စိတ်ဓာတ်ကျခြင်း
Vol. 8 Ch. 109
အခန်း(၁၀၉) - စိတ်ဓာတ်ကျခြင်း
နေ့လည်ခင်းတွင်လည်း ပညာရှင်များက အနားမယူကြဘဲ ယဲ့ရှောင်ချန်းနှင့် ရုက္ခဗေဒ အမြင်များကို ဖလှယ်ဖို့ စုစည်းမိကြပြန်သည်။
ယဲ့ရှောင်ချန်းကလည်း ဘာမှ ဖုံးကွယ်မထားခဲ့ပါ။
လက်ရှိ ရုက္ခဗေဒနယ်ပယ်တွင် မရှိသေးသော အကြောင်းအရာအသစ်မျိုးစုံကို ပြောပြခဲ့သည်။
ထိုနေရာရှိ ပညာရှင်များအားလုံး လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရပါသည်။
ကျန်းခယ့်ချင်းလည်း အလွန်အထင်ကြီးသွား၏။ အရင်ဆွေးနွေးခြင်းများနှင့် ယှဥ်လျှင် ယခု ယဲ့ရှောင်ချန်းက ရှုထောင့်တချို့တွင် ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့ပြီဖြစ်သည်။
ဒီလောက်အချိန်တိုအတွင်း တိုးတက်မှုကြီးကြီးမားမား ဖြစ်ခဲ့သည်ကိုတော့ ယုံကြည်ဖို့ ခက်ခဲပါသည်။
နေ့လည်ခင်း လေးနာရီခန့်ရှိပြီဖြစ်ပြီး ပညာရှင်များက မပြန်ကြသေးပါ။
ယဲ့ရှောင်ချန်းနှင့် ဆွေးနွေးပြီးသွားကြသောအခါ သူတို့၏ အမြင်များ ကျယ်ပြန့်သွားသလို ခံစားခဲ့ရပါသည်။
ယဲ့ရှောင်ချန်းက အတည်မပြုနိုင်သော အကြောင်းအရာများစွာကို ပြောခဲ့သော်လည်း သူတို့အားလုံးက ကျိုးကြောင်းသင့်သည်ဟု ခံစားမိကြသည်။
"မစ္စတာယဲ့ ကျုပ်တို့တွေ ကျင်းကောင်တီမှာ ရက်အတော်ကြာနေဦးမှာ။ ကျုပ်တို့ နေ့တိုင်း ဒီကိုလာနေရင် မင်းရဲ့မိသားစုအတွက် အဆင်မပြေမှာစိုးရတယ်။ အဲ့တာကြောင့် မနက်ဖြန်ကျ ငါတို့ဆီကို မင်းလာခဲ့ပါလား။"
ပညာရှင်ကြီးယန်က မျှော်လင့်သော အကြည့်မျိုးဖြင့် ကြည့်ကာပြောလိုက်သည်။
နေ့လည်ခင်းတစ်ခါတည်း ဆွေးနွေးရသဖြင့် သူတို့လိုအပ်ချက်များ ပြည့်ဝဖို့ အများကြီး လိုနေပါသေးသည်။
သူတို့ အချိန်အတော်ကြာသည်အထိ ပြန်ဖို့ အစီအစဥ်မရှိကြပေ။
ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်ပြီးနောက် သဘောတူလိုက်ပါသည်။
ဒီနေ့ လူအများကြီးကို ဧည့်ခံဖို့အတွက် သူ့အဖေနှင့်အမေတို့ အလွန်အလုပ်ရှုပ်ခဲ့ကြသည်။ ညစာစားပွဲတော်ကြီးကို ကျင်းပနေရသလိုဖြစ်နေခဲ့၏။
သူတို့ မနက်ဖြန် ထပ်လာမည်ဆိုလျှင် အဆင်မပြေနိုင်တော့ပါ။
