← Chapters

လမ်းပေါ်တွင် ဝိညာဉ်မီးအိမ်များ ငြှိမ်းခြင်း

Vol. 107 Ch. 1484

လမ်းပေါ်တွင် ဝိညာဉ်မီးအိမ်များ ငြှိမ်းခြင်း

Vol. 107 Ch. 1484

သုံးနှစ်ကြာခဲ့လေပြီ။

အာကာပြင်ကျယ်ကျောင်းတော်ရှိ လူများသည် ဖန်မုအကြောင်း ‌ပြောနေကြဆဲဖြစ်၏။ သူ နေထိုင်ခဲ့‌သော တောင်တွင်မူ ယန်အာတစ်ယောက်တည်းသာ ရှိတော့သည်။ ဧည့်သည်များအတွက် တောင်အား ဖွင့်ထားခြင်းမရှိသည့်အတွက် ယန်အာ၏ ဘဝသည် ပြန်လည်ဆိတ်ငြိမ်အေးချမ်းသွားလေ၏။

ဖန်မုမရှိတော့ကတည်းက ဆူပုပ်စိတ်ကောက်တတ်သော ယန်အာဟူ၍ မရှိတော့ပေ။ တစ်ခါတရံ သူမသည် အတိတ်ကို ပြန်တွေးရင်းသာ ငေးငိုင်စွာ ထိုင်နေတတ်၏။

သို့သော် အမှန်တရားကို ရှောင်နေလို့မရပေ....  သူမဆရာက အမှန်တကယ်ထွက်သွားခဲ့ပြီ မဟုတ်ပါလော။

ကျင့်ကြံအားထုတ်ခြင်းမှအပ သူမတွင် နေ့တိုင်းလုပ်စရာတစ်ခုသာ ရှိသည်။ ယင်းက သူမဆရာ၏ တံခါးပိတ်ကျင့်ကြံရာအဆောင်သို့ သွား၍ သူ့ဝိညာဉ်မီးအခြေအနေအား သွားရောက်အတည်ပြုခြင်းပင်။

ထိုဝိညာဉ်မီးကျွမ်းလောင်နေသရွေ့ သူမဆရာ အသက်ရှင်နေသည်။

တစ်ရက်တွင် ယန်အာသည် ခါတိုင်းလိုပဲ ဝိညာဉ်မီးအား သွားရောက်ဂါဝရပြုပြီးနောက် တိုးတိုးလေး စကားပြော၏။

“ဘာလိုလိုနဲ့ ဆရာထွက်သွားတာ သုံးနှစ်တောင် ရှိပြီနော်။ သိပ်မကြာသေးဘူးလို့ ထင်ရတယ်....

“‌ဪ ဒါနဲ့ မနေ့ညက ကျွန်မကျင့်ကြံနေတုန်း မှော်အတတ်တစ်ခုကို နားလည်ခဲ့တယ်သိလား.,.....

“ဆရာ မသိသေးတာ နောက်တစ်ခုရှိသေးတယ်။ မနေ့တုန်းက တခြားဂိုဏ်းက ဟိုအကောင်စုတ်တွေလေ ပြဿနာထပ်ရှာပြီလို့ ကြားတယ်။ ကြည့်ရတာ သူတို့တွေ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို နောက်တစ်ကြိမ်စိန်ခေါ်ဦးမယ့်ပုံပဲ

“ဆရာ နောက်ကိစ္စလည်း ရှိသေးတယ်...” ယန်အာသည် ရောက်လာတိုင်း သူမဆရာ အရှေ့၌ ရပ်နေသကဲ့သို့ တစ်ယောက်တည်း စကားပြောနေကြ၏။ ဤတစ်ကြိမ်တွင် သူမမှာ စကားပြောနေရင်းတန်းလန်း တစ်ကိုယ်လုံးတုန်ရီသွားပြီး အသံလည်း အဖျားခတ်သွားသည်။ သူမအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး ဝိညာဉ်မီးကို အထိတ်တလန့် စိုက်ကြည့်လိုက်သည့်အခါ သူမမျက်နှာမှာ သွေးဆုပ်ဖြူလျော်သွားတော့သည်။

