အံ့သြဖွယ်ဖြစ်ရပ်
Vol. 8 Ch. 115
အခန်း(၁၁၅) - အံ့သြဖွယ်ဖြစ်ရပ်
"မစ္စတာယဲ့ ဘယ်လိုလုပ်လိုက်တာလဲ။"
ပညာရှင်ကြီးယန်က ရုတ်တရက် မတ်တပ်ထရပ်ကာ ယဲ့ရှောင်ချန်းကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်လျက် တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
အခြားသူများ၏ အခြေအနေကလည်း သူနဲ့ သိပ်မကွာပေ။
"မိုက်...မိုက်လိုက်တာ"
ဖန်းယွမ်က သူ့ဘော့စ်ကို ကြည့်ကာ မေးလိုက်သည်။ "ကျွန်တော် အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား။"
"ဆန်းကြယ်လိုက်တာ။"
ဝမ်ယွမ်တုန်း သူ့စိတ်ထဲက တုန်လှုပ်မှုကို ဘယ်လို ဖော်ပြရမလဲ မသိတော့ပါ။
ဒီနည်းလမ်းက တကယ်ပဲ စိတ်ကူးဖြင့် မှန်းမဆနိုင်လောက်အောင်ရှိလှသည်။
"ပညာရှင်ကြီးယန် ကျွန်တော်က ဒီလက်ငါချောင်း စိတ်ဝိညာဥ် နားစွင့်နည်းလမ်းကို တီထွင်ခဲ့တယ်လို့ ပြောခဲ့တယ်နော်။ ဒါက အပင်အသိစိတ်နဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ အကြမ်းဖျင်း နားလည်သွားတာနဲ့ ကျွန်တော်တင်မဟုတ်ဘဲ ခင်ဗျားတို့လည်း သုံးလို့ရပါတယ်။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
"ငါ ငါလည်း သုံးလို့ရတယ်လား။"
ပညာရှင်တစ်ဦးက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
တကယ် အသုံးချနိုင်ပြီး အာနိသင် တကယ် ရှိသော နည်းလမ်းဖြစ်ပါက ယဲ့ရှောင်ချန်း၏ နည်းလမ်းများနှင့် ခုနက ပြောခဲ့သည့် နိယာမ တကယ် တည်ရှိနေနိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ အနည်းဆုံးတော့ ဦးတည်ချက် မှန်ကန်နေပါပြီ။
"ဟုတ်တယ်။"
ယဲ့ရှောင်ချန်းက အတည်ပြုသည့် လေသံဖြင့် ပြောလိုက်သည်။
"ရှောင်ချန်း ငါတို့ကော သင်လို့ရမလား။"
ဖန်းယွမ်က မနေနိုင်ဘဲ မေးလိုက်မိသည်။
အခြားသူများလည်း စိတ်အားထက်သန်နေကြသည်။ သူတို့၏ မျက်လုံးများက တောက်လောင်နေကြသည်။။ ဖန်းယွမ် မေးလိုက်သည့် မေးခွန်းက သူတို့ မေးချင်နေသော မေးခွန်းလည်း ဖြစ်ပါသည်။
"ဒါပေါ့။ ဒီနည်းလမ်းက လွယ်တယ် ထင်ရပေမယ့် ကျွမ်းကျင်ဖို့ အရမ်းခက်ခဲတယ်။ ဘာလို့လဲဆိုတော့ မင်းတို့ စိတ်နှစ်ထားရမယ်။ အပြင်လောကက အနှောင့်အယှက်ပေးတာကို မခံဘဲ နှလုံးသားကို တည်ငြိမ်အောင် ထားရမယ်။ အဲ့တာမှ အပင်အသိစိတ်နဲ့ အစစ်အမှန် ဆက်သွယ်နိုင်လိမ့်မယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။