ဒီလိုနှင့် ယဲ့ရှောင်ချန်းက ပညာရှင်အသင်း ကားဖြင့် ထွက်သွားသည်အထိ လိုက်ပို့ပေးခဲ့သည်။
ယန်မြို့တော်နှင့် ကျင်းကောင်တီခေါင်းဆောင်များက မပြန်သေးဘဲ ထိုက်ဖျင်မြို့တွင် စောင့်နေခဲ့သည်။
ပညာရှင်အသင်း၏ စိတ်ကူးကို သူတို့ သိသွားကြသောအခါ ခေါင်းဆောင်များတွင် မတူညီသော အထင်အမြင်နှစ်ခုရှိခဲ့ပါသည်။
ယန်မြို့တော် ခေါင်းဆောင်များက အလွန်စိတ်ဓာတ်ကျသွား၏။
ကျင်းကောင်တီခေါင်းဆောင်များကမူ အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ကြသည်။ ရက်အနည်းငယ်နေရုံတင်မကဘဲ ဘယ်တော့မှ မပြန်ပါက ပိုကောင်းပါလိမ့်မည်။
ချက်ချင်းဆိုသလိုပင် ကျင်းကောင်တီ ခေါင်းဆောင်များက ပညာရှင်အသင်းအတွက် အကောင်းဆုံး နေရာထိုင်ခင်းများကို ပြင်ဆင်ပေးကြသည်။
မြို့တော်ဝန်ဟောက်ကတော့ ကူကယ်ရာမဲ့သွားပါပြီ။ စိုက်ပျိုးရေးဌာနတချို့နှင့် ပရိုမိုးရှင်းဌာနအရာရှိတချို့ကိုသာ ထားခဲ့ပြီး သူနှင့် အခြားခေါင်းဆောင်များ ယန်မြို့တော်သို့ ပြန်သွားကြသည်။
ပညာရှင်အသင်းက ဒီနေရာတွင် ရက်အနည်းငယ် ဆက်လက်နေထိုင်ကြပါဦးမည်။ သူက ဒုမြို့တော်ဝန်ဖြစ်ပြီး အလုပ်လည်းများသည်။ ထို့ကြောင့် သူတို့နှင့် ဒီနေရာတွင် နေ့တိုင်း မနေနိုင်ပါ။
......
ယန်မြို့တော်၊ ဝမ်ရွှေရှန့် ဗီလာ။
"တတိယဦးလေး ကျွန်တော့်ဆရာက ယန်မြို့တော်ကို ပြန်မလာဘဲ ကျင်းကောင်တီမှာ ပညာရှင်တွေနဲ့ ရက်နည်းနည်းလောက် ထပ်နေဦးမယ်တဲ့။ ကျွန်တော် သူ့ဆီ သွားမလားလို့ စဥ်းစားနေတာ။"
ဝမ်ယွမ်တုန်းက ဝမ်ရွှေရှန့်ကို ပြောလိုက်သည်။
"ပညာရှင်အသင်းက ဘာလို့ ကျင်းကောင်တီမှာ အကြာကြီး နေကြမှာလဲ။"
ဝမ်ရွှေရှန့်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မသိဘူး။ ဆရာက ဘာမှမပြောဘူး။ ဒါပေမယ့် ကျွန်တော့်တက္ကသိုလ်တုန်းက အတန်းဖော် ဖန်းယွမ်က ပရိုမိုးရှင်းရုံးမှာ အလုပ်လုပ်နေတာ။ သူက ကျင်းကောင်တီကို ပညာရှင်အသင်းနဲ့အတူ လိုက်သွားတယ်။ သူတော့ အကြောင်းအရင်းကို သိလောက်တယ်။"
ဝမ်ယွမ်တုန်းက ပြောလိုက်၏။
သူ့ဆရာက သူ့ကို ဘာမှမပြောပါ။ ထို့ကြောင့် သူမေးလို့လည်း မကောင်းပါ။
ချက်ချင်းဆိုသလိုပင် ဝမ်ယွမ်တုန်းသည် ဖန်းယွမ်၏ ဖုန်းကို ခေါ်ဆိုလိုက်သည်။
