အရွယ်ရောက်လာခြင်း
Vol. 8 Ch. 110
အခန်း(၁၁၀) - အရွယ်ရောက်လာခြင်း
ယဲ့ရှောင်ချန်းမိသားစု၏ သက်ဝင်လှုပ်ရှားမှုက ပညာရှင်အသင်း ပြန်သွားတာတောင် အဆုံးမသတ်သေးပါ။ အေးချမ်းသွားရမည့်အစား ရွာသားများစွာ ပိုပိုပြီး ရောက်လာကြသဖြင့် ပိုမို အသက်ဝင်လာပါသည်။
ယခု ယဲ့ရှောင်ချန်းက ယုဖန်ရွာတွင် နာမည်ကျော်တစ်ယောက်ဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ ရွာများကတောင် သူ့အကြောင်းကို သိလာကြပါသည်။
လက်ရှိအချိန်တွင် ပညာရှင်အသင်းက ယဲ့ရှောင်ချန်းထံသို့ တကူးတက လာရောက်ခဲ့ခြင်းကို မသိသည့်လူ ရှိသေးလို့လား။
"ယဲ့ယောက်မ။ ရှင့်ဒုက္ခတွေ အဆုံးသတ်ပါပြီ။ ရှင်က အစွမ်းအစရှိတဲ့သားတစ်ယောက်ကို မွေးခဲ့တာပဲ။"
"ဟုတ်ပါ့။ ပညာရှင်တွေ အများကြီးက ရှင့်သားဆီကို လာကြတယ်။ ဒါအရမ်းဂုဏ်ယူစရာပါပဲ။"
"အဲ့ဒီပညာရှင်ကြီးတွေက အရမ်း အာဏာကြီးကြတယ်။ ကောင်တီခေါင်းဆောင်တွေတောင် သူတို့ကို ဧည့်ခံရင် အရမ်းသတိထားရတာလေ။"
"ခင်ဗျားတို့ မမြင်ဖူးသေးဘူး။ ကျုပ်တို့ ထိုက်ဖျင်မြို့တော်ဝန်ကြီးဆုန်းဆို တောက်တိုမယ်ရ လုပ်နေရတယ်။ ဒါပေမယ့် သူကတော့ ပျော်နေတာပဲ။”
"ချန်းလေးက အစွမ်းအစရှိတယ်။ နောက်ဆုံးတော့ ငါတို့ယုဖန်ရွာမှာ ပါရမီရှိတဲ့လူတစ်ယောက် ပေါ်လာပြီပေါ့ကွာ။"
........
သက်ဝင်လှုပ်ရှားနေသော စကားဝိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး အားလုံးက ဒီနေ့အဖြစ်အပျက်အကြောင်း ပြန်ပြောနေကြသည်။
သူတို့၏ လေသံတွင် လေးစားသော အရိပ်အယောင်များ ပါဝင်၏။
ဘိုးဘေးများကို ဂုဏ်ရှိစေနိုင်သည့် ကိစ္စကောင်းတစ်ခုဖြစ်ပါသည်။
ယဲ့ရှောင်ချန်း၏ အမေက ဆက်တိုက်ဆိုသလို ပြုံးနေခဲ့၏။ ဒီနေ့တွင် သူမ တစ်ဘဝလုံးစာထက် ပိုများသော ချီးမွမ်းမှုများကို ခံခဲ့ရပါသည်။
ဒီလို သားကောင်းတစ်ယောက် ရထားရလို့လည်း ဂုဏ်ယူမိ၏။
ယဲ့ရှောင်ချန်းအဖေလည်း အလွန်ကျေနပ်နေသည်။ သူ့မျက်နှာက နီရဲနေသော်လည်း ဂုဏ်ယူသော အရိပ်အယောင် ပေါ်နေပါသည်။
