← Chapters

ကျော်ကြားသော

Vol. 8 Ch. 111

ကျော်ကြားသော

Vol. 8 Ch. 111

အခန်း(၁၁၁) - ကျော်ကြားသော

ပျားပိုးလောင်း အရွယ်ရောက်သွားသည့်အချိန်တွင် ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်ပေါ်လာ၏။ အစက ဝဝဖြူဖြူ ခန္ဓာကိုယ်မှာ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ရွှေညိုရောင်အဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။

ထို့အပြင် အရေခွံက ပျော့ပြောင်းမနေတော့ဘဲ အခွံတစ်ခု အုပ်လိုက်သလို မာကျောသွားသည်။

ပျားပိုးလောင်းက ပိုးတုံးလုံးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

ယဲ့ရှောင်ချန်းက ပိုးတုံးလုံးကို ထုတ်လိုက်ပြီး အင်မော်တယ်ပျားအုံ၏ အတွင်းဘက်ကို သန့်ရှင်းရေး လုပ်လိုက်၏။ ထို့နောက် ပိုးတုံးလုံးကို ပြန်ထည့်ထားလိုက်သည်။

ပိုးတုံးလုံး အရွယ်ရောက်လာကာ ပိုးအိမ်ထဲမှ ဖောက်ထွက်ပြီး ပျားတစ်ကောင်ဖြစ်သွားသည့်အထိ စောင့်ဖို့သာလိုတော့သည်။

ထိုအချိန်တွင် ဝတ်မှုန်ကူးပျားကို အသုံးပြုနိုင်ပြီဖြစ်ပါသည်။

ဝတ်မှုန်ကူးဖို့အတွက်သာမကဘဲ တိုက်ခိုက်ဖို့အတွက်လည်း အသုံးပြုနိုင်ပါသည်။

ယဲ့ရှောင်ချန်းအတွက် အကူအညီကောင်းကောင်း ဖြစ်လာနိုင်သည်။

ပိုးတုံးလုံးကို ကြည့်ပြီးနောက်တွင် ယဲ့ရှောင်ချန်းသည် အင်မော်တယ်မြေသို့ ပြန်လာပြီး ကျန်အင်မော်တယ်အပင်များကို ရေလောင်းကာ အဝါရောင်အင်မော်တယ် ပဲပင်များထံသို့ ထွက်သွား၏။

အဝါရောင်ပဲပင်များသည် တောက်ပနေသော ပဲတောင့်များဖြင့် ပြည့်နှက်နေလေပြီ။

ရုတ်တရက် ယဲ့ရှောင်ချန်းသည် ပဲတောင့်များတွင် အက်ကွဲကြောင်းလေး တစ်ခုကို မြင်လိုက်သည်။

ထိုအက်ကွဲကြောင်းက အခြားပဲတောင့်များလည်း ပွင့်ထွက်ဖို့ အချိန်ကျပြီဟူသော လက္ခဏာကို ပြသနေပါသည်။

"ကောင်းတယ် အင်မော်တယ် ပဲပင် ၁၄ ပင်က နောက်ဆုံးတော့ အရွယ်ရောက်ပြီ။"

ယဲ့ရှောင်ချန်းတစ်ယောက် အလွန်ပျော်ရွှင်သွား၏။

နှစ်ထပ်ကွမ်း ကံကောင်းခြင်းဖြစ်ပါသည်။

ပထမတော့ ဝတ်မှုန်ကူးပျားပိုးကောင်က ပိုးတုံးလုံးဖြစ်လာပြီး ဒုတိယက အဝါရောင် အင်မော်တယ်ပဲပင်များ အရွယ်ရောက်လာခြင်းဖြစ်သည်။

ချက်ချင်းဆိုသလိုပင် အဝါရောင်အင်မော်တယ် ပဲပင်များမှ ပဲတောင့်များကို ခူးယူလိုက်သည်။

ကျန် အဝါရောင် အင်မော်တယ်ပဲပင် ၁၂ ပင်မှ ပဲတောင့်များကတော့ အဝါရောင်ရင့်ရင့် ပြောင်းလဲသွားပြီဆိုသော်လည်း အက်ကြောင်း ပေါ်မလာသေးသဖြင့် အနည်းငယ် စောင့်ဖို့ လိုအပ်ပါသေးသည်။