သုံးနှစ်တိုင်တိုင် ဝိညာဉ်မီးသည် အနည်းအကျဉ်းမျှ မပြောင်းလဲခဲ့ပေ။ သို့သော် ယခုလေးတင် ၎င်းသည် အချိန်မရွေး ငြိမ်းတော့မည့်အလား မှိန်ကျသွား၏။ ထိုမြင်ကွင်းက ယန်အာ့ကို တုန်လှုပ်သွားစေပြီ ချာချာလည်သွားစေသည်။ ဤသည်မှာ သူမဆရာ၏အသက်စွမ်းအားမီးတောက်ဖြစ်၍ ၎င်းငြိမ်းသွားလျှင် သူ သေပြီဟု ဆိုလိုကြောင်း သူမသိလေသည်။

တန်ခိုးရှင်လမ်းပေါ်တွင် သေစေနိုင်သောအခြေအနေတစ်ခုကို သူ ရင်ဆိုင်နေရမှန်း သိသာပေသည်။

ယန်အာ၏နှလုံးသားမှာ ခါးသီးမှု၊ စိုးရိမ်မှုတို့ဖြင့် မွန်းကြပ်လာသော်လည်း သူမဆရာကို ကူညီဖို့ သူမတတ်နိုင်သည့်အရာ ဘာမှမရှိပေ။ မည်သည့်အရာကိုမှ သူမ , မပြောင်းလဲနိုင်သည်သာ။

“ဆရာ ကျွန်မက သိပ်အသုံးမကျတာပဲ...” သူမသည် ဝိညာဉ်မီးကို စိုက်ကြည့်ရင်း တဟင့်ဟင့်ရှိုက်ကာ ငိုနေ၏။

တကယ်လည်း ဖန်မုသည် တန်ခိုးရှင်လမ်းပေါ်တွင် သေစေနိုင်သောစမ်းသပ်မှုတစ်ခုကို ရင်ဆိုင်နေရ၏။ သူ တောင့်ခံနေရသော ဖိအားမှာ ယခုတင် ကြောက်ခမန်းလိလိ မြင့်တက်သွားခဲ့လေသည်။

ဤလမ်းအတိုင်း သူ လျှောက်နေခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်၍ ဖိအားနှင့် တစတစ အသားကျလာခဲ့သည်။ ခပ်ဖြေးဖြေးပြေးသွားနိုင်သော အခြေအနေအထိပင် ရောက်ရှိခဲ့၏။ သို့သော် ယနေ့တွင် ဧရိယာအသစ်တစ်ခုကို သူ ဖြတ်လိုက်သည့်အခါ ဖိအားက ရုတ်တရက် နှစ်ဆမဟုတ်ဘဲ ၊ ဆယ်ဆတိုးသွားခဲ့လေသည်။

မည်သည့်သတိပေးချက်မှမရှိဘဲ ဗြုန်းစားကြီး ဖြစ်ပျက်သွားခဲ့၍ ဖန်မုမှာ မြေကြီးနှင့်မျက်နှာမအပ်ခင် တုံပြန်ရန်ပင် အချိန်မရလိုက်ပေ။

ဖိအားကို တွန်းလှန်နေစဉ် သူ၏အရိုးအတော်များများ ကျိုးကြေကုန်ပြီး အသားများလည်း စုတ်ကုန်သည်။ သူ၏အရိုးစုကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကျိုးတော့မည့်ဆဲဆဲ ဖြစ်နေသဖြင့် တဂျွတ်ဂျွတ်အက်သံများကို ကြားရနိုင်လေသည်။

