← Chapters

မွေးရပ်မြေသို့ ပိုးသားခြုံထည်ဖြင့် ပြန်လာခြင်း

Vol. 32 Ch. 443

မွေးရပ်မြေသို့ ပိုးသားခြုံထည်ဖြင့် ပြန်လာခြင်း

Vol. 32 Ch. 443

အခန်း(၄၄၃) - မွေးရပ်မြေသို့ ပိုးသားခြုံထည်ဖြင့် ပြန်လာခြင်း

လင်းချင်းဟယ်က သူမကို အားနာမနေဘဲ ပြုံးကာ ပြန်ပြောလိုက်သည်။ "ဟုတ်ပါပြီ။ ကျွန်မတို့ ဒီနေ့ည မိသားစုညစာစားပွဲကြီး ကျင်းပကြတာပေါ့။"

"စတုတ္ထညီနဲ့ စတုတ္ထခယ်မတို့ ဒီဆိုင်ကယ်ကို ငါ့အတွက် ဝယ်ခဲ့တာလား။" တတိယအစ်ကိုက မထိန်းနိုင်ဘဲ ပြုံးမိသည်။

"ဟုတ်တယ် ဘယ်လိုထင်လဲ။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်၏။

"မင်း မောင်းတတ်လား။" ကျိုးချင်းပိုင်က ယာဥ်ပေါ်မှ ဓာတ်ဆီတစ်ဗူးကို ချကာ မေးလိုက်သည်။

"မမောင်းတတ်သေးဘူး သင်ပေးဦး" တတိယအစ်ကိုက ပြန်ပြောလိုက်၏။

ကျိုးချင်းပိုင်က ဓာတ်ဆီကို ဘယ်နေရာချရမလဲ အရင်မေးလိုက်ပြီး ဆိုင်ကယ်စီးကာ ခေါ်သွားသည်။ လင်းချင်းဟယ်နှင့် တတိယမရီးတို့ အိမ်ထဲဝင်လာခဲ့ကြ၏။

"စတုတ္ထခယ်မ ဆိုင်ကယ်နဲ့ ဓာတ်ဆီက ဘယ်လောက် ပေးခဲ့ရလဲ။ ငါသွားယူပေးမယ်။" တတိယမရီးက ရွှင်လန်းစွာ မေးလိုက်သည်။

"ဘာတွေ လောနေတာလဲ။ မရှိမှာကို ကျွန်မ စိတ်မပူပါဘူး။" လင်းချင်းဟယ်က ရယ်မောလိုက်၏။ ကျိုးဝူနီတစ်ယောက် ဆိုင်တွင် မရှိသဖြင့် သူမ မေးလိုက်သည်။ "ဝူနီ ဘယ်မှာလဲ။ နွေရာသီ ပြန်မလာဘူးလား။"

"မလာပါဘူး။ ယန်ယန်နဲ့ အဲ့ဒီမှာပဲ စာလုပ်နေကြတယ်ပြောတယ်။ ငါလည်း ခွင့်ပြုထားလိုက်တယ်။ သူသဘောရှိရာ လုပ်ပါစေ။" တတိယမရီးက ပြုံးကာ ရှင်းပြလိုက်သည်။

လင်းချင်းဟယ်အတွက် ရေထည့်ပေးလိုက်ပြီး အခန်းထဲ ပိုက်ဆံသွားယူလိုက်သည်။ စုစုပေါင်း ယွမ် ၉၀၀ ယူလာခဲ့သည်။ အဲ့လောက် မများသဖြင့် လင်းချင်းဟယ်က ဆိုင်ကယ်နှင့် ဓာတ်ဆီဖိုး ယူထားလိုက််ပြီး ကျန်တာကို ပြန်ပေးလိုက်ပါသည်။

တတိယမရီးက ပြော၏။ "သိပ်မကြာသေးခင်က ဝယ်သူတစ်ယောက် ငါတို့ဆီကို ဆိုင်ကယ်စီးပြီး လာဝယ်တာလေ။ ငါတို့ စျေးနှုန်းကို မေးကြည့်လိုက်တော့ သူ့မိတ်ဆွေက ကူညီပြီး ဝယ်ပေးတာ ယွမ် ၁,၀၀၀ ကျော်တောင် ကုန်တယ်တဲ့။"

