ယောက်ျားတစ်ယောက်အနေဖြင့်
Vol. 32 Ch. 436
အခန်း(၄၃၆) - ယောက်ျားတစ်ယောက်အနေဖြင့်
"ကျွတ်ကျွတ် အမေတို့နှစ်ယောက်က ပတ်ဝန်းကျင်ကိုလည်း မကြည့်ကြပါလား။" ကျိုးကွေ့လိုင်က ခေါင်းခါကာ ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ။ နင့်ကို ရုပ်ဆိုးတယ်လို့ တစ်ယောက်ယောက် ပြောလို့လား။" လင်းချင်းဟယ်က မေးလိုက်၏။
ညီအစ်ကိုနှစ်ယောက်စလုံးက သူတို့အဖေနှင့်တူကာ အနည်းငယ် ရင့်ကျက်သည့်ပုံပေါ်သည်။ သူတို့က ရုပ်မဆိုးကြပါ။ ယောက်ျားပီသပြီး ကြံ့ခိုင်သည့်ပုံစံ ပေါက်ပါသည်။
မဟုတ်ပါက ဘာကြောင့် ကျူးမိသားစု၏ ကျူးကျန်းကျန်းနဲ့ ကျန်းမေ့လျန်က သူမ၏သားကြီးကို ချိန်ရွယ်ခဲ့မှာလဲ။
ထိုပန်းသီးပုပ်များအကြောင်း ဆက်မပြောလျှင် ပိုကောင်းမည်။ အရေးအကြီးဆုံးက သူမရဲ့ သားကြီးက အမေဝိန် စိတ်ကျေနပ်နိုင်သည့်ပုံစံဖြစ်သောကြောင့် ပြဿနာမရှိပါ။
"ကျွန်တော့်ကို ဘယ်သူက ရုပ်ဆိုးတယ် ထင်မှာလဲ။ ကျွန်တော်မှန်ထဲ ကြည့်လိုက်ရင် နည်းနည်း အရွယ်လွန်နေသလိုပဲ ထင်ရတာ။" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်သည်။
ထို့နောက် စကားဝိုင်းက ပြောင်းလဲသွားသည်။ သူ့အစ်ကိုကြီးကို ဆက်လက် လှောင်ပြောင်လေသည်။ "အခု အစ်ကိုကြီးက အရမ်းအသားမည်းလာပြီဆိုတော့ အဖေနဲ့တောင် ရွယ်တူလို့ထင်ရတယ်။ အမေ စောစောစီးစီးလုပ်သင့်တာ လုပ်ထားနော်၊ မဟုတ်ရင် နောက်မှ လူပျိုကြီးဖြစ်သွားဦးမယ်။"
"မင်းပါးစပ်နဲ့ကျမှ ဒီလောက် ခန့်ညားတဲ့ လူပျိုကြိးတောင် အဲ့လောက် အဆင့်နိမ့်သွားရတယ်။" ကျိုးရွှမ်က ဝင်ပြော၏။
"အစ်ကိုလတ် ဝင်မပြောစမ်းပါနဲ့။ မင်းကတော့ အကောင်းဆုံး ကံရထားတာလေ နားလည်ရဲ့လား။ ဘာလို့ မင်းကိုကျတော့ အမေနဲ့တူအောင် မွေးပြီး ငါ့ကျတော့ သူ့ဗီဇ ဘာလို့မပေးတာလဲမသိဘူး။" ကျိုးကွေ့လိုင်က ညည်းငြူလိုက်သည်။
ကျိုးရွှမ်က ရယ်မောလိုက်၏။
ဒေါ်လေးမာက ဝင်ပြောလိုက်သည်။ "နင်တို့ညီအစ်ကိုတွေအားလုံး ကြည့်ကောင်းကြပါတယ်။ မိန်းမယူဖို့ကို စိတ်မပူစမ်းပါနဲ့။ ကောင်မလေးတွေက မျက်လုံးကောင်းမယ်ဆိုရင် နင့်ကို သဘောကျမှာပါ။"
