင်လုပ်ရန် အားပေးအားမြှောက်ပြုပေးခဲ့ဖူးသည်။ ယင်းက အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာမည်ဟူ၍လည်း သူ ဆိုခဲ့သည်။
ဆရာတူဦးလေးတွင် သူနှင့်ပတ်သက်၍ ထူးခြားသော အမြင်တစ်မျိုး ရှိနေသည်ကို လီချန်ရှို့သည်လည်း ခံစားမိသည်။ မည်သည့်အတွက်ကြောင့့်မသိ ဤတစ်ကြိမ်တွင် လီချန်ရှို့အား အုပ်စုကို ဦးဆောင်စေခြင်းအားဖြင့် ဗလာနတ္ထိအဆင့်ခြောက်တွင် ရှိသည်ကို ပြသစေချင်ခဲ့သည်။ ထိုနည်းအားဖြင့် ဂိုဏ်းမှ လီချန်ရှို့အား ပိုမိုဂရုစိုက်လာကာ အနှီထူးချွန်သော နတ်ဝိဇ္ဇာအလောင်းအလျာလေးအား ပြုစုပျိုးထောင်ပေးလာမည် ဖြစ်သည်။
‘ ဒါပေမဲ့ ဒီလိုလုပ်တာက အဓိပ္ပာယ်မရှိဘူးလေ။ ဒါ သက်သက် ဒုက္ခပေးတာပဲ ’
လီချန်ရှို့မှာ နဖူးကိုသာ ပွတ်နေမိတော့သည်။
သူ့ကျင့်ကြံခြင်းအဆင့်က သူ၏အကြီးမားဆုံး ဝှက်ဖဲဖြစ်သည်။ သူ့ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်သည့်တိုင် သူ့အသက်အန္တရာယ်သာ ဖြစ်လာစေလိမ့်မည်။ တခြားလူများက သူ့ကို ပိုမိုအာရုံစိုက်လာကြမည်ဖြစ်ပြီး သူ့ကိုပင် ြခိမ်းခြောက်လာနိုင်သည်။
တုနတ်ဝိဇ္ဇာဂိုဏ်းသည် အပြင်ပန်းမှကြည့်လျှင် စည်းလုံးညီညွတ်နေသယောင် ရှိပါသော်ငြား အတွင်းပဋိပက္ခများစွာ ရှိနေသည်။ ဂိုဏ်းတွင် ရင်းမြစ်များစွာ ရှိပါသော်လည်း တောင်ထိပ်အသီးသီး၌ ဂိုဏ်းသားများစွာ တိုးပွားလာနေသည်။ တောင်ထိပ်များအကြားရှိ ပြိုင်ပွဲက မကြုံစဖူး ပြင်းထန်နေပေ၏။
‘ အရင်တုန်းက ကျုပ်ဆရာ ဘယ်လိုဒဏ်ရာရသွားခဲ့တယ်ဆိုတာ မသိဘူး ထင်နေလား ’
ထိုကိစ္စနှင့်ပတ်သက်၍ တိကျသော သက်သေ မရှိပါသော်လည်း တိကျသေချာစွာ လေ့လာဆန်းစစ်ပြီးနောက် ဂိုဏ်းထဲရှိ လူတစ်ယောက်ယောက်က သူ၏ဆရာအား ကြံစည်ခဲ့ခြင်းဖြစ်မည်ကို သူ အဖြေရခဲ့သည်။
သို့တိုင် ဆရာက ဖြစ်ပျက်ခဲ့သမျှ ပြောပြရန် ငြင်းဆန်ခဲ့သည်။ လီချန်ရှို့ တွက်ဆမိသည်မှာ သူ၏ဆရာအား ကြံစည်ခဲ့သူသည် ဂိုဏ်းအတွင်း အတော်လေး တန်ခိုးအရှိန်အဝါ ကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။ သူက လီချန်ရှို့၏ဆရာကို မလှုပ်ရှားနိုင်အောင်လုပ်ကာ ချုံတောင်လေး၏ အောင်မြင်မှုကို ဖျက်ဆီးချင်ခဲ့သည်။ သို့သော် လီချန်ရှို့၏ဆရာက ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ပြန်ရောက်ရန် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ပြီး အနှီငမိုက်သားအား နောက်ထပ် အခွင့်အရေးမပေးခဲ့တော့ပေ။
