← Chapters

ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာ

Vol. 44 Ch. 617

ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာ

Vol. 44 Ch. 617

အခန်း (၆၁၇) ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာ

“အခုလား...”

ရွှီဖေးက ရန်ကျောက်ကဲကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

သိုင်းသူတော်စင် တတိယအဆင့်ထက်ကျော်လွန်မှသာ အထက်ဘုံကမ္ဘာသို့ တက်နိုင်မည်ဖြစ်ပြီး မဟုတ်ပါက ကောင်းကင်ဘုံအက်ကွဲကြောင်းကို ဖြတ်ကျော်စဉ်တွင် ဒဏ်ရာအပြင်းအထန် ရရှိနိုင်သည်။

ရန်ကျောက်ကဲက ကျန့်မုနတ်သစ်သားနှင့်ပြုလုပ်ထားသော ယပ်တောင်လေးအကြောင်း ပြောခဲ့ဖူးသည်ကို ရွှီဖေး သိရှိသလို ကောင်းကင်ဘုံအက်ကွဲကြောင်းကို ဖြတ်ကျော်သည့်အခါ ကာကွယ်ပေးမည့် ရတနာပစ္စည်းတစ်ခု ရန်ကျောက်ကဲတွင် ရှိနေကြောင်းကိုလည်း သိရှိထား၏။

သို့ပေသိ ကောင်းကင်ဘုံအက်ကွဲကြောင်းကို မည်သို့ရှာဖွေရမည်နည်း။

ရန်ကျောက်ကဲ၏ လက်ရှိတန်ခိုးစွမ်းအား ၊ လက်ရှိနည်းလမ်းများနှင့်ဆိုလျှင် သမုဒ္ဒရာကမ္ဘာနှင့် အထက်ဘုံကမ္ဘာကြားမှ အတားအဆီးကို ဖြိုဖျက်ရန် မလုံလောက်ပေ။

ရန်ကျောက်ကဲက ရယ်မောရင်း...

“သမုဒ္ဒရာကမ္ဘာမှာ ကောင်းကင်ဘုံအက်ကွဲကြောင်းတစ်ခုရှိတယ် ၊ အရင်တုန်းက ယိုးမင်ဂိုဏ်းကကျင့်ကြံသူတစ်ယောက် အဲဒီနေရာကတစ်ဆင့် ဆင်းသက်လာခဲ့တာ ၊ ဒါပေမဲ့ ယာယီကမ္ဘာဖြတ်လမ်းကြောင်းအက်ကွဲကြောင်းဆိုတာက အမြဲတမ်းပွင့်နေမှာတော့မဟုတ်ဘူး ၊ နယ်နိမိတ်စွမ်းအားက တဖြည်းဖြည်းကုစားပေးရင်း ပျောက်ကွယ်သွားမှာပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့... အရင်က အက်ကွဲခဲ့ဖူးတဲ့နေရာတစ်ခုက အခု ထပ်ပြီးအက်ကွဲဖို့ ပိုပြီးလွယ်ကူတယ်လေ ၊ အဲဒါ ဘယ်နေရာလဲ ဆိုတာကတော့...”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဂိုဏ်းတူအစ်ကို’ရွှီ’ ... ခန့်မှန်းကြည့်လေ”

ထိုစကားကိုကြားတော့ ရွှီဖေး ခဏမျှစဉ်းစားလိုက်ပြီး မျက်ဝန်းများက ရုတ်တရက် တောက်ပသွားသည်။

“ကျယ်ဖုန်းတောင်လား...”

ရန်ကျောက်ကဲက...

“သိပ်တော့မသေချာဘူး ၊ ဒါပေမဲ့ ငါခန့်မှန်းတာမှန်မယ်ဆိုရင်တော့ ယိုးမင်ဂိုဏ်းက လျန်ကျီးချောင်ဆင်းလာတဲ့ ကောင်းကင်အက်ကွဲကြောင်းရှိတဲ့နေရာက ကျယ်ဖုန်းတောင်ပဲ”

ကျယ်ဖုန်းတောင်သည် ကုန်းတွင်းပိုင်းတွင်တည်ရှိပြီး သမုဒ္ဒရာကမ္ဘာတွင် လူသားများ သွားလာရန်တားမြစ်ထားသော အန္တရယ်နယ်မြေတစ်ခု ဖြစ်သည်။

တစ်နှစ်ပတ်လုံး ကြောက်မက်ဖွယ်ရာမုန်တိုင်းများဖြင့် ဖုံးလွှမ်းနေပြီး လေထုသည်ပင် ပုံပျက်လျှက်ရှိလေရာ သိုင်းသူတော်စင်များသည်ပင် ထိုနေရာသို့ လွယ်လွယ်ဖြင့် ခြေမချရဲပေ။

ရန်ကျောက်ကဲက...