"ဘွားလေးမာက အမြင်အကောင်းဆုံးပဲ။ ဘွားလေးသာ အသက် ၄၀ လောက်ပိုငယ်မယ်ဆိုရင် ဘွားလေးအိမ်ကို ကျွန်တော် အမြဲတမ်း ထမင်းလာစားမိမှာပဲ။" ကျိုးကွေ့လိုင်က ပြောလိုက်၏။
"ငါသာ အသက် ၄၀ လောက်ပိုငယ်ရင် နင့်ကိုမရွေးဘူး။ နင့်အစ်ကိုလတ်ကိုပဲ ရွေးမှာပေါ့။" ဒေါ်လေးမာက ရယ်မောလိုက်ပါသည်။
ကျိုးကွေ့လိုင် အသည်းကွဲသွား၏။
ခုနစ်နာရီထိုးနေပြီ ဖြစ်သဖြင့် ဒေါ်လေးမာ အလုပ်ဆင်းသွားသည်။ ဒေါ်လေးမာက ဆိုင်တွင် ပန်းကန်များ ဆေးကြောရပြီး အလုပ်လုပ်ရတာ ပျော်ပါသည်။ တစ်နေကုန် စကားပြောသံများ ရယ်မောသံများဖြင့် ကုန်ဆုံးသွားခဲ့၏။ သူမ နေ့ရက်ကောင်းတစ်ခု ရခဲ့ပါသည်။
ကျိုးအာ့နီ၊ ဟူကျစ်နှင့် ကန်းကျစ်တို့လည်း အလုပ်ဆင်းသောအခါ ညစာ လာစားကြသည်။
စားသောက်ပြီးနောက် အသင့်ထုပ်ပိုးထားသော အစားအစာများကို ယူကာ အခြားသူများထံသို့ ပို့ဆောင်ပေးရ၏။
ဆောင်းရာသီတွင် ၆နာရီဆို ဆိုင်ပိတ်ပြီဖြစ်၏။ ယခု နွေရာသီဖြစ်သဖြင့် လင်းချင်းဟယ်၏ အထည်ဆိုင်က ညနေ ၉ နာရီတွင် ဆိုင်ပိတ်ပါသည်။
မာချန်းမင်က ဆိုင်တစ်ဆိုင်ကို တစ်ယောက်တည်း ကြည့်သည်။ ချန်းရှန်ရှန်က နောက်တစ်ဆိုင်ကို ကြည့်ပေး၏။ ထို့အပြင် လူသစ်တွေကလည်း ကျိုးအာ့နီ၏ ဆိုင်ကို လွှဲပြောင်းယူဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။ ချန်းရှန်ရှန်ဘက်က လူသစ်ကလည်း လာမည်ဖြစ်ပြီး လူသစ်နှစ်ယောက်က ဆိုင်တစ်ဆိုင်ကို ကြည့်ပေးနိုင်မည်ဖြစ်ပါသည်။
ချန်းယန်နှင့် ချန်းယွဲ့တို့ကလည်း ဖျော်ရည်ဆိုင်တွင် မအားလပ်နိုင်ကြပေ။
ထို့ကြောင့် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို သူတို့အတွက်ပါ ထည့်ပြင်ပေးဖို့ ပြောထားသည်။
မာချန်းမင်၏ဘက်ကိုလည်း ထည့်ပြင်ပေးသည်။ ဒါကို အကျိုးခံစားခွင့်ဟု မှတ်ယူနိုင်ပါသည်။
အားလုံးကို ပေါင်းကြည့်သောအခါ လင်းချင်းဟယ်၏ ဆိုင်များတွင် လူအင်အား နည်းနေပါသေးသည်။ သူတို့အလှည့်ကျ တာဝန်ယူတာတောင် အခြားဆိုင်များက လူများဖြင့် လဲနေရသေးသည်။
ထို့ကြောင့် လင်းချင်းဟယ်က ကျိုးစစ်နီကို ခေါ်ယူချင်နေ၏။
စားသောက်ပြီးနောက် ဟူကျစ်က အားလုံးကို အစားအစာများ လိုက်လံပို့ဆောင်ပေးသည်။ ထမင်းဗူးများထဲတွင် အသားဟင်းတစ်ခွက်၊ အရန်ဟင်းနှစ်ခွက်ပါဝင်၏။ ဒီလောက်ဆို လုံလောက်ပါပြီ။