တုနတ်ဝိဇ္ဇာဂိုဏ်း၏စည်းကမ်းများက လွန်စွာ တင်းကြပ်သည်။ နတ်ဝိဇ္ဇာမဖြစ်သေးသည့် တပည့်များ ခရီးထွက်ချင်ပါက ပြင်ဆင်မှုများ ဆောင်ရွက်ရန် ပိုင်ဖန်ခန်းမသို့ တင်ပြရသည်။ ပိုင်ဖန်ခန်းမက ခွင့်ပြုသောအခါမှသာ တောင်ကာမန္တန်အစီအရင်အပြင်ဘက်သို့ သွားခွင့်ရှိသည်။
ထိုလူများက အလားအလာကောင်းများ ပိုင်ဆိုင်ထားသော နတ်ဝိဇ္ဇာအလောင်းအလျာများ ဖြစ်ပါက ဂိုဏ်းမှ မူလနတ်ဝိဇ္ဇာတစ်ပါး သို့မဟုတ် အတုမဲ့ နတ်ဝိဇ္ဇာတစ်ပါးကိုပင် သူတို့နှင့်အတူ ထည့်လိုက်သေးသည်။
လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ်၊ ကိုးဆယ်ခန့်က သူ၏ဆရာသည်လည်း ထိုကဲ့သို့ဖြစ်ရပ်တစ်ခုတွင် ဒဏ်ရာရသွားခဲ့ခြင်းဖြစ်မည်ဟု လီချန်ရှို့ ခန့်မှန်းမိသည်။
ပထမဦးစွာ ဆရာက ခရီးတစ်ခု သွားပေလိမ့်မည်။
ဒုတိယအနေဖြင့် သူက ဂိုဏ်းအတွင်း ပြိုင်ဆိုင်မှုများကြား ရောက်နေပေမည်။
ထိုသို့ဖြင့် သူ ဒဏ်ရာရသွားရခြင်း ဖြစ်ပေမည်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ဂဏန်းအနည်းငယ်က ဂိုဏ်းထဲသို့ ကျိုးဝူရောက်လာသောအခါ အရှင်သခင်ဝမ်ချင်း၏တပည့်ဖြစ်ခဲ့သည်။ အစကတည်းက ကောင်းမွန်သောနေရာတစ်ခုကို ရရှိခဲ့ပြီး ရုတ်ချည်း တိုးတက်လာခဲ့သည်။ ကောင်းကင်ခွင်းတောင်ရှိ အစွမ်းထက်ဆုံးမျိုးဆက်မှဖြစ်၍ ဂိုဏ်းထဲ၌ ကိုယ်ကျိုးအတွက် ဘာမဆိုလုပ်မည့်လူတန်းစားများရှိကြောင်း သူ မသိခြင်း ဖြစ်ပေမည်။
လီချန်ရှို့အနေဖြင့် ထိုအခြေအနေအား ကာကွယ်ရပေမည်။ ချုံတောင်လေးမှာ ဂိုဏ်းအတွင်း အင်အားအနည်းဆုံးဖြစ်သည်။ ယင်းအတွက်ကြောင့် လီချန်ရှို့မှာ ငြိမ်းအေးသော ပတ်ဝန်းကျင်ကို ဖောက်ထွင်း၍ မြင်နေရသည်ဖြစ်ရာ အကွက်တစ်ကွက်၊ အဟမ်း… နှစ်ကွက်၊ သုံးကွက် သို့မဟုတ် ဆယ်ကွက်ခန့်ပင် ထိမ်ချန်ထားရပေမည်။
‘ ထားလိုက်တော့၊ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးသွားပြီပဲ။ ဒီတာဝန်ကို ပြောင်းလဲဖို့ သင့်တော်တဲ့နည်းလမ်း မရှိဘူး ’
သူ အပြင်းအထန် နာမကျန်းဖြစ်နေသည့် သို့မဟုတ် ချီဖောက်လွှဲဖောက်ပြန်ဖြစ်နေသည့်လက္ခဏာများကို ပြသလိုက်မည်ဆိုပါက ဂိုဏ်းထဲရှိ ဝါရင့်ကျင့်ကြံသူများက သူ့ထံလာရောက်စစ်ဆေးကြမည်မှာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာသည်။
ထိုကဲ့သို့ အရေးကြီးသော အခြေအနေ၌ သူက ဥာဏ်အလင်းရရှိသွားပြီး အခန်းအောင်း ကျင့်ကြံရန် လိုအပ်သည်ဆိုလာပါက တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်အား စစ်ဆေးလာမည်မှာ ကိုးဆယ်ရာခိုင်နှုန်း သေချာသည်။
