အသက်သွင်းခြင်း
Vol. 8 Ch. 103
"တိုက်ခိုက်ကြ..."
ဇူအင်ပါယာမြို့တော်အပြင်ဘက်မှ အော်ဟစ်လိုက်သံတွေ ထွက်ပေါ်လာခဲ့ပြီး များစွာသောစစ်သည်တွေကလည်း ရှေ့ကိုတစ်ဟုန်ထိုးတိုးဝင်လာခဲ့ကြသလို သူတို့ရဲ့မူလချီတွေကလည်း ရုန့်ရင်းကြမ်းတမ်းစွာထွက်ပေါ်လာခဲ့သည်။
ဝှမ်း...
မြို့ရိုးအထက်မှ များစွာသောလေးကြိုးတင်သံတွေကို ကြားလိုက်ရပြီးနောက်မှာ ချီအိမ်တော်စစ်သည်တွေထံသို့ မြားမိုးရွာကျလာခဲ့ရသည်။ မြားတွေက မူလချီတွေဖုံးလွှမ်းနေရကာ ဒါက၎င်းတို့ရဲ့ အမြန်နှုန်းနဲ့ ထွင်းဖောက်နိုင်မှုတို့ကို မြင့်တက်သွားစေခဲ့သည်။
မြားမိုးရွာကျလာခဲ့ပြီးနောက်မှာ ချက်ချင်းဆိုသလိုပင် မရေတွက်နိုင်တဲ့အသက်တွေကို နုတ်ယူသွားခဲ့သည်။
စစ်ပွဲထဲမှာ အသွေးအသက်ပေါင်းများစွာဆုံးရှုံးရသည်က ပုံမှန်ပင်ဖြစ်သည်။
ဇူချင်ရဲ့ခန္ဓာကိုယ်က မြို့ရိုးအထက်ရှိလေထဲသို့ ဖြည်းဖြည်းချင်းမြင့်တက်သွားခဲ့သည်။ အနီရောင်မူလချီတွေက သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေပြီး သူ့ရဲ့ခြေထောက်အောက်မှာ အနီရောင်တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူကမြို့ရိုးအထက်မှာ လွင့်မျောနေပြီး သူ့လိုပင်မူလချီပေါ်မှာရပ်တန့်ပြီး လေထဲမှာရှိနေသည့် ချီယန်ကို မျက်နှာချင်းဆိုင်လိုက်သည်။
ဇူချင်ကအောက်ဘက်ရှိ စစ်မြေပြင်ကို ငုံ့ကြည့်လိုက်သည့်အခါ သွေးချောင်းစီးနေသည့်မြင်ကွင်းကြောင့် သူ့ရဲ့လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိသည်။ သူ့ရဲ့မျက်လုံးထဲက လူသတ်လိုစိတ်တွေက မူလကထက်ပိုမိုပြင်းထန်လာခဲ့ရကာ သူကချီယန်ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။
"ဇူချင်... မင်းက ဘာကြောင့်ဒီလောက်ခေါင်းမာနေရတာလဲ... ဝူအင်ပါယာကို စတင်တည်ထောင်လိုက်ခဲ့ပြီဆိုကတည်းက မင်းရဲ့ဇူအင်ပါယာက ဆက်ရှိနေစရာ ဘာအကြောင်းမှမရှိတော့ဘူး... မင်းအတွက် တစ်ခုတည်းသောလုပ်စရာက အဲ့ဒီအသုံးမဝင်တော့တဲ့မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပြစ်လိုက်ဖို့ပဲ..."
