← Chapters

ချစ်မိသောသူ

Vol. 32 Ch. 439

ချစ်မိသောသူ

Vol. 32 Ch. 439

အခန်း(၄၃၉) - ချစ်မိသောသူ

ကြက်စွပ်ပြုတ်ထဲက ဝက်အစာအိမ်ဟင်းက အလွန်ကောင်းမွန်သောဟင်းလျာဖြစ်ပါသည်။ အထူးသဖြင့် စွပ်ပြုတ်က အရသာရှိလှပါသည်။

ဂျုံမုန့်ပြားဖြင့် အတူတူစားသောအခါ ရိုးရှင်းပြီး စားကောင်းလှသည်။

ညစာစားပြီးသွားကြသောအခါ သန့်ရှင်းရေးကို ကလေးများအား တာဝန်ပေးထားလိုက်သည်။ လင်းချင်းဟယ်က အဖေဝိန်နှင့် အမေဝိန်တို့ကို တိုက်ခန်းသို့လိုက်ပြီး လက်ဘက်ရည်သောက်ရန် ဖိတ်လိုက်သည်။

ထို့အခါမှ အမေဝိန်က လင်းချင်းဟယ်ကို သူမ ယူလာသော ဂျင်ဆင်းပြားများကို ပေးလိုက်သည်။ "ဒါတွေက အဖေကြီးဝိန်ရဲ့ တူ ပေးထားတာလေ။ သူက ဒီလုပ်ငန်းလုပ်တာ။ အကုန်လုံး အရှေ့မြောက်ပိုင်းကလာတဲ့ တောရိုင်းဂျင်ဆင်းသန့်သန့်တွေချည်းပဲ။ ဒါကိုယူပြီး ကျိုးခိုင်လေးအတွက် ကြက်စွပ်ပြုတ်နဲ့ ရောချက်ပေးလိုက်ပါ။ ကျိုးခိုင် ဒီနှစ်ပြန်လာတော့ အသားတွေ အများကြီး မည်းလာပြီး ပိန်လည်းပိန်သွားတယ်။"

"ဒါတွေ ပေးစရာမလိုပါဘူး။ ပြန်ယူသွားလိုက်ပါ။ ရှင့်မှာ ကော်လျန်နဲ့ အခြားသူတွေလည်း ရှိသေးတာပဲ။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

"အိမ်မှာ ကိုရီးယားဂျင်ဆင်းနည်းနည်း ရှိပါသေးတယ်။ သူတို့အတွက် သိမ်းထားပါတယ်။ ဒီတောရိုင်းဂျင်ဆင်းတွေကတော့ ခိုင်လေးအတွက်ပဲ။ တစ်ခါကို အများကြီး သုံးစရာ မလိုဘူးနော်။ နည်းနည်းပဲ ထည့်ရတယ်။ ခန္ဓာကိုယ်ကို သန်မာစေပြီး ခုခံအားတိုးမြှင့်ပေးတယ်လေ။" ဟု အမေဝိန်က ပြောလိုက်သည်။

သူမ နှစ်နှစ်ကာကာ ပေးချင်နေသည်ကို လင်းချင်းဟယ်မြင်သဖြင့် လက်ခံလိုက်ပါသည်။ ပြုံးကာဖြင့် ပြန်ပြောလိုက်၏။ "ရှင် သူ့ကို ချစ်တဲ့အချစ် ကျွန်မတောင် မယှဥ်နိုင်တော့ဘူး။"

"ဒီတိုင်း တောရိုင်းဂျင်ဆင်း နည်းနည်းလေးပါပဲ။" ဟု အမေဝိန်က ပြုံးကာ ပြန်ပြောလိုက်သည်။

"အဖေဝိန်ရဲ့ တူက ဒီလုပ်ငန်းလုပ်တယ်လား။ လုပ်ငန်းက ဘယ်လိုနေလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

အဖေဝိန်က ဖြေလိုက်၏။ "သူ့လုပ်ငန်းက သာမန်လောက်ပါပဲ။ အဲ့ဒီဟာတွေက အရမ်း စျေးကြီးတာလေ။ ဘယ်သူက ဝယ်စားချင်မှာလဲ။"