“ငါ အထက်ဘုံကမ္ဘာမှာ အဆင်ပြေရင် ပြန်ဆင်းလာပြီး အစ်မယွီကျန်းကို လာခေါ်မယ် ၊ ဟိုမှာဆိုရင် အစ်မယွီကျန်း အပြည့်အဝပြန်ကျန်းမာလာဖို့ နည်းလမ်းတွေအများကြီး ရှိနိုင်တယ် ၊ အခုလည်း ခရမ်းရောင်ဝါးပွင့်ဝတ်ဆံက သူ့အသက်ကို ဆွဲဆန့်ထားပေးနိုင်လို့ တော်သေးတယ်လို့ဆိုရမယ်”

ရွှီဖေးက...

“အေးပါ... မင်းတို့တွေ ဒီတစ်ခေါက် ခရီးထွက်တာ ဂရုစိုက်ကြနော်”

ရန်ကျောက်ကဲက ပြုံးရင်း...

“အင်း... ဂရုစိုက်ရမှာပေါ့”

***

ရွှီဖေး ၊ ဖူအန်းစုနှင့် အခြားသူများကို နှုတ်ဆက်စကားဆိုပြီးနောက် ရန်ကျောက်ကဲ ၊ အားဟူနှင့် ဖန်းယွင်ရှန်းတို့ ကျယ်ဖုန်းတောင်သို့ ထွက်လာခဲ့သည်။

ကျယ်ဖုန်းတောင်အနီးသို့ရောက်သည်နှင့် အန္တရယ်နယ်မြေဆိုသော ဂုဏ်သတင်းနှင့်ထိုက်တန်ကြောင်း သိလိုက်ရသည်။ အဝေးကိုလှမ်းကြည့်လိုက်တော့ တောင်ထိပ်နှင့် ကောင်းကင်ယံတစ်ခုလုံး နက်မှောင်သည့်မုန်တိုင်းများနှင့်ပြည့်နက်နေပြီး ပတ်ဝန်းကျင်ကိုပင် ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။

ရန်ကျောက်ကဲနံဘေးမှ ဖန်းယွင်ရှန်းနှင့်အားဟူတို့က နဖူးကိုလက်ဖြင့်ကာရင်း ထိုမြင်ကွင်းကိုလှမ်းကြည့်လိုက်ကြစဉ် အေးစက်သောလေပြင်းများကို ရှူရှိုက်မိကြသည်။

“သခင်လေး... ဒီနေရာဆိုတာ သေချာလား”

အားဟူက အံတင်းတင်းကြိတ်ရင်း မေးလိုက်၏။

သူတို့စီးနှင်လာသော ပန်ပန်မှာ မြေပြင်ထက်သို့ ဝပ်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် မျက်လုံးများကို အုပ်ကွယ်လျှက် အားဟူစကားကိုထောက်ခံသည့်အလား ဟိန်းဟောက်သံ ခပ်တိုးတိုးပြုလုပ်သည်။

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“အခု ရောက်လာပြီးတော့မှ ဒီနေရာဆိုတာ ပိုပြီးသေချာသွားတယ်”

ဖန်းယွင်ရှန်းက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း...

“ဒီနေရာ သေချာတယ်ဆိုရင် ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာကတည်းက ဘာလုပ်ရမလဲဆိုတာ ငါ တွေးထားပြီးသားပါ”

သူက အားဟူကိုလှည့်ကြည့်ပြီး...

“မင်းကို ပြင်ဆင်ခိုင်းထားတဲ့ပစ္စည်းတွေကို ထုတ်လိုက်...”

အားဟူ သတိပြန်ဝင်လာပြီး ချက်ချင်းပင် သူ၏ အရိပ်ကျုံ့အိတ်အတွင်းမှ ပစ္စည်းများစွာကို ထုတ်ယူလိုက်သည်။

သလင်းကျောက်များ ၊ အင်းစက္ကူများ ၊ ကျောက်တုံးများ ၊ ရွှေနှင့် သံထည် စသည်များထွက်ပေါ်လာပြီး ပစ္စည်းတစ်ခုချင်းစီက အလွန်တရာ အရွယ်အစားကြီးမားပြီး ကျင်းပေါင်း ရာနှင့်ချီ အလေးချိန် ရှိသည်။

ထိုပစ္စည်းများကြားတွင် ထူးဆန်းသော နွယ်ပင်တစ်ပင်ရှိနေပြီး အစိမ်းရှောင်ဖျော့ဖျော့တောက်ပနေသည်။

ရန်ကျောက်ကဲက...