"အဲ့ကနေ ဒီကို ယွမ် ၁,၀၀၀ ကျော် ကုန်ကျလာတယ်ပေါ့လေ။ သူ့မိတ်ဆွေက သူ့ကို သိပ်ပြီး တစ်ပတ်ရိုက်မသွားဘူးပဲ။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

"နင်နဲ့ စတုတ္ထမောင်လေးတို့က ငါတို့ကို ဂရုစိုက်တာ ငါတို့သိတယ်။ အဲ့တာကြောင့် ငါတို့ ဝယ်ခိုင်းလိုက်ရတာပဲ။" တတိယမရီးက ရှင်းပြလိုက်သည်။

"ဝယ်လိုက်တာ မှန်ပါတယ်။ ဒီတစ်ခေါက်ပြန်လာတော့ တတိယအစ်ကို မနှစ်ကထက် အသားတွေပိုမည်းပြီး ပိုပိန်လာတာ တွေ့လိုက်ရတယ်။ ပိုက်ဆံဆိုတာ ဒီလိုမရှာရဘူးလေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

တတိယမရီးက ပြန်ပြောလိုက်၏။ "သူက ဘယ်လိုလုပ် အသားမည်းပြီး ပိန်ရမှာလဲ။ သူ လယ်လုပ်နေတုန်းကထက် အများကြီး ပိုသက်သာပါတယ်။ လယ်အလုပ်က ငရဲလိုပဲ။ ဒီနှစ် ဒီမှာ တော်တော် မငြိမ်းချမ်းဘူး။"

လင်းချင်းဟယ်က တူနှင့် တူမများအတွက် အိတ်ထဲမှ သကြားလုံးများနှင့် နို့မှုန့်နှစ်ဗူးကို ထုတ်လိုက်ရင်း မေးလိုက်၏။ "ဘာတွေ ဖြစ်လို့တုန်း။"

"ဒီနှစ် မိုးက အတော်လေး သည်းသည်းမည်းမည်း ရွာတယ်။ သီးနှံတွေက နွေရာသီ ကောက်ရိတ်သိမ်းချိန်မှာ မရိတ်သိမ်းနိုင်တော့ဘူး။ တော်သေးတာပေါ့။ အခုမို့လို့။ အရင်တုန်းကဆိုရင် လူတွေ အများကြီး ငတ်သေကုန်လိမ့်မယ်။" ဟု တတိယမရီးက ရေရွတ်လိုက်သည်။

"အဲ့လိုတွေ ဖြစ်တာလား။ အကြီးဆုံးမရီးနဲ့ ဖုန်းပြောဖြစ်တော့ အဲ့အကြောင်းတွေ ဘာမှမပြောဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"နင့်ကို စိတ်ပူအောင် လုပ်မိမှာစိုးလို့ ဖြစ်မှာပေါ့။ ဒါပေမယ့် အဆင်ပြေပါတယ်။ ငါတို့ ပတ်ဝန်းကျင်က ကျေးရွာနှစ်ရွာနဲ့ ဒေသ နှစ်ခုလောက်ပဲ အထိနာကြတာပါ။ အခြားနေရာတွေကနေ တင်သွင်းတဲ့ အစားအစာတွေရှိတယ်။ ငါတို့ ငတ်မသေပါဘူး။" ဟု တတိယမရီးက ပြန်ပြောလိုက်ပါသည်။

အစားအစာအတွက် ရာသီဥတုကို မှီခိုရသော သာမန်လူများအတွက်က ဒီလိုပဲဖြစ်သည်။ တကယ် အခြားနည်းလမ်းမရှိပါ။ ကံကောင်းလို့ လက်ရှိခေတ် ဖြစ်နေသည်။ အရင်ခေတ်များတုန်းကဆို သူတို့ ဘယ်နေရာမှာ အစားအစာ သွားဝယ်လို့ ရနိုင်ပါ့မည်နည်း။

"စန်းနီတို့ရွာဘက်ကကော ဘယ်လိုနေလဲ။" လင်းချင်းဟယ် သတိရသွားပြီး မေးလိုက်သည်။

"သူလည်း တော်တော် ပင်ပန်းခဲ့ရတယ်။ ဒီနှစ် လီအိုင်ကွေ့က စန်းနီကို ဆေးရုံခေါ်သွားရတယ်။" ဟု တတိယမရီးက ပြန်ပြောလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ။" လင်းချင်းဟယ်က မေးလိုက်သည်။

