← Chapters

တုံ့ပြန်ခြင်း

Vol. 8 Ch. 108

တုံ့ပြန်ခြင်း

Vol. 8 Ch. 108

အခန်း(၁၀၈) - တုံ့ပြန်ခြင်း

"မစ္စတာယဲ့ အပင်အသိစိတ်တည်ရှိမှုကို ကျုပ်တို့ ဘယ်လို အတည်ပြုနိုင်မလဲ။"

ပညာရှင်ကြီးယန်က အသက်ဝဝရှူလိုက်ကာ ဆွေးနွေးသော လေသံဖြင့် မေးလိုက်သည်။

အပင်အသိစိတ်တည်ရှိမှုကိုသာ သက်သေပြနိုင်ပါက ရုက္ခဗေဒပညာရပ် ဖွံ့ဖြိုးမှုအပေါ်တွင် စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်သော အရေးပါမှုတစ်ခု ဖြစ်လာနိုင်ပါသည်။

"သက်သေပြလို့မရပါဘူး။ လူသားဝိညာဥ်လိုပဲ။ ကျွန်တော်တို့က အဲ့ဒီအကြောင်းအရာ ရှိတယ်ဆိုတာ သတိထားမိကြပြီး ဝိညာဥ်တကယ်ရှိတယ်လို့ ယုံကြည်နေရင်တောင် သက်သေပြလို့တော့ မရပါဘူး။ အပင်အသိစိတ်လည်း ထိုနည်းလည်းကောင်းပဲ။ ကျွန်တော့်ရဲ့ အပင်အသိစိတ် သုတေသနက သူ့ရဲ့တည်ရှိမှုကို သက်သေပြဖို့မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် သူက တည်ရှိနေပြီး အသိပညာအသစ်တွေကို ပေါ်ထွန်းလာစေဖို့ကိုပဲ ရည်ရွယ်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ ရလဒ်တွေများစွာကြောင့် အပင်အသိစိတ်တည်ရှိမှုကို သက်သေပြ ပုံဖော်လာနိုင်မှာပါ။"

ယဲ့ရှောင်ချန်းက ပုခုံးတွန့်ပြလိုက်သည်။

အယူအဆနှင့် သက်သေ။

ကမ္ဘာကြီးပေါ်က ပြဿနာများက ဒီလိုနှင့် ပေါ်ပေါက်လာကြခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်း၏ ဤသီအိုရီဆန်သော အဆိုပြုချက်က ဘာရလဒ်မှ မရှိသေးပေ။ စမ်းသပ်ချက် ပြုလုပ်ပါကလည်း ဘာမှ ဖြစ်လာမည် မဟုတ်ပါ။

ယဲ့ရှောင်ချန်းကတော့  အောင်မြင်နိုင်ခဲ့သည်။

ဖူဆန်သစ်ပင်ကြီး၏ ကိုင်းကို အသက်ရှင်လျက် ဖြတ်တောက်နိုင်ခဲ့သည်။ အဲ့တာက ရှင်းရှင်းလင်းလင်း သက်သေတစ်ခုပဲ မဟုတ်ပါလား။

မဟုတ်ပါက ဘာကြောင့် ပညာရှင်များအားလုံး စုစည်းမိကြပြီး အကောင်းဆုံး ကိရိယာ နည်းပညာများ ရှိနေကြတာတောင် ထိုကဲ့သို့ မလုပ်နိုင်ကြတာလဲ။

ဒါက အပင်အသိစိတ် တည်ရှိနိုင်ချေကို ပြသနေသည် မဟုတ်ပါလား။

ထိုနေရာတွင် ရှိနေသော ပညာရှင်အားလုံး တိတ်ဆိတ်စွာဖြင့် နားထောင်နေကြပါသည်။

သူတို့ သိပ်နားမလည်ကြသော်လည်း မနေနိုင်ဘဲ တွေးကြည့်မိကြသည်။

ဧကန္တ ယဲ့ရှောင်ချန်း ဖူဆန်သစ်ပင်မှ သစ်ကိုင်းကို အသက်ရှင်လျက် ဖြတ်တောက်နိုင်ခဲ့ခြင်းက ကြက်ကန်းဆန်အိုးတိုးခြင်းများ ဖြစ်နေမလား။

