အနားယူခြင်း
Vol. 32 Ch. 442
အခန်း(၄၄၂) - အနားယူခြင်း
လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ "စီးပွားရေးလုပ်တဲ့အခါ ယုံကြည်ထိုက်အောင် နေရမှာပေါ့။ ရှင့်လူတွေရဲ့ ခရီးစဥ်ကို အလကား မဖြစ်စေရပါဘူး။ ကျွန်မတို့အတွက်လည်း အကျိုးမရှိဘူး။ ဘယ်သူက အဲ့လို ယုတ်မာတာမျိုးကို လုပ်မှာလဲ။"
"ခင်ဗျားတို့တွေက လူကောင်းတွေနဲ့ တူပါတယ်။ အဲ့တာကြောင့် ကျွန်တော်ယုံပါတယ်။ ဒါပေမယ့် အခြားသူသာဆိုရင်တော့ ကျွန်တော်ယုံမှာမဟုတ်ဘူးဗျ။" ဟု ပင်လယ်စာ ဘော့စ်က ပြုံးကာ ပြန်ပြောလိုက်ပါသည်။
ဒီတစ်ခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ပင်လယ်စာခြောက် ထရပ်ကားတစ်စီး အပြည့် ဝယ်လာခဲ့သည်။ အားလုံးကို ဗူးများဖြင့် ထုတ်ပိုးထားခြင်းဖြစ်၏။ အားလုံးကို ပေါင်းကြည့်လိုက်သောအခါ စုစုပေါင်း ဝယ်ယူသည့် ငွေပမာဏက ယွမ် ၃,၀၀၀ နီးပါး ရှိပါသည်။
ပင်လယ်စာဘော့စ်က အရောင်းအဝယ် အများကြီး လုပ်ဖူးသော်လည်း ဒီလို ယွမ် ၃,၀၀၀ ဖိုး ဝယ်ယူခြင်းက လတိုင်း မဖြစ်နိုင်ပါ။
"ဒီပင်လယ်ကဏန်းတွေက အခုလေးတင် ဖမ်းထားတာပဲ။ နောက်ပိုင်း လုပ်ငန်း အတူတူ တွဲလုပ်ဖို့အတွက် လက်ဆောင်အနေနဲ့ ပေးလိုက်ပါ့မယ်။" ပင်လယ်စာ ဘော့စ်က အပျော်လွန်နေပါသည်။ ဒီနေ့ အော်ဒါ ကြီးကြီးမားမားကြီး ရောင်းထွက်ခဲ့သည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ယုံကြည်ရသည်ဆိုတာကို မြင်နိုင်သွားပါပြီ။ ထို့ကြောင့် သူရက်ရောဖို့ မတွန့်ဆုတ်တော့ပါ။
ရေခဲရိုက်၊ ချည်နှောင်ထားသော ကဏန်း သေတ္တာတစ်လုံးကို လက်ဆောင်ပေးလိုက်ပါသည်။
လင်းချင်းဟယ်ကလည်း မူမနေဘဲ လက်ခံလိုက်ပြီး ဖုန်းနံပါတ်လည်း တောင်းထားလိုက်သည်။ သူအော်ဒါမှာဖို့ လိုအပ်တိုင်း ဖုန်းဆက်မည်ဖြစ်၏။
ထို့နောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ကားမောင်းထွက်သွားကြပါသည်။
လမ်းတွင် ကျိုးချင်းပိုင်က ဇဝေဇဝါဖြစ်ပြီး မေးလိုက်သည်။ "ဘာလို့ ရုတ်တရက်ကြီး ပင်လယ်စာဆိုင် ဖွင့်ချင်သွားရတာလဲ။"