"ဟယ်လို သူငယ်ချင်းဟောင်းကြီး မင်းကျင်းကောင်တီမှာ ရှိနေတုန်းပဲလား။"
ဝမ်ယွမ်တုန်းက မေးလိုက်သည်။
သူနှင့် ဖန်းယွမ်တို့က ဆက်ဆံရေးကောင်းမွန်၏။
"ဝမ်ကြီး ငါရှိနေတုန်းပဲ။ မင်းရဲ့ဆရာလည်း ပညာရှင်အသင်းနဲ့အတူ ပါလာတယ်လေ။ မင်းဘာလို့ လိုက်မလာတာလဲ။"
ဖန်းယွမ်က ရယ်မောကာ မေးလိုက်သည်။
"နေ့တစ်ဝက်လောက်ပဲထင်လို့ မလိုက်လာတာ။ ပညာရှင်အသင်းက ကျင်းကောင်တီမှာ ရက်နည်းနည်းလောက်အထိ နေမယ်လို့ မသိခဲ့ဘူးလေ။ သြော် ဒါနဲ့ အကြောင်းအရင်းကို မင်းသိလား။"
ဝမ်ယွမ်တုန်းက သိချင်စွာ မေးလိုက်သည်။
"ဝမ်ကြီး မင်းဆရာလည်း ရှိတယ်မလား။ မင်းဆရာကို မေးကြည့်လိုက်ပေါ့။ သြော်... ဒါပေမယ့် မင်းအဲ့ဒီအကြောင်းအရင်းကို စိတ်တောင် ကူးကြည့်ဖူးမှာ မဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်။"
ဖန်းယွမ်က ရယ်မောလိုက်၏။
"ဘာလို့လဲလို့ ငါ့ကိုစကားထာလာဝှက်မနေစမ်းပါနဲ့ဟ။"
ဝမ်ယွမ်တုန်းမှာ ပြောစရာစကားမဲ့သွားသည်။
"ယဲ့ရှောင်ချန်းကို မင်းမှတ်မိလား။"
ဖန်းယွမ်က ရယ်ပြီး ပြောလိုက်၏။
"ယဲ့ရှောင်ချန်း ဟုတ်လား။"
ဝမ်ယွမ်တုန်း အနည်းငယ် အံ့အားသင့်သွား၏။ သူ ဘယ်လိုလုပ်ပြီး မမှတ်မိဘဲ နေမလဲ။ မနက်ကပင် တွေ့ခဲ့ပါသေးသည်။
ထို့အပြင် ယဲ့ရှောင်ချန်းက နောက်ပိုင်း သူ့ဦးလေးပင် ဖြစ်လာနိုင်သည်။
ထိုအကြောင်း စဥ်းစားမိရုံနှင့် သွေးအန်ချင်သွား၏။
"အေးလေ ဟေ့ကောင် ပညာရှင်အသင်းက ယဲ့ရှောင်ချန်းကို ရှာနေတယ်ဆိုတာ မင်းတွေးမိမှာတောင်မဟုတ်ဘူး။"
ဖန်းယွမ်က သက်ပြင်းချလိုက်ပြီး ဆက်ပြော၏။ "ငါတို့အတန်းထဲက အဲ့ဒီ လူမသိ သူမသိ ယဲ့ရှောင်ချန်းက အခုအရမ်းတော်လာပြီး နာမည်ကြီးလာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲကွ။"
ပညာရှင်များအသင်းက ယဲ့ရှောင်ချန်းကို တန်းတူ ဆက်ဆံနေသည်ကို စဥ်းစားကြည့်ရုံဖြင့် မနာလိုဖြစ်မိပါသည်။
တက္ကသိုလ်တစ်ခုတည်းမှ ဘွဲ့ကြိုပညာသင်ယူပြီး မိသားစုနောက်ခံက ပိုကောင်းတာတောင် ဘာကြောင့် ကွာဟချက်က အရမ်းကြီးသွားတာလဲ။