ထိုအတွေးက လူအများစု တွေးသော အတွေးဖြစ်ပါသည်။

သို့သော်လည်း တချို့ကတော့ ထိုအတွေးမျိုးကို မတွေးကြပါ။

ဥပမာအားဖြင့် ဂလိုဘယ်ကုမ္ပဏီ၏ ပန်းဂေါ်ဖီ ပြဿနာကို ယဲ့ရှောင်ချန်း ဖြေရှင်းပေးခဲ့မှန်းသိသော ကျန်းခယ့်ချင်းဖြစ်သည်။

ယခင်က ဂလိုဘယ်ကုမ္ပဏီက သူ့ကို မေးမြန်းခဲ့ဖူးသည်။ သို့သော် ဆားပျော်ရည်၏ သဘောတရားကို သူဘယ်တော့မှ နားမလည်နိုင်ခဲ့ပါ။

ယဲ့ရှောင်ချန်းက ဆားပျော်ရည်ကို ကြက်ကန်းဆန်အိုးတိုးကာ ရှာဖွေတွေ့ရှိခဲ့သည်ဟု ပြောသူများလည်း ရှိသည်။

ဆားပျော်ရည်နည်းလမ်းက ကြက်ကန်းဆန်အိုးတိုးသည်ဆိုပါက၊ ဖူဆန်သစ်ပင်ကြီးကို ကယ်တင်နိုင်ခြင်းက ကြက်ကန်းဆန်အိုးတိုးသည်ဆိုပါက၊ ဖူဆန်သစ်ကိုင်းကို အသက်ရှင်အောင် ဖြတ်တောက်နိုင်ခဲ့ခြင်းက ကြက်ကန်းဆန်အိုးတိုးသည်ဆိုပါက ကမ္ဘာပေါ်တွင် ဘာကြောင့် ကြက်ကန်းဆန်အိုးတိုးခြင်း ဒီလောက်များပြားရသလဲဟုသာ မေးမြန်းနိုင်ပါတော့မည်။

ဖြစ်နိုင်ချေကတော့ တစ်ခုသာရှိ၏။ ယဲ့ရှောင်ချန်းက အပင်အသိစိတ် သီအိုရီကို တကယ်ပဲ ကျွမ်းကျင်တတ်မြောက်ထားကာ ထိုသီအိုရီကို အသုံးပြုကာ များစွာသော ကြက်ကန်းဆန်အိုးတိုးခဲ့ခြင်း ဖြစ်နိုင်ပါသည်။

အားလုံး နေ့လည်စာမစားခင်အချိန်အထိ အင်မော်တယ်မြေတွင် နာရီအနည်းငယ်ကြာအောင် ဆက်နေခဲ့ကြပါသေးသည်။ ထို့နောက် စိုက်ပျိုးရေးခြံမှ ထွက်သွားပြီး ယဲ့ရှောင်ချန်းအိမ်တွင် နေ့လည်စာသွားစားကြလေသည်။

ပညာရှင်အသင်းနှင့် ကျန်အခြွေအရံများကို ဧည့်ခံဖို့အတွက် ယဲ့ရှောင်ချန်း၏ မိဘများနှင့် အိမ်နီးချင်းများက ပြင်ဆင်မှုများ ကြိုလုပ်ထားပြီး ဖြစ်ပါသည်။ သူတို့သည် ကြက်များ၊ ဘဲများ၊ ငါးများကို ပြင်ဆင်ထားပြီး အသားများ ခုတ်ပိုင်းချက်ပြုတ်ထားပြီးပါပြီ။

ညစာစားပွဲကြီး တစ်ခုလိုဖြစ်နေသည်။

ကံကောင်းစွာဖြင့် သူတို့ထဲက တစ်ဝက်ကျော်လောက် ပြန်သွားကြသည်။ မဟုတ်ပါက ဧည့်ခံဖို့ အတော်လေး ပြဿနာတက်ရပါဦးမည်။

အစားအစာများကို အိမ်တွင် ချက်ပြုတ်ပြီး ဝိုင်နှင့် ဆန်ဝိုင်များကို စိုက်ပျိုးရေးခြံထဲတွင် ခင်းကျင်းပေးခဲ့သည်။