ထို ပဲပင် ၁၂ပင်ကို ခဏမေ့ထားရမည်။

အဝါရောင်အင်မော်တယ် ပဲပင် ၁၄ ပင်မှ ခူးယူထားသော ပဲတောင့်များကို ရေတွက်ကြည့်လိုက်သည်။ စုစုပေါင်း ၁၈၁၄ တောင့် ရှိပါ၏။

အတော်လေးကို အထွက်နှုန်း ကောင်းပါသည်။

တစ်တောင့်ကို ပဲစေ့သုံးစေ့ဖြင့် တွက်ကြည့်ပါက ပဲစေ့ ၃၀၀၀ ကျော်နေလေပြီ။

အရင်တစ်ခေါက်က အင်မော်တယ်ပဲစေ့အသုတ်ကို အင်မော်တယ်ယွမ် ၂ ယွမ် ကျော်ကျော်ဖြင့် ရောင်းချခဲ့၏။

အခုတော့ အသုတ် ၃သုတ်ကျော် ရှိနေသဖြင့် အင်မော်တယ်ယွမ် ၇၀၀ ကျော် ရနိုင်ပါသည်။

ယဲ့ရှောင်ချန်းသည် အားအင်များ ပြည့်ဝနေခဲ့သည်။ ဒီတစ်ခါတော့ သူအမြတ်ကြီးကြီး ရခဲ့ပြီဖြစ်သည်။

သူ သက်ပြင်းချနေသည်။ အင်မော်တယ် မုန်လာဥထက် အင်မော်တယ် ပဲပင်များ စိုက်ပျိုးတာ ပိုကောင်းမည်။

တစ်ခုတည်းသော အားနည်းချက်က ကြီးထွားချိန် ကြာမြင့်ခြင်းသာ ဖြစ်သည်။

တကယ်တော့ ဘယ်လောက်ကြာကြာ အရေးမကြီးပေ။ အင်မော်တယ် မုန်လာဥများထက်တော့ ပိုကောင်းပါသည်။ နောက်ပိုင်းတွင် အင်မော်တယ် ပဲပင်များကို ပိုစိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

မုန်လာဥများကိုတော့ နည်းနည်းလျှော့စိုက်နိုင်သည်။

ထိုအထိစဥ်းစားပြီး ယဲ့ရှောင်ချန်းက ယခင်နည်းလမ်းအတိုင်း ပဲတောင့်များကို အခွံချွတ်သည်။ ပဲစေ့များအားလုံး ထုတ်ပြီးသွားသောအခါ အဝါရောင်အင်မော်တယ် ပဲစေ့ တစ်စေ့ကို ဓားဖြင့် လှီးဖြတ်လိုက်၏။

"ဒါ...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

ယဲ့ရှောင်ချန်း ဓားဖြင့်ပိုင်းထားသော ပဲခြမ်းကို ကြည့်ကာ စိတ်ညစ်သလိုဖြစ်သွားသည်။

အကွင်းပုံစံ သုံးခုသာပါသည်။

"ဘယ်လိုဖြစ်တာလဲ။ ဒီပဲပင်ကို မြေသြဇာပိုများတဲ့ နေရာမှာ စိုက်ထားတာပါ။ အကွင်း ၅ ကွင်း ၆ ကွင်းလောက် ရှိရမှာ မဟုတ်ဘူးလား။"

ယဲ့ရှောင်ချန်းတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။

အင်မော်တယ်ပဲပင်များကို အင်မော်တယ် မုန်လာဥများထက်ပင် သူ ဂရုစိုက်ခဲ့ပါသည်။

သဘာဝမြေသြဇာလည်း ပိုများသည်။

သို့သော်လည်း အခုတော့ ဒီလိုဖြစ်လာပြီ။

သူ ခပ်မြန်မြန်ပင် မြေသြဇာနည်းသည့်မြေမှ အင်မော်တယ် ပဲစေ့တစ်စေ့ကို လှီးဖြတ်ကြည့်လိုက်သည်။

