← Chapters

အမြင် သဘောထား

Vol. 8 Ch. 107

အမြင် သဘောထား

Vol. 8 Ch. 107

အခန်း(၁၀၇) - အမြင် သဘောထား

ယဲ့ရှောင်ချန်း ကားနှင့်တကွ စိုက်ပျိုးရေးခြံသို့ ပြန်ရောက်လာသည်။ လူအများစုကတော့ သိပ်ပြီး သတိမထားမိကြပါ။

အဓိကအကြောင်းအရင်းကတော့ ယဲ့ရှောင်ချန်းက အလွန်ငယ်ရွယ်နေသောကြောင့် ဖြစ်သည်။

ငယ်ရွယ်လွန်းသဖြင့် ဘယ်သူကမှ သူ့ကို ယဲ့ရှောင်ချန်းဟု မထင်ကြပါ။

"ဟယ်လို ပညာရှင်အသင်းက စိုက်ပျိုးရေးခြံကို လှည့်လည်ကြည့်ရှုနေပါတယ်။ အခုလောလောဆယ် အထဲဝင်လို့မရသေးပါဘူး။"

စိုက်ပျိုးရေးခြံတွင် လူများစွာ ရှိသော်လည်း အားလုံးက အလွန်အရေးပါသော လူများဖြစ်ပါသည်။

ပညာရှင်အသင်းဖြစ်ဖြစ် ကောင်တီခေါင်းဆောင်များဖြစ်ဖြစ် အခြားအခြွေအရံများဖြစ်ဖြစ် အားလုံး အလွန်အရေးပါကြသည်။

ရွာလူကြီးများ၊ ယဲ့ရှောင်ချန်း၏ မိဘများနှင့် အိမ်နီးချင်းများလည်း ရှိပါသည်။

အားလုံးကို အသေအချာ ညွှန်ကြားထားပြီး ဖြစ်သည်။

ပညာရှင်အသင်း လှည့်လည်ကြည့်ရှုရာတွင် လုံခြုံရေးကို သတိမထားဘဲ နေနိုင်ပါ့မလား။

အခြွေအရံများကြားထဲတွင် အရပ်သားဝတ်စုံဖြင့် ရဲများပါသည်။

စိုက်ပျိုးရေးခြံပတ်လည်တွင် အရပ်သားဝတ်စုံဖြင့် လုံခြုံရေးများ ရှိသည်။

အတိုချုန်းပြောရလျှင် လက်ရှိစိုက်ပျိုးရေးခြံ အတွင်းဘက် အပြင်ဘက် လုံခြုံရေးများ တင်းကြပ်လျက်ရှိပါသည်။ ဘယ်သူမဆို ဝင်ချင်တိုင်း ဝင်လို့မရပါ။

ယခုလည်း ယဲ့ရှောင်ချန်းကို စိုက်ပျိုးရေးခြံ ပြင်ပတွင် အရပ်သားဝတ်စုံဖြင့် ရဲနှစ်ဦးက တားလိုက်၏။

ယဲ့ရှောင်ချန်း ရယ်ရခက် ငိုရခက် ဖြစ်သွားပါသည်။ ပိုင်ရှင်ဖြစ်သည့် သူက အထဲဝင်လို့မရတာ ဟာသဖြစ်မနေဘူးလား။

ကံကောင်းစွာဖြင့် ယဲ့ရှောင်ချန်း၏ အဖေနှင့် အမေတို့က ခြံပြင်ပသို့ ကြည့်နေရင်း သူတို့သားကို မျှော်နေခဲ့ကြသည်။

ယဲ့ရှောင်ချန်း၏ ကားဝင်လာသည်ကို မြင်သဖြင့် ချက်ချင်း သူတို့သားပြန်လာပြီဖြစ်ကြောင်း သိကာ စိုက်ပျိုးရေးခြံဝင်ပေါက်သို့ အပြေးသွားလိုက်ကြသည်။ လုံခြုံရေးများက ယဲ့ရှောင်ချန်းအား တားဆီးနေသည်ကို မြင်သောအခါ သူ့အမေက အမြန်အော်လိုက်၏။ "အဲ့တာ ကျွန်မသားပါ။ ဘာလို့ တားနေကြတာလဲ။"အရပ်သားဝတ်စုံဖြင့် ရဲနှစ်ဦး ကြောင်သွားကြသည်။

ထိုသက်လတ်ပိုင်း အမျိုးသမီးကိုတော့ သူတို့သိကြပါသည်။ ပညာရှင်အသင်း လာရောက်လည်ပတ်သော မစ္စတာယဲ့၏ အမေဖြစ်သည်။