"စန်းနီရဲ့ ခန္ဓာကိုယ်က အခြေအနေ မကောင်းဘူး။" တတိယမရီးက စန်းနီ၏ ပုံမှန်မဟုတ်သော ရာသီချိန်များကို ပြန်ပြောပြလိုက်သည်။ နောက်ဆုံးတော့ သူမ သက်ပြင်းချလိုက်၏။ "ဘာလို့ ဒီလို မိန်းကလေးကောင်းကမှ အဲ့လို ထိခိုက်လွယ်တဲ့ ခန္ဓာကိုယ်ကို ရထားရတာလဲမသိဘူး။ သူက သွေးအားနည်းနေတယ်လို့ ဆရာဝန်က ပြောတယ်။ ဒါကို ကုသမှ ဖြစ်မယ်။ မဟုတ်ရင် နောက်ပိုင်း ကလေးရဖို့ မလွယ်ဘူး။"

ကျိုးစန်းနီနှင့် လီအိုင်ကွေ့တို့ ဒီဘက်သို့ လာလည်သောအခါ တတိယမရီးက သူမကို မြင်ခဲ့ပါသည်။ ကျိုးစန်းနီ၏ မျက်နှာက လုံးဝ ဖြူဖတ်နေပြီး လိပ်ပြာမဲ့နေသလိုပင်။ ဒီလိုပုံမျိုးကို မကြည့်ရက်ကြပါလေ။

"လီအိုင်ကွေ့ကကော ဘယ်လိုတုံ့ပြန်လဲ။" ဟု လင်းချင်းဟယ် မေးလိုက်၏။

"တော်တော်လေး တော်ပါတယ်။ အဲ့တာကြောင့်လည်း အကြီးဆုံးမရီးက သူတော်တယ်လို့ ပြောတာကိုး။" ဟု တတိယမရီးက ဖြေလိုက်သည်။ "ကုသလိုက်တာနဲ့ ပျောက်သွားမှာပါလို့ ပြောတယ်။ ကျန်တာ ဘာမှမပြောဘူး။ စန်းနီက ဒီကိစ္စကို ရင်ထဲမှာ ကြိတ်ခံစားနေတယ်နဲ့တူတယ်။ သူက အမြဲတမ်း ရင်ထဲမှာ ကြိတ်မှိတ်နေတတ်တာ နင်လည်းသိပါတယ်။"

လင်းချင်းဟယ်က ပြောလိုက်သည်။ "သူ လက်ထပ်လိုက်မှ ဒီလိုကိစ္စဖြစ်လာတာလေ။ ဘယ်သူမှ မပျော်နိုင်ပါဘူး။"

ကောက်ပဲသီးနှံများအပေါ် သဘာဝကပ်ဘေးများ ကျရောက်ခြင်းနှင့် ကျန်းမာရေး အခြေအနေများ ဆိုးရွားလာခြင်း။ ဒါကို ကံဆိုးခြင်းဟုသာ ခေါ်နိုင်သည်။

တတိယမရီးက ပြောလိုက်၏။ "လီအိုင်ကွေ့က မြို့မှာ ဆိုင်တစ်ဆိုင်လောက် လာဖွင့်ချင်နေတယ် ထင်တယ်။"

ထိုစကားလုံးများကြောင့် လင်းချင်းဟယ် အံ့အားသင့်သွားသည်။ "သူက ဆိုင်လာဖွင့်ချင်တယ် ဟုတ်လား။"

အစကတည်းက သူမ ထိုကိစ္စကို လီအိုင်ကွေ့နှင့် ကျိုးစန်းနီတို့ကို အကြံပေးဖို့ စဥ်းစားထားသည်။ မထင်ထားစွာဖြင့် သူတို့ကလည်း အကြံတူနေ၏။