"မင်းမှာသာလုံလောက်တဲ့အသိဉာဏ်ရှိမယ်ဆိုရင် မင်းကတော်ဝင်ကလန်ကို ပုန်းခိုနိုင်ဖို့ခေါ်ဆောင်သွားနိုင်လိမ့်မှာဖြစ်ပြီးတော့ မင်းကိုယ်တိုင်နဲ့ သူတို့တွေရဲ့အသက်ကိုရှင်သန်စေဖို့အတွက် အခွင့်အရေးတစ်ခုရနိုင်မှာ အသေအချာပဲ... ဒါပေမဲ့မင်းက ဇူအင်ပါယာပြန်ပြီးအင်အားတောင့်တင်းလာဖို့ပဲ အိပ်မက်မက်နေခဲ့တယ်... ဒီအိပ်မက်က သံသယရှိစရာမလိုလောက်အောင် မင်းရဲ့ပျက်စီးခြင်းကိုပဲ ဦးတည်နေလိမ့်မယ်..."
"မင်းလိုနိမ့်ကျတဲ့ပုန်ကန်သူတစ်ယောက်မှာ ဒီလိုစကားမျိုးပြောဖို့ အခွင့်အရေးရှိလို့လား..." ဇူချင်ရဲ့လေသံက ရေခဲတမျှအေးစက်လို့ နေရပေသည်။
"ဟီးဟီး... အရာရာတိုင်းကို အနိုင်ရတဲ့သူကသာ ဆုံးဖြတ်ပေးလိမ့်မယ်... တကယ်လို့ ဒီနေ့မှာငါကအနိုင်ရခဲ့မယ်ဆိုရင် ငါဆိုတဲ့ချီယန်က မိုးကောင်းကင်ရဲ့အလိုအရ အသုံးမကျတဲ့ဘုရင်ကို ဖယ်ရှားရှင်းလင်းပြစ်ပြီးတော့ ဇူဆိုတဲ့နာမည်နေရာမှာ ချီအဖြစ်ပြောင်းလဲပေးနိုင်ခြင်းကို သမိုင်းမှတ်တမ်းမှာ ရေးထိုးနိုင်လိမ့်မယ်..." ချီယန်က အေးစက်စွာရယ်မောလိုက်ရင်းမှပြောသည်။
"မင်းမှာဒီလိုလုပ်နိုင်ဖို့ စွမ်းရည်မရှိမှာကိုပဲ ငါစိုးရိမ်မိတယ်..."
ဇူချင်ရဲ့မျက်လုံးတွေက ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုတွေနဲ့ ပြည့်နှက်နေခဲ့ရကာ သူကပြင်းထန်စွာတိုက်ခိုက်လိုက်သည်။ အနီရောင်မူလချီတွေလှည့်ပတ်နေတဲ့ လက်သီးတစ်ချက်က လေထုကိုထိုးခွဲသွားပြီး ပြင်းထန်သည့်အရှိန်ဖြင့် ချီယန်ထံသို့ဦးတည်ကာ ဝင်ရောက်သွားသည်။
ချီယန်ရဲ့အင်္ကျီလက်အိုးတွေက လှုပ်ရှားသွားခဲ့သလို အဝါရောင်မူလချီတစ်ခုက ထွက်ပေါ်လာခဲ့ရသည်။ ထိုအဝါရောင်မူလချီတွေက ဝင်ရောက်လာသည့် အနီရောင်မူလချီတွေနဲ့ ပြင်းပြင်းထန်ထန်ရင်ဆိုင်မိလိုက်သည့်အခါ သတ္တုချင်းထိရိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘန်း...
စွမ်းအားပြည့်ဝလှတဲ့ မူလချီနှစ်ခု ထိပ်တိုက်ရင်ဆိုင်မိသွားခဲ့ပြီးနောက်မှာ ပြင်းထန်တဲ့အားလှိုင်းတစ်ခုထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ဝိုက်ကို အကြီးအကျယ်ပျက်စီးသွားစေခဲ့ရသည်။
"ဟမ့်... ဇူချင် မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အရင်တုန်းကလိုပဲ ရှိနေဦးမယ်ဆိုရင်တော့ ငါကမင်းကိုရင်ဆိုင်ရဲလိမ့်မှာမဟုတ်ဘူး... ဒါပေမဲ့အခုချိန်မှာတော့ ငါကမင်းကိုရင်ဆိုင်ဖို့ ဘာမှစိုးရွံ့နေစရာမရှိတော့ဘူး... မင်းရဲ့လက်တစ်ဖက်က ဝူဘုရင်ရဲ့ဖြတ်တောက်ခြင်းကို ခံခဲ့လိုက်ရပြီးကတည်းက မင်းရဲ့စွမ်းအားကလည်း ကြီးကြီးမားမားကိုကျဆင်းသွားခဲ့ရတယ်..."
