အဆုံးသတ်
Vol. 8 Ch. 112
အခန်း(၁၁၂) - အဆုံးသတ်
အဆင့်မြင့် ဟင်းသီးဟင်းရွက်ဆိုတာ ဘာလဲ။
နိုင်ငံတော်ထဲတွင် အဆင့်မြင့် ဟင်းသီးဟင်းရွက်များ ရောင်းချသည့် အထူးမားကတ်တစ်ခုရှိပြီး ထိုအကြောင်းကို ချန်းရှု သိထားသည်မှာလည်း ကြာပြီဖြစ်သည်။
ဒီတစ်ခေါက် ချန်းရှုက စျေးနှုန်းကို အဆ ၁၀ မှ ၂၀ နီးပါး တိုးမြှင့်လိုက်သည်။
ဥပမာအားဖြင့် သခွားသီးများဆိုလျှင် မူလစျေးက တစ်ကီလို ၁.၈ယွမ်ဖြစ်၏။
ယခုတော့ တစ်ကီလို ၃၆ ယွမ် ဖြစ်သွားလေပြီ။
ထိုကဲ့သို့ စျေးနှုန်းမျိုးကတောင် အဆင့်မြင့် ဟင်းသီးဟင်းရွက် စျေးကွက်တွင် သာမန်မျှသာ ဖြစ်သည်ဟု ယူဆနိုင်သည်။
အခြားစူပါမားကတ်များကပါ ထိုစျေးအတိုင်း ဝယ်ယူလာပါက ယဲ့ရှောင်ချန်း၏ ဝင်ငွေမှာ အဆ ၁၀ မှ ၂၀ အထိ တက်သွားနိုင်သည်။
ယဲ့ရှောင်ချန်း ရင်ထဲ မီးလောင်ကျွမ်းနေလေပြီ။ နာမည်ကြီးခြင်း၏ အကျိုးကျေးဇူးများက တကယ်ပဲ များပြားလှချည်လား။
"ညီလေးရဲ့ မင်းကို ငါလေးစားတယ်ကွာ။ ဒီလောက်ထိ အံ့သြစရာ အစွမ်းအစရှိတာတောင် နှိမ့်ချနေထိုင်ပြီး စိုက်ပျိုးရေးခြံကို လည်ပတ်နေသေးတယ်။"
ချန်းရှုက သက်ပြင်းချလိုက်သည်။
ယဲ့ရှောင်ချန်းသည် ဒီလိုအံ့သြစရာ အစွမ်းအစမျိုးဖြင့် ဘယ်သွားသွား နာမည်တစ်ခု ရလာနိုင်သော်လည်း စိုက်ပျိုးရေးခြံကိုသာ လည်ပတ်ပြီး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေသည်။
"ဘာအံ့သြစရာ အစွမ်းအစလဲဗျာ။ အကုန်လုံးက ချဲ့ကားပြောနေကြတာ ပြီးတော့ အကုန်ပျံ့နှံ့ကုန်ပြီ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ညီလေးယဲ့ စားသောက်ဆိုင် ကွင်းဆက် တည်ထောင်ဖို့ ကိစ္စလေ။ ငါတို့ ထပ်ဆွေးနွေးလို့ ရဦးမလား။"
ချန်းရှုက ရုတ်တရက် ပြောလိုက်သည်။
"အစ်ကိုကြီးချန်း ကျွန်တော် ထပ်ပြောပါ့မယ်။ ကျွန်တော် ကျွန်တော့်စိုက်ပျိုးရေးခြံကို ရှယ်ယာထဲ လုံးဝကို မထည့်နိုင်ပါဘူး။"
ယဲ့ရှောင်ချန်း သူ့ကိုကြည့်လိုက်သည်။ သူဘာတွေတွေးနေသလဲ မသိပါ။ အခြားသူများက ချန်းရှုကို သူ့အား စမ်းသပ်ခိုင်းထားသည်ဟု ခံစားနေရ၏။
သူက ယခု ယုံကြည်ချက်များ၊ ဂုဏ်သတင်းများ ပြည့်ဝနေပြီဖြစ်ပြီး အလုပ်ပါတနာရှာဖို့ စိုးရိမ်နေရဦးမှာလား။
