← Chapters

တံခါးတစ်ဖက်ခြမ်းက ကံကြမ္မာကောင်း

Vol. 44 Ch. 618

တံခါးတစ်ဖက်ခြမ်းက ကံကြမ္မာကောင်း

Vol. 44 Ch. 618

အခန်း (၆၁၈) တံခါးတစ်ဖက်ခြမ်းက ကံကြမ္မာကောင်း

“တကယ်ကြီးလားဟ...”

ရန်ကျောက်ကဲ မျက်လုံးတစ်ချက်လှန်လိုက်သည်။

သမုဒ္ဒရာကမ္ဘာသို့ ဒုတိယအကြိမ် လာရောက်စဉ်က အခြေအနေနှင့် အလွန်ဆင်တူစွာ တိုက်ပွဲကြားသို့ ရောက်လာခဲ့ခြင်းပင်။

အားဟူနှင့်ဖန်းယွင်ရှန်းက သူ့ကို မယုံသင်္ကာဟန်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

အားဟူက သွားဖြဲရယ်မောရင်း...

“သခင်လေး... သွားလေရာရာမှာ ဘာလို့ တိုက်ပွဲကြားပဲ ရောက်နေရတာလဲ”

ရန်ကျောက်ကဲလည်း စိတ်ပျက်လက်ပျက် ရယ်မောလိုက်ရင်း...

“မသိဘူးလေ...”

သို့သော် အရင်တစ်ခါလောက်တော့ အခြေအနေမဆိုးဟု ဆိုနိုင်သည်။ သူတို့အုပ်စုက တိုက်ပွဲအလယ်တည့်တည့်သို့ ရောက်ရှိသွားခြင်း မဟုတ်ဘဲ တိုက်ပွဲဘေးနားသို့ ရောက်ရှိလာခြင်း ဖြစ်၏။

သို့ပေသိ တိုက်ပွဲက ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် မြွေစိမ်းကျွန်းတိုက်ပွဲထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။ နေရာတိုင်းတွင် လက်နက်များထိခတ်သည့် မီးပွားများ ပျံသန်းလွင့်စင်နေပြီး သွေးများက မြစ်ရေများပမာ စီးဆင်းနေသည်။

သူတို့လှမ်းကြည့်လိုက်တော့ တိုက်ပွဲနေရာတစ်ခုလုံး အလောင်းများ ၊ အရိုးစုများ စုပုံပျံ့ကျဲနေသည်ကို တွေ့ရသည်။ အချို့သွေးများဆိုလျှင် မြေပြင်ထက်တွင်ခဲလျှက်ရှိပြီး အနက်ရောင်ပင် ပြောင်းလဲနေသည်။

သိုင်းဆရာသခင်များကတော့ ကောင်းကင်ယံထက် ပြင်းထန်သောတိုက်ပွဲတစ်ခုတွင် ပိတ်မိနေပြီး တိမ်တိုက်များ တဟုန်းဟုန်းတောက်လောင်ကာ မိုးမြေတစ်ခုလုံး အက်ကွဲသွားမတတ် ဖြစ်ရသည်။

မြေပြင်ထက်တွင် တိုက်ခိုက်နေသူများက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများဖြစ်ကြသဖြင့် မြင်ကွင်းက ပို၍ပင် ကြေကွဲဖွယ်ရာကောင်းသည်။

အဝေးဆီမှ မိုးကုတ်စက်ဝိုင်းတစ်နေရာတွင် အလင်းရောင်များတောက်ပနေပြီး လူတို့၏စိတ်နှလုံးကို တုန်လှုပ်ချောက်ချားစေသော ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်နေသည်။

ထိုနေရာတွင် သိုင်းသူတော်စင်များ ထိပ်တိုက်တွေ့နေဟန်ရှိသဖြင့် ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်မိ၏။

မိုင်ထောင်ပေါင်းများစွာဝေးကွာသည့်တိုင် ရန်ကျောက်ကဲတို့အုပ်စုမှာ သူတို့၏ခြေထောက်အောက်မှမြေပြင်တစ်ခုလုံး လှုပ်ယမ်းနေသည့်အလား ခံစားရသည်။

ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် သူ၏ ရောင်ဝါများကို ရုတ်သိမ်းလိုက်ပြီး တိုက်ပွဲကို ဆက်လက်အကဲခတ်နေသည်။

ဖန်းယွင်ရှန်းနှင့် အားဟူတို့သည်လည်း တိုက်ပွဲကို ကြည့်နေကြပြီး သူတို့၏မျက်နှာအမူအရာများက တည်ကြည်လေးနက်လျှက်ရှိသည်။

“ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာက တကယ့်ကိုထူးခြားတာပဲ ၊ ဝိညာဉ်စွမ်းအားတွေ အရမ်းကြွယ်ဝရုံသာမက ဒီနေရာက သိုင်းကျင့်ကြံသူတွေရဲ့ စွမ်းအားကလည်း အရမ်းမြင့်မားတယ်”

အားဟူ ရေရွတ်လိုက်သည်။

“သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို မသိနိုင်ပေမယ့် အစွန်းရောက်ရှစ်ပါးကမ္ဘာက ထိပ်သီးသိုင်းဂိုဏ်းကြီးတွေရဲ့ ထိပ်တန်းအဆင့် ကိုယ်ပိုင်သိုင်းပညာတွေထက် သာလွန်တယ်လို့ထင်ရတယ်”

ဖန်းယွင်ရှန်းက စဉ်းစားရင်း...

“အဘိုးအို’မော့’ ပြောတဲ့စကားတွေကို ကျောက်ကဲပြန်ပြောပြတာတော့... အထက်ဘုံကမ္ဘာမှာလည်း မဟာကပ်ဘေးမတိုင်ခင်က အမွေအနှစ်အတော်များများ ပျောက်ကွယ်သွားခဲ့ပေမယ့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာထက် ပိုမိုပြီးပြည့်စုံအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်တဲ့”

သူမက ဆက်ပြောသည်။

“ယိုးမင်ဂိုဏ်းလို သိုင်းပညာအမွေအနှစ်တွေဆိုရင် ပျောက်ကွယ်သွားတာတောင်မရှိဘူး ၊ ဒါကြောင့် ဒီနေရာက သိုင်းပညာအဆင့်အတန်းက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် အများကြီးမြင့်မားတယ်”

သူမက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း...

“ဒီနေရာက ဝိညာဉ်စွမ်းအားတွေအရမ်းကောင်းတယ် ၊ ဒီတော့ ရတနာပစ္စည်းတွေလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ပိုပြီးပေါများမှာ အမှန်ပဲ”

အားဟူက တိုက်ပွဲကိုလှမ်းကြည့်ရင်း...

“တစ်ဖက်က တိုက်ခိုက်တဲ့ပုံစံက အဆုတ်အတက် စနစ်ကျလွန်းတယ် ၊ ကြည့်ရတာ လေ့ကျင့်ထားတဲ့ စစ်တပ်တစ်ခုလိုပဲ”

မည်သည့်စကားမှမဆိုသည့်တိုင် ရန်ကျောက်ကဲလည်း ထိုသို့ပင် ခံစားနေရသည်။

သံချပ်ကာများဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူများက နေရာတစ်ခုတည်းတွင် စုဝေးနေကြောင်း တွေ့ရသည်။ ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်မြင့်မားခြင်းမရှိသော်လည်း သူတို့ စုစည်းလိုက်သည့်အခါ ထိုက်စန်းတောင်ကဲ့သို့ ဖိအားများထွက်ပေါ်လာပြီး ချီစွမ်းအားနှင့် သွေးစွမ်းအားများက မိုးမြေတစ်ခွင် တဟုန်းဟုန်းထွက်ပေါ်လာကာ ရန်သူများကို အားအင်အပြည့်ဖြင့် တိုက်ခိုက်ကြသည်။