ဇူချင်ရဲ့အမူအယာက ပြောင်းလဲသွားခဲ့ခြင်းမရှိပေ။ သူက ချီယန်ရဲ့စကားကို ပြန်လည်ချေပခဲ့ခြင်းမရှိခဲ့ပဲ သူ့ရဲ့လက်ကိုဆုပ်ကိုင်တဲ့လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်သည့်အခါ အနီရောင်လှံတစ်ချောင်းက သူ့လက်ထဲမှာ ထွက်ပေါ်လာခဲ့သည်။ ၎င်းက အဆင့်မြင့်အနက်ရောင်အဆင့်မူလလက်နက်ဖြစ်သည့် မီးလျှံကိုးမျိုးလှံပင်ဖြစ်သည်။
ဒါကိုမြင်လိုက်ရသည့်အခါ ချီယန်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ရပြီး နောက်ထပ်အချိန်ဖြုန်းလိုခြင်းမရှိတော့သကဲ့သို့ မဟူရာရောင်ဓားရှည်တစ်ချောင်းကို လျင်မြန်စွာဆင့်ခေါ်လိုက်သည်။ ဓားရဲ့အပေါ်မှာ အလင်းရောင်တွေ ခုန်ပေါက်လှုပ်ရှားနေရကာ ၎င်းသည်လည်း အဆင့်မြင့်အနက်ရောင်အဆင့်မူလလက်နက်တစ်ခုပင်ဖြစ်ပေသည်။
ချီယန်က ဒီနေ့တိုက်ပွဲအတွက် အလုံးစုံပြင်ဆင်လာခဲ့သည်မှာ ထင်ရှားလှသည်။
သူတို့နှစ်ယောက်ရဲ့အကြည့်တွေက ဆုံတွေ့သွားခဲ့ကြရပြီး နှစ်ယောက်စလုံးရဲ့လူသတ်လိုစိတ်တွေက တားဆီးမရစွာထွက်ပေါ်လာခဲ့သည်။
ဝှစ်...
နှစ်ယောက်စလုံးရှေ့ကို ပြေးထွက်သွားခဲ့ကြပြီး လေထုထဲမှာပင် ပြင်းထန်စွာထိပ်တိုက်ရင်ဆိုင်မိလိုက်ကြသည်။
မြောက်ဘက်ဂိတ်တံခါးတွင်...
မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ဝမ်ကောင်းရှန်က သူ့ရဲ့မူလချီထက်မှာရပ်တန့်လျက် လေထဲတွင် ရှိနေလေသည်။ သူ့ရဲ့မျက်လုံးတွေက မြို့ရိုးအထက်မှာ ရှိနေသည့်ဇူယွမ်ကိုကြည့်လိုက်သလို သူ့ရဲ့နှုတ်ခမ်းထက်မှာလည်း အထင်သေးလှောင်ပြောင်မှုတွေ ထွက်ပေါ်လာခဲ့ရသည်... "ဇူအင်ပါယာမှာ နောက်ထပ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်မှ မရှိတော့ဘူးလား... သူတို့တွေက ဒီလိုကောင်လေးတစ်ယောက်ကိုလွှတ်ပြီး မြို့တော်ကိုကာကွယ်နိုင်မယ်လို့များ ထင်နေတာလား..."
ဇူယွမ်ရဲ့မျက်လုံးတွေက လှုပ်လှုပ်ရှားရှားဖြစ်သွားသည့် အမူအယာတစ်စွန်းတစ်လေမျှရှိမနေခဲ့ဘဲ ဝမ်ကောင်းရှန်ကိုကြည့်ကာ ပြောလိုက်သည်... "ခင်ဗျားက အရင်တုန်းက ဇူအင်ပါယာရဲ့ဝန်ကြီးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ ငါကြားခဲ့ရတယ်... အခုလက်ရှိခင်ဗျားရဲ့ သခင်အသစ်ကရော ခင်ဗျားကိုဘယ်လိုဆက်ဆံလဲ..."
