← Chapters

ပင်လယ်စာ လုပ်ငန်း

Vol. 32 Ch. 441

ပင်လယ်စာ လုပ်ငန်း

Vol. 32 Ch. 441

အခန်း(၄၄၁) - ပင်လယ်စာ လုပ်ငန်း

လင်းချင်းဟယ်က သူ့သား၏ အတွေးများကို ဂရုမစိုက်ပါ။ သူ့ကို မချုပ်ချယ်ဘဲ သူ့ဖာသာသူ စီစဥ်ခိုင်းပါသည်။

တကယ်တော့ ငွေရေးကြေးရေးအပိုင်းတွင် လင်းချင်းဟယ်က သူ့သားသုံးယောက်ကို အလွန်အလိုလိုက်ထားသည်။ အခြားမိသားစုများလို တစ်ပြားတစ်ချပ်မှ မပေးခြင်း မဟုတ်ပါ။ ကလေးများကလည်း ပိုက်ဆံစုကာ သူတို့တကယ်လိုချင်သော အရာများကို ဝယ်တတ်သည်။

လင်းချင်းဟယ်က ၎င်းကို အားပေးပါသည်။

နေ့ရက်များ ကုန်ဆုံးသွားပြီး နွေရာသီ အားလပ်ရက်သို့ ရောက်လာပြီ ဖြစ်သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က တောင်ပိုင်းသို့ တန်းမသွားကြပေ။ လင်မယားနှစ်ယောက် ဆိုင်ကို သားငယ်အား အပ်ထားခဲ့၏။ ထို့နောက် ရေသွားကူးကြသည်။ ရုပ်ရှင် ဘာညာ ကြည့်လိုက်ကြသည်။ တောင်ပိုင်းသို့ မသွားခင် နှစ်ရက်လောက် အပန်းဖြေခဲ့ကြပါသည်။

သူတို့နှစ်ယောက် တောင်ပိုင်းသို့ ထွက်သွားသောအခါ ကျိုးကွေ့လိုင်က အဘိုးဝမ်ကို ဆိုင်သို့ ဖိတ်ကာ အကူအညီတောင်းရသည်။ "ခေါင်းကိုင်အဘိုးရေ ကျွန်တော့်ကို ကူညီပါဦး။ အစ်ကိုကြီးက အိမ်မှာ မရှိဘူး။ အစ်ကိုလတ်ကလည်း စာလိုက်သင်ပေးနေပြန်ပြီ။ ကျွန်တော့်ရဲ့ ရိုမန့်တစ်အဆန်ဆုံး မိဘတွေကလည်း တောင်ပိုင်းကိုထွက်သွားပြီး ဝန်ထုပ်ဝန်ပိုးတွေ ပစ်ချထားခဲ့တယ်။ အဘိုးနဲ့ အဘွားကလည်း ကျွန်တော့်ဒေါ်လေးရဲ့ ကလေးတွေကို ကူကြည့်ပေးရတယ်။ ချန်းချန်းနဲ့ အခြားသူတွေက ကျောင်းသွားကျောင်းပြန်နဲ့ မအားကြဘူး။"

ထို့ကြောင့် တွက်ချက်ကြည့်သောအခါ သူ့ကို လာရောက်ကူညီနိုင်သည်မှာ အဘိုးဝမ်သာ ရှိပါတော့သည်။

အဘိုးဝမ်တွင် အားလပ်ရက် မရှိပါ။ ကျောင်းစာကြည့်တိုက်ကလည်း မပိတ်သေးပေ။ သို့သော် ထိုနေရာတွင် သူတစ်ယောက်တည်း မဟုတ်သဖြင့် နှစ်လလောက်ခွင့်ယူပြီး ကျိုးကွေ့လိုင်ကို လာကူညီလိုက်၏။