သေရေးရှင်ရေးအန္တရာယ်က သူ့ကို စိုးမိုးလာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံလည်း ဖိနှိပ်ခံထား၍ သူ့မှာ တုန်ရီလာပြီး နီရဲနေသောမျက်လုံးများဖြင့် အော်ဟစ်လိုက်၏။ သို့သော် လော‌လောဆယ်တွင် သူ တတ်နိုင်သည့်အရာမရှိပေ။

တခြားတစ်ယောက်သာဆိုလျှင် ချက်ချင်းသေဆုံးသွားမည်ဖြစ်သော်လည်း မန်ဟိုသည် ဤကိုယ်ပွားကို ကြေးမီးအိမ်၏ပုံစံခွက်အတိုင်း ပြီးပြည့်စုံအောင် ဖန်တီးခဲ့ခြင်းဖြစ်၏။

ဤကိုယ်ပွားကား မည်သည့်အညစ်အကြေး၊ မည်သည့်ဖောက်ပြန်မှုမှ မရှိသည့်အပြင် အမြင့်ဆုံးအင်မော်တယ်အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။ ဤကိုယ်ပွားက အင်မော်တယ်ခန္ဓာတစ်ခုဟုပင် ဆိုနိုင်သည်။

မန်ဟို၏ ကြောက်မက်ဖွယ်နတ်ဘုရားအာရုံကိုပါ ထည့်ပေါင်းလိုက်လျှင် ကိုယ်ပွားသည် ဤရုတ်တရက် ဖိအားဆယ်ဆတိုးသွားသည့် အခြေအနေအောက်ဝယ် အသက်ရှင်ရုံလေး လွတ်မြောက်သွားခဲ့လေပြီ။

အချိန်တွေ ကုန်လွန်သွားသည်။ ဆယ့်ငါးနာရီ၊ ဆယ့်ခြောက်နာရီခန့် ကြာသည့်အခါ ဖန်မု၏အမြင်အာရုံမှာ ဝေဝါးလာနေသည်။ သို့သော် ပြင်းထန်သောဖိအား၏အောက်တွင် သူသည် ကျန်ဝိညာဉ်မီးအိမ်ခြောက်လုံးအနက်မှ တစ်လုံးကို ငြှိမ်းလိုက်နိုင်၏။

ချက်ချင်းပင် အသက်စွမ်းအားက သူ၏အရိုးများကို ပြန်ဆက်ပြီး အသားများကို ဖြည့်ပေးရင်း သူ့ကိုယ်တစ်လျှောက် စီးဆင်းသွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် အားပြည့်လာပြီး မှေးမှိန်နေသောအသက်ဓာတ်သည်လည်း ပြန်လည်ပြည့်ဖြိုးလာ၏။

သေဘေးအန္တရာယ်ကို ရင်ဆိုင်ပြီးနောက် ဖန်မုက ကုန်းရုန်းထိုင်လိုက်သည်။ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူလျက် သူ လျှောက်ခဲ့သောလမ်းကို ပြန်လှည့်ကြည့်သည်။ ဤအခိုက်အတန့်တွင် တန်ခိုးရှင်လမ်း မည်သို့အလုပ်လုပ်ကြောင်း သူ နားလည်ခဲ့လေပြီ။ ဖိအားသည် တသမတ်တည်း ရှိနေမည်မဟုတ်၊ ကြောက်ခမန်းလိလိ ဆထက်တိုးလာလိမ့်မည်။

သိသာစွာပင် ဝေးဝေးလျှောက်လေလေ၊ ဖိအားက ကြောက်စရာကောင်းလာလေလေပင်။ ထိုမျှသာမက သတိပေးမှုလည်းမရှိ။ ရုတ်ခြည်းတိုးလာတတ်သည်။ သေခြင်းနှင့်ရှင်ခြင်းကို ခြေလှမ်းတစ်လှမ်းတည်းနှင့် ပိုင်းခြားထားလေသည်။