ယခင်က ယဲ့ရှောင်ချန်း ဂလိုဘယ်ကုမ္ပဏီ၏ နှစ်စဥ်ဝင်ငွေ ယွမ်တစ်သန်းကို ငြင်းဆန်ခဲ့ဖူးသည်။ ယခုလည်း ပညာရှင်များစွာက သူ့ထံသို့ လာရောက်လည်ပတ်၏။ သူ့အစွမ်းအစ ဘယ်လောက်ကြီးလိုက်သလဲ။
"ယဲ့ရှောင်ချန်း ဟုတ်လား။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"သူက...ဖူဆန်သစ်ပင်ကို ကုသခဲ့တာလား။"
ဝမ်ယွမ်တုန်းက တုန်ယင်လာပြီး မယုံနိုင်သော မျက်နှာမျိုး ပေါ်လွင်လာသည်။
ယဲ့ရှောင်ချန်း ဒီမနက်က အမြန်ပြန်ဖို့ လောနေသည်ကို မှတ်မိသည်။ ဖြစ်ချင်တောာ့ ပညာရှင်များအသင်းက သူ့ထံ လာရောက် လည်ပတ်ခြင်း ဖြစ်နေသည်။
သူ့အသက်ဝဝ ရှူလိုက်၏။ ရင်ထဲတွင်တော့ အတော်လေး နာကျင်နေပြီ။
ယဲ့ရှောင်ချန်းနှင့် သူ့ကြားက ကွာဟမှုမှာ တဖြည်းဖြည်း ကြီးမားလာသည်ဟု ခံစားရ၏။
ယခင်က ယဲ့ရှောင်ချန်းရှေ့တွင် သူစိုက်ပျိုးရေးသိပ္ပံကျောင်းတော်ကို ဝင်ရောက်ရတော့မည်ဟု ကြွားလုံးထုတ်ခဲ့သော်လည်း ယခုတော့ ရယ်စရာကြီးလိုဖြစ်နေပါပြီ။
မေးခွန်းထပ်မေးဖို့ စိတ်မပါတော့သဖြင့် ဖုန်းချလိုက်သည်။
"ဝမ်ယွမ်တုန်း ဘာဖြစ်လို့လဲ။"
ဝမ်ရွှေရှန့်က သူ့ကိုကြည့်ကာ မေးလိုက်သည်။
ဝမ်ယွမ်တုန်းက ဖန်းယွမ်နှင့်ဖုန်းပြောနေစဥ် စပီကာဖွင့်မထားပါ။ ထို့ကြောင့် သူတို့စကားပြောသံကို ဝမ်ရွှေရှန့် ကောင်းကောင်း မကြားရပေ။
"တတိယဦးလေး ပညာရှင်အသင်း ကျင်းကောင်တီကို လာတာက ယဲ့ရှောင်ချန်းကိုတွေ့ဖို့တဲ့။"
ဝမ်ယွမ်တုန်းက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ဘာ..."
တည်ငြိမ်အေးဆေးသော ဝမ်ရွှေရှန့်လိုလူမျိုးကပင် ထိတ်လန့်အံ့အားသင့်သွားရ၏။
ပညာရှင်အသင်းကို သူ့ကုမ္ပဏီထံသို့ လာရောက် လည်ပတ်စေဖို့အတွက် သူဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရပြီး အဆက်အသွယ်များသုံးခဲ့ရသလဲ မမှတ်မိတော့ပါ။
သို့သော်လည်း သူ့တူက ပညာရှင်အသင်းမှာ ကျင်းကောင်တီသို့ အထူးခရီးစဥ်လာပြီး ယဲ့ရှောင်ချန်းကို လာရှာသည်ဟု ပြောနေသည်။
အလွန်ထူးဆန်းလွန်းသည်မဟုတ်ပါလား။
"ကျွန်တော်ထင်တာသာ မမှားရင် ရှရှီမြို့တော်မှာ ဖူဆန်သစ်ပင်ကို ကုသပေးခဲ့တာလည်း ယဲ့ရှောင်ချန်းပဲနေလိမ့်မယ်။"
ဝမ်ယွမ်တုန်းက စိတ်ဓာတ်ကျသောမျက််နှာဖြင့် ပြောလိုက်သည်။
"ဒါ..."