‘ လင်းအယ်ကို သေလုမျောပါးဖြစ်အောင် ထိုးကြိတ်ကန်ကျောက်ပြီး သူ့ကို ဂရုစိုက်ဖို့ နေခဲ့ရမယ်လို့ ငါ ပြောလိုက်ရင်ကော … ’
‘ အာ … နောက်တာ၊ နောက်တာ၊ လင်းအယ်ကို ငါ နာကျင်အောင် မလုပ်ရက်ဘူး။ သူက ငါ စောင့်ရှောက်လာခဲ့တဲ့ ချစ်စရာ ဆရာတူညီမလေးလေ’
‘ ထားတော့ကွာ ’
‘ ငါ့မှာ အရန်အစီအစဉ် ရှိပါသေးတယ် ’
လေးရက်မြောက်နေ့၌ အရှေ့ပင်လယ်သို့ သူ ခရီးထွက်ရမည်ဖြစ်သည်။ သူ မလိုအပ်ဘဲ စကားမပြောမိရန်နှင့် ယုံချင်ရွှမ်းယာကိုသာ လူငယ်အုပ်စု၏ စစ်မှန်သော ခေါင်းဆောင်တစ်ယောက် ဖြစ်ခွင့်ပေးလိုက်ပါက သိုသိုသိပ်သိပ် သူ နေနိုင်မည်ဖြစ်သည်။
ယင်းအတွက် သူ့အပြင်ပန်းနေပုံထိုင်ပုံကို ပြုပြင်ရန် သူ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ရိုးရှင်းစွာ ဝတ်ဆင်ကာ စိတ်သဘောထားနူးညံ့ပျော့ပျောင်းသူအဖြစ် နေထိုင်ရမည် ဖြစ်ပေသည်။
‘ ပြောရရင် မြောက်ကျွန်းကနေ ပြန်ရောက်တော့ ယုံချင်ရွှမ်းယာ စိတ်ဒဏ်ရာနည်းနည်းပါးပါး ရသွားတဲ့ပုံပဲ။ နှစ်နည်းနည်းလောက် ကျင့်ကြံပြီးတော့ ကောင်းကင်ခွင်းတောင်ထိပ်ကနေ ထွက်လာတာနဲ့ ကျင့်ကြံခြင်းအဆင့်တက်သွားပြီ။ အခုဆိုရင် ဗလာနတ္ထိအဆင့်ရှစ်ကို ရောက်နေပြီ။ ကောင်းကင်ခွင်းတောင်က ကျင့်ကြံခြင်းအဆင့်ထိပ်ဆုံးမှာရှိနေတဲ့ သူ့ဆရာတူအစ်ကိုကို ကျော်ဖို့တော့ လိုသေးတယ် ’
‘ ဒါကြောင့်လဲ ယုံချင်ရွှမ်းယာက ဒီနေ့ အဲဒီတာဝန်ကို အတင်းအကြပ်ယူတာဖြစ်မယ် ’
အဆက်မပြတ် ကျင့်ကြံခြင်းအဆင့် တိုးတက်ခြင်းသည် ဥာဏ်အလင်းပွင့်ခြင်းနှင့် မသက်ဆိုင်ဘဲ ကံကြမ္မာအပေါ် မူတည်သည်။ ယင်းက ကောင်းမွန်သော အရာတစ်ခုတော့လည်း မဟုတ်ပေ။ လီချန်ရှို့သိရသရွေ့ ယင်းက နောင်တချိန်တွင် ယုံချင်ရွှမ်းယာ ခံစားရမည့် ကောင်းကင်ပြစ်ဒဏ်နှင့်ပတ်သက်၍ နိမိတ်ပုံရိပ်တစ်ခု ဖြစ်ပေသည်။
‘ အလျင်လို အနှေးတွေ့ ’ ဆိုသည့်စည်းမျဉ်းက ကျင့်ကြံခြင်းမှာလည်း တူညီပေသည်။ လီချန်ရှို့ ဆောင်ရွက်နေသည်မှာလည်း ထိုနည်းတူပင်။ သူက ဖြည်းဖြည်းမှန်မှန်ဖြင့် ကျင့်ကြံခြင်းအဆင့်များကို တစ်ဆင့်ချင်း ကျော်ဖြတ်နေခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်အကြာက ဗလာနတ္ထိအဆင့်ကို သူ လျှို့ဝှက်စွာ ကျော်ဖြတ်ပြီးသည့်အခါ ကောင်းကင်ပြစ်ဒဏ်က ဂိုဏ်းမှ လူတစ်ယောက်အား အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေခဲ့သည်ကို သူ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရဖူးသည်။