"ဒီပါရမီရှိဖို့ လိုအပ်လား။ ဒီပါရမီကို စမ်းသပ်ကြည့်ဖို့ နည်းလမ်းရှိလား။"
ဖန်းယွမ်က လက်ပွတ်လျက် မေးလိုက်သည်။ သူက အလွန် စိတ်ဝင်စားနေသည့်ပုံပင်။
"အင်း စမ်းသပ်ဖို့က အရမ်းလွယ်ပါတယ်။ မျက်စိမှိတ်ပြီး လက်ချောင်းနဲ့ စားပွဲကို ခေါက်ကြည့်လိုက်။ မင်း လက်ချောင်းရဲ့ ထိတွေ့မှုကလွဲပြီး အပြင်လောကရဲ့ ထိတွေ့မှုတွေ အားလုံးကို ဖယ်ထုတ်နိုင်ရင် မင်းမှာ ဒီပါရမီရှိတယ်ဆိုတဲ့ သဘော သက်ရောက်တယ်။"
ယဲ့ရှောင်ချန်းက ရယ်ကာ ပြောလိုက်၏။
"ဘယ်လို ခေါက်ရမှာလဲ။ ကျပန်းလား။"
ဖန်းယွမ်သည် မျှော်လင့်နေသာ အကြည့်မျိုးဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဒါက ငါ့ဖာသာငါ တီထွင်ထားတဲ့ လက်ငါးချောင်း စိတ်ဝိညာဥ်နားစွင့်ခြင်းနည်းလမ်းပါ။ နှလုံးသားကို လေ့ကျင့်ပေးဖို့ အဓိက အသုံးပြုတာ။ ပါရမီရှိပြီး လေ့ကျင့်နိုင်မယ်ဆိုရင် တတ်နိုင်သမျှ အမြန်ဆုံး စိတ်ဝိညာဥ် နားစွင့်တဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်။ အချိန်မရွေး နေရာမရွေး နားစွင့်နိုင်တဲ့ အဆင့်ကို ရောက်သွားရင် ကနဦး ကျွမ်းကျင်အဆင့် ရောက်ပြီလို့ သတ်မှတ်နိုင်တယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ငါတို့ကို မြန်မြန် သင်ပေးပါတော့။"
ဖန်းယွမ်က စိတ်မရှည်စွာ ပြောလိုက်သည်။
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်ပြီး သူ့စိတ်ဝိညာဥ်နားစွင့်နည်းလမ်း၏ အရိုးရှင်းဆုံး နည်းလမ်းကို စတင်သင်ပေးလိုက်သည်။
တကယ် ရိုးရှင်းပါသည်။ အကြိမ်ရေ ခဏလောက် လေ့ကျင့်ပြီးသားသူက မမှားနိုင်တော့ပါ။
ထိုနေရာတွင် ရှိနေသော လူများ စတင်ကြိုးစားကြည့်ကြသည်။
နိုင်ငံခြား ပညာရှင်များကလည်း ချွင်းချက် မရှိပါ။ သူတို့ဘေးက တစ်ယောက်ယောက်က ဘာသာပြန်ပြပေးသည်။
တစ်မိနစ်အတွင်း ဖန်းယွမ်က မျက်လုံးဖွင့်ကာ စကားပြောဖို့ လုပ်လိုက်သည်။ သို့သော် ယဲ့ရှောင်ချန်းက သူ့ကို စိုက်ကြည့်ပြီး မပြောဖို့ အချက်ပြလိုက်၏။
ထိုအခါမှ အခြားသူများလည်း ကြိုးစားကြည့်နေကြမှန်း ဖန်းယွမ် သိလိုက်ရပါသည်။