"မတတ်နိုင်ဘူးပေါ့။ ဒါတွေက ရှားပါးပစ္စည်းတွေပဲကို။ တန်ဖိုးက အဲ့ဒီအပေါ်မှာ မူတည်တာ။" လင်းချင်းဟယ် မအံ့သြပါ။ သို့သော်လည်း ဒီလို ဇိမ်ခံပစ္စည်းများက အလွန်အမြတ်ကြီးပါသည်။

"တန်ဖိုးက တကယ်ကြီးတယ်။ ဒီတိုင်းသာဆို ဆိုင်က သိပ်မကြာခင် ပိတ်ရတော့မယ်ထင်ပါတယ်။" ဟု အဖေဝိန်က ပြောလိုက်သည်။

"မပိတ်ရပါဘူးရှင်။ အခုနောက်ပိုင်း လူတွေက ပိုပို ချမ်းသာလာကြတာ။ အရင်က ခန္ဓာကိုယ် အားနည်းခဲ့တာတွေကို ဒါတွေသုံးပြီး ပြန်ဖြည့်ဆည်းရမယ်မဟုတ်လား။ နောက်ပိုင်းကျရင် လုပ်ငန်းက မဆိုးရွားနိုင်ပါဘူး။ တဖြည်းဖြည်းနဲ့ အဆင်ပြေလာပါလိမ့်မယ်။ အချိန်တန်ရင် ဆိုင်ဟောင်းက ပုံမှန်ဖောက်သည်တွေနဲ့ လည်ပတ်သွားပါလိမ့်မယ်။ နောင်မှာ အခြားသူတွေနဲ့ အလုပ်တွဲလုပ်စရာမလိုတော့ဘူး။" ဟု လင်းချင်းဟယ်က ရှင်းပြလိုက်၏။

အဖေဝိန်က ဆက်မပြောခင် ခဏလောက် ရပ်တန့်သွားသည်။ "ကိုရီးယားဂျင်ဆင်းတစ်ဗူးကို နည်းနည်းပဲပါပြီး ယွမ် ၂၀၀ ကျော်နေတာ ဘယ်သူက ဝယ်နိုင်မှာလဲ။"

"သေချာပေါက် ဝယ်ချင်တဲ့လူတော့ ရှိမှာပါ။ ဖြည်းဖြည်းနဲ့ မှန်မှန် စီမံခန့်ခွဲရင် ရပါပြီ။ ဒီလိုဆိုင်မျိုးက အချိန်ယူရတယ်။ အရည်အသွေးကောင်းရင် တစ်ဆင့်စကား တစ်ဆင့်ကြားကြပါလိမ့်မယ်။" ဟု လင်းချင်းဟယ်က အာမခံလိုက်၏။

အဖေဝိန်က ခေါင်းငြိမ့်ပြလိုက်သည်။

လင်မယားနှစ်ယောက်သား တစ်နာရီကျော်လောက် ထိုင်ပြီးမှ ထပြန်သွားကြသည်။ လင်းချင်းဟယ်က သူတို့ကို အိမ်အောက်ထပ်ထိ လိုက်ပို့ပြီးမှ အိမ်ပြန်သွား၏။

ကျိုးချင်းပိုင်နှင့် ကျိုးခိုင်တို့က ကိုးနာရီမတိုင်ခင်အထိ ပြန်မလာကြသေးပါ။ ကျိုးချင်းပိုင်က ထိုအချိန်မှ ဆိုင်ပိတ်သည်။ နွေရာသီတွင် ဆိုင်ကို နောက်ကျမှ ပိတ်ကြ၏။

"နင့်ဒေါ်လေးဝိန်က အရမ်းအမြော်အမြင်ရှိတာပဲ။ နင့်အတွက် ဂျင်ဆင်းပြား အထုပ်လိုက် ယူလာပေးတယ်။ တောရိုင်းဂျင်ဆင်းစစ်စစ်တဲ့။" ဟု လင်းချင်းဟယ်က သားကြီးကို ပြောလိုက်သည်။

ကျိုးခိုင်က သွားပေါ်အောင် ပြုံးလိုက်သည်။ "အမေနဲ့ အဖေတို့ပဲ စားလိုက်ပါ။ ကျွန်တော်က အဲ့ဒါမျိုးတွေ မလိုပါဘူး။"