“ငါတို့တွေ နောက်ဆုတ်ကြမယ်”

သူ့စကားဆုံးသွားသည့်အခါ ရန်ကျောက်ကဲ၏ဦးဆောင်မှုဖြင့် ဖန်းယွင်ရှန်း ၊ အားဟူနှင့် ပန်ပန်တို့ နောက်သို့ ဆုတ်သွားကြပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ထိုပစ္စည်းများကို ယူဆောင်ကာ ကျယ်ဖုန်းတောင်ထိပ်သို့ ထွက်ခွာသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တန်ခိုးစွမ်းအားက အလွန်တရာ အံ့သြဖွယ်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာမုန်တိုင်းကြီးများကို ကျော်ဖြတ်ကာ ကျယ်ဖုန်းတောင်အနီးသို့ ချဉ်းကပ်သွားသည်။

သို့သော် အတွင်းပိုင်းသို့ရောက်လာလေ ကျယ်ဖုန်းတောင်ပေါ်မှမုန်တိုင်းက ပိုမိုပြင်းထန်လာလေဖြစ်ပြီး နောက်ဆုံးမှာတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ရှေ့ဆက်နိုင်ခြင်း မရှိတော့ပေ။

ထိုအချိန် ရေခဲချပ်ဝတ်က သူ့ခန္ဓာကိုယ်ထက်တွင်ပေါ်လာပြီး သူ့လက်ထဲမှာလည်း ဂဠုန်နဂါးလှံရှည်ပေါ်လာသည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လှံရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကြီးမားသောစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မုန်တိုင်းကိုထိုးခွင်းလျှက် ရှေ့ဆက်ရန် လမ်းပွင့်သွားသည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှစ်ခု အကူအညီဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကိုယ်တိုင်လမ်းရှင်းကာ ခရီးဆက်ရင်း ကျယ်ဖုန်းတောင်ထိပ်သို့ ရောက်ရှိသွားသည်။

သို့သော် မုန်တိုင်းက အလွန်အမင်းပြင်းထန်လှပြီး လေထုကိုပင် အက်ကွဲသွားစေသည်ဖြစ်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ အချိန်အကြာကြီးတောင့်မခံနိုင်ပေ။

သူက လှံရှည်ကိုဝှေ့ယမ်းကာ မုန်တိုင်းကို တားဆီးလိုက်ပြီး တောင်ထိပ်ဆီသို့ ဆင်းသက်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ယူဆောင်လာသောပစ္စည်းများကို တောင်ထိပ်သို့ပစ်ချလိုက်ရာ ကြီးမားသောအစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။

မုန်တိုင်း၏အဖျက်စွမ်းအားများအောက်တွင် အစီအရင်က ပျက်ဆီးကြေမွလုမတတ် ဖြစ်ရသော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လျှင်မြန်စွာပင် ဂဠုန်နဂါးလှံရှည်ကိုကန့်လန့်ဖြတ်ကိုင်ရင်း မုန်တိုင်းကို ပိတ်ဆို့တားဆီးထားသည်။

ဤအခြေအေနေကို အခွင့်ကောင်းယူပြီး အစီအရင်အလယ်ဗဟိုမှ အစိမ်းရောင်နွယ်ပင်က မြေပြင်ထက်အမြစ်တွယ်လာပြီး ချက်ချင်းပင်ကြီးထွားလာကာ မြင့်မားသော နွယ်ပင်ရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ထို့နောက်မှာတော့ နွယ်ပင်ရှည်မှ အစိမ်းရောင်အလင်းတန်းများထွက်ပေါ်လာပြီး ကျယ်ဖုန်းတောင်ထိပ်မှသည် ကောင်းကင်ထက်ဆီသို့ ထိုးခွင်းဝင်ရောက်သွားသည်။

နေရာတိုင်းတွင် အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာမုန်တိုင်းများအားလုံးကို ကောင်းကင်ထက်သို့ ဆွဲယူသွားသည်။

အဝေးတစ်နေရာတွင်ရှိနေသော ရန်ကျောက်ကဲတို့အုပ်စုမှာ မိုးမြေတစ်ခုလုံး တသိမ့်သိမ့်တုန်နေသည့်အလား ခံစားရသည်။

မူလက မှောင်မဲနေသော ကောင်းကင်ကြီးသည် ယခုအချိန်တွင် ပို၍ပင် မှုန်ဝါးလာသည်။

“ဟင်...”