တကယ်တော့ သူကူညီစရာလည်း များများစားစား မရှိပါ။ ပိုက်ဆံရှင်းဖို့နှင့် ငွေအမ်းဖို့သာ ကူညီရသည်။ ထို့နောက် လက်ဆေးကာ ဖက်ထုပ်ထုပ်ဖို့ ကူညီသည်။ မခက်ခဲပါ။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ သူတို့တာဝန်များကို ပစ်ထားခဲ့သည်မှာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါ။ ယခုက ပိုမို စိတ်အေးလက်အေးဖြင့် ပစ်ထားခဲ့ခြင်း ဖြစ်သည်။ လုံးဝ ဝန်ထုပ်ဝန်ပိုးမရှိဘူးဟု ခံစားနေကြရသည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်သား ရထားတွဲထဲတွင် ရှိနေကြ၏။

လင်းချင်းဟယ်က ပန်းသီးကို ကိုက်လိုက်ပြီး မေးလိုက်သည်။ "ဒီတစ်ခေါက် ဆိပ်ကမ်းကို သွားပြီး ပင်လယ်စာတွေ ရှိမလား ကြည့်ကြရအောင်။"

"အင်း" ကျိုးချင်းပိုင်က ခေါင်းငြိမ့်၏။ သူက သတင်းစာဖတ်နေသည်။ သတင်းစာဖတ်နေရင်း မျက်မှောင်ကြုတ်သွား၏။

"ဘာဖြစ်လို့လဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"ကြည့်ရတာ လူတွေအများကြီး အလုပ်ထုတ်ခံရတယ်ထင်တယ်။" ဟု ကျိုးချင်းပိုင် ပြောလိုက်သည်။

လင်းချင်းဟယ် မအံ့သြပါ။ စုတာ့လင်း၏ စက်ရုံက ဆိုးဆိုးရွားရွား အခြေအနေဖြင့် ကြုံတွေ့နေသောကြောင့် သူအလုပ်ထွက်ကာ ကလေးများကိုခေါ်ပြီး ကျိုးရှောင်မိန်နှင့် အတူတူ မြို့တက်လာခဲ့ခြင်း မဟုတ်ပါလား။

ထို့အပြင် ဒီအချိန်ကာလက အလုပ်သမားများစွာ အလုပ်ထုတ်ခံရသော ကာလဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပေါ်ပေါက်လာသော ကိုယ်ပိုင် စက်ရုံလုပ်ငန်းများက အလုပ်အကိုင် အခွင့်အလမ်းတချို့ကို ဖန်တီးပေးနေပါသည်။ အခြေအနေကို ကောင်းကောင်း နားလည်ထားကြသည်။ လူများစွာက စီးပွားရေးလမ်းမပေါ်သို့ စတင်ထွက်ခွာနေကြလေပြီ။ ဒါကသာ လွတ်လမ်းဖြစ်လိမ့်မည်။

ကျိုးချင်းပိုင်က သတင်းစာကို ပိတ်လိုက်ပြီး ပြောလိုက်၏။ "ယွမ် တစ်သောင်းတန် အိမ်ရာတွေက အခု မရှားတော့ဘူးပဲ။"

သူ့ရင်ထဲတွင်လည်း အလွန် တုန်ခါနေသည်။ ဘာပဲဖြစ်ဖြစ် နှစ်အနည်းငယ်ပဲ ရှိသေးတယ် မဟုတ်လား။ ယွမ် တစ်သောင်းတန် အိမ်ရာများက ၁၉၇၉ ခုနှစ်တွင် ရှားပါးခဲ့သော်လည်း ယခုနှစ် ၁၉၈၃ တွင် ယွမ် တစ်သောင်းတန်အိမ်များကို သတင်းစာများထဲမှာပင် စုပုံကာ ထည့်လို့ရနေပြီဖြစ်သည်။

လင်းချင်းဟယ်က ရယ်မောလိုက်သည်။ "ယွမ် တစ်သောင်းက ချမ်းသာတာ မဟုတ်ဘူး။ ယွမ် တစ်သောင်းဆိုတာ စမှတ်ပဲရှိသေးတယ်။ ယွမ် တစ်သန်းကိုမှ ချမ်းသာတယ်လို့ ခေါ်တယ်။ အဲ့ဒီဆိုရိုးစကားရှိတယ်လေ။"

လောလောဆယ် ရေပန်းမစားသေးသော စကားဖြစ်သော်လည်း အနာဂတ်တွင် ရေပန်းစားလာမည့် စကား ဖြစ်ပါသည်။