"နင့်ကို နည်းနည်းပေးပြီး ကျန်တာကို နင့်အဖေကို ကျွေးမှာပါ။" ဟု လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက ကောင်မလေး မရှိသော ကောင်လေးတစ်ယောက်ပဲ မဟုတ်ပါလား။ ဘာအားရှိစရာလိုလို့လဲ။ အားအရှိလွန်သွားလို့လည်း မကောင်းပါ။

ဒါကို သူမနှင့် ချင်းပိုင်တို့ တစ်ခါတစ်လေ စွပ်ပြုတ်ထဲ ထည့်သောက်ပြီး အာဟာရရှိအောင် ချန်ထားလိုက်မည်။

အာဟာရအကြောင်း ပြောခါမှ လင်းချင်းဟယ်သည် ဒီနှစ်ထဲ တောင်ပိုင်းသွားပြီး ငါးကြီးဆီနှင့် အခြားပစ္စည်းများ သွားရှာရဦးမည်ဖြစ်သည်။ ၎င်းက ရတနာရှစ်ပါးထဲမှ တစ်ပါးဖြစ်ပြီး အသားအရေအတွက် အလွန်ကောင်းမွန်သော အရင်းအမြစ်ဖြစ်ပါသည်။

ရှိပါက သူမ အနည်းငယ် ဝယ်လာခဲ့မည်။ ထို့အပြင် ဒရယ်ဦးချိုနှင့် အခြားပစ္စည်းများလည်း ဝယ်ပါဦးမည်။

ကျိုးကွေ့လိုင်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲက မကြာမီ အဆုံးသတ်သွားခဲ့ပါပြီ။ စာမေးပွဲပြီး ဒုတိယနေ့တွင် ဝမ်ယွမ်နှင့် အဘိုးဝမ်တို့နှင့်တွေ့ကာ ကားဖြင့် ရေပူစမ်းသို့ သွားခဲ့ကြ၏။

လင်းချင်းဟယ်ကလည်း မတားပါ။ သူတို့ သွားချင် သွားကြပါစေ။ အပန်းဖြေခြင်းကလည်း ကောင်းမွန်ပါသည်။ သူမ၏ သားငယ်ကက ဒီနှစ် ကောလိပ်သွားရတော့မည် ဖြစ်သဖြင့် အပန်းဖြေသင့်ပါသည်။

လင်းချင်းဟယ်က ထိုနေ့ အတန်းစောစော ပြီးသဖြင့် အထည်ဆိုင်သို့ လာခဲ့၏။ စာရင်းများ စစ်ပြီးနောက် ဝမ်ယွမ်အကြောင်း ကျိုးအာ့နီနှင့် ပြောခဲ့သည်။

"ဘာအစီအစဥ်တွေ ရှိကြတုန်း။" ဟု လင်းချင်းဟယ်က ပြုံးကာ မေးလိုက်သည်။

ဝမ်ယွမ်က သူမ၏ တူမကို တကယ်ဂရုစိုက်မှန်း ပြောနိုင်ပါသည်။ ကျိုးမိသားစု တစ်စုလုံးကလည်း ဝမ်ယွမ်ကို သဘောကျသည်ကို ပြောစရာမလိုပါ။

"နောက်နှစ်ပေါ့။" ကျိုးအာ့နီက အနည်းငယ် ရှက်နေသည်။ သူမအလိုအတိုင်းဆိုလျှင် အသက် ၂၂ နှစ် ရောက်သည့်အထိ တွဲချင်သော်လည်း ဝမ်ယွမ်၏ လက်ထပ်ချင်သည့် ဆန္ဒကို မတွန်းလှန်နိုင်ခဲ့ပေ။

ထို့ကြောင့် သူမသည် ဝမ်ယွမ်ကို အလျှော့ပေးလိုက်ပြီး နောက်နှစ်ကျ လက်ထပ်ကြမည်ဟု ပြောခဲ့ပါသည်။

"နောက်နှစ်ပေါ့လေ။ နင်လည်း တရားဝင် အရွယ်ရောက်နေပါပြီ။ အဲ့ဒီအချိန်ကျ လက်ထပ်စာချုပ်ရဖို့ ပြဿနာမရှိနိုင်ပါဘူး။" ဟု လင်းချင်းဟယ်က ပြုံးလိုက်သည်။