မြင်လိုက်ရသောအရာကြောင့် သူကြောင်အသွား၏။

အကွင်း ၂ ကွင်းပုံစံသာ ရှိသည်။

ထို့အပြင် ထိုပုံစံကွက်က အရင်တစ်ခေါက် ခူးခဲ့ဖူးသည့် ပုံစံများနှင့်ဆင်တူနေပြီး ဘာတိုးတက်မှုမှ မရှိဟူသော သဘောသက်ရောက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လုံးဝ ဒီလိုမဖြစ်သင့်ဘူး။ ဘာမှားသွားလို့လဲ။"

ယဲ့ရှောင်ချန်းသည် ဇဝေဇဝါဖြစ်နေသော မျက်နှာမျိုးဖြင့် မြေပေါ်တွင် ထိုင်ချလိုက်သည်။

သူ အနည်းငယ် ဒွိဟဖြစ်နေသည်။ သေချာပေါက် သူ့ရဲ့ ရှန်းနုန်ပါရမီက အဆင့်မြင့်လာပြီး မြေသြဇာလည်း ပိုမိုသုံးခဲ့သည်။ သို့သော် ဘာကြောင့် အင်မော်တယ် ပဲစေ့ အရည်အသွေးက မတိုးတက်လာရတာလဲ။

"ငါလွဲသွားတာ တစ်ခုခုတော့ရှိရမယ်။"

ယဲ့ရှောင်ချန်းသည် ပြဿနာကို စဥ်းစားကြည့်လိုက်သည်။

သို့သော်လည်း အများကြီး စဥ်းစားပြီးတာတောင် ပြဿနာကို သူ မသိနိုင်သေးပါ။

ဒီလိုအခြေအနေက ပေါ်လာဖို့ မဖြစ်နိုင်သလောက် ရှိသောကြောင့်ဖြစ်ပါသည်။

တစ်ညလုံး ယဲ့ရှောင်ချန်း မအိပ်ခဲ့ပါ။

အင်မော်တယ် ပဲစေ့များကို ရိတ်သိမ်းပြီးသော်လည်း မရောင်းချသေးဘဲ သိမ်းထားလိုက်သည်။ ထိုပြဿနာကို မရှာဖွေနိုင်ပါက သူအိပ်မပျော် စားမဝင်ဖြစ်နိုင်သည်။

နောက်ကျနေပြီ ဖြစ်သော်လည်း ယဲ့ရှောင်ချန်းသည် ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်ကို ထုတ်ပြီး ဖတ်ကြည့်လိုက်သည်။

အဖြေကို သူရှာတွေ့ချင်သည်။

စာအုပ်ထဲတွင် တစ်ခုခုတော့ ရှိလိမ့်မည်။

အပြင်ဘက်တွင် အရုဏ်ပင်တက်နေလေပြီ။

ယဲ့ရှောင်ချန်း၏ မျက်လုံးများက အချိန်အကြာကြီး စာဖတ်မှုကြောင့် နီရဲနေလေပြီ။

သို့သော်လည်း သူ ဂရုမစိုက်ပါ။

မနက်ရောက်သည်အထိ သူ အဖြေရှာမရသေးပေ။ ယဲ့ရှောင်ချန်း၏ မိဘများသည် ယဲ့ရှောင်ချန်းတစ်ယောက် မနက်စာစားရန် ရောက်လာသောအချိန်တွင် သူ့ပုံစံကို မြင်ပြီး ထိတ်လန့်သွားကြသည်။

"ငါ့သား နင်တစ်ညလုံး မအိပ်ဘဲနေနေတာလား။"

သူ့အမေက စိတ်ပူသော လေသံဖြင့် မေးလိုက်၏။

"ကျွန်တော်အဆင်ပြေပါတယ်။ အသီးအနှံစိုက်ပျိုးရေးပြဿနာအကြောင်း စဥ်းစားနေတာပါ။"

ယဲ့ရှောင်ချန်းက ခေါင်းခါကာ ပြောလိုက်သည်။

သူ တစ်ညလုံး မအိပ်ရသေးသော်လည်း စိတ်က လန်းဆန်းနေဆဲပင်။

အင်မော်တယ်မြေ၏ အကျိုးကျေးဇူးကြောင့်ဖြစ်ပါသည်။

"ဘယ်ပြဿနာကို ဒီလောက်စိတ်ပူနေတာတုန်း။ နင်တစ်ခုခုဖြစ်နေတယ်ထင်သွားတာ။"