သူတို့၏စွမ်းအားများကို တစ်နေရာတည်းတွင် စုစည်းထားသဖြင့် အရေအတွက်မှ အရည်အသွေးသို့ ပြောင်းလဲသွားစေသည်။ အင်အားကြီးမားသော တိုက်ပွဲအစီအရင်ကို ပြုလုပ်ထားသည်မှာ ထင်ရှားသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းသမားတစ်‌ထောင်ကျော်၏ အင်အားများစွာစုစည်းလျှက် သိုင်းပညာရှင်အဆင့် ကျင့်ကြံသူအနည်းငယ်ဖြင့် ရန်သူများကို လွှမ်းမိုးချုပ်ကိုင်ထားသည်။ ဤမျှပြင်းထန်သော တိုက်ပွဲအစီအရင်ကို သိုင်းဆရာသခင်များပင် ခုခံနိုင်စွမ်း မရှိကြပေ။

ဤတိုက်ပွဲအစီအရင်တွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းသမားများက ပိုမိုများပြားပြီး သိုင်းပညာရှင်အဆင့် သိုင်းသမားများပင် ထိုမျှများပြားခြင်း မရှိပေ။ သို့သော် ထိုသူများကို ဦးဆောင်အမိန့်ပေးသူက သိုင်းဆရာသခင်များ ဖြစ်ကြသည်။

သူတို့၏ လမ်းညွှန်မှုအောက်တွင် တိုက်ပွဲအစီအရင်က ပိုမိုအင်အားကြီးမားလာသည်။ စစ်သည်တော်များ၏စွမ်းအားကို ပေါင်းစပ်ပြီး သိုင်းဆရာသခင်အဆင့် ရန်သူများကိုပင် အောင်မြင်စွာ သုတ်သင်ပစ်နိုင်သည်။

ထို့ပြင် တိုက်ပွဲအစီအရင်က တစ်ခုတည်းမဟုတ်ဘဲ ခေါင်းဆောင်များ၏လမ်းညွှန်မှုအောက်တွင် တိုက်ပွဲအစီအရင် များစွာရှိနေပြိး အင်အားက အဆက်မပြတ် တိုးပွားလျှက် ရှိ၏။

တိုက်ပွဲအစီအရင်တွင်ပါဝင်သော စစ်သည်တော်များကို သိုင်းဆရာသခင်များက ဦးဆောင်နေကြသည်။ တိုက်ပွဲအစီအရင်ကြောင့် တစ်ကိုယ်တော်တိုက်ပွဲဝင်နေသော ရန်သူများမှာ မခံမရပ်နိုင်ဖြစ်ကြရသည်။

ရန်ကျောက်ကဲက မြင်ကွင်းကို တည်ငြိမ်စွာပင် ကြည့်နေသည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားလေ စွမ်းအားကြီးမားသည့် တိုက်ပွဲအစီအရင်တစ်ခုပြုလုပ်ရန် ခက်ခဲလေ ဖြစ်သည်။

သိုင်းသူတော်စင်များ ရာနှင့်ချီ ၊ ထောင်နှင့်ချီ ပါဝင်နိုင်သော တိုက်ပွဲအစီအရင်များလည်း အနည်းငယ် ရှိသည် အမှန်ပင်။ သို့သော် သိုင်းသူတော်စင်မပြောနှင့်  ၊ သိုင်းဆရာသခင်များသည်ပင် သူတို့၏စွမ်းအားကို အလွယ်တကူပေါင်းစပ်ရန် မလွယ်ကူပေ။

ရန်တိ ၊ အဘိုးအို’မော့’ နှင့် အခြားသူများ မီးတောက်မိစ္ဆာများကို ခုခံတွန်းလှန်ရန် ပေါင်းစပ်ထားသည့် ထိုက်ယီချိုးဖျက်အစီအရင်က အလွန်ရှားပါးသော အခြေအနေ ဖြစ်သည်။ သို့တိုင် ထိုက်ယီချိုးဖျက်အစီအရင်က သိုင်းသူတော်စင် (၄)ယောက်ဖြင့်သာ ပြုလုပ်ရသော အစီအရင် ဖြစ်၏။