သူ့တူမ၏ မင်္ဂလာပွဲကို များစွာ ထောက်ခံပါသည်။

"ဝမ်ယွမ်မိသားစုက..." ကျိုးအာ့နီက အနည်းငယ် တွန့်ဆုတ်ဆဲဖြစ်သည်။

"ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာ မရှိပါဘူး။ နင့်ဘဝကို ဘယ်လိုနေထိုင်မလဲဆိုတာရယ် ဝမ်ယွမ်က နင့်ကို တကယ်ချစ်ရဲ့လား ဆိုတာရယ် အပေါ်မှာပဲ မူတည်တယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်၏။

အမျိုးသမီးများမှာ ဘဝတွင် အခက်အခဲများစွာ ကြုံတွေ့ကြရ၏။ ထို့အပြင် အမျိုးသမီးများက အခြားအမျိုးသမီးများကို ခက်ခဲအောင်လည်း လုပ်တတ်ကြသေးသည်။ လိင်တူတွန်းကန်ခြင်းက မတားဆီးနိုင်သော ကိစ္စ ဖြစ်ပါသည်။

အထူးသဖြင့် ယောက္ခမနှင့် ချွေးမ ဆက်ဆံရေးမျိုးတွင်ဖြစ်သည်။

အပြင်လူများ၏ အမြင်တွင်တော့ အမေကျိုးက အရမ်းဆိုးသော ယောက္ခမ မဟုတ်ပေ။ သို့သော် လင်းချင်းဟယ်၏ စိတ်တိုလွယ်မှုက သူမကို သည်းမခံနိုင်ပါ။ သူမကို မြို့ပေါ်ခေါ်လာပြီး မိသားစုလို နေထိုင်ဖို့ ဝတ္တရားကျေပွန်ခဲ့သော်လည်း ခပ်ဝေးဝေးတွင် စီစဥ်ပေးခဲ့သည်။

"ဝမ်ယွမ်က နင့်အဘိုးနဲ့အဘွားတို့အိမ်နားမှာ အိမ်တစ်လုံး ဝယ်ထားတယ်လို့ကြားတယ်။ အဲ့အိမ်က အရမ်းကောင်းတယ်လို့ နင့်ဒေါ်လေး ပြောတာလည်း ကြားတယ်။ အိမ်ခြံက ကျယ်ပြီး သန့်နေတာပဲတဲ့။ ပရိဘောဂတွေလည်း နေရာချပြီးသား။ အနာဂတ်ကျရင် နင် အဲ့မှာပဲ နေရမှာပေါ့။ ဝမ်ယွမ်က သူ့ကိုယ်ပိုင်စက်ရုံဖွင့်ဖို့ အိမ်ကနေ ထွက်လာခဲ့ပြီးသားလေ။ နင်တို့နှစ်ယောက် နှစ်ကုန်တိုင်း တစ်ခေါက်လောက်ပဲ သူတို့ဆီ သွားလည်ကြရမှာ မဟုတ်လား။ သူ့ဖက်က မလွန်လာသေးသ၍ မျက်စိတစ်ဖက်ဖွင့် တစ်ဖက်မှိတ် လုပ်လိုက်ပေါ့။" ဟု လင်းချင်းဟယ်က ညွှန်ကြားလိုက်သည်။

ဝမ်ယွမ်က အလွန်ကောင်းမွန်သည်ဟု သူမ ခံစားမိပါသည်။ ထို့ကြောင့် ထိုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။ ဝမ်ယွမ်ထက် ပိုကောင်းသောလူကို ရှာဖို့ မလွယ်ကူပါ။ အတည်ပြောခြင်းဖြစ်ပါသည်။

ထို့ကြောင့် ပြီးပြည့်စုံသော အိမ်ထောင်ရေး မဟုတ်ပါက ကိုယ်တိုင် ပိုကောင်း ပိုသန်မာအောင် ကြိုးစားနိုင်ပါသည်။ ဘယ်လို ပြင်ပ အခက်အခဲများရှိပါစေ ဖြေရှင်းနိုင်ပါသည်။