ဒါဆို ဒီလူငယ်က ယဲ့ရှောင်ချန်းဆိုတဲ့ သဘောလား။

အရင်တစ်ခေါက် စုံစမ်းထားမှုတွင်လည်း ယဲ့ရှောင်ချန်းတွင် ညီအစ်ကို တစ်ယောက်မှမရှိဘဲ ညီမ တစ်ယောက်သာရှိပါသည်။

"သြော် မစ္စတာယဲ့လား။ ကျွန်တော်တို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့က ဒီနယ်မြေအတွက် တာဝန်ကျလို့ပါ။ ခွင့်လွှတ်ပေးပါ။"

အသက်ကြီးကြီး ရဲသားကြီးက ချက်ချင်းဆိုသလို မျက်နှာကို ပြင်လိုက်ကာ ပြုံးပြီး ပြောလိုက်သည်။

"ရပါတယ်။"

ယဲ့ရှောင်ချန်းကလည်း စိတ်ထဲမထားပါ။ ခေါင်းငြိမ့်လိုက်ပြီး စိုက်ပျိုးရေးခြံထဲသို့ ဝင်သွားလိုက်၏။

အရပ်သားဝတ်စုံနှင့် ရဲသားနှစ်ဦးက ယဲ့ရှောင်ချန်း၏ နောက်ကျောကို ကြည့်လိုက်ပြီး အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။

"အစ်ကိုကြီးရှန် သူက ယဲ့ရှောင်ချန်းလို့ ပြောလိုက်တာလား။ ဒါပေမယ့် သူက ဘာမှသိပ်ပြီး ထူးခြားတဲ့ပုံလည်း မပေါ်ပါလား။"

ရဲသားအငယ်က တီးတိုးပြောလိုက်၏။

"မင်းသာ အဲ့တာမျိုး ဖောက်ထွင်းမြင်နိုင်ရင် ဒီမှာ တံခါးစောင့်နေရမှာမဟုတ်ဘူး။"

အစ်ကိုကြီးရှန်ဆိုသည့် ရဲသားကြီးက ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။

တကယ်တော့ သူ့စိတ်ထဲတွင် သူလည်း အရမ်းသိချင်နေမိပါသည်။ ဒီလူက ငယ်လွန်းသည်။

"ရှောင်ချန်း"

ယဲ့ရှောင်ချန်းတစ်ယောက် စိုက်ပျိုးရေးခြံထဲသို့ ဝင်လာသောအခါ ဖန်းယွမ်က ချက်ချင်း ကြိုဆိုလိုက်သည်။

သူ့အသံကျယ်ကျယ်ကြောင့် လူများစွာ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

အထူးသဖြင့် ယဲ့ရှောင်ချန်းက သူ့အမေနှင့် အတူတူလမ်းလျှောက်လာစဥ် လူများစွာက စိတ်ထဲတွင် တွေးတောနေကြသည်။ ဒီလူငယ်လေးက ပညာရှင်တွေရှာနေတဲ့ ယဲ့ရှောင်ချန်းဆိုတာများလား။

သူက အသက် မငယ်လွန်းဘူးလား။

"မြို့တော်ဝန်ဟောက်၊ ဒါကျွန်တော့်ရဲ့ အတန်းဖော် ယဲ့ရှောင်ချန်းပါ။"

ဖန်းယွမ်က ယဲ့ရှောင်ချန်းကို မိတ်ဆက်ပေးလိုက်သောအခါ ဟောက်ရှုဝမ်နှင့် လူအားလုံးသည် ဒီလူငယ်လေးမှာ ယဲ့ရှောင်ချန်းဖြစ်မှန်း သံသယကင်းစွာ ယုံကြည်သွားကြပြီဖြစ်သည်။

သူတို့ အံ့သြ၍သာ နေနိုင်တော့သည်။ အလွန်အံ့အားသင့်မိပါသည်။

စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး တကယ်ပဲ မဆုံးဖြတ်နိုင်ပါလား။

"မစ္စတာယဲ့ ခင်ဗျား တော်တော် တော်တာပဲ။”

မြို့တော်ဝန်ဟောက်က လက်ကမ်းပေးလိုက်သည်။

မစ္စတာယဲ့ဟုပင် ခေါ်လိုက်ပါသေး၏။

ယဲ့ရှောင်ချန်းက ငယ်ရွယ်ပြီး သာမန်လူဖြစ်သော်လည်း ပညာရှင်များအသင်းက သူ့ထံလာလည်သောအခါ သူ့ရာထူးမှာ အလွန်ပြောင်းသွားသည်။