ဝမ်ကောင်းရှန်ရဲ့မျက်လုံးထောင့်စွန်းတွေက လှုပ်ရှားသွားခဲ့ပြီး သူ့ရဲ့မျက်နှာထက်ရှိ အပြုံးကလည်းပျောက်ကွယ်သွားခဲ့ရသည်။ ထို့နောက်မှာ သူရဲ့နက်မှောင်နေတဲ့မျက်လုံးတွေက ဇူယွမ့်ကိုကြည့်လိုက်သကဲ့သို့ ဖြည်းညှင်းစွာပြောလိုက်သည်... "ငါမင်းကိုသိပါတယ်... မင်းက ဇူယွမ်ဟုတ်တယ်မလား..."
"မြင့်မြတ်တဲ့နဂါးကောင်းချီပေးမှုနဲ့အတူ မွေးဖွားလာခဲ့တဲ့ ဇူအင်ပါယာရဲ့မင်းသား..."
ဝမ်ကောင်းရှန်ရဲ့ ထိတ်လန့်စရာကောင်းတဲ့အကြည့်က ဇူယွမ့်အပေါ်တွင်သာ ဆက်ရှိနေခဲ့သလို သူကထူးဆန်းတဲ့ရယ်သံတစ်ခုပြုလိုက်သည်... "ကံမကောင်းတာက ဒီမြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုက သူများလက်ထဲမှာ အဆုံးသတ်သွားခဲ့ရတာပဲ... ဒါ့ကြောင့် မင်းကမြင့်မြတ်တဲ့နဂါးတစ်ကောင်မဟုတ်ဘူး... ဒါပေမဲ့ မသန်မစွမ်းဖြစ်နေရတဲ့အတုအယောင်နဂါးတစ်ကောင်ပဲ..."
သို့ပေမဲ့လည်း ဝမ်ကောင်းရှန်ရဲ့လှောင်ပြောင်မှုက ဇူယွမ်ရဲ့အမူအယာကို ပြောင်းလဲသွားစေခြင်းမရှိခဲ့ပေ။
"ဒါကအတုအယောင်နဂါးတစ်ကောင်ဖြစ်ဖြစ် မသန်မစွမ်းဖြစ်နေတဲ့နဂါးတစ်ကောင်ဖြစ်ဖြစ် ကိစ္စတော့မရှိဘူး... ဒါကလူသေတစ်ယောက်ထက်စာရင်တော့ ပိုကောင်းပါသေးတယ်..."
ဝမ်ကောင်းရှန်ရဲ့နှုတ်ခမ်းထောင့်စွန်းမှာ လှောင်ပြောင်မှုတွေ ထင်ဟပ်လာခဲ့ရပြီး... "ငါ့ရဲ့ဘဝတစ်လျှောက်လုံးမှာ ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူလေးတစ်ယောက်က ဒီလိုအပြုအမူမျိုးနဲ့ ငါ့ကိုပြောရဲတာ ဒါပထမဆုံးအကြိမ်ကြုံရတာပဲ..."
"ဒါကိုကြည့်ရတာ မင်းကကိုယ့်ကိုကိုယ် မြင့်မြတ်တဲ့နဂါးတစ်ကောင်အဖြစ် ယုံကြည်နေတုန်းပဲထင်တယ်... ကောင်းပြီလေ... ဒီလိုဆိုမှတော့ ငါကမင်းလိုကိုယ့်အဆင့်ကိုယ်မသိတဲ့ကောင်စုတ်လေးတစ်ယောက်ကို ဒီနေ့မှာအစစ်အမှန်ရက်စက်ကြမ်းကြုတ်မှုက ဘာလဲဆိုတာ မင်းကိုပြပေးရတော့မှာပေါ့..."