ရန်ကျောက်ကဲ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး ‌ကောင်းကင်ထက်တစ်နေရာတွင် အလင်းရောင်မှိန်ဖျော့ဖျော့တောက်ပနေသော အက်ကွဲကြောင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

ထိုအရာက ကောင်းကင်ဘုံအက်ကွဲကြောင်းဖြင့် အလွန်ဆင်တူသော ရှည်လျားသည့် ကန့်လန့်ဖြတ်သဏ္ဍန် အက်ကွဲကြောင်းတစ်ခု ဖြစ်၏။

အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ကျန်းချောင်နှင့် ကွမ်းမင်ဂိုဏ်းမှလူများ ဆင်းသက်လာစဉ်ကလည်း ထိုသို့သောမြင်ကွင်းမျိုးကို သူ တွေ့မြင်ဖူးသည်။ သေချာပေါက် ကောင်းကင်ဘုံအက်ကွဲကြောင်းပင် ဖြစ်၏။

ထိုအက်ကွဲကြောင်းမှ အလင်းရောင်ဖြာထွက်လာပြီး မဟာတာအို၏ ပဲ့တင်ထပ်သံကို သူတို့နားထဲ ကြားယောင်လာသည်။

ဖန်းယွင်ရှန်း ၊ အားဟူနှင့် ပန်ပန်တို့မှာ ကောင်းကင်ထက်မှ အံ့သြထိတ်လန့်ဖွယ်ရာမြင်ကွင်းကို စူးစိုက်ကြည့်နေကြသည်။

ရန်ကျောက်ကဲက လေတစ်ချက်ချွန်ကာ အချက်ပေးလိုက်ပြီး ပန်ပန်ကိုစီးနှင်ကာ ဖန်းယွင်ရှန်းနှင့် အားဟူတို့ကို ကျယ်ဖုန်းတောင်အနီးသို့ ခေါ်ဆောင်သွားသည်။

ကျယ်ဖုန်းတောင်ကို ဝန်းရံထားသော မုန်တိုင်းများမှာ မြေမျက်နှာပြင်ထက်မှ ကောင်းကင်ထက်သို့ ခေတ္တဆွဲယူခြင်းခံရသဖြင့် အန္တရယ်ကင်းသည်။

တောင်ထိပ်သို့ သူတို့အားလုံးရောက်ရှိသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြီးမားသော ဂဠုန်ငှက်ကြီးတစ်ကောင်ပမာ ရန်ကျောက်ကဲတို့အုပ်စုကို ခေါ်ဆောင်လျှက် ကောင်းကင်ဘုံအက်ကွဲကြောင်းဆီသို့ ပျံသန်းထွက်ခွာသွားသည်။

ကောင်းကင်ဘုံ အက်ကွဲကြောင်းအနီးသို့ ရောက်သည်နှင့် အလွန်တရာကြီးမားသော စွမ်းအားကြီးတစ်ခုဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရ၏။

ထိုစွမ်းအားက ပြင်ပမှတိုက်ခိုက်ခံရခြင်းသာမက သူတို့၏ ခန္ဓာကိုယ်အတွင်းမှပါ ထွက်ပေါ်လာပြီး ထူးဆန်းစွာ တိုက်ခိုက်ခံရသည်။ အတွင်းရောအပြင်ပါ တိုက်ခိုက်ခံရသဖြင့် မည်သို့မှ ခုခံနိုင်စွမ်း မရှိပေ။ ရုပ်ခန္ဓာအက်ကွဲသွားပြီး စိတ်ဝိညာဉ်သည်ပင် ပုံပျက်ပန်းပျက် တုန်လှုပ်လာသလိုပင်။

လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် မလုံလောက်ပါက ကောင်းကင်ဘုံအက်ကွဲကြောင်းကို ဖြတ်ကျော်ခြင်း၏ တစ်ခုတည်းသောရလဒ်မှာ မီးခိုးမြူမှုံများပမာ လောင်ကျွမ်းကြေမွသွားခြင်းပင် ဖြစ်၏။ လူတစ်ယောက်၏ ရုပ်ခန္ဓာသာမက စိတ်ဝိညာဉ်သည်ပါ ပြာမှုန့်ဖြစ်သည်အထိ လောင်ကျွမ်းခံရနိုင်သည်။