ဖန်မု၏အသက်ဓာတ် မူလအတိုင်းပြန်ဖြစ်သွားသည့်အခါ ယန်အာသည် သူ၏ဝိညာဉ်မီးကို ကြည့်ရင်း အာကာပြင်ကျယ်ကျောင်းတော်၏ နဝမဂိုဏ်းရှိ သူ၏တံခါးပိတ်ကျင့်ကြံရာအဆောင်ထဲတွင် ဖြစ်၏။ မီးတောက် ပြန်လည်တောက်ပလာလျှင် ယန်အာက မျက်ရည်များကို သုတ်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။

“ဆရာ ကျွန်မ တတ်နိုင်သမျှ မြန်မြန်အစွမ်းထက်လာအောင် လုပ်မယ်။ ပြီးရင် ... ဆရာနဲ့အတူ တန်ခိုးရှင်လမ်းကို လျှောက်မယ်” စိတ်ပိုင်းဖြတ်ပြီးလျှင်ချင်း သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ တံခါးပိတ်ကျင့်ကြံရာအဆောင်ထဲမှ ထွက်သွား၏။

ထိုနေ့မှစ၍ ယန်အာသည် တောင်ပေါ်တွင်ပဲ ဂူအောင်းမနေတော့ပေ။ အပြင်ထွက်လာကာ အာကာပြင်ကျယ်ကျော်မော်ကွန်းတိုက်ကို စတင်စိန်ခေါ်သည်။ ခေါင်းလောင်းသံများက သူမအတွက် အကျိုးအမြတ်မပေးတော့သော်လည်း အာကာပြင်ကျယ်မော်ကွန်းတိုက်အတွင်းရှိ တခြားကံကြမ္မာကောင်းများက အကူအညီဖြစ်သေးလေသည်။

ယင်းက သူမ၏ရွေးချယ်မှုဖြစ်သည်။

ပထမဆုံး အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်မည်။ ထို့နောက် တန်ခိုးရှင်လမ်းကို လျှောက်မည်။

နောက်သုံးနှစ် ကြာသွားသည်။ ဖန်မုတစ်ယောက် တန်ခိုးရှင်လမ်းပေါ် ရောက်နေခဲ့သည်မှာ ခြောက်နှစ်တိုင်ခဲ့လေပြီ။ သို့သော် ယခုထက်ထိ မည်သူ့ကိုမှ သူ မမြင်ရသေး။ သူတစ်ယောက်တည်းသာ မိုးနှင့်မြေတွင် အသက်ရှင်နေသည့်အလားပင်။ မယုံကြည်နိုင်ဖွယ်ဖိအား၏ ‌‌အောက်တွင် ဆက်လက်လျှောက်လှမ်းနေရင်း ဖန်မုသည် ဖိအားနှင့် တစတစ အသားကျလာ၏။ နောက်ဆုံးတော့ စောစောကလို ဖြေးဖြေးပြေးနိုင်သည့်အတိုင်းအတာသို့ ‌ရောက်ရှိလာသည်။ သို့သော် မကြာမီ ဖိအားကြောက်ခမန်းလိလိ မြင့်တက်သွားတော့မည်ဟု သူ ခံစားနေရသည်။