ကျိုးချင်းပိုင်က သူ့မိန်းမသာ တက္ကသိုလ်သို့ ရောက်ရှိပြီး မိသားစုကို ခေါ်ထုတ်မလာနိုင်ခဲ့ပါက သူ့အမြင်များ ဒီလောက်ထိ ကျယ်ပြန့်လာလိမ့်မည် မဟုတ်သည်ကို တွေးတောမိပါသည်။

ရွာတွင် ယွမ်တစ်သောင်းတန် အိမ်ရာကို လိုချင်ပါက ကြိုးစားနိုင်ပါသည်။ သို့သော် ရွာတွင် ယွမ် တစ်သောင်းရဖို့က မလွယ်မှန်း သူသိသည်။

"စိတ်မပူပါနဲ့။ ကျွန်မ နေရာကောင်းကောင်း တစ်ခုမှာ မြေကွက်နည်းနည်းလောက် ဝယ်ထားပြီး သိမ်းထားလိုက်မယ်။ ပြီးရင် အဆောင်နည်းနည်း ဆောက်ပြီး ပေကျင်းခရီးသွားတွေကို ငှားမယ်လေ။ ကျွန်မတို့ အသက်ကြီးလာပြီး အလုပ်မလုပ်နိုင်တော့တဲ့ အချိန်ကိုရောက်ရင် ပိုက်ဆံမရှိမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။" ဟု လင်းချင်းဟယ်က ယောက်ျားကို နှစ်သိမ့်လိုက်သည်။

ကျိုးချင်းပိုင်က ပြုံးလိုက်၏။

လင်းချင်းဟယ် သူ့လက်မောင်းပေါ်တွင် မှီလိုက်သည်။ အိမ်ရှင်ကြီးတစ်ယောက်အဖြစ် နေထိုင်ခြင်းက သူမ လိုချင်သော ဘဝ မဟုတ်ပါလား။

ဘောင်းဘီရှည်ဝတ်၊ စလစ်ပါစီးပြီး လက်ထဲတွင် သော့များစွာကိုင်ပြီး အိမ်လခ တောင်းဖို့ကို ညည်းတွားနေရခြင်းက အတော်လေး ပျော်ဖို့ ကောင်းနိုင်ပါသည်။

လင်မယားနှစ်ယောက်သား တောင်ပိုင်းသို့ ရောက်လာကြ၏။ သူတို့ မြို့ပြင်သို့လာပြီး ဘယ်သူမှမရှိချိန်အထိ စောင့်ကာ ထရပ်ကားကို ထုတ်ပြီး မောင်းလာခဲ့သည်။

ပြန်လည်ရောင်းချခြင်းနေ့ရက်များ စတင်ခဲ့ပါပြီ။

ယခုကာလတွင် အားလုံးက ပိုပိုပြီး ချမ်းသာလာကြပြီဖြစ်သည်။ ယွမ် ရာကျော် ကုန်ကျသော အရောင်စုံတီဗီများကိုတောင် ဝယ်ယူလိုချင်နေကြဆဲဖြစ်သည်။

တိပ်ခွေဖွင့်စက်များ၊ လျှပ်စစ်ပန်ကာများ၊ နာရီများ စသည်တို့ ပါဝင်သည်။ ထိုပစ္စည်းများက ဝယ်ယူပြီးသောအခါ ပြန်လည်ရောင်းချနိုင်ဖို့ အလွန်လွယ်ကူပါသည်။

ဒီနှစ်တွင် သူတို့ မနှစ်ကထက် ငွေပိုရှာနိုင်ခဲ့သည်။ ထိုနေ့ည လင်မယားနှစ်ယောက်သား တည်းခိုခန်းတွင် ငွေရေသောအခါ ယွမ် ၄၀,၀၀၀ နီးပါး ရခဲ့ပါသည်။

အလွန်ပင်ပန်းရသော်လည်း ပြန်လည်ရောင်းချသူအဖြစ် ဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးက ငွေရ အလွန်မြန်ဆန်ခြင်းဖြစ်သည်။