"သူတို့ဖွင့်ချင်တယ် ထင်တာပဲ။ ဒါပေမယ့် ဆိုင်တစ်ဆိုင်ဆိုတာ ဖွင့်ဖို့မှ မလွယ်တာ။ ဆိုင်ငှားဖို့ကလည်း အဆင်မပြေဘူး။ ဆိုင်တစ်ဆိုင် ဝယ်ဖို့ကလည်း ပိုက်ဆံတွေ အများကြီးကုန်မှာ။ ပစ္စည်းတွေ ပို့ဖို့ကလည်း လီအိုင်ကွေ့အတွက် အဆင်မပြေဘူးလေ။"

လီအိုင်ကွေ့က ခြေထောက် မသန်စွာ မွေးဖွားလာခြင်း မဟုတ်သော်လည်း သူ့ခြေထောက်များကတော့ တကယ်ပဲ ဆိုးရွားပါသည်။ တတိယအစ်ကိုက သူ့တူသားမက်ကို လမ်းပြပေးဖို့ ပြဿနာမရှိပါ။ သန်သန်မာမာ ခြေထောက်များဖြင့် တတိယအစ်ကိုကတောင် သူ့ဘဝတစ်ဝက်စာလောက်က မြို့တော်နှင့် ကောင်တီမြို့အကြား နေ့တိုင်း သွားလိုက်လာလိုက် လုပ်ရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရသည်။ လီအိုင်ကွေ့လို အခြေအနေဖြင့် ဘယ်လိုလုပ်ပြီး လုပ်နိုင်ပါ့မည်နည်း။

လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ အဘယ့်ကြောင့်ဆိုသော် တတိယမရီး ပြောသမျှ ကိစ္စတိုင်းက ပြဿနာများ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

"ဒီကဆိုင်မှာကော စီးပွားရေး ဘယ်လိုနေလဲ။" လင်းချင်းဟယ်က ရင်ထဲတွင် ဝိုးတိုးဝါးတား အကြံတစ်ခုရှိသော်လည်း သူမ တွန့်ဆုတ်နေဆဲဖြစ်ပါသည်။ ထို့ကြောင့် သူမ စကားလမ်းကြောင်းလွှဲလိုက်သည်။

တတိယမရီးက ပြုံးလိုက်၏။ "ဒီနှစ် လုပ်ငန်းလည်း နည်းနည်း ထိခိုက်မှုရှိတယ်။ ဒါပေမယ့် အခုတော့ တည်ငြိမ်သွားပါပြီ။ လုပ်ငန်းကတော့ အဆင်ပြေတုန်းပါပဲ။"

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကုန်ပစ္စည်း များများစားစား မဝင်ပါ။ နောက်ပိုင်းတော့ ပြန်အဆင်ပြေသွားပါသည်။ တတိယအစ်ကိုက တတိယမောင်လေးလင်းနောက်သို့ လိုက်ပါပြီး ငါးနှင့် ပုစွန်များစွာကို ပြန်ရောင်းဖို့ ယူလာခဲ့သည်။ ထိုသို့လုပ်ခြင်းကြောင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ပြတ်လပ်နေသော ကာလတွင် ကုန်ပစ္စည်းလိုအပ်ချက်များကို ဖြည့်စွက်နိုင်ခဲ့ပါသည်။

အခုတော့ ပြီးဆုံးသွားပြီဖြစ်သည်။ သစ်သီးဝလံ ဟင်းသီးဟင်းရွက်များစွာက စျေးထဲတွင် တစ်ခုပြီးတစ်ခု ပြန်လည်ပေါ်ပေါက်လာပါပြီ။ ယခု သူတို့ ဆိုင်ကယ်လည်း ရပြီဖြစ်သဖြင့် အနာဂတ်တွင် ဘာမှ အဆင်မပြေစရာအကြောင်း မရှိတော့ပါ။

"စကားမစပ် အငယ်ဆုံးညီမနဲ့ မတ်လေးတို့ ဒီနှစ် ပြန်လာကြမှာလား။" ဟု တတိယမရီးက မေးလိုက်သည်။

"မသေချာသေးပါဘူး။" လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။

တတိယမရီးက ပြောလိုက်၏။ "ဒီနှစ် အိမ်တစ်လုံး ငါတို့ဝယ်ခဲ့တယ်လေ။ နည်းနည်းတော့ ပိုသေးပေမယ့် အဲ့ဒီကို မကြာခင် ပြောင်းဖို့ စီစဥ်နေကြတယ်။"

