ကိုယ့်ကိုယ်ကို အားကိုးခြင်းနှင့် မိသားစုကို အားကိုးခြင်းတို့၏ ခြားနားချက်
Vol. 32 Ch. 444
အခန်း(၄၄၄) - ကိုယ့်ကိုယ်ကို အားကိုးခြင်းနှင့် မိသားစုကို အားကိုးခြင်းတို့၏ ခြားနားချက်
သို့သော်လည်း လင်းချင်းဟယ်က ဘာမှ မဝေဖန်ပါ။ အဘယ့်ကြောင့်ဆိုသော် ဒီလို မွေးရပ်မြေကို လွမ်းဆွတ်တတ်ခြင်းက တတိယမရီးနှင့် တတိယအစ်ကိုတို့ပဲ မဟုတ်ကြပါ။
သူမယောက်ျား ချင်းပိုင်လည်း အတူတူပဲဖြစ်ပါသည်။
အသက်ကြီးလာလျှင် ရွာပြန်ဖို့ သူလည်း စဥ်းစားနေ၏။ လင်းချင်းဟယ်က သူ့စိတ်ကြိုက် လုပ်ပေးဖို့ ဆုံးဖြတ်ထားပါသည်။ အနာဂတ်တွင် သူမတို့ ရွာသို့ပြန်ကာ တိုက်ခန်းအဆောက်အဦးတစ်ခု ဆောက်ကြမည်။ အခုတော့ အုတ်နီအိမ်များက ရေပန်းစားနေသဖြင့် ဒါကို မေ့ထားလိုက်ပါဦးမည်။
တတိယမရီးက အဖေကျိုးနှင့် အမေကျိုးတို့၏ ကျန်းမာရေးအကြောင်း မေးလိုက်သည်။ လင်းချင်းဟယ်က ပြန်ဖြေလိုက်၏။ "စိတ်မပူပါနဲ့။ သူတို့ အဆင်ပြေပါတယ်။"
"ရှန့်မိန်ကော ဘယ်လိုနေလဲ။ သူက ရှန့်ချမ်းကို မြို့ခေါ်သွားတာ မြင်လိုက်တယ်နော်။" ဟု တတိယမရီးက ဆက်မေးလေသည်။
အကြီးဆုံးမရီးနှင့် ဒုတိယမရီးတို့က စောစောလက်ထပ်ခဲ့ကြသဖြင့် ပထမအစ်မနှင့် ဆက်ဆံရေး ပိုကောင်းသည်။ လင်းချင်းဟယ်နှင့် တတိယမရီးတို့က နောက်မှ ရောက်လာကြသူများဖြစ်သဖြင့် သူတို့ဆက်ဆံရေးက သာမန်သာဖြစ်သည်။
"ဘယ်လိုပြောရမှန်းတောင် မသိပါဘူး။ ကောင်းလားဆိုတော့လည်း မကောင်းဘူး။ ဆိုးလားဆိုတော့လည်း မဆိုးပါဘူး။ ရှုရှန့်ချမ်းကတော့ သူရောက်ပြီး သိပ်မကြာဘူး လူတစ်ယောက်ကို ဆေးရုံရောက်အောင် ထိုးကြိတ်ခဲ့တယ်လို့ကြားတယ်။ သူ့အကြောင်း မကောင်းပြောလို့တဲ့လေ။" ဟု လင်းချင်းဟယ်က ရှင်းပြလိုက်သည်။
"အဲ့ဒီကို ရောက်တာမကြာသေးဘူး သူများကို ထိုးတယ်ဟုတ်လား။ ပြီးတော့ ဆေးရုံ ရောက်တဲ့အထိတောင် ဟုတ်လား။" တတိယမရီး၏ မျက်လုံးများ ကျွတ်ထွက်လုနီးဖြစ်သွားသည်။