သူ့အမေက ဆက်ပြော၏။ "ဟုတ်ပြီ။ အခုသွားအိပ်တော့။ ဒီနေ့ ပညာရှင်တွေနဲ့ သွားတွေ့ရမှာမလား။ ပစ္စည်းတွေပို့ဖို့ကိုတော့ တခြားကားတွေ ငှားလိုက်မယ်။"

"ကျွန်တော် တကယ် ဘာမှမဖြစ်ပါဘူး။"

ယဲ့ရှောင်ချန်းက ခေါင်းခါပြီး ပြောလိုက်သည်။

နောက်ဆုံးတွင် သူကားမောင်းကာ ပစ္စည်းများ လိုက်ပို့ပေးသည်။

Food Cube စားသောက်ဆိုင်သို့ မောင်းသွားလိုက်၏။

Food Cubeဆိုင် ကားပါကင်တွင် ကားများစွာရှိနေသည်ကို မြင်လိုက်ရသည်။ ဒီနေ့ စားသုံးသူများနှင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်၏။

ရုတ်တရက် ကားပြတင်းပေါက်မှတဆင့် Food Cube ဆိုင်တံခါးရှေ့တွင် ချိတ်ဆွဲထားသော စာတန်းကြီးများကို ယဲ့ရှောင်ချန်း မြင်လိုက်ရသည်။

"ဤစားသောက်ဆိုင်အတွင်းရှိ အလွန်ကောင်းမွန်သော ဟင်းသီးဟင်းရွက်များကို နာမည်ကျော် ရုက္ခဗေဒပညာရှင် ယဲ့ရှောင်ချန်း၏ အထူးစိုက်ပျိုးရေးခြံမှ ထောက်ပံ့ပေးထားခြင်း ဖြစ်ပါသည်။ စားသုံးသူများ လာရောက်သုံးဆောင်ကြည့်ဖို့ ကြိုဆိုပါ၏"

"ဤစားသောက်ဆိုင်၏ အဓိက ဆားရည်စိမ်အသီးအရွက်ဟင်းကို နာမည်ကျော်ရုက္ခဗေဒ ပညာရှင် ယဲ့ရှောင်ချန်းကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ စားသုံးသူများ လာရောက်သုံးဆောင်ကြည့်ဖို့ ကြိုဆိုပါ၏။"

"ပြည်တွင်းပြည်ပ ထိပ်တန်းရုက္ခဗေဒ ပညာရှင်များဖြင့် ဖွဲ့စည်းထားသော ပညာရှင်အသင်းက ကျွန်တော်တို့ မြို့တွင် နေထိုင်သော နာမည်ကျော် ရုက္ခဗေဒပညာရှင် မစ္စတာယဲ့ရှောင်ချန်းထံသို့ လာရောက်လည်ပတ်ခဲ့ပါသည်။ ကမ္ဘာ့ထိပ်တန်း ရုက္ခဗေဒ ပညာရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည့်အတွက် မစ္စတာယဲ့ရှောင်ချန်းကို ဂုဏ်ပြုလိုက်ပါသည်။"

"မြို့တော်၏ ပထမဆုံး အထူးစိုက်ပျိုးရေးခြံဖြစ်လာမည့် စိုက်ပျိုးရေးခြံကို တည်ထောင်နိုင်ခဲ့သည့်အတွက် ရုက္ခဗေဒပညာရှင် ယဲ့ရှောင်ချန်းကို ဂုဏ်ပြုပါသည်။ ကျွန်တော်တို့ ယန်မြို့တော်အတွက် ကြီးမြတ်သည့် ဂုဏ်သိက္ခာတစ်ခု ဖြစ်ပါသည်။"

ယဲ့ရှောင်ချန်းသည် ထိုစာများကို မြင်သောအခါ ကြက်သေသေသွားရသည်။

လခွမ်း၊။ ချန်းရှု ဘာတွေလုပ်နေတာလဲ။

ပညာရှင်အသင်း သူ့ထံ လာရောက်ခြင်းက ဆူပူမှုများဖြစ်လာနိုင်သည်ကို သူသိထားသော်လည်း ချန်းရှုက ဒီအခွင့်အရေးကို အခွင့်ကောင်းယူကာ နာမည်ကောင်းယူလိမ့်မည်ဟု မထင်ထားခဲ့ပါ။