ထိုအခါမှအစပြု၍ သူက သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ခဲ့ပြီး အဆင့်တစ်ဆင့်ချင်းစီကို အသေးစိတ်နားလည်ရန် အပြန်ပြန်အလှန်လှန် လေ့လာခဲ့သည်။
တိုးတက်မှုတိုင်းအား ခရေစေ့တွင်းကျ နားလည်သဘောပေါက်သောအခါမှသာ နောက်တစ်ဆင့်သို့ သူ တက်ခဲ့သည်။ သူက ထိုသို့ သတိကြီးကြီးဖြင့် ဆောင်ရွက်နေသည်ဖြစ်၍ ကောင်းကင်ပြစ်ဒဏ်အား ကျော်ဖြတ်သည့်အခါတွင် အသက်ရှင်ရန် အခွင့်အရေးများမည် ဖြစ်ပေသည်။
ယခုအခါတွင် လီချန်ရှို့သည် အခြေခံတောင့်တင်းခိုင်မာစေရန် နှစ်ပေါင်းနှစ်ရာ အချိန်ယူရမည်ဆိုသည့်တိုင်အောင် ကောင်းကင်ပြစ်ဒဏ်အတွက် မည်သို့ပင်ဖြစ်စေ ပြင်ဆင်ရန် သံန္နိဋ္ဌာန်ချထားသည်။
ထိုဆုံးဖြတ်ချက်ကြောင့်ပေလော၊ မည်သည့်အတွက်ကြောင့်မသိ သူ့ကျင့်ကြံခြင်းတိုးတက်နှုန်းက လျော့ကျမသွားဘဲ တိုးပွားလာနေသည်ဖြစ်ရာ သူ့ကျင့်ကြံခြင်းကို ဖိနှိပ်ရန် ခဲယဉ်းလာတော့သည်။
ယင်းမှာ မဟာတာအိုက သူ့ကို ကျော်ဖြတ်စေချင်နေသည့် ထူးခြားသော စမ်းသပ်မှုတစ်ခု ဖြစ်ပေမည်။
***
ချုံတောင်လေးသို့ ပြန်ရောက်လာသောအခါ ဆရာတူညီမလေး တရားထိုင်နေသည်ကို လီချန်ရှို့ မြင်လိုက်ရသည်။
လီချန်ရှို့က သစ်ပင်တစ်ပင်အောက်တွင် တိတ်ဆိတ်စွာ နေ၍ ခေါင်းကိုယမ်းကာ ကျိုးဝူအတွက် ဆုတောင်းပေးလိုက်သည်။ ယင်းဆုတောင်းမှာ မကြာခင် ကျိုးဝူ၌ ကလေးများရရှိလာပြီး ယောက်ျလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ အရပ်ရှစ်ပေအထိ ရှိရန် ဖြစ်ပေသည်။
ပြီးသည်နှင့် လီချန်ရှို့က ချာခနဲလှည့်၍ အလုပ်ကို အာရုံစိုက်လိုက်သည်။
သူက ဖရာဒေးလှောင်အိမ်ကို ဖန်တီးလိုက်သည်။
ဆရာ၏ကောင်းကင်ပြစ်ဒဏ်အရ ဖရာဒေးလှောင်အိမ်က လျှပ်စီးအားကို အားပျော့စေပြီး ခုခံကာကွယ်နိုင်သည်ကို သက်သေပြသွားခဲ့သည်။
ဆရာအတွက် လုပ်ပေးခဲ့သော ဖရာဒေးလှောင်အိမ်က လျှပ်စီးတစ်ချက် ထိမှန်ပြီးနောက် ပျက်စီးသွားခဲ့သည်။ သို့သော်လည်း ကောင်းကင်တာအိုက ယင်းအား ခွင့်ပြုသည်ကို သူ နားလည်ခဲ့သည်။
ဖရာဒေးလှောင်အိမ်တစ်လုံးက လျှပ်စီးတစ်ချက်ကို ခုခံနိုင်တယ် …
ယင်းက ကောင်းကင်ပြစ်ဒဏ်အား ဒဏ်ရာမရစေဘဲ ကျော်ဖြတ်လိုပါက လှောင်အိမ်ကိုးလုံး ပြင်ဆင်ရမည်ကို ဆိုလိုသည် မဟုတ်ပါလား။
လီချန်ရှို့က ခေါင်းကိုသာယမ်းကာ ပြုံးလိုက်သည်။