ဝမ်ကောင်းရှန်ရဲ့ စကားသံပျောက်ကွယ်သွားခဲ့ရသကဲ့သို့ စိမ်းပြာရောင်မူလချီတစ်ခု သူ့ရဲ့ဦးခေါင်းထက်မှ ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ စိမ်းပြာရောင်မုန်တိုင်းတစ်ခုအလားလှည့်ပတ်လျက် ကြောက်မက်ဖွယ်ရာဖိအားတစ်ခု ဖြည်းညှင်းစွာပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
"မြို့တော်ကိုတိုက်ခိုက်ကြ..."
သူကအမိန့်ပေးလိုက်သကဲ့သို့ မြေပြင်ပေါ်မှာရှိနေသည့် စစ်တပ်ကြီးကလည်း ချက်ချင်းဆိုသလိုပင် မြို့ရိုးဆီသို့ ချီတက်လာခဲ့ကြသည်။
"မင်းသားလေးကို ကာကွယ်ကြ..."
ဇူယွမ်ရဲ့ဘေးမှာရှိနေသည့် ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူသုံးယောက်က အလျင်စလိုနိုင်စွာ အော်ဟစ်လိုက်သည်။
သို့ပေမဲ့လည်း ဇူယွမ်ကလက်ကာပြလိုက်ပြီး သူတို့ကိုတားဆီးလိုက်သည်... "ခင်ဗျားတို့တွေက မြို့ရိုးပေါ်မှာနေပြီးတော့ သူတို့တွေဘယ်သူမှ တက်မလာနိုင်အောင် ကာကွယ်ထားကြ... ငါကသူ့ကိုရင်ဆိုင်လိုက်မယ်..."
ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူသုံးယောက်က အနည်းငယ်တုံ့ဆိုင်းသွားခဲ့ရပေမဲ့လည်း နောက်ဆုံးမှာခေါင်းညိတ်ပြလိုက်သည်။ သူတို့သုံးယောက်ပေါင်းပြီးတိုက်ခိုက်မယ်ဆိုရင်တောင် ဝမ်ကောင်းရှန်ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို သူတို့တွေသိပေသည်။
သို့ပေမဲ့လည်း သူတို့တွေက အနည်းငယ်တော့မစဉ်းစားတတ်အောင်ဖြစ်သွားခဲ့ရသည်။ ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်က မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဘယ်လိုများသွားပြီးတိုက်ခိုက်မည်နည်း။
ဝမ်ကောင်းရှန်ရဲ့လက်တွေက သူ့ရဲ့ရင်ဘတ်ရှေ့မှာ ကန့်လတ်ဖြတ်အနေအထားဖြင့်ရှိနေသကဲ့သို့ သူကဇူယွမ်ကို ဆော့ကစားလိုသည့် မျက်လုံးတွေဖြင့်ကြည့်လိုက်သည်။ သူ့အနေဖြင့်လည်း မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုကို ပိုင်ဆိုင်ခဲ့ရဖူးသည့် ဇူအင်ပါယာရဲ့မင်းသားလေးက သူ့ကိုဘယ်လိုများရင်ဆိုင်မည်လဲဆိုတာကို သိချင်မိပေသည်။
များစွာသောအကြည့်တွေအောက်မှာပင် ဇူယွမ်က ငွေရောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး သူ့ရဲ့လက်မှာ ဖြည်းညှင်းစွာဝတ်ဆင်လိုက်သည်။
ထိုအခိုက်မှာပင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသလို ဇူယွမ်ခံစားလိုက်ရသည်။ လက်စွပ်ထံမှ နွေးထွေးတဲ့ခံစားချက်တစ်ခုထွက်ပေါ်လာခဲ့ရပြီး ၎င်းကသူ့ရဲ့မျက်ခုံးနှစ်ခုကြားသို့ ဦးတည်ကာဝင်ရောက်သွားခဲ့သည်။
ဝုန်း... ဝုန်း...