ဘဝက ဒီလိုပဲဖြစ်သည်။ ဘဝကောင်းကောင်း ရရှိဖို့က အဓိကကျပါသည်။

"ဟုတ်ကဲ့" ကျိုးအာ့နီက ခေါင်းငြိမ့်လိုက်သည်။

"ဒါပေမယ့် သည်းမခံသင့်တာကိုတော့ သည်းမခံနဲ့နော်။ ဒါက ကိုယ့်ကိုယ်ကို ထိခိုက်စေတယ်။ နားလည်လား။ လွန်လာရင် ပြန်သာ တုန့်ပြန်လိုက် ယဥ်ကျေးနေစရာမလိုဘူး။" ဟု လင်းချင်းဟယ်က အကြံပေးသည်။

ကျိုးအာ့နီက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ပါသည်။ ဒီလိုအရာမျိုးကို စတုတ္ထဒေါ်လေးသာ သင်ပေးနိုင်သည်။

"လာမယ့်နှစ်သစ်ကူးကျ ဝမ်ယွမ်ကို အိမ်ခေါ်သွားမှာလား။" ဟု လင်းချင်းဟယ်က မေးလိုက်၏။

"သူပြောထားတယ်။" ကျိုးအာ့နီက ခေါင်းငြိမ့်၏။

လင်းချင်းဟယ်က ပြုံးကာပြောလိုက်သည်။ "ရတယ်။ သူ့ကို နင့်မိဘတွေနဲ့ တွေ့ပေးဖို့ ခေါ်သွားလိုက်ပေါ့။ သူတို့ ဓာတ်ပုံတော့ မြင်ပြီးပြီ။ ဒါပေမယ့် သူ့ကို လူကိုယ်တိုင်တော့ မတွေ့ဖူးကြသေးဘူး။"

ထိုအထိပြောပြီးသွားသောအခါ သူမ မနေနိုင်ဘဲ ရယ်မိသည်။ "အရင်တစ်ခေါက် ဖုန်းနဲ့ နင့်အမေကို စကားပြောတုန်းကတော့ နင့်အမေလေသံကြည့်ရတာ ကျေနပ်နေတဲ့ပုံပါပဲ။"

ကျိုးအာ့နီက ဝမ်ယွမ်၏ ကြွားဝါသော ပုံစံကို မြင်ယောင်မိသဖြင့် ပြုံးလိုက်မိသည်။

"သူ့ကို အိမ်ခေါ်သွားတာ ကောင်းပါတယ်။ ဝမ်ယွမ်က ကျောက်ကျွင့်နဲ့မတူဘူး။ သူက နင့်ကိုချစ်တယ်။ နင့်စတုတ္ထဦးလေးနဲ့ ငါလည်း သူနဲ့ စကားပြောဖူးပါတယ်။ သူက အဲ့လိုလူမျိုးမဟုတ်လို့ သိပ်စိတ်မပူနဲ့။" ဟု လင်းချင်းဟယ်က နှစ်သိမ့်လိုက်၏။

"ဟုတ်ကဲ့" ကျိုးအာ့နီက ခေါင်းငြိမ့်သည်။

သူမက ထိုကိစ္စများကို စိတ်မပူပါ။ ဝမ်ယွမ်က သူမထက် ခြောက်နှစ်ကြီးသော်လည်း သေချာပေါက် အပြင်လူများရှေ့တွင် ရင့်ကျက်တည်ငြိမ်သည်။ သူမနှင့် နှစ်ဦးတည်း ရှိစဥ်တွင်တော့ ကလေးတစ်ယောက်လို အရှက်မရှိ ပြုမူတတ်ပါသည်။

သို့သော် သူ့အကြောင်း တွေးမိတိုင်း ကျိုးအာ့နီ ပြုံးမိပါသည်။

သူမ၏ တူမကို ဒီလိုပုံစံဖြင့် မြင်ရသောအခါ လင်းချင်းဟယ် စိတ်အေးသွားပါသည်။ ဒါမျိုးကသာ လူတစ်ယောက်ကို တကယ်ချစ်မိခြင်းဖြစ်သည်။ ရှုရှန့်မိန်နှင့် ကျောက်ကျွင့်အပေါ် သူမ၏ တုန့်ပြန်မှုတို့နှင့် နှိုင်းယှဥ်ကြည့်ဖို့ပင် မတန်ပါ။

All Chapters