ထိုခံစားချက် အားကောင်းသထက် အားကောင်းလာသည်နှင့်အမျှ ဖန်မုသည် သတိနိုးနိုးကြားကြားဖြင့် ရှေ့ဆက်သွားနေ၏။ လအနည်းငယ်ကြာသော် လူတစ်ယောက်ကို အရှေ့တွင် မြင်လိုက်ရသည်။ ၎င်းက သူ့လိုအဝတ်အစားများကို ဝတ်ထားသော လူတစ်ယောက်ဖြစ်ပြီး ဆံပင်များဖွာလန်ကြဲလျက် ခဲရာခဲဆစ် လျှောက်နေရလေသည်။ သို့သော် သူက တာအိုနယ်ပယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဤသည်မှာ တန်ခိုးရှင်လမ်းပေါ်တွင် သူ ပထမဆုံးမြင်ရသည့် ဂိုဏ်းတူရောင်ရင်းဖြစ်သည်။ သို့သော် ဖန်မု လှမ်းမနှုတ်ဆက်နိုင်ခင် ထိုလူက ရှေ့တစ်လှမ်းလှမ်းပြီးနောက် ဗိုင်းခနဲ မြေကြီးပေါ် လဲကျသွားသည်။ ထို့နောက် ဖန်မုကြည့်နေစဉ်မှာပင် သူသည် သွေးမြူများအသွင်ပြောင်းတော့၏။ အဆိုပါသွေးမြူများ မြေကြီးထဲ ဖိသိပ်ခံလိုက်ရပြီး ပြိုကွဲသွားရန် တခဏသာ ကြာလိုက်လေသည်။

အချိန်အနည်းငယ်ကြာသော် ထိုလူတည်ရှိခဲ့သည်ဆိုသော သွေးအစအနသော်လည်းကောင်း၊ သက်သေသော်လည်းကောင်း မကျန်ခဲ့တော့ပေ။ ဖန်မုမှာ ထင်ယောင်ထင်မှား မြင်ခဲ့သည့်အလားပင် ထင်ရသည်။

ဖန်မုသည် ရင်တဒိန်းဒိန်းခုန်လျက် ခြေစုံရပ်လိုက်မိ၏။ ထိုလူ၏သေဆုံးမှုကိုသာ သူ မမြင်တွေ့ခဲ့ရလျှင် အတန်ငယ်လွယ်ကူခဲ့ကောင်းလွယ်ကူခဲ့လိမ့်မည်။ လွန်ခဲ့သောသုံးနှစ်တုန်းက ဖိအားမပြောမဆို တိုးသွားခဲ့သည့်အချိန်တွင် သူသည် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ကြိုသိနိုင်လျှင် ကောင်းမည်ဟု အမြဲတွေးခဲ့မိ၏။

သို့သော် ယခုတော့ မသေချာတော့ပေ။

ယခု မည်သည့်နေရာတွင် နယ်စပ် တည်ရှိမှန်း သိလိုက်ရ၍ ကြိုတင်ပြင်ဆင်ထားနိုင်လိမ့်မည်။ သို့သော် ယင်းက သံသယများ၊ အကြောက်တရားများကိုလည်း တံခါးဖွင့်ပေးလိုက်၏။ ယခုလေးတင် တာအိုနယ်ပယ်ပညာရှင်တစ်‌ယောက် သွေးမြူဖြစ်သည်အထိ ဖိနှိပ်ခံလိုက်သည်ကို မြင်တွေ့ခဲ့ရသည့်အတွက် သူ့မှာ ရှေ့ဆက်သွားဖို့ တွန့်ဆုတ်လာတော့သည်။

အတန်ကြာသော် သူ၏မျက်လုံးများသည် တောက်ပစွာ လင်းလက်လာပြီး သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း ခိုင်မာပြတ်သားမှုအပြည့်ဖြင့် ရှေ့ဆက်လျှောက်သွား၏။

နောက်ဆုံးတော့ နယ်စပ်သို့ သူ ရောက်လာသည်။ နောက်တစ်လှမ်းသာ လှမ်းလိုက်လျှင် စောစောက တာအိုနယ်ပယ်ပညာရှင် အသတ်ခံခဲ့ရသောနေရာသို့ သူ ရောက်သွားလိမ့်မည်။ ဖန်မုသည် ခြေကိုကြွ၍ တွန့်ဆုတ်ခြင်းမရှိ ရှေ့တစ်လှမ်းလှမ်းလိုက်၏။