သူ့ဆရာအတွက် ကောင်းကင်ပြစ်ဒဏ်အား ရင်ဆိုင်ရခြင်းသည် သေမင်းနှင့် စစ်ခင်းရခြင်း ဖြစ်ပေသည်။ လီချန်ရှို့အတွက်မူ အသက်မသေရန် ကိုးဆယ်ရာခိုင်နှုန်း သေချာနေသမျှ ယင်းက သူ့ကျင့်ကြံခြင်းခရီးစဉ်တလျှောက် ခံစားသွားရမည့် အကြီးမားဆုံး အကျိုးကျေးဇူး ဖြစ်မည်ဖြစ်ပေသည်။
ကောင်းကင်ပြစ်ဒဏ်သည် ကျင့်ကြံသူများအတွက် ပိုးတုံးလုံးဘဝမှ လိပ်ပြာများအဖြစ် ပြောင်းလဲစေမည့် အရေးကြီးသော ခြေလှမ်းတစ်လှမ်း ဖြစ်သည်။
မိုးကြိုးပြစ်ဒဏ် ကျဆင်းလာသည်နှင့် ကျင့်ကြံသူမှာ သတိလစ်သွားမည် ဖြစ်သည်။
သာမန်လူသားခန္ဓာက နတ်ခန္ဓာအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ဝိညာဉ်သည်လည်း နတ်ဝိညာဉ်ဖြစ်သွားမည်ဖြစ်သည်။ ကောင်းကင်ပြစ်ဒဏ်အား ကြံ့ကြံ့ခံနိုင်သည့် ကျင့်ကြံသူက ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအခါ ကမ္ဘာဦးခေတ်တွင် သူ ပို၍ အစွမ်းထက်လာတော့မည် ဖြစ်ပေသည်။
ယင်းအပြင် ကောင်းကင်ပြစ်ဒဏ်သည် မဟာတာအိုအား နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ပြစ်ဒဏ်အား ခံယူနေစဉ်အတွင်း ဥာဏ်အလင်းပွင့်သွားမည် ဆိုပါက သေခြင်းနှင့်ရှင်သန်ခြင်းအကြားရှိ ထိုတဒင်္ဂဝယ် သူ့ရှေ့ဆက်ကျင့်ကြံခြင်းခရီးလမ်းတစ်လျှောက် အခက်အခဲများအား မြင်တွေ့နိုင်မည့်အခွင့်အရေး ရသွားကာ ဆက်လက်၍ အဆင့်တက်သွားနိုင်ကောင်း အဆင့်တက်သွားနိုင်သည်။
တုနတ်ဝိဇ္ဇာဂိုဏ်းရှိ မှတ်တမ်းများထဲတွင် အရှင်ဝမ်ချင်းသည် ကောင်းကင်ပြစ်ဒဏ်အား ခံယူပြီးနောက် အတုမဲ့နတ်ဝိဇ္ဇာဖြစ်သွားခဲ့သည်ဟူ၍ ဖော်ပြထားသည်။ သူက မူလနတ်ဝိဇ္ဇာအဆင့်ကို ကျော်လွန်သွားခဲ့ပါသော်လည်း တန်ခိုးစွမ်းအား မတည်မငြိမ် မဖြစ်ပေ။ ယင်းအပြင် သူ့ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက် တားမနိုင်ဆီးမရ ဆက်လက် တိုးတက်သွားလေသည်။
ရှေးဟောင်းကျမ်းစာများထဲတွင်လည်း ရှေးခေတ်က ကောင်းကင်ပြစ်ဒဏ်အား ခံယူပြီးနောက် အဆင့်တက်သွားသော ကျင့်ကြံသူများအကြောင်း ဖော်ပြထားသည်။ တချို့ ကျင့်ကြံသူများက ကောင်းကင်နတ်မင်းအဆင့်ကိုပင် ရောက်ရှိသွားကြသည်။
အမှန်တွင် လီချန်ရှို့သည် ထိုမျှ မျှော်လင့်ချက်ကြီးကြီးမထားဘဲ ကောင်းကင်ပြစ်ဒဏ်အား ဘေးကင်းစွာ ကျော်ဖြတ်နိုင်ရန်နှင့် သူ့တာအိုအခြေခံက အပြစ်အနာအဆာ ကင်းစေရန်သာ မျှော်လင့်ထားသည်။
အသက်ရှည်တောင်ကြီးအား တက်ရန် အလို့ငှာ သူ့အနေဖြင့် တောင့်တင်းခိုင်မာသော အခြေခံရှိနေရမည် မဟုတ်ပါလား။