"ကြာတော့ကြာပါပြီ။ အခုတော့ အဲ့ကိစ္စ ပြီးသွားပြီ။ အခုလောလောဆယ် သူ ညကျောင်း တက်နေတယ်။ အာ့နီ၊ ဟူကျစ်နဲ့ ကန်းကျစ်တို့ရဲ့ ကျောင်းပဲလေ။ သူ ကောင်းကောင်း သင်နိုင်နိုင် မသင်နိုင်နိုင် ဒါက သူ့ကိစ္စပါပဲ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"သူ့စိတ်နဲ့ဆိုရင် အာ့နီနဲ့ အခြားသူတွေကို ဒုက္ခရောက်အောင် ပြဿနာရှာဖို့ ညကျောင်းသွားတာ မဟုတ်ဖို့ပဲ မျှော်လင့်မိပါတယ်။" ဟု တတိယမရီးက မနေနိုင်ဘဲ ရေရွတ်လိုက်မိတော့သည်။
"သူ့ဦးလေးက သူ့အတွက် လက်မှတ်ထိုးပေးထားတာ တစ်ခုခုဖြစ်လာရင် သူ တာဝန်ယူလိမ့်မယ်။ သူ့ရှုမိသားစုကိစ္စတွေကို ကျွန်မ ဝင်မပါတော့ဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ပြောပါဦး ပထမအစ်မကလည်း အဆိုးကြီး မဟုတ်ပါဘူး။ သူတို့အကုန်လုံးကို ဒီလိုဖြစ်လာအောင် ဘယ်လိုများ သင်ပြပေးခဲ့လဲ မသိဘူး။" တတိယမရီး၏ မျက်နှာ ခက်ထန်လာသည်။ အတွင်းဇာတ်ကြောင်းကို သူမ သိနေသည်။ လင်းချင်းဟယ်ကလည်း ဖုံးကွယ်မထားပါ။ ဒီမရီးများကို ဖုန်းခေါ်တုန်းက ပြောပြခဲ့သည်။
"အဲ့ကိစ္စ မပြောကြရအောင်။ နောက်နှစ်ကျရင် အာ့နီရဲ့ မင်္ဂလာဝိုင်ကို သောက်ရတော့မယ်နော်။" ဟု လင်းချင်းဟယ်က စကားလမ်းကြောင်းလွှဲလိုက်သည်။
"အာ့နီ ဟုတ်လား။" တတိယမရီး ကြက်သေသေသွားသည်။ ထို့နောက် ပြောလိုက်၏။ "အကြီးဆုံးမရီးက အာ့နီအတွက် တစ်ယောက်ယောက် တွေ့ထားလို့လား။ အဲ့ကိစ္စ ပြောတာလည်း မကြားပါဘူး။"
"သူက မြို့ကပါ။" လင်းချင်းဟယ် ပြုံးလိုက်သည်။ "ဒီနှစ် နှစ်သစ်ကူးကျရင် အာ့နီက ဝမ်ယွမ်ကို ခေါ်လာလိမ့်မယ်။"
"မြို့က ဟုတ်လား။ သူက အားကိုးရလို့လား။" တတိယမရီး အံ့အားသင့်သွားပြီး အမြန်မေးလိုက်သည်။
"ချင်းပိုင်၊ ကျွန်မတို့မိဘတွေနဲ့ အခြားသူတွေပါ သူ့ကိုတွေ့ပြီးသားပါ။ အဲ့တော့ အားမကိုးရဘဲ နေပါ့မလား။" လင်းချင်းဟယ်က ပြုံးလိုက်၏။
တတိယမရီးက တွန့်ဆုတ်နေသည်။ "ကျေးလက်ဒေသကို မကြိုက်မှာပဲ ကြောက်တာပါ။"
ရှုရှန့်မိန်တစ်ယောက် ကျောက်ကျွင့်ကို ရွာခေါ်လာတုန်းက အချိန်ကို တတိယမရီး သိပါသည်။ ကျောက်ကျွင့်က ရှုမိသားစုကို အလွန် အထင်အမြင်သေးသည်။ ရှုမိသားစုအိမ်က ထမင်းနည်းနည်းလောက်ကိုတောင် မသန့်ရှင်းဘူးဆိုကာ မစားချင်ကြောင်း ပြောသည်။