အခုလည်း ချန်းရှုကိုယ်တိုင်က စျေးနှုန်းကို ဦးဆောင် မြှင့်ပေးလိုက်သည်။ ဘာကြောင့်လဲ။ သူ့ဂုဏ်သတင်းကြောင့် ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းက သူနဲ့လက်တွဲဖို့ မလိုအပ်ပါ။ သူ့အိမ်ရှေ့အထိ ရောက်လာပြီး ယဲ့ရှောင်ချန်းကို စာချုပ်ချုပ်ဆိုဖို့နှင့် ချုပ်ဆိုပြီးသား စာချုပ်များကိုပင် ဖျက်သိမ်းဖို့ ကူညီပေးမည့်လူများစွာ ရှိနေပြီ။
ဂုဏ်သတင်းက အရာရာထက် ပိုမို အရေးပါနေပါသည်။
"ငါတို့လည်း ထပ်ခါတလဲလဲ စဥ်းစားပြီး စိုက်ပျိုးရေးခြံကို ရှယ်ယာထဲ ထည့်တာက ပြဿနာရှိတယ်ဆိုတာ လက်ခံပါတယ်။ ညီလေးယဲ့ စိုက်ပျိုးရေးခြံနည်းပညာကို ရှယ်ယာအဖြစ် ထည့်မယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ။"
ချန်းရှုက ပြောလိုက်သည်။
အခုတော့ အားသာချက်ရှိသူက ယဲ့ရှောင်ချန်းဖြစ်သွားပြီး သူတို့က အားနည်းသွားကြပြီဖြစ်သည်။
တကယ်တော့ အတိုင်းအတာတစ်ခုအထိ စိုက်ပျိုးရေးခြံနှင့် စိုက်ပျိုးရေးခြံနည်းပညာကို ရှယ်ယာအဖြစ် ထားရှိခြင်းက ခြားနားချက် ကြီးကြီးမားမား မရှိပေ။
ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံ၏ အဓိက ပြဿနာက အင်မော်တယ်မြေ တည်ရှိနေခြင်းဖြစ်ပါသည်။
အင်မော်တယ်မြေလို အထူးအဆောက်အုံများကို မရွှေ့နိုင်သ၍ သူစိုက်ပျိုးရေးခြံတည်နေရာကို အချိန်မရွေး မပြောင်းလဲနိုင်သေးပါ။ ထိုအချိန်မတိုင်ခင်အထိ ဒီစိုက်ပျိုးရေးခြံက သူ့အခြေတည်နေရာဖြစ်ပါသည်။
"အဲ့တာ ပြဿနာတော့ မရှိပါဘူး။"
ယဲ့ရှောင်ချန်းက ခေတ္တစဥ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
"ကောင်းတာပေါ့ ညီလေးယဲ့။ ငါတို့ဆွေးနွေးပြီးပါပြီ။ နောက်ပိုင်းကျရင် သက်သက်လွတ် စားသောက်ဆိုင် ကွင်းဆက်ရဲ့ ရှယ်ယာ ငါးဆယ် ရာခိုနှုန်းကို မင်းပိုင်စေရမယ်။ ပြီးတော့ နာမည်ကိုလည်း မင်းရွေးလို့ရပါတယ်။"
ချန်းရှုက အလွန်ပျော်ရွှင်သွားသည်။ ရင်ထဲတွင်လည်း စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်၏။
ယခုတော့ စက္ကန့်တိုင်းက တန်ဖိုးရှိနေလေပြီ။ သူနောက်ကျသွားပါက ပြိုင်ကွင်းထဲဝင်လာသော နောက်ထပ် ပြိုင်ဘက်တစ်ယောက် ရှိလာနိုင်သည်။
ရှယ်ယာတစ်ဝက်လောက် ပေးလိုက်ရသော်လည်း လုံးဝတန်ပါသည်။ ယဲ့ရှောင်ချန်း၏ ဂုဏ်သတင်းက ထိုစျေးနှင့် ထိုက်တန်သောကြောင့်ဖြစ်ပါသည်။