အရင်တုန်းက သူ့အိမ်မှာ ရွာထဲတွင် အဆင်းရဲဆုံးနှင့် ဝင်ငွေအနည်းဆုံးအိမ် ဖြစ်သည်။ လူတချို့က တမင်တကာ သူ့ကိုအနိုင်ကျင့်တတ်ကြသည်။
ဆွေမျိုးများကလည်း သူ့ကိုအထင်သေးကြ၏။
သို့သော်လည်း ယခုတော့ အားလုံးကသဘောကောင်းပြီး သူ့ကို ယဥ်ကျေးပြနေကြသည်။
သူ့ဂုဏ်သတင်း နှစ်ဆ သုံးဆလောက် တက်သွားသည်ဟု ခံစားလိုက်ရသည်။
ယဲ့ရှောင်ချန်း၏ မိဘများတင်မဟုတ်ဘဲ အခြားမိသားစုဆွေမျိုးများကလည်း ပျော်ရွှင်မှုဖြင့် တောက်ပနေကြ၏။ နှစ်သစ်ကူးပွဲတော်တွင် ပျော်နေကြသလိုပင်။
သူတို့ယဲ့မျိုးရိုးအတွက် အလွန်ကောင်းမွန်သော အဖြစ်အပျက်ဖြစ်သောကြောင့် ပျော်ရွှင်နေကြခြင်းဖြစ်ပါသည်။
ချန်ဟောက်က သူ့မိဘများနှင့် လီယန်တို့ကိုခေါ်ကာ လက်ဆောင်များယူလျက် ရောက်လာသည်။
လူများစွာရှိသဖြင့် သူတို့ စကားအများကြီးပြောဖို့ အခွင့်အရေးမရခဲ့ပါ။ ရွေးချယ်စရာ မရှိတော့ဘဲ သူတို့ဘေးကသာ ရပ်ကြည့်နေနိုင်တော့သည်။ လူအုပ်ကြီးများ ဝန်းရံခံထားရသော ယဲ့ရှောင်ချန်း၏ မိဘများကို ကြည့်ကာ အလွန်မနာလိုဖြစ်မိပါသည်။
ထို့နောက် လီယန်က ထိုမြင်ကွင်းကိုမြင်လိုက်၏။ သူ့ရင်ထဲတွင် ဒေါသဖြစ်မိသည်။
အရင်တုန်းကတော့ ဆွေမျိုးများ၏ မနာလိုဖြစ်မှု ချီးမွမ်းမှုများက သူမထံသို့သာ လာလေ့ရှိပြီး အခုတော့ ဘေးကနေသာ ရပ်ကြည့်နေနိုင်သည်။
ဒီလိုအဆင့် နိမ့်ကျသွားခြင်းက သူမကို အလွန်ဒေါသထွက်စေပါသည်။
ရုတ်တရက် ယဲ့ရှောင်ချန်း အိမ်ထဲမှ ထွက်လာသည်ကို ချန်ဟောက်မြင်သဖြင့် အမြန်နှုတ်ဆက်လိုက်သည်။
"ရှောင်ချန်းရေ"
ချန်ဟောက်က အမြန် အော်ခေါ်လိုက်သည်။
"ဝမ်းကွဲအစ်ကို"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ပြပြီး ပြန်နှုတ်ဆက်လိုက်သည်။ သို့သော် အခြားသူများကိုလည်း နှုတ်ဆက်ရဦးမည်။ နှုတ်ဆက်စရာ လူများစွာ ရှိနေပါသည်။
ရင်ထဲတွင်တော့ နာနာကျင်ကျင် ရယ်မောနေမိသည်။ လူတစ်ယောက် နာမည်ကြီးလာပါက တကယ် ဒုက္ခများလာသည်။
ယဲ့ရှောင်ချန်း အိမ်ထဲပြန်ဝင်ဖို့ မနည်း အားထုတ်လိုက်ရပြီး ပြန်မထွက်ဖို့ ဆုံးဖြတ်လိုက်ရသည်။