သူ ဒါကို ရင်ဆိုင်ရပေမည်။

ထို့အပြင် ယဲ့ရှောင်ချန်းက ယန်မြို့တော်မှ ဖြစ်နေသည်က သူ့အတွက် ကံကောင်းပါသည်။

ပညာရှင်ကြီးယန်နှင့် အခြားသူများက လူတစ်ဦးကို မှားယွင်းသုံးသပ်မည်မဟုတ်ကြောင်း လုံးဝသေချာပါသည်။

ယဲ့ရှောင်ချန်းက သူတို့ကို အာရုံအလွန်စိုက်စေခဲ့သဖြင့် သူ့တွင် လုံလောက်သည့် အရည်အချင်းများ ရှိလောက်သည်။

ယဲ့ရှောင်ချန်းက အနည်းငယ် အံ့အားသင့်သွား၏။ ထင်မထားစွာဖြင့် ထိုသူက စီရင်စုအဆင့် မြို့တော်တစ်ခု၏ ဒုမြို့တော်ဝန်ဖြစ်နေပါသည်။

အရင်တုန်းက ယဲ့ရှောင်ချန်းအတွက် တီဗီနှင့် သတင်းစာများတွင်သာ မြင်နိုင်သော ရာထူးကြီးပုဂ္ဂိုလ်ဖြစ်ပါသည်။

သို့သော်လည်း ယခုတော့ သူ့ရှေ့တွင် ရပ်နေပြီး ထိုမြို့တော်ဝန်ကြီးက သူ့ကို မစ္စတာယဲ့ဟုပင် ခေါ်နေပါသည်။

ယဲ့ရှောင်ချန်းက အသက်ဝဝရှူလိုက်၏။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး မြို့တော်ဝန်ဟောက်နှင့် လက်ဆွဲ နှုတ်ဆက်လိုက်ပါသည်။

မြို့တော်ဝန်ဟောက်အပြင် ယဲ့ရှောင်ချန်းနှင့် လက်ဆွဲနှုတ်ဆက်ရန် ရောက်လာကြသော ကောင်တီခေါင်းဆောင် များစွာရှိသည်။

ယဲ့ရှောင်ချန်းတစ်ယောက် ပြောစရာစကား မဲ့သွားပြီး တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်လိုက်ရသည်။

"ဟားဟား မစ္စတာယဲ့ နောက်ဆုံးတော့ တွေ့ရပြီပေါ့။ ကျုပ်တို့ ရုတ်တရက်ကြီး လာလိုက်တာ၊ နည်းနည်း ရိုင်းပျသွားတယ်။"

ထိုအချိန်တွင် ပညာရှင်ကြီးယန်နှင့် အခြား ပညာရှင်များက ယဲ့ရှောင်ချန်း ပြန်ရောက်လာသည့်အကြောင်း ကြားကာ အားလုံး အင်မော်တယ်မြေထဲမှ ထွက်လာကြသည်။

ပညာရှင်ကြီးယန်က လက်ထဲတွင် တုတ်ကောက်တစ်ချောင်းဖြင့် လမ်းလျှောက်နေရသည်။

"ပညာရှင်ကြီးယန် ကျွန်တော့်ကို ဗျာများအောင် လုပ်လိုက်တာလားဗျာ။ ပညာရှင်ကြီးယန်သာ ဖုန်းတစ်ကောလောက် ဆက်လိုက်ရင် ကျွန်တော် လာတွေ့မှာပေါ့ဗျာ။"

ယဲ့ရှောင်ချန်းက ခပ်ပြုံးပြုံး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကျုပ်တို့ အခုလာတာလည်း အတူတူပါပဲ။ ကျုပ်တို့ကို မကြိုဆိုချင်ဘူးလား။"

ပညာရှင်ကြီးယန်က ရယ်မောကာ ပြောလိုက်သည်။

"ကြိုဆိုတာပေါ့ဗျာ။ ဒီတိုင်း အခြေအနေက နည်းနည်း ကြီးမားပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေလို့ပါ။"

ယဲ့ရှောင်ချန်းက ပတ်လည်ရှိ လူအုပ်ကြီးကို ကြည့်လိုက်သည်။ မီးတစ်လက်လက်ဖြင့် ကင်မရာများက ဓာတ်ပုံများ ရိုက်ယူနေကြသည်။