သူတို့ မလာခင်က ထိုဆိုင်သို့ သွားပြီး အိမ်မှာ စားဖို့အတွက်သာ ဝယ်ရန် စီစဥ်ထားခြင်းဖြစ်သည်။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်၏။ "တစ်ဆိုင် ဖွင့်လိုက်လို့ ဘာမှမဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မိသားစုလည်း စားကြမှာပဲ။ အဲ့တော့ တိုက်ဆိုင်တုန်း တစ်ဆိုင် ထပ်ဖွင့်လိုက်တာ မဆိုးပါဘူး။"
ဒါတွေက တောင်ပိုင်းမှလာသည့် အထူးထုတ်ကုန်များဖြစ်သည်။ မြို့တော်တွင် ရှိသော်လည်း အလွန် နည်းပါးပါသည်။
လင်းချင်းဟယ်က ဒီလို ပင်လယ်စာများကို သဘောကျတတ်သည်။ အားလုံးက ပင်လယ်စာခြောက်များဖြစ်သဖြင့် ကြာရှည်ခံပြီး အမြတ်ကလည်း မနည်းလှပါ။
အားလုံးကို ကုန်ကျမှုတစ်ဝက် အမြတ်တစ်ဝက်အဖြစ် ခွဲခြားနိုင်သည်။ တချို့ဆိုလျှင် ၆၀ ရာခိုင်နှုန်း
အမြတ်ပင် ရနိုင်ပါသည်။
ပစ္စည်းများက စျေးမပေါပါ။ တစ်ရက်တွင် အော်ဒါနည်းနည်းလောက် ရရုံနှင့် ထိုလတွင် ငွေအများကြီး ဝင်နိုင်မည်။
ထို့ကြောင့် လင်းချင်းဟယ်က ချက်ချင်း အကြံရသွားပြီး ဤလုပ်ငန်းကို လုပ်ချင်သွားခြင်း ဖြစ်ပါသည်။ သူတို့မိသားစုစားလျှင်လည်း အဆင်ပြေပြီး ဆိုင်ထပ်ဖွင့်ဖို့က အကျိုးရှိပါသည်။
ဘာပဲဖြစ်ဖြစ် လူတစ်ယောက်တည်းက လုပ်ငန်းပေါင်းစုံ လုပ်ကြည့်နိုင်သည်။ ကြိုးစားကြည့်လို့ ဘာမှမထူးပါ။
ဒီတစ်ခေါက် ပုစွန်များ၊ ပုစွန်ခြောက်များ အစရှိသဖြင့် ပါသည်။ အနောက်တွင် ထရပ်ကားတစ်စီးစာလုံး ပါလာခြင်း ဖြစ်ပါသည်။
ဆင်ခြေဖုံးသို့ရောက်သောအခါ လင်းချင်းဟယ်က ထရပ်ကားကို နေရာချလိုက်ပြီး စက်ဘီးစီးကာ ထွက်လာခဲ့ကြသည်။ လင်မယားနှစ်ယောက်သား ရထားဘူတာသို့ ထွက်လာခဲ့ကြ၏။ စက်ဘီးက သိမ်းဆည်းဖို့ လွယ်ကူပါသည်။ ဘယ်သူမှ မရှိသည့် ထောင့်တစ်နေရာ ရှာပြီးတော့သာ သိမ်းထားလိုက်ပါသည်။
အခုခေတ်ကာလတွင် စောင့်ကြည့်ကင်မရာ ဘာညာ မရှိသေးသဖြင့် ဘာမှကြောက်စရာမလိုပေ။
ရထားပေါ်တက်ပြီးနောက် သူတို့ရွာဘက်သို့ တန်းသွားခဲ့ပါသည်။
အလုပ်အများကြီးလုပ်ခဲ့ရသဖြင့် လင်းချင်းဟယ်သည် ပင်ပန်းနွမ်းနယ်ကာ ကျိုးချင်ပိုင်နှင့်အတူတူ အိပ်စက်ခဲ့သည်။
သူတို့နိုးလာသောအခါ မရောက်ကြသေးပါ။ ရထားက နှေးလည်းမနှေး မြန်လည်း မမြန်ပေ။ ၁၅နာရီနီးပါး ကြာမြင့်မည်ဖြစ်သည်။
သို့သော်လည်း မြို့တော်မှ ယန်ချန်းသို့ သွားဖို့ လေးရက်လုံးလုံး ကြာမြင့်ပါသည်။ ကြားထဲတွင် အချိန်တချို့ရှိသေးသော်လည်း မဝေးဘူးဟု ပြောလို့မရပါ။