တစ်ည အနားယူပြီးနောက်တွင် သူတို့နှစ်ယောက်သား မော်တော်ဆိုင်ကယ်တစ်စီးဝယ်ဖို့ မောင်းထွက်လာခဲ့ကြ၏။ တတိယအစ်ကိုအတွက် မော်တော်ဆိုင်ကယ်တစ်စီး အပြင် သူတို့ ဓာတ်ဆီပုံးအချို့ ထပ်ဝယ်ခဲ့ပါသေးသည်။ ထို့နောက် သူတို့လမ်းကြောင်း ပြောင်းလိုက်ပြီး ဆိပ်ကမ်းသို့ ပင်လယ်စာ ဝယ်ရန် လာခဲ့သည်။

"ပင်လယ်စာ ဟုတ်လား။ ခင်ဗျားတို့ နေရာမှန် ရောက်လာကြတာပဲ။ ပင်လယ်ခရုခြောက်တွေ၊ ပင်လယ်မျှော့ခြောက်တွေ၊ ကင်းမွန်ခြောက်တွေ အားလုံး ရပါတယ်။ ငါးကြီးဆီကော လိုချင်သေးလား။ ငါးကြီးဆီကြီးတွေ ရှိတယ်နော်။ အရည်အသွေးကလည်း ကောင်းသလား မမေးနဲ့။ အမျိုးအစားတွေလည်း အများကြီးပဲ။ ဆရာသမားနှစ်ယောက် ဘာလိုချင်လဲ။" ပင်လယ်စာ ဘော့စ်က အလွန်တက်ကြွစွာ ပြောလိုက်သည်။

တက်ကြွမှာပေါ့။ သူတို့က ထရပ်ကားကြီးနဲ့ လာခဲ့ကြတာကိုး။

"ကျွန်မတို့ကို အရင်ဆုံး လိုက်ပြပါဦး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"ပြဿနာ မရှိပါဘူး။" ပင်လယ်စာ ဘော့စ်က ခေါင်းငြိမ့်လိုက်ပြီး လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကို လှည့်ပတ် ပြသလိုက်သည်။

တစ်ပတ်လောက် ပြသပြီးသွားသောအခါ လင်းချင်းဟယ်သည် မနေနိုင်တော့ဘဲ ပင်လယ်စာလုပ်ငန်းကို လုပ်ချင်မိသွားသည်။ သူမ ပြောလိုက်၏။ "ဘော့စ် ရှင့်မှာ ပင်လယ်စာ အပြည့်အစုံကို ရှိတာပဲနော်။ အကုန်လုံးကို ရှိနေတာပဲ။"

"ဘာမှ မဟုတ်ပါဘူးဗျာ။ မဟုတ်ရင် နေရာမှန်ရောက်လာကြတာပဲလို့ ကျွန်တော် ဘာကြောင့် ပြောမှာလဲ။ ဒါက ဒီနယ်မြေအတွင်းမှာ အကြီးဆုံး ပင်လယ်စာထုတ်ကုန်လုပ်ငန်းကြီးပဲ။" ဟု ပင်လယ်စာ ဘော့စ်က ပြန်ပြောလိုက်သည်။

"ရှင် ရထားဘက်နဲ့ကော ပူးတွဲဆောင်ရွက်နေတာလား။" ဟု လင်းချင်းဟယ်က မေးလိုက်၏။

"ဘာကို ပြောချင်တာလဲဗျ။" ဟု ပင်လယ်စာ ဘော့စ်က ကြောင်သွားသည်။

"ကျွန်မတို့က မြို့တော်ကလေ။ အဲ့မှာလည်း ကျွန်မတို့ရဲ့ ပင်လယ်စာဆိုင်တစ်ဆိုင်ရှိတယ်။ ဒါပေမယ့် ရွေးချယ်စရာကတော့ နည်းတယ်။ အဲ့တောကြောင့် ရှင်နဲ့အတူတူ ပူးပေါင်းဆောင်ရွက်ချင်လို့ပါ။" ဟု လင်းချင်းဟယ်က ရှင်းပြလိုက်၏။

တာလျန်သို့သွားပြီး ကြည့်ဖို့ တွေးနေ၏။ ထိုနေရာက ပင်လယ်စာနှင့် ပတ်သတ်လာလျှင် ပြိုင်ဘက်ကင်း ကြွယ်ဝပါသည်။