သူ ဆူညံသံ ထွက်မိပါက သေချာပေါက် အခြားသူများကို အနှောင့်အယှက်ဖြစ်စေပါလိမ့်မည်။
ခဏလောက် ကြာသောအခါ အခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် မျက်လုံးများ ဖွင့်လာကြသည်။ သူတို့ ဝိညာဥ် နားစွင့်ခြင်း အဆင့်ကို မရောက်နိုင်ခဲ့ကြပါ။
သူတို့ ဘာမှမပြောကြဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
မိနစ်အနည်းငယ်ကြာသောအခါ မျက်လုံးပိတ်ထားသည့်လူ ငါးယောက်သာ ကျန်တော့သည်။
ပညာရှင်ကြီးယန်၊ ပရော်ဖက်ဆာထျန်၊ ကျန်းခယ့်ချင်း၊ နိုင်ငံခြားသား ပညာရှင်နှစ်ဦး ဖြစ်သည့် ဒေါက်တာ ဂျိမ်းစ်နှင့် ဂန္ဒီတို့ ဖြစ်ကြသည်။
ယဲ့ရှောင်ချန်းက ကျန်းခယ့်ချင်းကို အံ့အားသင့်စွာ ကြည့်လိုက်မိပါသည်။ ဒီလောက်ထိ အကြာကြီး တောင့်ခံနိုင်ခြင်းက သူတို့ စိတ်ဝိညာဥ် နားစွင့်ခြင်း အခြေအနေကို ရောက်သွားပြီဟူသော သဘောဖြစ်နိုင်ပါသည်။
ဤ စိတ်ဝိညာဥ် နားစွင့်ခြင်း အထူးနည်းလမ်းက ရိုးရှင်းသည်ဟု ထင်ရသော်လည်းအလွန် ထူးဆန်းပါသည်။ စိတ်ဝိညာဥ်နားစွင့်ခြင်းအဆင့်ကို မဝင်ရောက်နိုင်ပါက နောက်ပိုင်းတွင် ပိုပိုပြီး စိတ်တိုလွယ်လာကာ နောက်ဆုံး သည်းမခံနိုင်တော့ဘဲ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
လောလောဆယ် ထိုလူငါးယောက်၏ မျက်နှာများက တည်ငြိမ်နေပြီး လှုံ့ဆော်သော မျက်နှာမျိုး မရှိကြပါ။
ပညာရှင်ကြီးယန်နှင့် အခြားသူများ စိတ်ဝိညာဥ် နားစွင့်အဆင့် ဝင်ရောက်နိုင်ခြင်းကို သူ မအံ့သြပါ။ ဒီအဆင့်ကို ရောက်လာနိုင်သည့် လူများက ရုက္ခဗေဒ နယ်ပင်တွင် အလွန်ပါရမီရှိပြီး ထိုကဲ့သို့ လူများတွင် မြင့်မားသော စိတ်ဝိညာဥ် ပါရမီများ ရှိတတ်သည်။
သို့သော်လည်း ကျန်းခယ့်ချင်း၏ ပါရမီကလည်း ကောင်းမွန်နေသည်။ အလွန်ရှားပါသည်။ သူက ပညာရှင်ကြီးယန်နှင့် အခြားသူများနှင့် ယှဥ်လျှင် သူလိုအပ်ချက်များ ရှိနေပါသေးသည်။
ဒီလိုနှင့် ၇မိနစ် ၈မိနစ်လောက် ကြာသွားပြီး ကျန်းခယ့်ချင်းက မျက်လုံးအရင်ပွင့်သွား၏။ သူ့မျက်လုံးများက ပင်ပန်းနေသည့်ပုံပေါက်ပြီး သူ့စိတ်ဝိညာဥ်ကုန်ဆုံးမှုက အလွန်မြင့်မားနေသည့်ပုံပင်။
သူ့မျက်ခုံးကို လက်ချောင်းများဖြင့် ပွတ်လိုက်သည်။
သူ့နောက်တွင် အခြားလေးယောက်လည်း မျက်လုံးများ ဖွင့်ကြည့်လိုက်ကြပါသည်။