လီချန်ရှို့က ဖရာဒေးလှောင်အိမ်အား နောက်ဆုံးမှရေတွက်လျှင် ဒုတိယမြောက် လျှပ်စီးချက်ကို ခံယူရာတွင် အကူအညီဖြစ်စေရန် ဖန်တီးနေခြင်း ဖြစ်သည်။
သူက မဟာတာအိုမှ အကျိုးကျေးဇူးများအား ရိတ်သိမ်းရန် ရည်ရွယ်ထားသည်ဖြစ်၍ လျှပ်စီးအချက်အနည်းငယ် ခံယူရန် တွေးထားသည်။ သို့သော်လည်း ၎င်းတို့အား ခံယူနိုင်မည်ကို လီချန်ရှို့ အပြည့်အဝ ယုံကြည်နေသည်။
သူသည် ပစ္စည်းကိရိယာများအား ပြင်ဆင်ပြီးနောက် ထိုဖရာဒေးလှောင်အိမ်သည် ဤနှစ်ရက်အတွင်း သူလုပ်ခဲ့သော ဆဋ္ဌမမြောက်လှောင်အိမ် ဖြစ်သွားသည်။
ဤအစွမ်းထက်ကိရိယာဖြင့်ဆိုပါက သူ အသက်ရှင်ရန် ပို၍ စိတ်ချထားနိုင်သည်။ အမှန်တကယ်တော့ ကောင်းကင်ပြစ်ဒဏ်အား ခံယူရာ၌ အသက်ရှင်ရန် အခွင့်အရေး ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ သူ သေချာနေပြီဖြစ်သည်။
ထပ်မံဖြည့်စွက်ရလျှင် သူက စိတ်တည်ငြိမ်သုတ္တန်အား လေ့လာရန် အချိန်ပေးနိုင်ပြီဖြစ်သည်။ ထိုတောင့်တင်းခိုင်မာသော အခြေခံဖြင့် တာအိုပေါင်းစည်းခြင်း နဝမမြောက်အဆင့်ကို သူ ကျော်ဖြတ်ပြီးသည်နှင့် ကောင်းကင်ပြစ်ဒဏ်အား အေးဆေးသက်သာစွာ ကျော်ဖြတ်နိုင်ရန် သူ ကိုးဆယ့်ငါးရာခိုင်နှုန်း သေချာပြီဖြစ်သည်။
ယင်းအရာများက သေမင်းနှုတ်ခမ်းဝရှိ သူ့အသက်အား ကယ်တင်ရန် လုံလောက်နေပြီဖြစ်သည်။
ကျင့်ကြံခြင်းလမ်းစဉ် အစောပိုင်းကာလများက လီချန်ရှို့သည် ကောင်းကင်ပြစ်ဒဏ်အား ခံယူမည့် အခွင့်အလမ်းများကို တွက်ချက်ရာ၌ လျှပ်စီးကိုးချက် ခံနိုင်မည်ဟု အရှက်မဲ့စွာ ယူဆခဲ့ဖူးသည်။
ထို့နောက် သူက နှိမ့်ချနေပြီး အလုပ်ကြိုးစားရန် သူ့ကိုယ်သူ ဖိအားပေးခဲ့ရသည်။
ဘာကြောင့်များ ဒီလောက် အရှက်ကင်းမဲ့ရပါလိမ့်…
ပါရမီရှင်များသာ ကောင်းကင်ပြစ်ဒဏ်ကိုးချက်အထိ ခံယူနိုင်လိမ့်မည် မဟုတ်ပါလား။ လီချန်ရှို့က သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်အဖြစ် မရှုမြင်ပေ။
တခြားလူများ အနားယူနေစဉ်အတောအတွင်း သူ့အချိန်များကို အလဟဿမဖြစ်စေရန် ကြိုးစားအားထုတ်နေတတ်သည်။
“ သြော်၊ ဟုတ်သား၊ နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်။ ငါ ချမှတ်ထားရမယ် ”
လီချန်ရှို့က ရုတ်ချည်း တစ်စုံတစ်ခုကို အမှတ်ရသွားကာ လှောင်အိမ်လုပ်နေသည်ကို ရပ်လိုက်သည်။ သူက ကျောက်စိမ်းပေလွှာကိုထုတ်၍ စိတ်တန်ခိုးဖြင့် ခေါင်းစဉ်တစ်ခုနှင့် စာပိုဒ်တစ်ပိုဒ် ရေးသားလိုက်သည်။
ကောင်းကင်ပြစ်ဒဏ်ခံယူရာ၌ လိုက်နာဆောင့်ထိန်းရမည့် ကျင့်ဝတ်များ