သူ နှိမ့်ချပြီး နေနိုင်ပါဦးမလား။

"မြို့တော်ဝန်ဟောက်၊ အတွင်းရေးမှူးလျို့တို့ကို ဒီအထိ လိုက်ပို့ခိုင်းရတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ကြောင့် အလုပ်တွေ ပျက်ရပြီထင်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့ အဘိုးကြီးတွေ ယုဖန်ရွာမှာပဲ ဆက်နေလိုက်တော့မယ်။ ခင်ဗျားတို့ ပြန်နိုင်ပါပြီ။"

ပညာရှင်ကြီးယန်က ထိုနေရာတွင် ရှိနေသော ခေါင်းဆောင်များကို ပြောလိုက်သည်။

သူက လူတွေကို မောင်းထုတ်နေခြင်းသာ ဖြစ်ပါသည်။

ကောင်တီခေါင်းဆောင် များစွာက ရှက်သွားသည့်ပုံပင်။

သူတို့ အေးအေးဆေးဆေး ပြန်သွားနိုင်ပါ့မလား။

ခေါင်းဆောင်များစွာက ယုဖန်ရွာတွင် ဆက်လက် နေထိုင်နေပါက စိတ်အေးရပါမည်လား။

လုံးဝ မဖြစ်နိုင်ပါ။

ပညာရှင်များတွင် ပြဿနာ သေးသေးလေး တစ်ခု ရှိလျှင်တောင် သူတို့ ပြဿနာ အကြီးကြီး တက်သွားနိုင်ပါသည်။

သို့သော်လည်း ပညာရှင်ကြီးယန်က ဆုံးဖြတ်ချက်ပြတ်သားပြီး အဓိက ခေါင်းဆောင်များစွာဖြင့် ညှိနှိုင်းခဲ့သည်။ နောက်ဆုံးတော့ အခြွေအရံအနည်းငယ်သာ ပညာရှင်များနှင့် နေခဲ့ရမည်ဟုသာ သဘောတူညီခဲ့ကြသည်။

ကောင်တီခေါင်းဆောင်များကတော့ ပြန်ကြရသည်။

နောက်ဆုံးတော့ ငြိမ်းချမ်းရေး ရလေပြီ။

"ဖန်းယွမ်၊ ကျွန်မတို့ရဲ့ သီးသန့်အင်တာဗျူးကို လက်ခံရမယ်နော်၊ ဟုတ်ပြီလား။"

ယန်မြို့ ရုပ်သံဌာနမှ အမျိုးသမီး ဂျာနယ်လစ်က သွားခါနီးတွင် ဖန်းယွမ်ကို ထိုကဲ့သို့ ပြောသွားပါသေးသည်။

သတင်းသမားအားလုံးလည်း ထွက်ခွာကြရ၏။

ဖန်းယွမ်က ယဲ့ရှောင်ချန်း၏ အတန်းဖော်ဖြစ်ခဲ့သဖြင့် မြို့တော်ပရိုမိုးရှင်း ဌာနခေါင်းဆောင်က ကံကောင်းပြီး နေခဲ့ရသည်။

ခေါင်းဆောင်များက သူ့ကို အချိန်မရွေး ဘယ်လို အခြေအနေမျိုးကိုမဆို တင်ပြဖို့ ပြောခဲ့၏။

မြို့တော်ဝန်ဟောက်ကပင် သူ့ကို ယဥ်ကျေးစွာ ပြောဆိုနေခဲ့သဖြင့် ဖန်းယွမ်မှာ ရှက်သွားပါသည်။

"ဟားဟား ဒီအစ်ကိုကြီးကတော့ ရာထူးတိုးတော့မှာပဲ။"

ဖန်းယွမ် ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။

အင်မော်တယ်မြေတွင်။

ယဲ့ရှောင်ချန်းက အထဲရှိ အပင်များကို ပညာရှင်အသင်းအား လိုက်လံပြသနေသည်။

"မစ္စတာယဲ့ မင်း ဖူဆန်သစ်ကိုင်းကို ဘယ်လိုဖြတ်ခဲ့တာလဲ။"

ပညာရှင်ကြီးယန်က အခြားပညာရှင်များလည်း သိချင်နေကြသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်ပါသည်။

ယဲ့ရှောင်ချန်းသည် ဖူဆန်သစ်ပင်အကြောင်း ဖုံးကွယ်၍ မရတော့မှန်း သိလိုက်သည်။

ထို့အပြင် သူက ဖုံးလည်းမဖုံးကွယ်ထားချင်ပေ။

"ပရော်ဖက်ဆာကျန်း၊ အပင်အသိစိတ်တွေအကြောင်း ကျွန်တော်ပြောဖူးခဲ့တာကို မှတ်မိလား။"