နောက်ပိုင်းတွင် စားသောက်ဆိုင်၏ ပရိုမိုးရှင်း ကိစ္စအတွက်လည်း ယဲ့ရှောင်ချန်း၏ ဂုဏ်သတင်းကို အားကိုးရပါဦးမည်။
ထို့အပြင် ယဲ့ရှောင်ချန်းတွင် အံ့သြဖို့ကောင်းသော ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း နည်းလမ်းများ ရှိသည်။
ယဲ့ရှောင်ချန်းကတော့ နည်းနည်းလောက် ထပ်အချိန်ဆွဲကာ ညှိနိုင်းပါက သူ့အတွက် အကျိုးကျေးဇူးက ဒီ့ထက်တောင် ပိုရနိုင်မှန်း သိနေခဲ့ပါသည်။
သို့သော် ပြဿနာများလွန်းပါလိမ့်မည်။
သူက အများကြီး တောင်းဆိုတတ်သော လူမဟုတ်ပါ။ အကြောင်းသိပ်မသိသော လူများနှင့် ပူပေါင်းဆောင်ရွက်ပါက အလွယ်တကူ ပြဿနာတတ်နိုင်ပါသည်။
သို့သော်လည်း လျို့ဖူရှန်း၊ ရှုလင်၊ ချန်းရှုနှင့် အခြားသူများကိုတော့ သူကောင်းကောင်းသိပြီး မိတ်ဆွေလည်းဖြစ်နေသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမို လွယ်ကူသွားသည်။
ရှယ်ယာတစ်ဝက်ဖြင့်ဆိုလျှင် ကုမ္ပဏီအား အကြွင်းမဲ့ ထိန်းချုပ်နိုင်ဖို့ လုံလောက်ပါသည်။
သို့သော်လည်း မလိုအပ်ပါ။
သူ့အတွက်တော့ ငွေရှာခြင်းက ဒုတိယ ဦးစားပေးဖြစ်၏။ သူ့အာရုံက အင်မော်တယ်အပင်များကို စိုက်ပျိုးဖို့သာ ရှိနေပါသေးသည်။
သက်သက်လွတ် စားသောက်ဆိုင် ကွင်းဆက်ကို တည်ထောင်ပြီးပါက စီးပွားရေးလုပ်ငန်းစဥ်အတွက် အခြားသူများကို သူအားကိုးရပါမည်။ သူကတော့ အေးအေးဆေးဆေးနေရသော ဆိုင်ပိုင်ရှင်ဖြစ်လာပါလိမ့်မည်။
Food Cubeမှ ထွက်လာပြီးနောက် ယဲ့ရှောင်ချန်းသည် အခြားသော စူပါမားကတ်များကို ကုန်ပစ္စည်းများ သွားပို့လိုက်သည်။
ချွင်းချက်မရှိ ထိုစူပါမားကတ်ပိုင်ရှင်များက ယဲ့ရှောင်ချန်း၏ အမည်ပေါ်တွင် ၎င်းတို့၏ မားကတ်တင်း အစီအစဥ်များ အသုံးပြုထားကြလေသည်။
ယဲ့ရှောင်ချန်းတစ်ယောက် ကုန်ပစ္စည်းများ သွားပို့သောအခါ ထိုစူပါမားကတ်ပိုင်ရှင်များက စျေးနှုန်းကို ဦးဆောင်တိုးမြှင့်ပေးပြီး အချို့စျေးနှုန်းများက Food Cubeနှင့် တူညီလုနီးပါး ဖြစ်နေသည်။
အစကတော့ ထိုစူပါမားကတ်များတွင် သာမန် ဟင်းသီးဟင်းရွက်များကသာ လွှမ်းမိုးနေပြီး အဆင့်မြင့်ဟင်းသီးဟင်းရွက်များဟူ၍ မရှိပါ။