ဟင်းလျာထဲတွင် အသုံးပြုသည့် ပါဝင်ပစ္စည်းများက ခြံထွက်ပစ္စည်းများဖြစ်သဖြင့် ဟင်းချက်စွမ်းရည်က သာမန်အဆင့်ဖြစ်နေလျှင်တောင် အရသာက အထူးကောင်းမွန်လှပါသည်။

အားလုံးက ဟင်းလျာများကို ကြိုက်နှစ်သက်ကြပါသည်။

နေ့လည်စာ စားသောက်ပြီးနောက်တွင် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များစွာကို တည်ခင်းပေးလိုက်သည်။

ဆားရည်စိမ် အသီးအရွက်များကို နောက်ဆုံးမှ တည်ခင်းပေးရခြင်းက အရသာရှိလွန်း၍ ဖြစ်ပါသည်။ အစပိုင်းတွင် တည်ခင်းပေးခဲ့ပါက အခြားဟင်းလျာများကို သူတို့စားနိုင်ပါဦးမလား။

တစ်ယောက် တစ်စိတ်လောက် မြည်းကြည့်ပြီးနောက် သူတို့ မရပ်မနား ဆက်စားကြသည်။

အချိန်တိုအတွင်း ဆားရည်စိမ် အသီးအရွက်များအားလုံး ပြောင်စင်သွားပါသည်။

ပညာရှင်ကြီးများကပင် ဆားရည်စိမ် အသီးအရွက်များရှေ့ ဒူးထောက်အရှုံးပေးရပြီး သူတို့၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်အားတော့ပါ။

"ကောင်းလိုက်တာ။ ဒီဆားရည်စိမ် အသီးအရွက်တွေကို ဘယ်လိုများလုပ်ထားတာလဲ။"

"အစားအသောက်တွေက အရသာရှိလိုက်တာ။ ဒါပေမယ့် အစားအစာတွေ ကျန်နေသေးတာ သတိမထားမိလိုက်ဘူး။ ဒါကျုပ်တစ်ဘဝလုံး စားခဲ့ဖူးသမျှထဲမှ အကောင်းဆုံး ဆားရည်စိမ် အသီးအရွက်တွေပါပဲ။"

"ဆားရည်စိမ် အသီးအရွက်ဆိုတာ ဒီလောက် အရသာရှိနိုင်မှန်း ထင်မထားဘူး။"

"ဆားရည်စိမ် အသီးအရွက်က ဘာလို့ ဒီလောက်အရသာရှိရတာလဲ။ မစ္စတာယဲ့ မင်း ဘယ်လို ဆားရည်စိမ်တာလဲ။"

.......

ဆားရည်စိမ်အသီးအရွက်များကို စားသောက်ပြီးနောက်တွင် အားလုံး ထပ်စားချင်နေကြပါသေးသည်။

ကျန်းခယ့်ချင်းက ဆားရည်စိမ်အသီးအရွက်များ၏ အရသာကို ပြန်တွေးကြည့်နေပြီး ထပ်မစားနိုင်တော့သည်ကို စိတ်ပျက်မိသည်။ နည်းနည်းလောက်သာ ထပ်စားရဦးမည်ဆိုလျှင်...

ရုတ်တရက် သူတစ်ခုခုကို တွေးမိသွားပုံရသည်။ အရင်တစ်ခေါက်က ယဲ့ရှောင်ချန်း သူ့ဆီကို ဆားရည်စိမ်အသီးအရွက်ထုပ် တစ်ချို့ ပို့ပေးခဲ့တယ် မဟုတ်လား။

မဟုတ်မှလွဲရော အဲ့ဒီဆားရည်စိမ်အသီးအရွက်တွေက ဒီဆားရည်စိမ်အသီးအရွက်တွေနဲ့ အတူတူပဲလား။

ထိုအကြောင်းကို စဥ်းစားရင်း ကျန်းခယ့်ချင်းတစ်ယောက် ရင်ထဲတွင် စိတ်လှုပ်ရှား တက်ကြွလာသည်။

ကျင်းကောင်တီ၊ ရန်းချန် ပရိဘောဂ စက်ရုံ၊ လှလှပပ တန်ဖိုးကြီးစွာ ပြင်ဆင်ထားသော ရုံးခန်းတွင်...