ချန်ဟောက်က ယဲ့ရှောင်ချန်းကို နှုတ်သာ နှုတ်ဆက်နိုင်လိုက်သဖြင့် စိတ်ပျက်သွားပြီး လီယန်ထံသို့ ပြန်လာ၏။
အခုချိန်ကစပြီး သူနဲ့ ယဲ့ရှောင်ချန်းတို့၏ အခြေအနေ ကွာခြားချက် အလွန်ကြီးမားသွားပြီး ဆိုတာကို သူသတိထားမိပါသည်။
"ယောက်ျား ရှောင်ချန်းစိုက်ပျိုးရေးခြံမှာ ဟင်းသီးဟင်းရွက်တွေ ရှိတယ်မလား။ ကျွန်မတို့ စူပါမားကတ်မှာ ရောင်းခိုင်းလို့ ရတယ်လေ။"
လီယန်တစ်ယောက် မျက်လုံးများ တောက်ပသွားပြီး ချန်ဟောက်ကို တီးတိုးပြောလိုက်သည်။
သူမတွင် ဒီလိုဆန္ဒရှိသည်။ အရင်က ယဲ့ရှောင်ချန်းကို အထင်သေးခဲ့မိသဖြင့် ယဲ့ရှောင်ချန်းက သူမကို အငြှိုးထားမည်ကို စိုးရိမ်နေသဖြင့် ဆက်ဆံရေးပြန်လည် ဖာထေးဖို့ သူမ ဆုံးဖြတ်လိုက်သည်။
"အချိန်တွေက ပြောင်းလဲသွားပြီလေ။ ရှောင်ချန်းက သူ့ဟင်းသီးဟင်းရွက်တွေ ရောင်းဖို့ ငါတို့စူပါမားကတ်ကို လိုဦးမယ်ထင်နေတာလား။"
ချန်ဟောက်က အမြင်ကျဥ်းသော သူ့မိန်းမကြောင့် ပြောစရာစကားကင်းမဲ့သွားပါသည်။ အခုချိန်ထိ ဘာမှသုံးမရသော အတွေးများ တွေးနေဆဲ။
"သူ့ကို တောင်းဆိုကြည့်လို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ဆွေမျိုးတွေလေ။ ယောက်ျား သူက အခုအရမ်းနာမည်ကြီးနေပြီ။ ကျွန်မတို့ သူ့ခြံထွက် ဟင်းသီးဟင်းရွက်တွေ ရောင်းမယ်ဆိုရင် သေချာပေါက် ကျွန်မတို့ စူပါမားကတ်ကို လည်ပတ်နိုင်မှာပဲ။"
လီယန်က အခွင့်ကောင်းယူဖို့ စဥ်းစားနေဆဲ ဖြစ်ပါသည်။
ချန်ဟောက်သည် သူ့မိန်းမ၏ ညံ့ဖျင်းသော အကြံကြောင့် ဆွံ့အသွားသည်။ ထိုအချိန်က အရမ်း ပျော့ညံ့ခဲ့သည်ကို အလွန်မုန်းတီးပြီး အခုထိလည်း ပျော့ညံ့နေဆဲဖြစ်၏။ သို့သော် ပြောင်းလဲဖို့ နောက်ကျသွားပါပြီ။
ညနေခင်းကျမှ လူအုပ်ကြီး ရှင်းသွားတော့သည်။
သို့သော်လည်း ယဲ့ရှောင်ချန်း၏ ဆွေမျိုးများကတော့ ကျန်နေသေးသည်။
ညစာအတွက် စားပွဲဝိုင်းများစွာ ခင်းထား၏။
ထိုအချိန်တွင်လည်း ချီးကျူးစကားပေါင်းစုံကို တစ်ခုပြီးတစ်ခု ကြားနေရပါသည်။