"မြို့တော်ကကိုး။ အဲ့တာကြောင့် ခင်ဗျားတို့ရဲ့ လေသံက နည်းနည်း ထူးဆန်းနေတာ။" ပင်လယ်စာ ဘော့စ်က အံ့အားသင့်သွား၏။ ထို့နောက်တော့ မထူးဆန်းတော့ပါ။ အားလုံးကို ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ သူ အနည်းငယ် တွန့်ဆုတ်နေမိ၏။ "နေရာက ဝေးလွန်းနေတယ်။ ခင်ဗျားတို့ဆီ ပို့ဆောင်ပေးဖို့က ပြဿနာတော့ မရှိပါဘူး။ ဒါပေမယ့် အော်ဒါတင်တိုင်း ပမာဏတော့ အများကြီး တင်မှ ဖြစ်မယ်။ မဟုတ်ရင် ပို့ဆောင်ခနဲ့ ကိုက်မှာ မဟုတ်ဘူး။ ပြီးတော့ အလုပ်သမားနှစ်ယောက်ကိုလည်း ပို့ခိုင်းရဦးမှာလေ။"

"အော်ဒါတစ်ခေါက်ကို ၁,၀၀၀ အောက် မနည်းစေရပါဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"အဲ့တာ နည်းနည်း နည်းသေးတယ်။ မကာမိဘူးနော်။" ပင်လယ်စာ ဘော့စ်က ခေါင်းခါလိုက်သည်။

"တစ်ထောင်က နည်းတာလား။" ကျိုးချင်းပိုင်က သူ့ကို လှည့်ကြည့်လိုက်၏။

ပင်လယ်စာ ဘော့စ်က သူ့ကို မပီမသ မန်ဒရင်းစကားဖြင့် ပြန်ပြောလိုက်သည်။ "ဒါပေါ့။ နည်းတာပေါ့။ ဒီပင်လယ်စာတွေက အရမ်းစျေးကြီးတာ ကျွန်တော်က လက်ကားစျေးနဲ့ အိမ်တိုင်လာရောက် ပို့ဆောင်ပေးတာလေ။ အဲ့တာကြောင့် အော်ဒါ အနည်းဆုံး ၂,၀၀၀ ကနေ စမှဖြစ်မယ်။"

လင်းချင်းဟယ်က ထွက်ကုန် မျိုးစုံ၏ စျေးနှုန်းကို မေးကြည့်လိုက်သည်။ ၎င်းတို့အနက် ပင်လယ်ခရုခြောက်များနှင့် ပင်လယ်မျှော့များကတော့ တကယ်ပဲ စျေးကြီးပါသည်။ ငါးကြီးဆီကလည်း အရည်အသွေးမျိုးစုံရှိနေပြီး အကောင်းဆုံးက စျေးကြီးသည်။

ထို့ကြောင့် အကောင်းဆုံးကို ဝယ်ပါက အော်ဒါ ၂,၀၀၀ မှာ အများကြီးတော့ မဟုတ်ပါ။

"ကျွန်တော်တို့အားလုံးက စီးပွားရေးသမားတွေပဲဗျာ။ အနည်းဆုံး ယုံကြည်မှုတော့ လိုအပ်တာပေါ့။ ကျွန်တော် အများကြီး မတောင်းဆိုပါဘူး။ ပစ္စည်းတွေ ရောက်မှ စာရင်းရှင်းကြမယ်။ ဒါပေမယ့် ပစ္စည်းတွေ လာပို့လို့ ဘယ်သူမှ မရှိဘူးဆိုရင် ကျွန်တော် အလိမ်ခံရပြီး ကျွန်တော်တို့လူတွေရဲ့ ခရီးစဥ်ကလည်း အလကားဖြစ်သွားပြီ။ အဲ့တာကြောင့် နောက်ကို ဒီမှာ ဘယ်တော့မှ လာဝယ်ဖို့ မစဥ်းစားနဲ့။ အခြားလုပ်ငန်းတွေကလည်း ခင်ဗျားတို့ကို ရောင်းမှာ မဟုတ်တော့ဘူးဗျ။" ဟု ပင်လယ်စာ ဘော့စ်က ပြောပြလိုက်ပါသည်။

All Chapters