ထမင်းဗူးများ ပို့ဆောင်ပြီးသောအခါ ဟူကျစ်၊ ကန်းကျစ်နှင့် အာ့နီတို့က ညနေ အတန်းတက်ရ၏။
လင်းချင်းဟယ်က မာချန်းမင်ကို လူခေါ်ခိုင်းထားသေးသည်။ နောက်ထပ် လူသုံးယောက်လောက် ဆက်ခေါ်ဖို့ စီစဥ်ထားသည်။ ကျိုးစစ်နီအတွက် နေရာတစ်နေရာ ဖယ်ထားပါက စုစုပေါင်း လေးနေရာဖြစ်လိမ့်မည်။
ထိုအချိန်တွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ပြီး ယခုလောက် ခက်ခဲတော့မည်မဟုတ်ပါ။
ကျိုးခိုင်က တစ်ယောက်တည်း အဘိုးအဘွားတို့အိမ်သို့ လာခဲ့၏။
သူရောက်လာသောအခါ အမေကျိုးက ကလေးမလေး ထျန်ထျန်ကို ထမင်းကျွေးနေသည်။ ထိုကလေးမလေးက အစားကြီး၏။ အငတ်ဘေး ကျရောက်သောအခါ ဒီကလေးမလေး ဒုက္ခရောက်နိုင်သည်။
"အဘွား" ကျိုးခိုင်က ဝင်လာရင်း ခေါ်လိုက်၏။
အမေကျိုးက ကြက်သေသေသွားပြီး လှမ်းကြည့်လိုက်၏။ ထို့နောက် သူမမျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လာသည်။"လောင်တလား"
"ဟုတ်ကဲ့" ကျိုးခိုင်က ပြုံးပြလိုက်၏။
"ဘာလို့ အစောကြီး ပြန်ရောက်လာတာလဲ။ နည်းနည်းလောက်ကြာဦးမယ်လို့ စတုတ္ထမရီးဆီက ငါကြားထားတာ။" ကျိုးရှောင်မိန်ကလည်း ပျော်ရွှင်စွာ ပြောလိုက်သည်။
"ကျွန်တော် စောစော ပြန်လာခဲ့တာပါ။" ကျိုးခိုင်က ပြန်ပြောလိုက်၏။
အမေကျိုးက ပန်းကန်ကို ကျိုးရှောင်မိန်ထံသို့ ပေးလိုက်ပြီး သူ့သမီးကို ကိုယ်တိုင် ကျွေးခိုင်းလိုက်သည်။ သူမ၏ မြေးကို မေးမြန်းလိုက်၏။ "စားပြီးပြီလား။ မစားရသေးရင် အဘွား ကြက်ဥနဲ့ ခေါက်ဆွဲပြုတ်ပေးမယ်။"
"စားပြီးပါပြီ။ အမေက ဟင်းတွေ အများကြီး ချက်ကျွေးတယ်လေ။" ကျိုးခိုင်က ပြုံးကာ ပြောလိုက်သည်။
"အခုရှစ်နာရီတောင်ထိုးနေပြီ အရမ်းနောက်ကျနေပြီ မနက်ဖြန်နေ့လည်မှ ပြန်လာခဲ့လိုက်။ အဘွားကြက်တွေအများကြီး မွေးထားတယ်။ မနက်ဖြန် တစ်ကောင်ပြင်ထားပြီး နေ့လည်ကျရင် နင့်အတွက် ချက်ပေးမယ်။ အရိုးတွေကိုလည်း နူးတဲ့အထိ ပြုတ်ပေးမယ် အရသာအရမ်းရှိမှာ။" အမေကျိုးက ပြောလိုက်၏။
"ဟုတ်ကဲ့" ကျိုးခိုင်က ပြုံးကာ ပြန်ပြောလိုက်သည်။
"နင့်အဘွားက နင့်အတွက် ကြက်တွေအများကြီး မွေးပေးထားတာ။ အထူးသဖြင့် နင်ပြန်လာတာစောင့်ပြီး နေ့တိုင်း တစ်ကောင်စီ ချက်ကျွေးမလို့တဲ့လေ။" ကျိုးရှောင်မိန်က ပြောလိုက်၏။