ကောင်းကင်ပြစ်ဒဏ်ဆိုသည်မှာ ကျင့်ကြံသူများအတွက် ကောင်းကင်တာအိုကို လေ့ကျင့်ခြင်း ဖြစ်သည်။ ကောင်းကင်တာအိုက သမာသမတ်ကျပါသော်လည်း တာအိုဘိုးဘေးများက ကောင်းကင်ပြစ်ဒဏ်ကို အနည်းငယ်သက်ညှာစွာ ပေးတန်ရာသည်။
ငါ့အနေနဲ့ တောင်းပန်တိုလျှိုးတာထက် ဘေးကင်းလုံခြုံဖို့ကို စိတ်ထဲမှတ်ထားရမယ်။ ပြီးတော့ ထူးချွန်တဲ့ ရလဒ်တွေဆိုတာထက် အမှားမလုပ်မိဖို့ကိုပဲ တွေးထားရမယ်။ ကောင်းကင်ပြစ်ဒဏ်ကို ရင်ဆိုင်တဲ့အခါ လက်ခလယ်ထောင်ပြတာမျိုး ဒါမှမဟုတ် ဆဲရေးတိုင်းထွာတာမျိုး မလုပ်ရဘူး။ ပြီးတော့ စိတ်ထဲကနေ လျှပ်စီးချက်အရေအတွက်ကိုလည်း ငါ ရေတွက်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်တာအိုဆိုတာ ကြီးမားတဲ့ဆုလာဘ်တစ်ခုဖြစ်ပြီးတော့ အန္တရာယ်နဲ့ အခွင့်အရေးတို့ရဲ့ ဆုံမှတ်တစ်ခုပဲ။ သတ္တဝါအားလုံး တန်းတူညီမျှ ရင်ဆိုင်ရတဲ့ အခြေခံ ကပ်ဘေးတစ်ခုပဲ။
အရင်ဆုံး ကောင်းကင်ပြစ်ဒဏ်ကို ငါ တာအို အရိုအသေပေးရမယ်…
“ ငါ ကောင်းကင်ပြစ်ဒဏ်ကို ကျေးဇူးတင်သင့်လား။ ငါက ကျေးဇူးတင်နေတာနဲ့ အလုပ်ရှုပ်နေတုန်း ကောင်းကင်တာအိုက ပထမလျှပ်စီးတစ်ချက် ပစ်လာခဲ့မယ်ဆိုရင်ကော…”
လီချန်ရှို့က တစ်ကိုယ်တည်း တီးတိုးရေရွတ်ပြီးနောက် စိတ်တန်ခိုးဖြင့် ဆက်လက်ရေးသားလိုက်သည်။
သူသည် အလုပ်ကြိုးစားလွန်းပြီး သေးသေးစိတ်စိတ်အထိ ဂရုစိုက်သည်။ သူက အရည်အချင်း ပြည့်မီနေပြီ ဖြစ်ပါသော်ငြား ကောင်းကင်ပြစ်ဒဏ်ခံယူရာတွင် လိုအပ်နိုင်သည့် တခြားအစိတ်အပိုင်းများအား ပြင်ဆင်နေသေးသည်။
အမှန်တကယ်တော့ စိတ်တည်ငြိမ်သုတ္တန်ဖြင့် သူ အေးဆေးနေနိုင်ပြီဖြစ်သည်။
***
လေးရက်က ဖျတ်ခနဲ ကုန်ဆုံးသွားသည်။ ဆေးဖော်ဆောင်ထဲတွင် လီိချန်ရှို့ အလုပ်လုပ်နေသည်မှာ သုံးရက်ခွဲ ရှိနေပြီဖြစ်သည်။ သူက ကျန်နေ့တစ်ပိုင်းကို အရာအားလုံး ပြင်ဆင်ရင်းဖြင့် အချိန်ဖြုန်းလိုက်သည်။
ခရီးစဉ်၌ အတုမဲ့နတ်ဝိဇ္ဇာတစ်ဆယ့်ခြောက်ပါးက တပည့်ဆယ့်တစ်ဦးနှင့်အတူ တိမ်ဖြူကြီးတစ်ခုအပေါ် တင်ပျဉ်ခွေလျက် ထိုင်နေကြသည်။
ကောင်းကင်နတ်မင်းအနည်းငယ်က တိမ်တိုက်တစ်ခုစီ ယူဆောင်လာကြသည်။ ထိုတိမ်တိုက်များက ဝေဟင်တွင် ပျံသန်းနေသည်ဖြစ်၍ အောက်ဘက်မြင်ကွင်းတစ်ခုလုံးအား ကြည့်ရှုနိုင်ပေသည်။
အရှင်ဝမ်ချင်းက အုပ်စု၏ညာဘက်ရှေ့ဆုံးရှိ ကြာပွင့်သဏ္ဍာန်တိမ်တိုက်ပေါ်တွင် ရှိနေသည်။
ဝါရင့်ကျင့်ကြံသူများစွာ စောင့်ကြပ်နေကြသည်ဖြစ်၍ လီချန်ရှို့မှာ စိတ်သက်သာရာရသွားသည်။