ယဲ့ရှောင်ချန်းက ပညာရှင်ကြီးယန်၏ မေးခွန်းကို တိုက်ရိုက်ပြန်မဖြေဘဲ ကျန်းခယ့်ချင်းကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

ကျန်းခယ့်ချင်းသည်လည်း ပညာရှင်အသင်း၏ လေ့လာရေးခရီးတွင် လိုက်ပါလာခဲ့သည်။

ဤအချိန်တောအတွင်း ရုက္ခဗေဒပညာရှင်များစွာဖြင့် ပြောဆိုဆက်ဆံရခြင်းက သူ့အား အလွန်များပြားသော အကျိုးကျေးဇူးများ ရစေနိုင်ပြီး အလွန်ကောင်းမွန်သော ကွန်ရက်တစ်ခုကို တည်ဆောက်စေနိုင်ခဲ့ပါသည်။

ဒါတွေအားလုံးက ယဲ့ရှောင်ချန်းနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ခြင်းကြောင့်ဆိုတာ သူသိပါသည်။

မဟုတ်ပါက ပညာရှင်ကြီးယန်လို ဂုဏ်ရှိ အမြင်ရှိသည့် ထိပ်တန်း ရုက္ခဗေဒ ပညာရှင်ကြီးက သူ့လို သာမန် ရုက္ခဗေဒ ပညာရှင်တစ်ယောက်ကို ဂရုစိုက်ပါဦးမလား။

ထိုနေရာရှိ ပညာရှင်များစွာက ကျန်းခယ့်ချင်းကို လှည့်ကြည့်လိုက်ကြပြီး အဖြေကို စောင့်မျှော်နေကြသည်။ ယဲ့ရှောင်ချန်းနှင့် ကျန်းခယ့်ချင်းတို့သည် သူတို့အချင်းချင်း ထိုကိစ္စအကြောင်း ဆွေးနွေးခဲ့ဖူးကြသည်မှာ သေချာပါသည်။

"မစ္စတာယဲ့ ဖူဆန်သစ်ပင်ရဲ့ ကိုင်းဖြတ်နည်းလမ်းက အပင်အသိစိတ်နဲ့များ ဆက်နွယ်နေလို့လား။"

ကျန်းခယ့်ချင်းက ထိတ်လန့်အံ့သြသွား၏။

ယဲ့ရှောင်ချန်း၏ လုပ်နိုင်စွမ်းကို ယုံကြည်သော်လည်း အပင်အသိစိတ်တည်ရှိမှုကိုတော့ သူသံသယဖြစ်မိပါသည်။

ထို့အပြင် ဖူဆန်သစ်ပင်ကြီးကို အသက်ရှင်အောင် ကိုင်းဖြတ်နိုင်သည်ဆိုတာက ဘာသဘော သက်ရောက်ပါသလဲ။

အပင်အသိစိတ် တည်ရှိနေခြင်းကို သက်သေပြလိုက်သည့်သဘောသက်ရောက်ပါသည်။

ယဲ့ရှောင်ချန်းက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။

"တကယ်တော့ အဲ့ဒီနည်းလမ်းပါပဲ။"

ကျန်းခယ့်ချင်းသည် အလွန် ထိတ်လန့်သွားကာ အံ့သြနေမိရုံသာ တတ်နိုင်သည်။ ပညာရှင်များ၏ သိချင်စိတ်ပြင်းပြသော အကြည့်များကိုမြင်ကာ အပင်အသိစိတ်အကြောင်း ရှင်းပြလိုက်သည်။

ထိုအကြောင်း ကြားသောအခါ ပညာရှင်များလည်း လန့်သွားကြ၏။

အပင်အသိစိတ်တဲ့။ ရုက္ခဗေဒနယ်ပယ်တွင် ထိုကဲ့သို့ အကြောင်းအရာမျိုး လုံးဝမရှိပါ။

ယခုတော့ ယဲ့ရှောင်ချန်းက ထိုအကြောင်းအရာကို ဖော်ထုတ်လိုက်သည်။ တကယ်သာ တည်ရှိနေပါက ရုက္ခဗေဒ နယ်ပယ်တွင် လမ်းကြောင်းအသစ်တစ်ခု ဖောက်ပြီးသား ဖြစ်သွားနိုင်ပါသည်။

All Chapters