ဤသည်မှာ ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ် နှစ်ခုလုံးကို ချေမှုန်းခံရခြင်း၏ ကံကြမ္မာအစစ်အမှန် ဖြစ်သည်။

ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ယိုးမင်ဂိုဏ်းမှ လျန်ကျီးချောင်ထံမှ ရရှိထားသော စက္ကူယပ်တောင်ကို အရှိန်ပြင်းပြင်းဖြင့် ဖွင့်လိုက်သည်။

သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက ယပ်တောင်နှင့်ပေါင်းစည်းသွားသည့်အခါ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြိး မြေပြင်ထက်ရှိ နွယ်ပင်ရှည်မှ ထွက်ပေါ်နေသော အစိမ်းရောင်အလင်းတန်းများဖြင့် ရွှေရောင်အလင်းတန်းများက ရောယှက်သွားသည်။

အစိမ်းရောင်နှင့် ရွှေရောင်အလင်းတန်းများ ရောယှက်သွားသည်နှင့် နွယ်ပင်ရှည်သည် ကြီးမားသော ကောင်းကင်ထောက်တိုင်ကြီးပမာ ပြောင်းလဲသွားပြီး အောက်ခြေက ကျယ်ဖုန်းတောင်ထိပ်တွင် နစ်ဝင်နေပြီး ထိပ်ဖျားက ကောင်းကင်ဘုံအက်ကွဲကြောင်းအတွင်း ပစ်လွှတ်ဝင်ရောက်သွားသည်။

တိုင်လုံးကြီးပမာ နွယ်ပင်ရှည်မှထွက်ပေါ်နေသောအလင်းတန်းများက ရန်ကျောက်ကဲတို့အားလုံးကို လွှမ်းခြုံသွားသည်။ ကမ္ဘာဖြတ်လမ်းကြောင်းအတွင်းမှ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားနေရသေးသည့်တိုင် သူတို့ကို အန္တရယ်ပြုနိုင်ခြင်း မရှိတော့ပေ။

ထိုအခွင့်အရေးကိုအသုံးချပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရန်ကျောက်ကဲတို့အုပ်စုကို သယ်ဆောင်ကာ ကောင်းကင်ဘုံအက်ကွဲကြောင်းကို ဖြတ်သန်းထွက်ခွာသွားသည်။

အချိန်ခဏတာမျှဖြစ်သော်လည်း အဆုံးမရှိသောမြစ်တစ်စင်းကို ဖြတ်ကျော်သွားသည့်ပမာ ခံစားကြရသည်။

ထို့နောက်...

အလွန်တရာ ကြီးမားလွန်းသော ဝိညာဉ်စွမ်းအားများ သူတို့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပျံ့နှံ့သွားသည်ကို ခံစားရပြီး စိတ်ဝိညာဉ်များပင် တုန်လှုပ်သွားရသည်။

အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ရန်ကျောက်ကဲမျက်လုံးရှေ့တွင် ကြည်လင်သော မြင်ကွင်းတစ်ခုထွက်ပေါ်လာသည်။

သူတို့ဦးခေါင်းထက်တွင် ကြည်လင်သော ကောင်းကင်ပြာပြာကို တွေ့မြင်ရပြီး တစ်လောကလုံးတွင် ဝိညာဉ်စွမ်းအားများ ပေါများပြည့်လျှံနေသည်။

ထိုခဏအတွင်း ရန်ကျောက်ကဲမှာ မဟာကပ်ဘေးမတိုင်ခင်က အသင်္ချေကမ္ဘာများစွာ ပေါင်းစည်းထားသောလောကသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။

“ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာက တကယ့်ကို အံ့သြစရာကောင်းတာပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည့်တိုင် နေရာမှားယွင်းရောက်ရှိလာခြင်းမဟုတ်သည်မှာ သေချာသည်။ ဤနေရာက အတိအကျပင် အထက်ဘုံကမ္ဘာ ဖြစ်၏။

ဒါပေမယ့်…

သူ့ဘေးနားမှ ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကြည့်လိုက်တော့ သူ့အရှေ့ရှိ ကျယ်ပြောလှသော လွင်ပြင်ထက်တွင် မီးတောက်မီးလျှံများက တဟုန်းဟုန်းတောက်လောင်နေပြီး မိုးမြေတစ်ခွင် ပြိုကျတော့မည့်အလား ပြင်းထန်သောတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေကြောင်း တွေ့လိုက်ရသည်။

သူတို့က စစ်မြေပြင်တစ်ခုသို့ ရောက်ရှိလာခဲ့ခြင်းလား။

All Chapters