သူတို့မျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါ အလွန်စိတ်တက်ကြွနေကြပါသည်။
သူတို့ ထူးဆန်းသည့် အဆင့်သို့ ဝင်ရောက်သွားသောအခါ ပင်ပန်းသလို ခံစားခဲ့ရသော်လည်း ၎င်းတို့၏ ရင်ထဲက ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ကြပါ။
စိတ်ဝိညာဥ် နားစွင့်အဆင့်က အလွန် အံ့အားသင့်ဖို့ ကောင်းပါသည်။
၎င်းတို့၏ အာရုံလေးပါး၊ မဟုတ်သေး အာရုံငါးပါးကို ခွဲထုတ်နိုင်ခဲ့သည်။ လက်ငါးချောင်း၏ အထိအတွေ့က တည်ရှိသည့်ပုံ ပေါ်သော်လည်း စိတ်ဝိညာဥ်နှင့် ချိတ်ဆက်ထားသလို ဝေဝေဝါးဝါး ရှိလှပါသည်။
သူတို့ထင်တာ မမှားပါက ၎င်းမှာ ဆဌမအာရုံ ဖြစ်လောက်သည်။
ဒီနည်းလမ်းကို အသုံးပြုပြီး ဆဌမအာရုံနယ်ပယ်သို့ ရောက်နိုင်ခဲ့သည်မှာ အံ့အားသင့်ဖို့ ကောင်းပါသည်။
"မစ္စတာယဲ့ ရုက္ခဗေဒနယ်ပယ်ကို အခုလို အကျိုးပြုတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ် ဦးညွှတ်တာကို လက်ခံပေးပါ။"
ပညာရှင်ကြီးယန်က အရင်ဆုံး မတ်တပ်ရပ်လိုက်ပြီး ရုတ်တရက် ယဲ့ရှောင်ချန်းကို ဦးညွှတ်လိုက်သည်။
အခြားသူများစွာလည်း မတ်တပ်ရပ်ကာ ယဲ့ရှောင်ချန်းကို ဦးညွှတ်လိုက်ကြသည်။
ယဲ့ရှောင်ချန်းက ဒီလိုဂါဝရ ပြုမှုမျိုးနှင့် ထိုက်တန်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယဲ့ရှောင်ချန်းက သူတို့ကို စိတ်ဝိညာဥ်နားစွင့်နည်းလမ်းကို သင်ကြားပေးခဲ့သောကြောင့်ဖြစ်သည်။ ထိုနည်းလမ်းက အလွန်တန်ဖိုးကြီးပြီး အဖိုးမဖြတ်နိုင်ပါ။
ယဲ့ရှောင်ချန်းက မတ်တပ်ရပ်လိုက်ပြီး တစ်ခုခုပြောဖို့ကြိုးစားသော်လည်း သူတို့မျက်လုံးထဲက ပြတ်သားသော အရောင်ကို မြင်လိုက်ရသောအခါ သူ့ပါးစပ်ကို မဟနိုင်ခဲ့ပါ။
ထိုနေရာရှိ အခြားသူများက ယဲ့ရှောင်ချန်း၏ စိတ်ဝိညာဥ်နားစွင့်နည်းလမ်းမှာ အာနိသင် ရှိကြောင်း နားလည်သွားသော်လည်း သူတို့ မလုပ်နိုင်ခဲ့ပါ။
သူတို့တွင် စိတ်ဝိညာဥ်နားစွင့်ခြင်းအတွက် ပါရမီမပါဘူးဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော်လည်း ပညာရှင်ကြီးယန်နှင့် ကျန်လေးယောက်တွင် ပါရမီပါရှိသည်။
သူတို့ မနာလိုဖြစ်၊ စိတ်လှုပ်ရှားကာ နောင်တလည်းရနေသည်။ ခံစားချက်က အလွန်ရှုပ်ထွေးလှပါသည်။