ထို့ကြောင့်လည်း Food Cubeဆိုင်တွင် ရောင်းအား ဒီလောက် ကောင်းနေတာပေါ့။ လမ်းဘေးတွင် လမ်းသွားလမ်းလာများနှင့် မြို့သားများ ဘယ်လောက်တောင် လက်ညှိုးထိုးနေကြမလဲ မသိတော့ပါ။

Food Cube ဆိုင်နောက်ဖေးသို့ မောင်းဝင်သွားသောအခါတွင်လည်း ယဲ့ရှောင်ချန်းတစ်ယောက် နွေးနွေးထွေးထွေး ကြိုဆိုခံလိုက်ရပါသည်။

ချန်းရှုက ပိုမို ယဥ်ကျေးနေကာ လေးစားကိုးကွယ်နေသည့်ပုံစံပင်ပေါက်နေပါသည်။

အခြားဝန်ထမ်းများကလည်း သူ့ကို ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံနေကြပါသည်။

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်၏။ လူ့သဘာဝက ဒီလိုပဲဖြစ်သည်။ နာမည်ကျော်ဖြစ်လာသည်နှင့် ပတ်ဝန်းကျင်က လူတို့၏ ပြုမူဆက်ဆံပုံက အတော်ကို ပြောင်းလဲသွားတတ်သည်။

ချန်းရှုက ယဲ့ရှောင်ချန်းကို သူ့ရုံးခန်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး ဟင်းသီးဟင်းရွက်များ၏ စျေးနှုန်းကို တိုးမြှင့်ပေးဖို့ သူကပင် အစပြုပြောခဲ့သည်။

ယဲ့ရှောင်ချန်းက ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီ။ သူ့ရဲ့ ဟင်းသီးဟင်းရွက်များကို စျေးပေါပေါဖြင့် ဆက်ဝယ်နေပါက တန်ဖိုးကို ဘယ်လို ပြသနိုင်တော့မှာလဲ။

သူ စျေးနှုန်းကို မတိုးပေးလျှင် အဆင်ပြေမည်မဟုတ်ပါ။

တစ်ရက်တည်းနှင့် Food Cubeဆိုင်မှာ စားသုံးသူများ အမြောက်အမြား တိုးလာပြီး လမ်းဟိုဘက်က ပြိုင်ဘက်များကိုလည်း အနိုင်ယူပြစ်နိုင်ခဲ့ပါသည်။

ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက်များဖြင့် ပြုလုပ်ထားသော ဟင်းလျာများစျေးကို မြှင့်လိုက်လျှင်တောင် ရောင်းအားက ကျဆင်းသွားမည်မဟုတ်ပါ။

အားလုံးက ယဲ့ရှောင်ချန်း၏ ဂုဏ်သတင်းကြောင့် ဖြစ်၏။

ယခုတော့ ယန်မြို့တော်ကြီးတွင် ယဲ့ရှောင်ချန်း၏ နာမည်ကို မသိတဲ့လူ ရှိပါဦးမလား။ မနေ့ကတင် ယန်မြို့တော်ကြီး၏ တီဗီဌာနများ၊ နာမည်ကြီး သတင်းစာများမှ ပညာရှင်အသင်းက ရုက္ခဗေဒပညာရှင်တစ်ဦးထံသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း တင်ပြလာသည်။

ယခုတော့ ယန်မြို့တော်ထဲတွင် ဂုဏ်မယူမိသည့်လူ ရှိပါဦးမလား။

ငါတို့ ယန်မြို့တော်ကြီးမှာ ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တစ်ယောက် ရှိနေတယ်တဲ့။

နာမည်ကြီးခြင်း၏ အာနိသင်က ကြောက်ဖို့ကောင်းလောက်အောင် ပြင်းထန်လှသည်။

Food Cubeတင်မဟုတ်ဘဲ ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးထားသော စူပါမားကတ်များစွာတွင်လည်း စျေးဝယ်သူများ ရုတ်တရက် များပြားလာမှုများ ဖြစ်လာခဲ့သည်။ အားလုံးက ယဲ့ရှောင်ချန်း၏ ခြံထွက်သီးနှံများကို ဝယ်ယူလိုသောကြောင့်သာ ဖြစ်ပါသည်။

All Chapters