ဘာပဲဖြစ်ဖြစ် ယခုခေတ်ပို့ဆောင်ရေးက နောက်ပိုင်း မျိုးဆက်များလို ပေါများပြီး မဖွံ့ဖြိုးသေးပေ။
သူတို့မြူနီစီပယ်မြို့သို့ ရောက်ေသာအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ဟိုတယ်တစ်ခု ရှာလိုက်ကြပြီး သက်တောင့်သက်သာ ရေချိုးကာ အိပ်ယာခင်းများ စောင်များ လဲပြီးနောက် အိပ်ယာဝင်ခဲ့ကြသည်။
လင်မယားနှစ်ယောက်သား နောက်တစ်နေ့ ၈ နာရီအထိ အိပ်ခဲ့ကြပြီးမှ နိုးလာခဲ့ကြသည်။
လင်းချင်းဟယ်ကို ကျိုးချင်းပိုင်က ပွေ့ဖက်ထား၏။ သူမ သန်းဝေကာ ပြောလိုက်သည်။ "ကျွန်မတို့ နောက်ပိုင်း ချမ်းသာလာလို့ကတော့ ဒီလို လျှောက်သွားမနေရတော့ပါဘူး။"
အခုချိန် သူမတို့ မိသားစုထဲတွင် ဥစ္စာပစ္စည်းများစွာ ရှိသော်လည်း ချမ်းသာသည်ဟု ပြောဖို့ကတော့ စောလွန်းနေပါသေးသည်။
"ဒီကုန်ခြောက်ဆိုင် ဖွင့်ပြီးရင် နောက်နှစ် ကိုယ်တို့ တောင်ပိုင်း မသွားတော့ဘူးလေ။" ကျိုးချင်းပိုင်က ပြောလိုက်၏။
"ဘယ်လိုလုပ်ဖြစ်မှာလဲ။" လင်းချင်းဟယ်က ခေတ္တ တုန့်ဆိုင်းသွားပြီး သူ့ကိုကြည့်လိုက်သည်။
ပင်ပန်းရသည်ကတော့ မှန်ပါသည်။ သို့သော် ညမြက်မစားရဘဲ မြင်းတစ်ကောင် မဝနိုင်သလို လူတစ်ယောက်လည်း အနာမခံဘဲ အသာမစံနိုင်ပါ။ ပင်ပန်းရသော်လည်း တောင်ပိုင်းသို့ လာသည့် ဒီခရီးစဥ်တွင် အမြတ်ငွေ ယွမ် ၄၀,၀၀၀ နီးပါးလောက် ရလိုက်သည်။
ဒီခေတ် ယွမ် ၄၀,၀၀၀ ဆိုတာ ဘယ်လောက် များလိုက်သလဲ။
သူမ၏ အထည်ဆိုင်နှင့် ဖျော်ရည်ဆိုင်များက အလွန်အမင်း အဆင်ပြေနေသည့်ပုံပေါ်ပြီး အမြတ်ကလည်း သေချာပေါက် မြင့်ပါသည်။ သို့သော် လစဥ်အလုပ်သမားစရိတ်ကို ဖယ်ထုတ်လိုက်သောအခါ တစ်နှစ်ကို တကယ်တန်း ဘယ်လောက်ရနိုင်မှာလဲ။
အနည်းငယ် ပင်ပန်းသော်လည်း ဒီလို အနာခံမှုမျိုးကို မလုပ်ဘဲနေနိုင်ပါ့မလား။
"နောက်ပိုင်း လုပ်ငန်းတွေ အရမ်းအဆင်ပြေလာမှာပါ။ ကိုယ်တို့ အိမ်ခြံကြီးတစ်လုံး ဝယ်ထားပြီးပြီပဲ။ ဒီလိုဆက်မလုပ်ကြရအောင်လေ။" ဟု ကျိုးချင်းပိုင်က ပြောလိုက်၏။
လင်းချင်းဟယ်က ခေတ္တ တုန့်ဆိုင်းသွားသည်။ သူ့မျက်နှာကိုကြည့်ရင်း သူမ တွန့်ဆုတ်နေမိ၏။
တကယ်တော့ ကျိုးချင်းပိုင်က အစကတည်းက သူမကို ဒီလိုလုပ်ခွင့်မပေးခဲ့ပါ။ သူမ လုပ်ချင်သည်ဟု ဆိုသောကြောင့်သာ သူမ နောက်လိုက်လာခဲ့ခြင်းဖြစ်ပါသည်။