သို့သော် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူ အမြောက်အမြားဖြင့် တိုက်ပွဲအစီအရင်ပြုလုပ်လိုက်သည့်အခါ ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကိုပင် သုတ်သင်ပစ်နိုင်ပေသည်။

သူ့အရှေ့မှမြင်ကွင်းက ဤအချက်ကို အကောင်းဆုံး သက်သေပြနေသည်။

စစ်မြေပြင်ကို စူးစိုက်ကြည့်နေရင်း ရန်ကျောက်ကဲမျက်ဝန်းများ အနည်းငယ် အာရုံစိုက်သွားပြီး...

“အိုး... တံခါးရဲ့တစ်ဖက်မှာ ကံကြမ္မာကောင်း ရှိနေတာပဲ ၊ ငါထင်ထားတာထက် ပိုပြီးအလုပ်ဖြစ်တော့မယ်”

တိုက်ပွဲအခြေအနေက မရှင်းလင်းသည့်အပြင် မည်သူနှင့်မည်သူ တိုက်ခိုက်နေကြောင်းကိုပင် မသိရပေ။ ထို့ကြောင့် ရန်ကျောက်ကဲက ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ စောင့်ကြည့်နေခြင်းပင်။

အခြေအနေအနည်းငယ် တည်ငြိမ်သွားမှ ကြုံရာလူတစ်ယောက်ကို ဖမ်းဆီးကာ အခြေအနေမေးမြန်းရန် ကြံစည်ထားသည်။

ထိုအချိန် တိုက်ပွဲထဲတွင် အနက်ရောင်ဝတ် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုအနက်ရောင်ဝတ်လူရွယ်က သိုင်းဆရာသခင်တစ်ယောက် ဖြစ်သော်လည်း တိုက်ပွဲအစီအရင်ပြုလုပ်ထားသော သံချပ်ကာဝတ် စစ်သည်တော်များနှင့် ရင်ဆိုင်နေရသည်။ တိုက်ပွဲအစီအရင်စွမ်းအားကြောင့် အနက်ရောင်ဝတ်လူရွယ်မှာ ကျဉ်းထဲကျပ်ထဲကျရောက်လျှက်ရှိ၏။

ရန်ကျောက်ကဲ ထိုလူရွယ်ကို လှမ်းတွေ့လိုက်ချိန်တွင် လှံရှည်တစ်ချောင်းက ထိုသူ၏ရင်ဝကို ထိုးဖောက်ဝင်ရောက်သွားပေပြီ။

ရန်ကျောက်ကဲ၏ စိတ်အာရုံကို စွဲဆောင်သည့်အချက်မှာ ထိုသူ ဝတ်ဆင်ထားသော ဝတ်စုံက နဂါးသင်္ချိုင်းတွင် တွေ့ခဲ့ရသော ယိုးမင်ဂိုဏ်းမှ လျန်ကျီးချောင် ဝတ်ဆင်ထားသော ဝတ်စုံနှင့် ဆင်တူနေခြင်းပင်။

ထိုသူမှာ ယိုးမင်ဂိုဏ်းမှသိုင်းသမား ဖြစ်နိုင်၏။

ရန်သူ့ဘက်မှ တိုက်ပွဲအစီအရင်ကြောင့် ယိုးမင်ဂိုဏ်းမှသိုင်းသမားမှာ လဲပြိုကျသွားပြီး ပတ်ဝန်းကျင်မှ လူအချို့သည်လည်း ထွက်ပြေးသွားကြသည်။

လှံချက်ထိမှန်ကာ အနက်ရောင်ဝတ်လူရွယ် လဲကျသွားသည်ကိုမြင်တော့ ဘေးနားမှ လူငယ်တစ်ယောက် ချက်ချင်းရောက်လာပြီး ထိုသူကို ကျောထက်သို့ကုန်းပိုးကာ ထွက်ပြေးသွားသည်။