တန်ခိုးရှင်လမ်းထဲ ဝင်လျှင်ချင်း ခံစားခဲ့ရသောဖိအားထက် အဆနှစ်ဆယ်ပြင်းထန်သည့် ဖိအားက သူ့အပေါ် ဝုန်းခနဲ သက်ရောက်လာလေသည်။

ဖန်မု၏ခန္ဓာကိုယ်မှာ ပေါက်ကွဲစပြုလာ၏။ သွေးများက အရပ်လေးမျက်နှာသို့ ပန်းထွက်သွားပြီး အရိုးကျိုးသံများ ပဲ့တင်ထပ်လာသည်။ နာကျင်မှုမှာ ပြင်းထန်လွန်းသည့်အတွက် တခြားတစ်ယောက်သာဆိုလျှင် အော်ဟစ်မိမည့်တိုင် ဖန်မုကတော့ အံကြိတ်လျက်သာ အသက်ရှူအောင့်ထားသည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်၍ နတ်ဘုရားအာရုံဖြန့်ကျက်လိုက်သဖြင့် တဂျုန်းဂျုန်းထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ တစ်ဆက်တည်းမှာပင် သူ၏ဝိညာဉ်မီးအိမ်အားလုံး စွမ်းအားများဖြင့် တဝုန်းဝုန်းမြည်လာသည်။

သူ ထပ်မံတောင့်ခံနိုင်တော့မည်မဟုတ်ဟု ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံး ပြိုကွဲတော့မည့်အချိန်မှာပဲ သူ၏နောက်ဆုံးဝိညာဉ်မီးအိမ်ငါးလုံးအနက်မှ တစ်လုံးငြိမ်းသွားသည်။

မီးအိမ်ငြိမ်းသွားခြင်းက ပက်ကြားအက်နေသော သဲကန္တာအပေါ် မိုးပေါက်များရွာကျလာသကဲ့သို့ သူ့အား အသက်စွမ်းအားတို့ဖြင့် လှိုင်လှိုင်ပြည့်ဝသွားစေသည်။ သူ့မှာ ချက်ချင်းသက်သာစပြုလာသော်လည်း ရပ်ဖို့လေးအတွက် မနည်းကြိုးစားအားထုတ်လိုက်ရ၏။ သူက မျက်လုံးများကို အတန်ကြာပိတ်ထားပြီးနောက် သေမျိုးတစ်ယောက်လို တရွတ်တိုက်ဆွဲ လမ်းဆက်လျှောက်သွားလေသည်။

“မီးအိမ်လေးလုံး ကျန်သေးတယ်....” သူက တရွေ့ရွေ့လျှောက်နေစဉ် အံတင်းတင်းကြိတ်လျက် အက်ကွဲကွဲရေရွတ်လိုက်သည်။ သုံးနှစ်နေမှ ဝိညာဉ်မီးအိမ်တစ်လုံးငြိမ်းနိုင်ခြင်းက အတန်ငယ်နှေးကွေးသော်လည်း ဖန်မုလက်ခံနိုင်သော အမြန်နှုန်းဖြစ်သည်။ အပြင်တွင် လက်ကျန်ဝိညာဉ်မီးအိမ်များကို ငြှိမ်းဖို့ နှစ်ပေါင်းရာချီကြာမည်မဟုတ်ပါ‌လော။

သို့သော် ဤနေရာတွင် အသက်ကိုခြိမ်းခြောက်နေသည့် ဖိအားက လူတစ်ယောက်၏အသက်စွမ်းအားကို လှုံ့ဆော်ပေးနိုင်သည်။ မအောင်မြင်လျှင်တော့ သေမည်။

နောက်သုံးနှစ်ကြာသည့်အခါ ဖန်မု တန်ခိုးရှင်လမ်းအပေါ် ရောက်နေခဲ့သည်မှာ ကိုးနှစ်ရှိခဲ့ပြီဖြစ်ပြီး စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်နိုင်သော ဖိအားကို ရင်ဆိုင်နေရသည်။ နောက်ဧရိယာသို့ရောက်လျှင် ဖိအားသည် အဆသုံးဆယ်မြင့်တက်လာလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ထိုဧရိယာသို့ ဝင်လိုက်လျှင်း အဆသုံးဆယ်မဟုတ်ဘဲ အဆငါးဆယ်တိုးသွားသည်ကို တွေ့လိုက်ရ၏။