မိသားစုအခြေအနေက သာမန်ဖြစ်ခဲ့ပြီး ကလေးများကိုလည်း ပျိုးထောင်ဖို့ လိုအပ်ခဲ့သဖြင့် သူ သဘောတူခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် ယခုတော့ အိမ်၏ အခြေအနေက အတော်လေး ကောင်းမွန်နေပါပြီ။ တကယ်ပဲ ကောင်းမွန်တာထက် ပိုပါသည်။
"အထည်ဆိုင်တွေ၊ ဖျော်ရည်ဆိုင်တွေ၊ ပြီးတော့ ဒီကုန်ခြောက်ဆိုင်၊ ပြီးတော့ ကိုယ့်ဖက်ထုပ်ဆိုင်ကော။ အဲ့ဒီဆိုင်တွေကိုသာ ကောင်းကောင်း စီမံလိုက်ရင် ဝင်ငွေက သေချာပေါက် များမှာပါ။ ငွေပြတ်လပ်မှာကို မဟုတ်ဘူး။" ဟု ကျိုးချင်းပိုင်က ပြောလိုက်၏။
လင်းချင်းဟယ်က သူ့ကို ကြည့်လိုက်သ်ည်။ ကျိုးချင်းပိုင်ကလည်း သူ့မိန်းမကို ပြန်စိုက်ကြည့်လိုက်၏။
"တကယ် နားတော့မှာလား။" လင်းချင်းဟယ်က သူ့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။
"ကိုယ်တို့မိသားစုက အနာဂတ်ကျရင် ငွေပြတ်လတ်မှာမှ မဟုတ်တော့တာ။ ကိုယ်လည်း ဖက်ထုပ်စျေးတွေကို ထပ်တိုးပါဦးမယ်။ တစ်လ ယွမ် ၅၀၀ လောက် အသာလေး ရပါတယ်။" ဟု ကျိုးချင်းပိုင်က အတည်ပေါက် ပြောလိုက်သည်။
လင်းချင်းဟယ် အစကတော့ အနည်းငယ် စိတ်ပျက်မိ၏။ သို့သော် သူ့စကားကြားသောအခါ မနေနိုင်ဘဲ ပြုံးမိသည်။ ထို့နောက် သူမ ပြန်ပြောလိုက်၏။ "ဒါဆိုလည်း မြှင့်မြှင့်။ စျေးက တိုးဖို့လိုတယ်။"
"တကယ် နားတော့မှာလား။" ကျိုးချင်းပိုင်၏ အကြည့်က သူမအပေါ်တွင် ရှိနေဆဲ။
"ရှင်က နားမယ်ဆိုတော့ နားကြတာပေါ့။ ကျွန်မ ရှင့်စကား နားထောင်ပါ့မယ်။" ဟု လင်းချင်းဟယ်က သူ့လက်မောင်းပေါ်မှီကာ ပြန်ပြောလိုက်ပါသည်။
တကယ်တော့ သူမ၏ အကျင့်စရိုက်မျိုးနှင့် အစကတည်းက သူမကို ပြန်လည်ရောင်းချသူ လုပ်ခိုင်းဖို့ ကတိပေးခဲ့သည်က အံ့သြစရာ ကောင်းနေပါပြီ။ ထို့အပြင် သူမနောက်ကို သူနှစ်အနည်းငယ်လောက် လိုက်ခဲ့သည်။ ယခုတော့ သူအနားယူချင်သည်ဆိုသဖြင့် အနားယူကြတော့မည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့ အိမ်ခြံအကြီးကြီးကိုလည်း ဝယ်ယူပြီးပါပြီ။ ထို့အပြင် ဆိုင်ငါးဆိုင်နှင့် အဖေကျိုး အမေကျိုးတို့နေထိုင်သော အိမ်လည်းရှိသည်။ ထိုအိမ်ကလည်း သူမယောက်ျား ချင်းပိုင်နာမည်နှင့် ဖြစ်၏။