"သေချာပေါက် အာဟာရရှိဖို့ လိုအပ်တာပေါ့။ နင်ဘယ်လောက်တောင် အသားမည်းပြီး ပိန်လာလိုက်လဲကြည့်ပါဦး။" အမေကျိုးက ပြောလိုက်ပါသည်။
"တစ်ရက်ကို ကြက်တစ်ကောင်ကတော့ များလွန်းပါတယ်။ သုံးရက်တစ်ကောင်လောက် ချက်ပေးရင် လုံလောက်ပါပြီ။" ကျိုးခိုင်က ပြန်ပြောလိုက်၏။ ထို့နောက် မေးလိုက်သည်။ "အဘိုးကော ဘယ်မှာလဲ။"
"နင့်အဘိုးက နင်မလာခင်လေးပဲ နင့်ရဲ့ခေါင်းကိုင်အဘိုးနဲ့ ရေချိုးအိမ်သွားတယ်လေ" အမေကျိုးက ပြန်ပြောလိုက်သည်။
"ဒါဆို ကျွန်တော်လည်း လိုက်သွားပြီး ရေသွားချိုးဦးမယ်။" ကျိုးခိုင်က ပြောလိုက်သည်။
"ဒါဆိုလည်း သွားသွား ပြီးရင်ပြန်လာခဲ့ဦး။ ပြီးရင် အဘွား နင့်အတွက် ကြက်ဥနဲ့ခေါက်ဆွဲပြုတ် ချက်ကျွေးမယ်။" အမေကျိုး သူ့မြေးကို ချစ်သည့်အချစ်က အလွန်ကြီးမားပါသည်။ သူမ အမြဲတမ်း ထုတ်ပြလေ့ရှိသည်။
ကျိုးခိုင်က ပြုံးကာ သဘောတူလိုက်ပါသည်။
အိမ်သို့လမ်းလျှောက်ပြန်လာပြီး အဝတ်အစားများကို ယူကာ အခြားသူများကို မေးကြည့်လိုက်သည်။ ကျိုးကွေ့လိုင်က မနက်ဖြန် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရမည်ဖြစ်သဖြင့် ဒီနေ့ သူနဲ့အတူ ရေချိုးခရီးတွင် လိုက်ပါလာခဲ့ပါသည်။
သူတို့နှစ်ဦး အဖေကျိုးနှင့် အဘိုးဝမ်တို့ ရှိနေသော ရေချိုးအိမ်သို့ လာခဲ့ကြ၏။
ကျိုးခိုင်ပြန်လာသည်ကိုမြင်သောအခါ အဖေကျိုးတို့နှစ်ဦး အပျော်လွန်သွားကြပါသည်။
"ဘယ်တုန်းက ပြန်လာတာလဲ။ စားပြီးပြီလား။" အဘိုးဝမ်နှင့် အဖေကျိုးတို့နှစ်ယောက်စလုံး မေးလိုက်ကြသည်။
"စားပြီးပါပြီ။ အဘိုးတို့နှစ်ယောက် ရေချိုးအိမ်သွားတယ်လို့ အဘွားပြောလိုက်လို့ အငယ်ကောင်ကို ခေါ်ပြီး လိုက်လာခဲ့တာ။" ကျိုးခိုင်က ပြောလိုက်ပြီး ပဝါကို သူ့ညီထံသို့ ပစ်ပေးလိုက်ပြီး ကျောကိုသုတ်စေလိုက်သည်။
ကျိုးကွေ့လိုင်က ပြောလိုက်၏။ "အစ်ကိုကြီး မင်းမြင်လား အကုန်လုံးမင်းကိုကြည့်နေကြတယ်။ ရေချိုးအိမ်တစ်ခုလုံးမှာ ကျောက်တူးသမားတွေတောင် မင်းလောက်မမည်းဘူး။"
ကျိုးခိုင်၏ အသားမည်းချက်က အဝတ်အစားများ ကွယ်နေတာတောင် မဖုံးနိုင်ပါ။ လုံးဝ မည်းနက်နေပြီး အလင်းပင် ပြန်နိုင်လောက်သည်။