ယဲ့ရှောင်ချန်းကတော့ ပါးစပ်ပိတ်၍သာ နေလိုက်သည်။ ကျောင်းသားအရွယ် ဆွေမျိုးများ စုဆုံစဥ် အချိန်ကာလများတုန်းက ဘယ်သူက သူ့ကို အရေးတယူလုပ်ခဲ့ဖူးလို့လဲ။
ဒီလို အာဏာကြီးသော ဆွေမျိုးများရှေ့တွင် မိဘများက သုန်သုန်မှုန်မှုန် စားသောက်နေရသည်မှာ ပုံမှန်သာ ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းက သူ့မိဘများ၏ စိတ်လှုပ်ရှား ဂုဏ်ယူနေသော မျက်နှာများကို မြင်လိုက်ရခါမှ စိတ်အေးသွားသည်။ ဧကန္တ သူ့မိဘများကို ပျော်ရွှင်အောင် ထားလိုက်ဖို့ အဆင်ပြေလောက်ပါသည်။
ကလေးများအတွက် မိဘများ ဂုဏ်ယူစေဖို့က အဓိက မဟုတ်ပါလား။
ဝမ်းကွဲတချို့၏ အားပေးအားမြောက်လုပ်မှုကြောင့် ယဲ့ရှောင်ချန်းသည် ခဏခဏ အရက်သောက်နေရသည်။
သို့သော် သူ့ရဲ့ အဆိပ်ပြီးသော ခန္ဓာကိုယ်ပါရမီကြောင့် မူးသွားဖို့က မဖြစ်နိုင်ပေ။
ညည့်နက်အချိန်တွင်...
သက်ဝင်လှုပ်ရှားနေသော ပတ်ဝန်းကျင်အခြေအနေသည် နောက်ဆုံးတော့ ကွယ်ပျောက်သွားပြီဖြစ်သည်။ ယဲ့ရှောင်ချန်းက ရှုပ်ပွနေသော ပန်းကန်ပြားနှင့် ခွက်များစွာတို့ကိုကြည့်လိုက်သည်။ သူ့ဝမ်းကွဲများစွာက စားပွဲပေါ်တွင် မှောက်နေကြသည်။
သူ့အမေနှင့် သူ့အဖေလည်း မူးနေသဖြင့် အိပ်ယာဝင်သွားကြသည်။ အကောင်းတိုင်းရှိသော ဆွေမျိုးအနည်းငယ်ကသာ ပန်းကန်ပြားများကို ရှင်းလင်းနေကြ၏။
သူ မတ်တပ်ရပ်လိုက်ပြီး အိမ်ပြင်သို့ ထွက်သွား၏။
"ရှောင်ချန်း နင်အများကြီး သောက်ထားတာကို သွားအိပ်တော့လေ။"
ပန်းကန်များကို သန့်ရှင်းရေးလုပ်နေသော အကြီးဆုံးဒေါ်လေးက အမြန်ပြောလိုက်သည်။
"ဒေါ်လေး ကျွန်တော်အဆင်ပြေပါတယ်။"
ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်၏။
ယဲ့ရှောင်ချန်း အိမ်အပြင်ထွက်သွားသည်ကို ကြည့်ကာ အကြီးဆုံးဒေါ်လေး တွေဝေသွားခဲ့သည်။ သူ့တူ ရင့်ကျက်လာပြီပဲ။
မူးနေသော သူ့သား ချန်ဟောက်ကို ကြည့်လိုက်သောအခါ ရင်ဘတ် မွန်းကြပ်သွားရသည်။
ဒီလို စိတ်မာမာ မိန်းမမျိုးကို လက်ထပ်ဖို့ သူ့သားအတွက် မလွယ်ကူခဲ့ပါဘူး။ သူဘယ်လောက်တောင် အနေမကျပ်ဖြစ်ခဲ့ရရှာမလဲ။
....