လီကျန့်ရမ်က စီမံရေးအပိုင်း ဝန်ထမ်းတချို့နှင့် စကားပြောနေ၏။

ရုတ်တရက် စားပွဲပုတစ်လုံးတွင် တင်ထားသော သူ့ဖုန်းသံ မြည်လာသည်။

ကိုင်ကြည့်လိုက်သောအခါ လျို့ဖူရှန်း ဖြစ်နေ၏။

"ဘာပြောတယ်။ ပညာရှင်အသင်းက ကျင်းကောင်တီကိုလာပြီး ယဲ့ရှောင်ချန်းကို လာရှာတယ်ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

လီကျန့်ရမ်၏ မျက်လုံးများ ကျွတ်ထွက်လုနီးပါးဖြစ်သွားရသည်။

သတင်းက အလွန် အံ့အားသင့်စရာ ကောင်းလှ၏။

ပညာရှင်အသင်း ကျင်းကောင်တီကို လာမည့်အကြောင်း မသိသည့်လူမရှိပေ။

သို့သော်လည်း သူကပရိဘောဂ လုပ်ငန်းဖြစ်ပြီး ပညာရှင်များအသင်းနှင့် မတွေ့နိုင်လောက်သောကြောင့် သိပ်ပြီးစိတ်ထဲမထားခဲ့ပါ။

သို့သော်လည်း အခုတော့ အခြေအနေက မတူညီတော့ပါ။

ပညာရှင်အသင်း ယဲ့ရှောင်ချန်းထံသို့ တကူးတက လာလည်ပတ်သည့် အဓိပ္ပာယ်က ဘာများဖြစ်နိုင်မှာလဲ။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းက မကြာမီ နာမည်ကြီးလာတော့မည်။ ယဲ့ရှောင်ချန်းက သာမန် လူမသိသူမသိ လယ်သမား မဟုတ်တော့ပါ။

"မှားပြီဟေ့။"

လီကျန့်ရမ် နောင်တရသွားသည်။ အံကြိတ်လိုက်ပြီး လျို့ဖူရှန်းကို ပြောလိုက်၏။ "လျို့ကြီးရေ၊ ကျုပ်တို့ ထပ်စောင့်လို့မဖြစ်တော့ဘူး။ အားလုံးကို အသိပေးပြီး ဒီနေ့တွေ့ဖို့ လုပ်လိုက်တော့။"

ထိုသို့ပြောပြီး ဖုန်းတန်းချလိုက်သည်။ ထို့နောက် အခြားသူများကို ပျာပျာသလဲလဲ ဆက်သွယ်တော့သည်။

ယဲ့ရှောင်ချန်းတစ်ယောက် နာမည်ကြီးလာသည်နှင့် လူများစွာက သူ့ကိုသတိထားမိလာမည်ကို သူသိသည်။

ယဲ့ရှောင်ချန်း၏ အဆင့်မြင့် ဟင်းသီးဟင်းရွက်များအကြောင်းသာ တစ်ယောက်ယောက် သိသွားပြီး သူနဲ့အတူ ပူးပေါင်းဆောင်ရွက်မည် ဆိုပါက သူတို့ရှယ်ယာ ရနိုင်ပါဦးမလား။

သူတို့တွင် ငွေကြေးဥစ္စာ ရှိသော်လည်း သာမန်သာဖြစ်သည်။ ယန်မြို့တော်ကြီးကို မဆိုဦးနှင့် ကျင်းကောင်တီအတွင်းမှာတောင် ငွေကြေးများစွာ ပိုင်ဆိုင်သော လူအမြောက်အများ ရှိပါသည်။

ထို့အပြင် ယဲ့ရှောင်ချန်းက ယန်မြို့တော်တွင် အချမ်းသာဆုံးလူဖြစ်သော ဝမ်ရွှေရှန့်နှင့်လည်း သိကျွမ်းပါသည်။

ကျင်းကောင်တီ ဒေသတစ်ခု။

လီမင်ကျူးတို့မိသားစု အတူတူ စားသောက်နေကြသည်။ သမီးဖြစ်သူ လီယန်နှင့် သားမက်ဖြစ်သူ ချန်ဟောက်တို့လည်း ရှိနေသည်။