သူက ထောင့်စွန်းတစ်ခုတွင် ထိုင်နေပြီး ဝေဟင်ရှိ လေပြေလေညင်းလေးများအား ထိတွေ့ခံစားနေသည်။ သူ့စိတ်တန်ခိုးက ဘေးပတ်ဝန်းကို စစ်ဆေးနေပြီး သူ့လက်ချောင်းများကြားတွင် စက္ကူရုပ်နှစ်ရုပ်ကို ညှပ်ထားသည်။
အုပ်စုက စစ်မှန်သော ခေါင်းဆောင်တစ်ယောက်အနေဖြင့် ယုံချင်ရွှမ်းယာက ထိပ်ဆုံးတွင် ထိုင်နေသည်။ သူမ နှစ်သက်သော မီးကဲ့သို့ အနီရင့်ရင့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ဇာမဏီအမြီးဆံထိုးကို ထိုးထားသည်။ သူမကိုကြည့်ရသည်မှာ ငွားငွားစွင့်စွင့်ဖူးပွင့်နေဟန်ရှိသော မီးဝိညာဉ်ပန်းပွင့်တစ်ပွင့်ပမာပင် စွဲမက်ဖွယ်ကောင်းသော အလှတရားနှင့် မာနကြီးဟန်အရိပ်အငွေ့များကို လှစ်ဟပြနေတော့သည်။
ဟန်ပြခေါင်းဆောင်ဖြစ်၍ လီချန်ရှို့က နောက်ဘက် ထောင့်စွန်းတစ်ခုတွင် ပုန်းကွယ်နေသည်။ သူက တရားထိုင်နေရာ သူ့မျက်လုံးများကို မှေးထားသည်။ သူ့ဝတ်ရုံက သန့်ရှင်းစင်ကြယ်သော်လည်း အလွန် ရိုးရှင်းသည်။ မည်သူမဆို ထိုဝတ်ရုံကဲ့သို့ သာမန်ဖျင်ကြမ်းဝတ်ရုံကို ပိုင်ဖန်ခန်းမမှ တောင်းယူနိုင်ပေသည်။
သို့တိုင် ယုံချင်ရွှမ်းယာသည် ထိပ်ဆုံးတွင် ထူးခြားသည့်ပုံရိပ်တစ်ခုဖြင့် တစ်ကိုယ်တည်း ထိုင်မနေချင်သည်မှာ သိသာလှသည်။
သူတို့ ပျံသန်းပြီးနောက် တစ်နာရီ မပြည့်ခင်မှာပင် ယုံချင်ရွှမ်းယာက လှပကြော့ရှင်းစွာ အသာအယာ မတ်တတ်ရပ်လိုကသည်။ သူမက ကျောတွင် ဓားကြီးအား လွယ်ပိုး၍ လီချန်ရှို့ဘေးရှိ လွတ်နေသော နေရာသို့ လျှောက်လာလေသည်။
“ ဂိုဏ်းတူအစ်ကိုချန်ရှို့ ”
ယုံချင်ရွှမ်းယာက လေသံတိုးတိုးဖြင့် ဆိုသည်။
“ ညီမ ဒီမှာ ထိုင်လို့ရမလား ”
လီချန်ရှို့က တွေးသည်။
‘ ညီမ ထိုင်လို့တော့ရတယ်။ ဒါပေမဲ့ အစ်ကိုကတော့ တခြားနေရာ ရွှေ့သွားရမှာပဲ ’
“ ဂိုဏ်းတူညီမလေး ယုံချင်၊ ခွင့်တောင်းနေဖို့ မလိုပါဘူး။ ထိုင်ပါ ”
လီချန်ရှို့က ပြုံး၍ သူနှင့် အနည်းငယ်လှမ်းသော နေရာတစ်ခုအား ညွှန်ပြလိုက်သည်။
ယုံချင်ရွှမ်းယာက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ဝတ်ရုံအားမ,၍ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူမက ရှိရင်းစွဲအတိုင်း လွန်စွာ လှပကြော့ရှင်းနေမြဲပင်။
လီချန်ရှို့က ယုံချင်ရွှမ်းယာ၏လက်နှစ်ဖက်အား မသိမသာ လှမ်းကြည့်လိုက်သည်။
ယုံချင်ရွှမ်းယာသည် သူမ၏ဝတ်ရုံနှင့် မလိုက်ဖက်ဟန်ရှိသော လက်အိတ်အထူတစ်စုံကို ဝတ်ဆင်ထားသည်။
ယင်းက သူမအတွက် အတော်လေး အရေးကြီးဟန်တူသည်။
***