ဒီတစ်ခေါက် သူတို့စူပါမားကတ်ကို ပရိုမိုးရှင်းဆင်းဖို့ အခွင့်အရေးမြင်သည်နှင့် ယဲ့ရှောင်ချန်း ထောက်ပံ့သော ဟင်းသီးဟင်းရွက်များအားလုံးကို အဆင့်မြင့် ဟင်းသီးဟင်းရွက်အပိုင်းတွင် ထည့်သွင်းကာ စျေးနှုန်းကိုလည်း အဆ ၁၀ မှ ၂၀ အထိ တိုးမြှင့်လိုက်ပါသည်။
သို့သော်လည်း ဝယ်သူများကတော့ ဆက်လက်ရှိနေဆဲဖြစ်ပြီး စျေးကြီးမှုကြောင့် ဝယ်သူအင်အား လျော့ကျမသွားပေ။
အဓိကအကြောင်းအရင်းက နာမည်ကြောင့်ဖြစ်ပြီး ဟင်းသီးဟင်းရွက်များ အရသာရှိခြင်းကိုလည်း ပြောစရာလိုမည်မထင်ပါ။
လက်ရှိ လူနေမှုအဖွဲ့အစည်းတွင် သူဌေးများက စျေးကြီးသောအရာများကို စားဖို့ မကြောက်ကြပါ။ ဘေးမကင်းသော အစာများကိုသာ စားမိမည်ကို ကြောက်ရွံ့ကြသည်။
ထိုဟင်းသီးဟင်းရွက်များကို ထိပ်တန်း ရုက္ခဗေဒပညာရှင်တစ်ဦး တည်ထောင်ထားသော စိုက်ပျိုးရေးခြံမှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ပညာရှင်အသင်းကပင် လာရောက်လည်ပတ်သွားသေးသည်။ ထို့အပြင် အားလုံးက စူပါ အဆင့်မြင့် ဟင်းသီးဟင်းရွက်များ ဖြစ်သဖြင့် ဘေးကင်းမှုက အလွန်မြင့်မားပါသည်။
စူပါမားကတ်ပိုင်ရှင်များသည် နောက်ဆုံး ကုန်စျေးနှုန်းအသစ်ကို အတည်ပြုပြီးသွားသောအခါ စူပါမားကတ်ပိုင်ရှင်များက ဟင်းသီးဟင်းရွက် ထောက်ပို့မှု စာချုပ်သစ်ကို ကြိုတင် ချုပ်ဆိုထားလိုကြသည်။ သံပူတုန်း ထုရိုက်ထားကြမည်ဖြစ်သည်။
ယဲ့ရှောင်ချန်းက ယဥ်ကျေးစွာဖြင့် ငြင်းဆိုလိုက်ပါသည်။ သို့သော်လည်း စာချုပ် ကုန်ဆုံးသွားလျှင်တောင် စူပါမားကတ်အတွက် အဆင့်မြင့် ဟင်းသီးဟင်းရွက် တချို့ကို ထောက်ပံ့ပေးပါမည်ဟု ကတိတော့ ပေးခဲ့ပါသည်။
ဒါကို ယဲ့ရှောင်ချန်း၏ လက်ဆောင်ဟု သဘောထားနိုင်ပါသည်။
သူတို့သည် ဝမ်ရွှေရှန့်၏ မျက်နှာကြောင့် ယဲ့ရှောင်ချန်းထံမှ ဟင်းသီးဟင်းရွက်များ မှာယူခဲ့သည်ဆိုသော်လည်း ယဲ့ရှောင်ချန်းက ကျေးဇူးတရားကို အမှတ်ရတတ်သော လူဖြစ်ပြီး ဒါက သူ့စရိုက်ဖြစ်ပါသည်။
တိတိကျကျပြောရလျှင် ထိုအကြောင်းပြချက်ကြောင့်ပဲ ချန်းရှု၊ လျို့ဖူရှန်းတို့နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ ကတိပေးခဲ့ခြင်းဖြစ်ပါသ်ည။
ဧကန္တ ယဲ့ရှောင်ချန်းကို အရည်အချင်းရှိသော စီးပွားရေးလုပ်ငန်းရှင်ဟု မသတ်မှတ်နိုင်လောက်ပါ။
စူပါမားကတ်ပိုင်ရှင်များက စိတ်မပျက်ဘဲ ပျော်ရွှင်ခဲ့ကြပါသည်။ ယဲ့ရှောင်ချန်း၏ ကတိက သူတို့ထင်မထားသော အံ့သြစရာကိစ္စဖြစ်သောကြောင့်ပင်။