"သူတို့ကြည့်ချင်လည်း ကြည့်ကြစမ်းပါစေ။ သူတို့ အားငယ်မသွားရင် အဆင်ပြေတယ်။" ကျိုးခိုင်က ပြန်ပြောလိုက်၏။
အရွယ်ရောက်ပြီးသား လူငယ်လေးတစ်ယောက်။ အသားမည်းသည်ကလွဲပြီး ခန္ဓာကိုယ်ကလည်း ထိပ်တန်းအချိုးအစားဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားရှစ်မြောင်းလည်း ပိုင်ဆိုင်ထားသည်။ ယောက်ျားတစ်ယောက်ကို အားငယ်သွားစေနိုင်ပြီး မိန်းမတစ်ယောက်ကို အော်ဟစ်ကြွေဆင်းသွားစေနိုင်သော ခန္ဓာကိုယ်အချိုးအစားဖြစ်ပါသည်။
"ဟီးဟီး ဒါဆိုလည်း လျှောက်ပတ်ကြည့်ပြီး သူတို့အားငယ်သွားအောင် လုပ်လိုက်ပါလား။" ကျိုးကွေ့လိုင်က ညစ်တီးညစ်ပတ်ပုံစံမျိုးဖြင့် ပြုံးကာ ပြောလိုက်သည်။
"ကျောတိုက်စရာရှိတာ တိုက်စမ်းပါ။" ကျိုးခိုင်က ပြောလိုက်၏။
ကျိုးကွေ့လိုင်က သူ့ကျောကို တိုက်ပေးလိုက်သည်။ ပြီးသွားသည်နှင့် သူ့အစ်ကိုကြီးကို သူ့ကျောအား ပြန်တိုက်ခိုင်းသည်။ အဖေကျိုးနှင့် အဘိုးဝမ်တို့လည်း ကျောများတိုက်နေကြသည်။
ရေချိုးအိမ်ထဲတွင် ဒီလိုပဲဖြစ်သည်။ အဖော်ခေါ်လာရင်ခေါ်လာ သို့မဟုတ် ရေချိုးအိမ်ထဲတွင် တစ်ယောက်တည်းလာသောသူ ရှိမလား လိုက်မေးရသည်။
ကြေးတွန်းသောအခါ နာသော်လည်း ပွတ်တိုက်ပြီးသွားသောအခါတွင်တော့ နေလို့ထိုင်လို့အရမ်းကောင်းပါသည်။
အဖေကျိုးနှင့် အဘိုးဝမ်တို့က ကျိုးခိုင် ဘယ်လောက်ကြာကြာနေမှာလဲဟု မေးလိုက်သည်။ ကျိုးခိုင်ကလည်း အသေးစိတ် ပြန်ပြောပြလိုက်၏။
ကျိုးခိုင် အသားမည်းသွားသည်ကိုတော့ သူတို့ ဂရုမစိုက်ပါ။ ယောက်ျားတစ်ယောက် အနေဖြင့် အသားမည်းခြင်းက မည်းခြင်းဖြစ်သည်။ ဘာအရေးပါလို့လဲ။
"ဝမ်ယွမ် မနက်ဖြန်လာမလား မသိဘူး။ လာရင် သူ့ကို ရေပူစမ်း လိုက်ပို့ခိုင်းရအောင်။ ကုန်ကျစရိတ်ကို ငါ တကာခံပါ့မယ်။" အဘိုးဝမ်က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ဝမ်ယွမ်က ဘယ်သူလဲ" ကျိုးခိုင် မေးလိုက်သည်။
သူအိမ်ပြန်မလာတာ တစ်နှစ်နီးပါး ရှိပြီဖြစ်သဖြင့် ယခုအချိန်ထိ ရှုရှန့်မိန်၏ မင်္ဂလာကိစ္စကိုပင် မသိသေးပါ။ ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့၏ ဆက်ဆံရေးဆို ပိုဆိုးပြီဖြစ်သည်။