ဖိအား၏ ကြောက်ခမန်းလိလိ မြင့်တက်မှုက သူ့ကိုယ်တစ်ပိုင်းကို လုံးလုံးလျားလျား ဖျက်စီးပစ်ခဲ့သည်။ သွေးများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး စတုတ္ထမီးအိမ်ကို ငြိမ်းပြီးနောက်မှ သူ့မှာ အသက်ရှင်ခဲ့လေသည်။ အနားယူ၍ အားပြန်ဖြည့်ပြီးနောက် သူသည် ရှေ့ဆက်လျှောက်သွား၏။

“နောက်သုံးလုံးပဲ ကျန်တယ်” သူက တွေးသည်။ သူ့ဆံပင်မှာ ဖွာလန်နေပြီး သူ့မျက်နှာသည် ဖြူဆုပ်နေသော်လည်း သူက အံတင်းတင်းကြိတ်၍ ဆက်သွားနေဆဲပင်။ တန်ခိုးရှင်လမ်းပေါ်၌ ဆယ့်နှစ်နှစ်ကြာသည့်အခါ နောက်ဆုံးတော့ အရှေ့၌ တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်သည်။

တစ်ယောက်တည်းသာမဟုတ်၊ လေးယောက်ပင်။

သူတို့သည် မီတာရာပေါင်းများစွာအကွာတွင် အသက်ရှူလေ့ကျင့်ခန်းများလုပ်လျက် တင်ပျဉ်ခွေထိုင်နေ၏။ သူတို့၏ကျင့်ကြံခြင်းအခြေခံအရ အကုန်လုံးသည် အနှစ်သာရ ၄ ခုအဆင့်နှင့် လွန်စွာနီးကပ်နေသော အနှစ်သာရ ၃ ခုတာအိုသခင်များ ဖြစ်ကြလေသည်။

ဖန်မု အနားရောက်လာသည့်အခါ သူတို့၏မျက်လုံးများပွင့်သွားပြီး မအံ့ဩမိဘဲ မနေကြပေ။

“ရှေးဟောင်းနယ်ပယ်တဲ့လား”

“တတိယပြစ်ဒဏ်ကို တာအိုသခင်အဆင့်အောက် ဘယ်သူမှ မကျော်ဖြတ်နိုင်ဘူးလေ။ သူက ဘယ်လိုလုပ် ဒီရောက်လာတာလဲ”

“ရှေးခေတ်ကနေ အခုထက်ထိ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတွေကို ဒီလမ်းမလျှောက်ဖို့ မတားခဲ့ဖူးဘူး။ ဒါပေမဲ့ အများစုက တတိယပြစ်ဒဏ်မှာပဲ ရပ်လိုက်ကြရတယ်”

“ဂိုဏ်းက ရွေးချယ်ခံအသစ်များလား” ဤတာအိုသခင်လေးယောက်သည် ဂိုဏ်းမှကင်းကွာနေခဲ့သည်မှာ နှစ်ခြောက်ဆယ်ရှိပြီဖြစ်၍ ဖန်မုကို မသိကြပေ။ ဖန်မု သူတို့ထံ လျှောက်လာနေစဉ် သူတို့၏မျက်လုံးများသည် လင်းလက်တောက်ပစပြုလာ၏။

သူ အနားရောက်လာသည့်အခါ တစ်ယောက်က အက်ကွဲကွဲအသံဖြင့် ခေါ်သည်။ “မင်းက ဘယ်ဂိုဏ်းကလဲ ဂိုဏ်းသား”

All Chapters