ရန်သူ့ဘက်မှ ပြိုကွဲစပြုလာကြောင်း တွေ့ရသည့်အခါ သံချပ်ကာဝတ်ဆင်ထားသော စစ်သည်တော်များက အုပ်စုများခွဲ၍ ရန်သူတစ်ယောက်ချင်းစီနောက်သို့ လိုက်လံတိုက်ခိုက်ကြသည်။ ဤသည်က သူတို့စောင့်မျှော်နေသော တိုက်ပွဲအောင်မြင်မှုပင် ဖြစ်၏။

လူငယ်လေးက အနက်ရောင်ဝတ်လူရွယ်ကို သယ်ဆောင်ပြီး တောင်များကို ဖြတ်ကျော်ထွက်ပြေးလာသည်။

အချိန်အတန်ကြာပြီးနောက် သူတို့ကို တိုက်ခိုက်မည့်သူမရှိကြောင်း သေချာသွားသဖြင့် ခြေလှမ်းများ နှေးကွေးလိုက်ချိန်...

ရုတ်တရက်...

မိုးခြိမ်းသံများကျယ်လောင်စွာထွက်ပေါ်လာပြီး သံချပ်ကာဝတ် စစ်သည်တော်အုပ်စုတစ်စု သူတို့ရှေ့သို့ ရောက်ရှိလာသည်။

ထိုစစ်သည်တော်အုပ်စုကို ဦးဆောင်လာသောသိုင်းဆရာသခင်က လူငယ်၏ကျောထက်တွင်ရှိနေသော အနက်ရောင်ဝတ်လူကိုတွေ့တော့ ပြုံးလိုက်၏။

“ယိုးမင်ဂိုဏ်းက ပုန်ကန်သူပဲ ၊ တခြားပုန်ကန်သူတွေထက် တန်ဖိုးရှိတယ်... ဟက်”

သံချပ်ကာစစ်သည်တော်များရောက်လာသည်ကိုတွေ့သည့်အခါ လူငယ်၏မျက်ဝန်းများထဲတွင် စိတ်ပျက်အားငယ်မှုများ ထင်ဟပ်လာသည်။

"ဒီနေ့ ဒီမှာပဲ သေရတော့မှာလား”

လူငယ်တွေးတောမိစဉ် သူ့မျက်လုံးရှေ့မှ ကမ္ဘာတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားသည်။

သံချပ်ကာစစ်သည်တော်များရှေ့တွင် ချောမောခန့်ညားသော လူငယ်တစ်ယောက် ပေါ်လာလေသည်။

ထိုလူငယ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်အနားသပ်များပါသော အပြာရောင်ဝတ်ရုံကို ခြုံလွှမ်းထားသည်။

အခြားသူမဟုတ် ၊ ရန်ကျောက်ကဲပင် ဖြစ်ပြီး သူက လက်တစ်ဖက်ပင်မလှုပ်ရှားဘဲ အေးအေးဆေးဆေး လက်နှစ်ဖက်နောက်ပစ်မတ်တတ်ရပ်နေသည့်တိုင် သံချပ်ကာစစ်သည်တော်များလက်မှ ဓားနှင့်လှံများ မြေပြင်ထက်သို့ ပြုတ်ကျသွားကြသည်။

ထို့နောက် သူတို့ပါးစပ်များမှ သွေးများအန်ထွက်လာကာ နောက်ပြန်ဆုတ်ချိန်ပင်မရဘဲ အသက်ပျောက်သွားကြ၏။

ထို့နောက် ရန်ကျောက်ကဲက ဒဏ်ရာအပြင်းအထန်ရကာ သတိလစ်နေသော အနက်ရောင်ဝတ်လူရွယ်ကို ကြည့်လိုက်ပြီးသည်။

ပြီးမှ မှင်တက်လျှက်ရှိသော လူငယ်လေးထံ အကြည့်လွှဲပြောင်းလိုက်ရင်း...

“မင်းက ယိုးမင်ဂိုဏ်းကတပည့်လား...”

All Chapters