ဝမ်ရွှေရှန့် ထိတ်လန့်သွားသည်။
ဖူဆန်သစ်ပင်ကြီးအား အောင်မြင်စွာ ကုသနိုင်ခဲ့သည်ဟူသော သတင်းမှာ ပျံ့နှံ့ပြီးသား ဖြစ်သည်။ ဖူဆန်သစ်ပင်သည် ကမ္ဘာ့အဆင့် အဖိုးတန်ကျောက်လို တန်ဖိုးရှိပြီး လူသားမျိုးနွယ်၏ တန်ဖိုးကြီး ရတနာဖြစ်ပါသည်။
နှိုင်းယှဥ်မရနိုင်သော ဆန်းကြယ်မှု တစ်ခုဖြစ်၏။
ကမ္ဘာ့ထိပ်တန်း ရုက္ခဗေဒပညာရှင်များကို ဖူဆန်သစ်ပင်အား ကုသဖို့အတွက် စုဆောင်းခေါ်ယူခဲ့ကြသည်။
ယခုတော့ ဝမ်ယွမ်တုန်းက ယဲ့ရှောင်ချန်းတစ်ယောက် ဖူဆန်သစ်ပင်ကို ကုသပေးခဲ့သည်ဟု ပြောနိုင်သည်။ မယုံနိုင်စရာ ကောင်းလှသည် မဟုတ်ပါလား။
"တတိယဦးလေး အရင်တုန်းက ကျွန်တော့်အစွမ်းအစက သူများအောက်မကျဘူးလို့ အမြဲတမ်းထင်ထားခဲ့တာ။ ဒါပေမယ့် ယဲ့ရှောင်ချန်းနဲ့ တွေ့ပြီးမှ ရေတွင်းထဲကနေ ကောင်းကင်ကို ကြည့်ရတဲ့ ခံစားချက်ကို ခံစားခဲ့ရဖူးတယ်။"
ဝမ်ယွမ်တုန်းက သက်ပြင်းချလိုက်ပြီး နာကျင်နေသော မျက်နှာဖြင့် ပြောလိုက်၏။
ယဲ့ရှောင်ချန်း ဘွန်ဆိုင်းပင်ကို ကုသခြင်း၊ ဂလိုဘယ်ကုမ္ပဏီ၏ ပန်းဂေါ်ဖီပြဿနာ ဖြေရှင်းပေးခြင်းနှင့် နှစ်စဥ်ဝင်ငွေ တစ်သန်းကို ငြင်းဆန်ခဲ့ခြင်း စသဖြင့် အားလုံးကို ဝမ်ရွှေရှန့်အား ပြောပြလိုက်တော့သည်။
ဝမ်ရွှေရှန့် ဆွံ့အသွားရ၏။
ဘေးက ကျူးချင်းချင်းလည်း ကြက်သေသေသွားသည်။ ယုံကြည်ဖို့ ခက်ခဲလှပါသည်။ အမြဲတမ်း သာမန်လူပုံစံပေါက်နေသည့် ယဲ့ရှောင်ချန်းက ထင်မထားစွာဖြင့် ဒီလို အစွမ်းအစများ ရှိနေသည်။
"ဟားဟား ကြည့်ရတာ ငါတို့ ယဲ့ရှောင်ချန်းကို အထင်သေးမိနေတုန်းပဲထင်တယ်။ ဒါပေမယ့် ဒါက ပိုကောင်းမသွားဘူးလား။"
ဝမ်ရွှေရှန့်က ရုတ်တရက် ရယ်မောလိုက်သည်။
ယဲ့ရှောင်ချန်း၏ အစွမ်းအစ ပိုကြီးလေလေ သူပိုပျော်လေလေဖြစ်သည်။ အကြောင်းမှာ ယဲ့ရှောင်ချန်းက သူ့ညီမ ဝမ်ရှင်းယီကို သဘောကျနေသောကြောင့်ပင်။
ဒီလောက်ဆို လုံလောက်ပါပြီ။
ဝမ်ယွမ်တုန်း အနည်းငယ် မျက်နှာပျက်သွားသည်။ သို့သော် ချက်ချင်း မဲ့ပြုံးပြန်ပြုံးလိုက်ပါသည်။
ရင်ထဲတွင် ယဲ့ရှောင်ချန်းအား ယှဥ်ပြိုင်လိုသော အတွေးများ မရှိတော့သော်လည်း သူ့အား အနာဂတ်တွင် ဦးလေးဟု ခေါ်ရမည်ကို တွေးမိသောအခါ ကြွက်ချေးစားရသလို အလွန်နေရခက်မိပါသည်။