ယဲ့ရှောင်ချန်းက တောင်လမ်းအတိုင်း လမ်းလျှောက်ဆင်းလာခဲ့သည်။ ညလေပြည်က တိုးဝှေ့နေ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းနေခဲ့သည်။
ပြောရမည်ဆိုလျှင် ဒီနေ့ကြုံတွေ့ခဲ့သမျှ အရာအားလုံးက သူ့အတွက် ရှုခင်းများအကြား အနားယူခြင်းသာဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် နေ့ရက်များကို ပုံမှန်အတိုင်းသာ ဖြတ်သန်းသွားမည်။ ပညာရှင်အသင်းကြောင့် ခြေလှမ်းတစ်ခုတည်းနှင့် အောင်မြင်မသွားချင်ပါ။
အခြေမခိုင်ပါက အလွယ်တကူ ပြိုကျပျက်စီးသွားပါလိမ့်မည်။
ဒီနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက ဒီမှာပဲ ရပ်တန့်သွားမည် မဟုတ်သည်ကို သူသိနေသည်။ ဖြည်းဖြည်းချင်း အရှိန်တက်လာမည် ဖြစ်၏။
စိုက်ပျိုးရေးခြံတွင် ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံ၏ အခြေအနေကို ကြည့်လိုက်သည်။ အထူးသဖြင့် အင်မော်တယ်မြေများကို ဖြစ်၏။
အတွေးတစ်ခုတည်းနှင့် အင်မော်တယ်မြေ ဖုံးကွယ်ခြင်းကို ပယ်ဖျက်လိုက်သည်။ မကြာမီ လေအေးများက အင်မော်တယ်မြေအား ဖုံးလွှမ်းသွားလေသည်။
ခွေးနှစ်ကောင် အပြေးရောက်လာကြ၏။ အင်မော်တယ်မြေ ပြောင်းလဲမှုကို ခံစားမိကြကာ ရုတ်တရက် ပျော်ရွှင်လာကြခြင်း ဖြစ်၏။ သူတို့ ယာယီခွေးအိမ်သို့ ပြေးသွားကြပြီး ဇိမ်ရှိရှိဖြင့် လှဲချလိုက်၏။
ယဲ့ရှောင်ချန်းက အင်မော်တယ်မြေရှိ အင်မော်တယ် အပင်များကို ကြည့်လိုက်သည်။ အားလုံးက ပုံမှန်အတိုင်း ဖွံ့ဖြိုးနေကြပါသည်။
ညနေက ရေမလောင်းရသေးသဖြင့် ယဲ့ရှောင်ချန်းသည် ရေဖြန်းဗူးကို ထုတ်လိုက်ပြီး အင်မော်တယ် အပင်များကို စတင် ရေလောင်းတော့သည်။
ရေတစ်ပုံးလောက် လောင်းပြီးသွားသဖြင့် အင်မော်တယ်စမ်းရေတွင် နောက်ထပ် တစ်ပုံးသွားယူမည်အပြုတွင် ရုတ်တရက် သူတစ်ခုခုကို အာရုံခံလိုက်မိ၏။
အမြန်ဆုံး ရေဖြန်းဗူးကို ချလိုက်ပြီး တင်းတဲသို့ ပြေးသွားကာ သိုလှောင်နေရာကွက်ထဲမှ အင်မော်တယ်ပျားအုံကို ထုတ်လိုက်သည်။
အင်မော်တယ်ပျားအုံ၏ အပေါက်တစ်ခု ပွင့်လာပြီး ရွှေရောင်မျဥ်းဖြင့် ဝတ်မှုန်ကူးပျားပိုးလောင်းလေးပေါ်လာသည်။
ဝတ်မှုန်ကူးပျားပိုးလောင်း၏ ကျောဘက်က ရွှေရောင်မျဥ်းလေးမှာ အမြှီးမှ ခေါင်းအထိ လုံးဝရောက်သွားပြီဖြစ်သည်။
ယဲ့ရှောင်ချန်းသည် ထိုအဖြစ်ကို မြင်သောအခါ သူ့မျက်နှာတွင် ပီတိအပြုံးများ ပေါ်လာခဲ့သည်။
ဝတ်မှုန်ကူးပျားပိုးလောင်းလေး နောက်ဆုံးတော့ အရွယ်ရောက်သွားလေပြီ။