ယဲ့ရှောင်ချန်းက ယခု သူတို့ကို မောင်းထုတ်လျှင်တောင် အပြစ်ဆိုလို့မရတော့ပါ။
အခုချိန်ကစပြီး စူပါမားကတ်ပိုင်ရှင်များက ဟင်းသီးဟင်းရွက်များ လာယူဖို့ ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံသို့ လူလွှတ်ပေးကြမည်ဖြစ်ပြီး ယဲ့ရှောင်ချန်းကိုယ်တိုင် ဟင်းသီးဟင်းရွက်များကို ပို့ဆောင်ပေးဖို့ မလိုအပ်တော့ပါ။
လောလောဆယ် ယဲ့ရှောင်ချန်း၏ အဆင့်က သာမန်မဟုတ်တော့သဖြင့် ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင် လာရောက်ပို့ဆောင်ခွင့် မပြုနိုင်တော့ပါ။ ဘယ်လိုပုံစံ ဖြစ်သွားမလဲ။ ယဲ့ရှောင်ချန်းက ပို့ပေးချင်တောင် သူတို့ခွင့်မပြုနိုင်ပါဘူး။
ထို့ကြောင့် ယဲ့ရှောင်ချန်းတစ်ယောက် ပျော်ရွှင်သွားပါသည်။ နောက်ပိုင်း ပို့ဆောင်ဖို့က ပြဿနာရှိလာနိုင်ပြီး အချိန်လည်း အများကြီး ကုန်နိုင်သောကြောင့်ဖြစ်ပါသည်။
မနက်ခင်းတွင် ဝမ်ရွှေရှန့်က သူ့ကိုဖုန်းဆက်ပြီး မနေ့က ဖြစ်ခဲ့သည့် ကိစ္စများအတွက် ဂုဏ်ယူကြောင်း ပြောပါသည်။ သတင်းများက ပျံ့နှံ့သွားပြီ ဖြစ်သောကြောင့် သူသည် ဝမ်ရွှေရှန့်နှင့် စကားပြောသင့်ပါသည်။ ဝမ်ရှင်းယီနှင့် သူ့ဆက်ဆံရေးက တရားဝင် မဟုတ်သေးသော်လည်း အပြန်အလှန် နားလည်မှုတော့ ရှိနေကြပါသည်။
ဝမ်ရွှေရှန့်၏ ဗီလာသို့ ရောက်လာသောအခါ ပြောင်းလဲမှုတချို့ကို ယဲ့ရှောင်ချန်း သတိထားမိသည်။
ဥပမာအားဖြင့် မရီးကျူးချင်းချင်းက ကိုယ်တိုင် လက်ဘက်ရည်လာချပေးသည်။ အရင်က ဒီလိုမျိုး အခွင့်ထူးမရှိခဲ့ပါ။ အဘွားလေး၏ အလုပ်သာဖြစ်သည်။
ဝမ်ရွှေရှန့်က အပြုံးမသတ်ဘဲ မေးခွန်းများ မေးမြန်းနေသည်။ ယဲ့ရှောင်ချန်းကို ထိုပညာရှင်များနှင့် ထပ်ပြီး ဆွေးနွေးဖို့ တိုက်တွန်းလိုက်၏။
ဒီလောက်ငယ်ငယ်လေးနှင့် ယဲ့ရှောင်ချန်းက နာမည်ကြီးလာသဖြင့် စိတ်မခိုင်ဘဲ ဘဝင်မြင့်ကာ မာနထောင်လွှားသွားမည်ကို စိုးရိမ်မိပါသည်။
သို့သော်လည်း နာမည်ကြီးမှုကြောင့် ယဲ့ရှောင်ချန်းက ဘဝင်မြင့်ပြီး မာနထောင်လွှားသည့်ပုံ မပေါ်သဖြင့် သူ ပိုမို သဘောကျသွားမိပါသည်။
ယဲ့ရှောင်ချန်းက ပညာရှင်အသင်းနှင့် တွေ့ဖို့ရှိသေးသဖြင့် ဒီမှာ အကြာကြီးမနေခဲ့ပါ။