ထို့အပြင် စုထားသည့်ငွေလည်း များစွာ ရှိပါသည်။ ဆိုင်များစွာ၏ စီးပွားရေးများကလည်း တည်ငြိမ်နေပါသည်။ ထို့ကြောင့် ဒီအခွင့်အလမ်းကို ဆက်မလုပ်လျှင် ပြဿနာမရှိနိုင်ပါဘူးဟု လင်းချင်းဟယ် ခံစားလိုက်ရသည်။
သူမယောက်ျား ချင်းပိုင်ရင်ထဲ ရှုပ်ထွေးမနေလျှင် အဆင်ပြေပါပြီ။
"ကျွန်မသာ ဧကရာဇ်ကြီးတစ်ပါးဆိုရင် ယောင်ချာချာ ဧကရာဇ်ကြီးဖြစ်မှာပဲ။" လင်းချင်းဟယ်က တွေဝေစွာ ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူမကို မေးခွန်းထုတ်သောအကြည့်ဖြင့် ကြည့်လိုက်၏။ လင်းချင်းဟယ်က ရှင်းရှင်း ပြောလိုက်သည်။ "ကျွန်မ ရှင့်အတွက် ငွေတွေ ဘယ်လောက်တောင် အဆုံးရှုံးခံလိုက်ရပြီလဲ၊ အဘိုးကြီး။"
"အဘိုးကြီး မဟုတ်သေးပါဘူး။" ကျိုးချင်းပိုင်က သူမအပေါ်သို့ လွှားလိုက်သည်။
လင်းချင်းဟယ်က ရှက်သွားပြီး ပြောလိုက်၏။ "အိပ်ရာထဖို့ အချိန်ရောက်ပြီနော်။"
"နောက်မှပေါ့။ မလောပါနဲ့။" ကျိုးချင်းပိုင်က ရယ်မောကာ ပြောလိုက်၏။
ထိုမလောပါနှင့်ဟူသောစကားက နေ့လည်အထိ ကြာမြင့်ခဲ့သည်။ ဟိုတယ်တွင်သာ နေ့လည်စာ စားသောက်ခဲ့ကြပြီး ကောင်တီမြို့သို့ ၁ နာရီတွင် ဘတ်စ်ကားစီးကာ ထွက်လာခဲ့သည်။
ကောင်တီမြို့သို့ရောက်သောအခါ သုံးနာရီထိုးလုနီးပါးပင် ဖြစ်နေလေပြီ။
တတိယအစ်ကို၏ မော်တော်ဆိုင်ကယ်နှင့် ဓာတ်ဆီများကို ချဖို့ နေရာတစ်ခုရှာပြီး တတိယအစ်ကို၏ ဆိုင်သို့ သူတို့နှစ်ယောက် အရင်လာခဲ့ပါသည်။
တတိယအစ်ကို၏ ဆိုင်သို့ ရောက်သောအခါ တတိယအစ်ကိုနှင့် တတိယမရီးတို့က ဆိုင်တွင် ရှိနေကြပါသည်။
တတိယအစ်ကို၏ မည်းသည်းပြီး ပိန်လှီလှသော ပုံစံကိုမြင်လိုက်သောအခါ လင်းချင်းဟယ်တစ်ယောက် အော်ရယ်မိမလိုပင်ဖြစ်သွားသည်။ သူ့ပုံစံက မျောက်တစ်ကောင် ဖြစ်လုနီးပါး ဖြစ်နေသည်။
"စတုတ္ထညီနဲ့ စတုတ္ထခယ်မတို့။" သူတို့နှစ်ယောက်ကို မြင်သောအခါ တတိယအစ်ကို၏ မျက်လုံးများ အရောင်လက်သွားသည်။ အထူးသဖြင့် သူတို့စီးလာသော မော်တော်ဆိုင်ကယ်ကို မြင်လိုက်ရချိန်တွင် ဖြစ်၏။ သူ အမြန်ထွက်လာသည်။
"နင်တို့ မကြာခင် ရောက်လာတော့မယ်လို့ အခုလေးတင် ပြောနေကြတာ။ စောင့်နေတာ တော်တော်ကြာပြီ။ ဒီနေ့ည ငါတို့အိမ်မှာ လာစားရမယ်နော်။ ငါကြက်တစ်ကောင် ပြင်ထားပေးမယ်။" ဟု တတိယမရီးက သူ့နောက်လိုက်လာပြီး ပြောလိုက်ပါသည်။