ရုတ်တရက် ချန်ဟောက်၏ ဖုန်းသံမြည်လာသည်။

ချန်ဟောက်က ဖုန်းနံပါတ်ကို မြင်သောအခါ သူ့အမေ ဖုန်းခေါ်နေမှန်းသိလိုက်ရသည်။ ထို့ကြောင့် ချက်ချင်းထကာ အပြင်သို့သွားပြီး ဖုန်းကိုင်ဖို့ လုပ်လိုက်သည်။

"စားစရာရှိတာ စားစမ်းပါ။ ဘယ်သူ့ဖုန်းကို ဖြေမလို့လဲ။"

လီယန်က ပြောလိုက်၏။

ချန်ဟောက်က သူမအသံကို ကြားသည့်ပုံမပေါ်ဘဲ ဖုန်းဖြေလိုက်သည်။ "အမေ ကျွန်တော် ထမင်းစားနေတာ ဘာဖြစ်လို့လဲ။"

"ဘာ... အမေ ဘာပြောလိုက်တယ်။ ပညာရှင်အသင်းက တတိယဦးလေးတို့အိမ်ကိုလာပြီး ယဲ့ရှောင်ချန်းနဲ့ လာတွေ့တယ်ဟုတ်လား။"

ချန်ဟောက် ထိတ်လန့်သွားသည်။

သူကြားနေရသည်ကို မယုံနိုင်ပေ။

ပညာရှင်အသင်းက တတိယဦးလေးတို့အိမ်ကို ဘာသွားလုပ်တာလဲ။

နှစ်ဖက်စလုံးက ဆယ်ဘဝလောက်ဆိုရင်တောင် တွေ့ဆုံဖို့ မဖြစ်နိုင်ပါ။ ထို့ကြောင့် လုံးဝ မဖြစ်နိုင်ပေ။

"အမှန်ပဲ။ အခု ဒီသတင်းက ဆွေမျိုးတွေအကုန်လုံးဆီကို ပျံ့သွားပြီ။ အခု ပညာရှင်အသင်းက ယဲ့ရှောင်ချန်းတို့အိမ်မှာ ရှိနေတယ်။ နင် ထမင်းစားပြီးတာနဲ့ မြန်မြန်ပြန်လာခဲ့။ ရှောင်ချန်းတို့အိမ် သွားကြစို့။"

ချန်ဟောက်အမေ၏ အသံက ဖုန်းထဲမှ ထွက်လာသည်။

"သြော် ဟုတ်ပြီဟုတ်ပြီ... ကျွန်တော် အခုချက်ချင်းလာခဲ့မယ်နော်။"

ချန်ဟောက် ဖုန်းချလိုက်သည်။ သူ့ပုံစံက အနည်းငယ် တွေဝေနေသည့်ပုံပင်။

သတင်းက လန့်စရာလည်း ကောင်းတာကိုး။

သူ့ထိုင်ခုံသို့ ပြန်ရောက်တာတောင် စိတ်နှင့်လူနှင့် မကပ်သေးပေ။

"ရှင်ဘာဖြစ်နေတာလဲ။ ဘာကိစ္စရှိလို့လဲ။"

လီယန်က အမြန်မေးလိုက်သည်။

"မိန်းမ အိမ်မြန်မြန် ပြန်ကြစို့..."

ချန်ဟောက်က ရုတ်တရက် ထလိုက်ပြီး ပြောလိုက်သည်။

"အိမ်ပြန်မယ်ဟုတ်လား။ အခု ကျွန်မတို့ စားသောက်နေတယ်လေ။ နေ့လည်ကျရင်လည်း အဖေ့ကို ဆေးရုံပို့ပေးရဦးမယ်။"

လီယန်က ချန်ဟောက်ကို စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။

သို့သော်လည်း ချန်ဟောက်က ဘာမှ ဂရုမစိုက်ဘဲ အမြန်ပြောလိုက်သည်။ "တကယ်သွားမှ ဖြစ်မှာ။ ကိစ္စကြီးကြီးမားမား တစ်ခု ဖြစ်နေတယ်။ ပညာရှင်အသင်းက ချန်းလေးတို့အိမ်ကို ရောက်နေတယ်။"

"ပညာရှင်အသင်းက ချန်းလေးအိမ်ကို ရောက်နေတယ်ဟုတ်လား။ ချန်းလေးက ဘယ်သူမို့လဲ။ ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ။"