လင်းချင်းဟယ် ပြုံးလိုက်သည်။ "အခုတော့ ဝယ်လိုက်ပြီပေါ့လေ။"

"တိုက်ခန်းငယ်လေးတစ်ခုပါ။ သိပ်မကျယ်ဘူး။" ဟု တတိယမရီးက ပြုံးကာ ပြောလိုက်သည်။

"ဘာလို့ အိမ်နဲ့ခြံနဲ့ မဝယ်တာလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"စျေးကြီးလွန်းတယ်လေ။" တတိယမရီးက ခေါင်းခါလိုက်ပါသည်။

လင်းချင်းဟယ်က ပြောသင့်သည့်ကိစ္စများ အားလုံးကို ပြောပြီးသွားပြီဖြစ်သည်။ တတိယမရီးက စျေးကြီးလွန်းသည်ဟု ပြောသဖြင့် သူမ ဘာမှ ဆက်မပြောတော့ပါ။

တတိယမရီးက ထပ်ပြောလိုက်၏။ "နင့်မောင်နဲ့ ယောက်မတို့က ခြံဝင်းပါတဲ့ အိမ်တစ်လုံး ဝယ်လိုက်တယ်လေ။ နေရာက မကျဥ်းပေမယ့်လည်း မတန်ဘူးလို့ ထင်တယ်။ ယွမ် ၁,၈၀၀ တောင် ပေးရတယ်လေ။"

စျေးကြီးလွန်းပါသည်။ ခြံပါသည့် အိမ်တစ်လုံးကို ဒီလောက်တောင် ကုန်ကျသည်။ ပြီးတော့ အနည်းငယ်လည်း ဟောင်းနွမ်းနေ၏။ သူတို့ဖာသာသူတို့ ပြန်လည်ပြင်ဆင်ခဲ့ရသည်။ ထို့အတွက်လည်း ငွေကုန်ခဲ့ရ၏။

နောက်ဆုံးတော့ အနည်းဆုံး ယွမ် ၂,၀၀၀ လောက်မရှိဘဲ သူတို့ဘာမှလုပ်နိုင်မည်မဟုတ်ပါ။

"တတိယမရီးတို့ ဝယ်တဲ့ တိုက်ခန်းကကော ဘယ်လောက်လဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"ယွမ် ၉၀၀ လောက်ပဲကုန်တယ်။ တိုက်က နည်းနည်း ဟောင်းနေပြီဆိုပေမယ့် အရေးမကြီးပါဘူးလေ။ နင့်တတိယအစ်ကိုနဲ့ ငါတို့က ရွာပြန်ပြီး ကျယ်ဝန်းတဲ့ အိမ်တစ်လုံးလောက် ဝယ်ဖို့ စီစဥ်ထားတယ်။ အကြီးဆုံးမရီးနဲ့ ဆင်တူတဲ့ အိမ်မျိုးပေါ့။ နင် မမြင်ဖူးသေးဘူးနော်။ အရမ်း မျက်နှာရတာပဲ။"

မွေးရပ်မြေသို့ ပိုးသားခြုံထည်ဖြင့် ပြန်လာသည်ဟူသောအဓိပ္ပာယ်ကို လင်းချင်းဟယ်တစ်ယောက် နားလည်သွားလေပြီ။ သူတို့ချမ်းသာလာပြီ ဆိုတာနဲ့ မွေးရပ်မြေကို ပြန်၊ အိမ်တစ်လုံးဆောက်ကာ ရွာထဲက လူများ မနာလိုဖြစ်ကြစေချင်လိုခြင်း ဖြစ်ပါသည်။

သို့သော်လည်း သူမကတော့ မတန်ဘူးဟု မထင်ပါ။ နောက်ပိုင်း သူတို့ မြို့တွင်သာ နေရမည်ဖြစ်ပြီး တစ်နှစ်ကို အကြိမ်ရေ အနည်းငယ်သာ ပြန်လာဖြစ်မည်ဖြစ်သည်။ အိမ်ဆောက်ပြီးသည်နှင့် အိမ်အလွတ်ကြီးအတိုင်း ထားခဲ့ရမည်ဖြစ်သည်။

All Chapters