ရှုမိသားစုက ထိုမြို့တော်က သားမက်ကို ကောင်းကောင်း မြှောက်စားထားကြရ၏။
"ကျွန်မ သိပါတယ်။ အာ့နီလည်း အစက လက်မခံဘူး။ အာ့နီကို သူ သဘောကျပြီး သူ့ဘက်ကပဲ စလိုက်ခဲ့တာလေ။" ဟု လင်းချင်းဟယ်က ရှင်းပြလိုက်သည်။
တတိယမရီးက ထိုအကြောင်းကြားသောအခါမှ စိတ်အေးသွားသည်။ သို့သော်လည်း သူမ ပြောလိုက်သေးသည်။ "ပထမအစ်မကတော့ နင့်ကို ဘက်လိုက်တယ်လို့ ပြောတော့မှာပဲ။"
"ကျွန်မတစ်ဘဝလုံး ကျွန်မအသိစိတ်နဲ့ မှန်ကန်အောင်လုပ်နိုင်သ၍ အဆင်ပြေတယ်။ ကျွန်မ အများကြီး ဝေဖန်ခံရဖူးတယ်။ အခု အသားကျနေပါပြီ။” ဟု လင်းချင်းဟယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
လင်းချင်းဟယ်က လိပ်ပြာမလုံသလို မခံစားရဘဲ ဂရုမစိုက်ပါ။ ဘယ်သူ့ကို အပြစ်တင်ချင်တင်ချင် တင်ကြပါစေ။
တတိယမရီးက ပြောလိုက်၏။ "နင့်ကို ဘက်လိုက်တယ် ပြောချင်လည်း ပြောလို့မရပါဘူးအေ။ ရှန့်မိန်အတွက် နင်ရှာမပေးဘူးလို့မှ မပြောတာ။ သူကသာ မနေနိုင်မထိုင်နိုင် သူ့ဖာသာသူ သွားရှာတာလေ။"
လင်းချင်းဟယ်နှင့် သူမတို့ အဆင်ပြေရုံလောက်သာ ဟူသော ဆက်ဆံရေးမျိုး ရှိခဲ့ဖူးသည်။ သို့သော် မကြာသေးခင်က နှစ်များအတွင်း လင်းချင်းဟယ်က အလွန်ကောင်းမွန်သော ယောက်မဖြစ်သည်ဟု သူမ တကယ် ထင်လာခဲ့ပါသည်။
သူမက ပွင့်လင်းပြီး တဲ့တိုးသမားဖြစ်သည်။ အခြားသူများကိုလည်း ဘယ်တော့မှ လူလည်မကျပါ။ တစ်ခုဆို တစ်ခုသာပြောသည်။ ပြဿနာရှိပါက မျက်နှာကို ကြည့်ကာ ပြောတတ်သည်။ ထိန်းသိမ်းထားမည်မဟုတ်ပါ။
ဒီလိုလူမျိုးနှင့် ဆက်ဆံရခြင်းက ပိုကောင်းပါသည်။ နောက်ကျော ဓားဖြင့် ထိုးခံရမည်ကို စိတ်ပူစရာမလိုတော့ပေ။