လီယန်က ဘာမှတုန့်ပြန်မှုမှ မရှိပါ။

"ယဲ့ရှောင်ချန်းလေ ကိုယ့်ဦးလေးရဲ့သား"

ချန်ဟောက်က ပြောလိုက်၏။

"ရှင်ဖျားနေတာတော့ မဟုတ်ဘူးမလား။"

လီယန်က ဒါကို ဘယ်လိုလုပ်ပြီး ယုံနိုင်မှာလဲ။ သူမ လှောင်ပြောင်လိုက်သည်။ "ပညာရှင်အသင်းက ရှင့်ရဲ့ ဆင်းဆင်းရဲရဲ ဝမ်းကွဲညီအိမ်ကို သွားတယ်ပေါ့လေ။"

"မင်း မယုံလည်း ငါရှင်းပြရမှာ ပျင်းတယ်ဟေ့။"

ချန်ဟောက်က ဆက်သည်းမခံနိုင်တော့ပါ။ သူလှည့်ထွက်သွားသည်။

သူ လီယန်ကို သည်းခံရပေါင်းများနေပြီဖြစ်သည်။

"အဖေ သူ အကြောမာနေတာ တွေ့လား။ သူက သမီးကိုများ ဒေါသထွက်ရဲသေးတယ်။"

လီယန်က စိတ်ဆိုးစွာ ပြောလိုက်သည်။

"ဖုန်းခေါ်ပြီး မေးကြည့်ရအောင်လေ။"

လီမင်ကျူးးက သူ့သမီး၏ မာကျောသော စိတ်နှင့် သူ့သားမက်၏ ရိုးသားသော စိတ်တို့ကို သိသဖြင့် သူက အလွယ်တကူ စိတ်မဆိုးပါ။ အကြောင်းပြချက်တစ်ခုခုတော့ ရှိလိမ့်မည်။

သူ့သားမက် အခုလုပ်ခဲ့ပုံက သိပ်အဆင်မပြေသော်လည်း သူဂရုစိုက်ရမည်။

ခဏကြာသောအခါ သူနှင့် ဆက်ဆံရေး ကောင်းမွန်သော ခေါင်းဆောင်တစ်ဦးကို ဖုန်းဆက်လိုက်သည်။

အခြေအနေကို သိလိုက်ရသောအခါ သူထိတ်လန့်သွား၏။

"အဖေ ဘာတဲ့လဲ။"

အဖေဖြစ်သူ၏ ပုံစံကိုမြင်ကာ လီယန် အမြန်မေးလိုက်သည်။

"ပညာရှင်အသင်းက ထိုက်ဖျင်မြို့က ယုဖန်ရွာကိုသွားပြီး ယဲ့ရှောင်ချန်းလို့ ခေါ်တဲ့လူငယ်လေးတစ်ယောက်ကို သွားတွေ့တာတဲ့။"

လီမင်ကျူးက ပြန်ပြောပြလိုက်သည်။

လီယန်တစ်ယောက် ကြက်သေသေသွား၏။

ဘယ်လိုဖြစ်နိုင်မှာလဲ။

သို့သော်လည်း သူမအဖေက ခေါင်းဆောင်ထံမှ အတည်ပြုပြီးပြီဖြစ်ပြီး ဒီသတင်းက မှန်ကန်နေပါသည်။

“ယန်လေး ချန်ဟောက်နဲ့အမြန်လိုက်သွားလေ။"

လီမင်ကျူးက သူ့သမီး၏ တွေဝေနေသော ပုံစံကိုမြင်ကာ သူမ၏ မာနကြီးသော အကျင့်ကိုသိပြီး ဆင်းရဲသော ဆွေမျိုးများကို အထင်သေးတတ်သော သူ့စရိုက်ကိုလည်းသိသည်။ အရင်က ကိစ္စမရှိသော်လည်း အခုတော့ ရှိလာပြီဖြစ်သည်။

"သြော် အင်းပါ သမီးသွားလိုက်ပါ့မယ်။"

လီယန်ကအရူးမဟုတ်ပါ။ သူမ မယုံကြည်ချင်တောင် သွားရပါလိမ့်မည်။

သူမ မတ်တပ်ထလိုက်ပြီး ဆိုဖာပေါ်က ပိုက်ဆံအိတ်ကို ယူကာ အမြန်ပြေးထွက်သွားလိုက်၏။

All Chapters