သူ့ရဲ့စိတ်ဝိညာဉ်က စတင်ပြီးပြင်းပြင်းထန်ထန်တုန်ခါလာခဲ့သည်။ ထို့နောက်မှာ ဇူယွမ့်ထံမှ မမြင်နိုင်တဲ့အားလှိုင်းတစ်ခုပေါက်ကွဲထွက်ပေါ်လာခဲ့ရပြီး သူ့အနားမှာရှိနေသည့် ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူသုံးယောက်အား နောက်ကိုယိမ်းယိုင်သွားစေခဲ့သည်။
ဇူယွမ်ရဲ့မျက်ခုံးနှစ်ခုကြားမှာ အလင်းရောင်တွေ ခုန်ပေါက်လှုပ်ရှားနေလျက်ရှိသည်။ ထို့နောက်မှာ ၎င်းထံမှ မှိန်ဖျော့ဖျော့ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့ပြီး ဖြည်းဖြည်းချင်းရှင်းလင်းပြတ်သားလာခဲ့ရကာ ဖွဲ့စည်းခြင်းအဆင့်မှ ဒြပ်ထည်အဆင့်သို့ ကူးပြောင်းသွားခဲ့ရသည်။
"သူကစိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်ကို အတင်းအကျပ်မြင့်တက်စေခဲ့တာလား..." ဇူယွမ်ရဲ့စိတ်ဝိညာဉ်ထံမှ ရုတ်တရက်ထွက်ပေါ်လာသည့်စွမ်းအားကို ခံစားမိလိုက်ရသည့်အတွက် ဝမ်ကောင်းရှန်ရဲ့မျက်ခုံးတွေ အနည်းငယ်မြင့်တက်သွားခဲ့ရသည်။ ဒါကစိတ်ဝိညာဉ်စိမ်းအားကို အမှန်တကယ်မြင့်တက်သွားစေရပေမဲ့လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာမှာတော့ အသုံးဝင်လိမ့်မည်မဟုတ်ပေ။
ဝမ်ကောင်းရှန်က ထူးမခြားနားစွာဖြင့်ပြောလိုက်သည်... "တကယ်လို့ ဒါကမင်းရဲ့ဝှက်ဖဲဆိုရင် မင်းကဒီနေ့မှာ သေချာပေါက်သေဆုံးသွားရလိမ့်မှာကို ငါစိုးရိမ်မိတယ်..."
ဇူယွမ်က အေးစက်တဲ့အကြည့်တစ်ချက်ဖြင့်သာ တုန့်ပြန်လိုက်ပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိခဲ့ပေ။ ထို့နောက်မှာ သူ့ရဲ့လက်က ခါးမှာချိတ်ဆွဲထားသည့် သိုလှောင်အိတ်ကိုဖွင့်လိုက်ပြီး ငွေရောင်အလုံးတစ်ခု ခုန်ပေါက်ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင် ဇူယွမ်ကသူ့ရဲ့လက်အား ရှေ့ကိုဆန့်ထုတ်လိုက်ပြီး ငွေရောင်အလုံးထဲသို့ ဝင်ရောက်စေခဲ့လိုက်သည်။
"ငွေရောင်အရိပ် အသက်ဝင်စမ်း..."
သူ့ရဲ့အေးစက်တဲ့စကားသံထွက်ပေါ်လာသည့်အခိုက်မှာ ငွေရောင်အလုံးက ချက်ချင်းပင်အရည်ပျော်သွားခဲ့ရသည်။ ငွေရောင်အရည်တွေက ဇူယွမ်ရဲ့လက်တစ်လျှောက် လျင်မြန်စွာစီးဆင်းသွားခဲ့ပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူ့ရဲ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။
အံ့အားသင့်သွားခဲ့ရသည့်အကြည့်တွေအောက်မှာ ဇူယွမ်ရဲ့ခန္ဓာကိုယ်ပေါ်က ငွေရောင်အရည်တွေက ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး သွေးဆာရက်စက်သည့်အရှိန်အဝါတစ်ခု ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။