လင်းချင်းဟယ်က အမှန်အတိုင်းပြောလိုက်ပါသည်။ "သူ့ဖာသာသူ မရှာနိုင်လည်း သူ့ကို အဲ့လိုယောက်ျားမျိုး မိတ်ဆက်ပေးနိုင်မှာ မဟုတ်ဘူး။ အာ့နီရဲ့ လူကလည်း ကျွန်မရှာပေးတာ မဟုတ်ဘူးး။ အလုပ်ကြိုးစားပြီး သင်ယူလိုစိတ်ရှိတဲ့ အာ့နီကိုယ်တိုင်ကြောင့် သူနဲ့ တွေ့ခဲ့တာ။ သူ့စက်ရုံမှာ စာရင်းကိုင်သွားလုပ်ရင်း ဟိုက သူ့ကို မျက်စိကျသွားတာပဲ။ သူက အာ့နီကို တန်ဖိုးထားတယ်။ အဲ့တာကြောင့် သူ့ဘက်ကစပြီး အာ့နီကိုလိုက်ခဲ့တယ်။ အဲ့ဒီတုန်းကလည်း ကျွန်မ ရှုရှန့်မိန်အတွက် ကျူရှင်ခ ပေးဖို့လုပ်ပါသေးတယ်။ သူက စာမသင်ချင်ဘူးလေ။"
ထိုသို့ပြောပြီးနောက် သူမ ဆက်ပြောသည်။ "အခုတော့ နောင်တရနေလောက်ပြီ။ အဲ့တာကြောင့် သူ့မောင်ကို သူ့ဦးလေးဆီခေါ်လာပြီး အတန်းပို့ခိုင်းတာဖြစ်မယ်။”
တတိယမရီးက ကျိုးအာ့နီ၏ ကောင်လေး ဘာအလုပ်လုပ်ကြောင်း မေးလိုက်သည်။ သူက ကိုယ်ပိုင်စက်ရုံဖွင့်ထားသည့် ဘော့စ်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ အံ့သြသွားရပြန်သည်။
"ရှန့်မိန်နဲ့ လက်ထပ်တဲ့ကောင်ထက် အများကြီး ပိုချမ်းသာတာလား။" ဟု တတိယမရီးက မေးလိုက်သည်။
"အဲ့တာတော့ မသိဘူး။ ဒါပေမယ့် ဝမ်ယွမ်က သူ့ကိုယ်သူ အားကိုးတယ်။ ကျောက်ကျွင့်ကတော့ သူ့မိသားစုကို အားကိုးတာ။ မတူဘူးလေ။" ဟု လင်းချင်းဟယ်ကို ပြန်ပြောလိုက်သည်။
ဝမ်ယွမ်က ကျောက်ကျွင့်ထက် ပိုအလားအလာ ရှိသည်မှာ သိသာပါသည်။ အရေးကြီးသည့် အချက်ကတော့ သူက တည်ငြိမ်ပြီး အာ့နီကို နှစ်နှစ်ကာကာ ချစ်ခြင်းဖြစ်ပါသည်။
လင်းချင်းဟယ်က ထိုနေရာတွင် အကြာကြီး ထိုင်စကားပြောခဲ့ပါသည်။ ကျိုးချင်းပိုင်နှင့် တတိယအစ်ကိုတို့လည်း ပြန်မလာကြသေး။ သူတို့က အပြင်ဘက်တွင် ဆိုင်ကယ်စီး လေ့ကျင့်နေကြသည်။ ထို့ကြောင့် လင်းချင်းဟယ်က တတိယမောင်လေးလင်းတို့ဘက်သို့ တစ်ယောက်တည်း သွားခဲ့သည်။
တတိယမောင်လေးလင်းက ဆိုင်တွင် ကြက်များကို ပြင်ဆင်နေသည်။ တတိယယောင်းမလင်းကတော့ ကတ်စတမ်မာအတွက် ကြက်ဥများ ထည့်ပေးနေသည်။
"တတိယမရီး" သူမ လာနေသည်ကို မြင်သောအခါ တတိယယောင်းမလင်းက ပျော်ရွှင်သွားသော မျက်နှာဖြင့် ခေါ်လိုက်သည်။
တတိယမောင်လေးလင်းက ထိုအသံကိုကြားပြီး နောက်လှည့်ကြည့်လိုက်သည်။ တကယ်သူ့အစ်မမှန်း တွေ့လိုက်ရသောအခါ သူအံ့အားသင့်သွားပါသည်။ "အစ်မ ဘာလို့ လာခဲ့တာလဲ။ ယောက်ဖကော..."
"နင့်ယောက်ဖက ဟိုဘက်က ဆိုင်မှာ ပြီးကျမှ လိုက်လာလိမ့်မယ်။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြန်ဖြေလိုက်သည်။
အရင်အတိုင်းပဲဖြစ်သည်။ နို့မှုန့်နှစ်ဗူး၊ သကြားလုံးများနှင့် အခြားမုန့်များပါသည်။ နှစ်တိုင်း အလည်လာခဲ့တုန်းကလို ဖြစ်သည်။
"မြန်မြန်သွားပြီး နင့်တတိယဒေါ်လေးအတွက် ထိုင်ခုံသွားယူလာစမ်း။" တတိယယောင်းမလင်းက အမိန့်ပေးလိုက်သည်။
တတိယမောင်လေးလင်း၏ အကြီးဆုံးသမီးက လင်ရှု ဟုအမည်ရပြီး အရွယ်အတော်ရောက်နေပြီ။ မူလတန်းကျောင်းအောင်ပြီး နောက်စာသင်နှစ်တွင် အလယ်တန်းကျောင်း သွားရတော့မည်ဖြစ်သည်။
ထိုအကြောင်းပြောလျှင် လင်းချင်းဟယ်၏ လွှမ်းမိုးမှုကို ထည့်ပြောရမည်။ ထို့ကြောင့် တတိယမောင်လေးလင်းက ပညာရေးကို အတော်လေး ဦးစားပေးသည်။
အရှေ့တွင် သမီးသုံးယောက်ရှိသောကြောင့် တတိယယောင်းမလင်းက အမြဲတမ်း မျက်ရည်သုတ်နေရသည်။ သမီးသုံးယောက်က မငယ်ကြတော့ပါ။ အားလုံး ပညာသင်နေကြသည်။ ဘယ်သူမှ မကျန်ပါ။
လင်မယားနှစ်ယောက်၏ ရည်ရွယ်ချက်ကို ကြည့်ခြင်းအားဖြင့် သူတို့ စာမေးပွဲအောင်ပြီး ဆက်လက် ပညာသင်လိုပါက သူတို့ထောက်ပံ့ပေးမည် ဖြစ်ပါသည်။
သူတို့၏ အတွေးကလည်း တိုးတက်လမ်းရှိသည်။
လင်းချင်းဟယ်က မေးလိုက်၏။ "အာ့ရှု အဆင့်တွေကကော ဘယ်လိုနေလဲ။"
"ပုံမှန်ပါပဲ။" လင်ရှုက သက်ပြင်းချကာ စိတ်မကောင်းစွာ ပြန်ဖြေလိုက်သည်။
သူမက အတော်ကြိုးစားသည်ဟု ခံစားရသော်လည်း အဆင့်နှင့် ပတ်သတ်လာလျှင်တော့ သာမန်ဟုသာ သတ်မှတ်နိုင်သည်။ အရမ်း မကောင်းပေ။
"အခု နင်က အရွယ်ရောက်လာပြီဆိုတော့ အချိန်ရရင် မြို့တော်မှာ လျှောက်ကြည့်ချင်လား။ နင့်ဝမ်းကွဲအစ်ကိုကိုလည်း စာကူ သင်ခိုင်းပေးလို့ ရတာပဲ။" ဟု လင်းချင်းဟယ်က သဘောကောင်းစွာ အကြံပေးလိုက်သည်။
"သမီး လာလို့ရလား။" လင်ရှု၏ မျက်လုံးများ အရောင်လက်သွားသည်။
"နင့်မိဘတွေ သဘောတူရင် နင်လာလို့ရတာပေါ့။" လင်းချင်းဟယ်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
"သူ သွားရင် ပြဿနာရှာသလို ဖြစ်နေပါဦးမယ်။" တတိယယောင်းမလင်းက အမြန်ဖြတ်ပြောလိုက်သည်။
"သူ ပြဿနာရှာသလို မဖြစ်ပါဘူး။ ဒီအသက်အရွယ်နဲ့ လျှောက်လေ့လာတာ ကောင်းပါတယ်။" ဟု လင်းချင်းဟယ်က အာမခံလိုက်၏။
"သူက အခု အသက်ဘယ်လောက် မို့လို့လဲ။ နောက်ပိုင်း အခွင့်အရေးရရင် သူသွားရပါလိမ့်မယ်။" တတိယယောင်းမလင်းက ပြုံးကာ ပြောလိုက်သည်။
လင်ရှုတစ်ယောက် စိတ်ပျက်သွားသည်ကို လင်းချင်းဟယ် မြင်သွားပြီး ပြောလိုက်သည်။ "နင့်အမေ ပြောတာမှန်ပါတယ်။ နင်က နည်းနည်း ငယ်နေတုန်းပဲ။ ကြိုးစားပြီး ပညာကိုသင်။ အသက် ၁၅ - ၁၆ လောက်ရောက်ရင် မြို့တော်ကို လာလို့အဆင်ပြေပါပြီ။"