စိတ်ဝိညာဥ်နားစွင့်ခြင်း ပါရမီ မရှိလျှင် အပင်အသိစိတ်နှင့် ထိတွေ့နိုင်ဖို့ အခွင့်အရေးမရှိပေ။
ရုက္ခဗေဒနယ်ပယ်တွင် ပိုမြင့်မားသော အောင်မြင်မှုများ ရရှိနိုင်ဖို့ သူတို့အတွက် ခက်ခဲခြင်း သို့မဟုတ် လုံးဝ မဖြစ်နိုင်ခြင်းပင် ဖြစ်နိုင်ပါသည်။ ရုက္ခဗေဒနယ်ပယ်တွင် သူတို့၏ အဆုံးစွန်ကို ရောက်ရှိသွားကြပြီ ဖြစ်သည်။
ယဲ့ရှောင်ချန်း အစည်းအဝေးခန်းထဲမှ ထွက်သွားသောအခါ အခန်းထဲ ကျန်ခဲ့သည့် ပညာရှင်များက အလောတကြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ပညာရှင်ကြီးယန်၊ ကျန်းခယ့်ချင်းနှင့် ကျန်လူသုံးယောက်တို့ကို အခြားပညာရှင်များက အဓိကထား မေးမြန်းနေကြပါသည်။
သူတို့ ယဲ့ရှောင်ချန်း၏ စိတ်ဝိညာဥ်နားစွင့်ခြင်းကို အလွန်သိချင်နေကြသည်။
"ရှောင်ချန်း ပြောပါဦး။ စိတ်ဝိညာဥ်နားစွင့်ခြင်းး အဆင့်ထဲရောက်ရင် ဘယ်လိုနေလဲ။"
ဖန်းယွမ်က သူ့နောက်လိုက်လာသည်။
"ငါ မပြောတတ်ဘူး။ ငါ အဲ့ဒီလမ်းကို မသိဘူး။"
"လခွမ်း"
ဖန်းယွမ်က မျက်စပြစ်လိုက်သည်။ ထို့နောက် သနားစရာကောင်းစွာ မေးလိုက်သည်။ "ငါ့မှာ တကယ်ပဲ အဲ့ဒီပါရမီ မရှိဘူးလားကွာ။"
"မင်းဘယ်လိုထင်လဲ။"
ယဲ့ရှောင်ချန်းက သူ့ကိုပြုံးကာ ကြည့်လိုက်သည်။
"အင်း ပါရမီမရှိလည်း မရှိဘူးပေါ့။ အဲ့ဒီအပေါ်မှာ ငါ့ဘဝကို ပုံအပ်ထားတာမှ မဟုတ်တာ။"
ဖန်းယွမ်က ယဲ့ရှောင်ချန်း၏ ပခုံးပေါ်သို့ လက်တင်ကာ စိတ်ခံစားချက်ကြီးစွာဖြင့် ပြောလိုက်သည်။
"ရှောင်ချန်း တစ်နေ့ကျရင် မင်းဒီအဆင့်လောက်ထိ ရောက်လာလိမ့်မယ်လို့ ငါထင်မထားဘူး။ ရိုးရိုးသားသားပြောရရင် ငါ အိပ်မက် မက်နေသလိုပဲကွာ။"
"မင်းအိပ်မက်ကနေ နိုးလာပြီလား။"
ယဲ့ရှောင်ချန်းက ရယ်လိုက်သည်။
"မဟုတ်ဘူး။ မနိုးသေးတာ ပိုကောင်းပါတယ်။ ယောက်ဖ အခု မင်းရဲ့ဂုဏ်သတင်းနဲ့ အတူလိုက်ပြီး ငါ ဝင်တိုးတာပေါ့ကွာ။"
ဖန်းယွမ်က ရယ်မောလိုက်၏။
"အေးပါကွာ။ အဲ့အကြောင်းတွေ မပြောတော့နဲ့။ ငါ အရင်ပြန်တော့မယ်။"
ယဲ့ရှောင်ချန်းက လက်ရမ်းပြလိုက်သည်။
"ဟေ့ကောင် မင်း နေ့လည်စာ မစားဘူးလား။"
ဖန်းယွမ်က ဆက်ပြောသည်။ "ဒါက စီစဥ်ပြီးသားကြီးကွ။"
"ထားလိုက်ပါ။ ငါပြန်သွားရဦးမယ်။"
သူ စိုက်ပျိုးရေးခြံကို တာဝန်ယူရဦးမည်။
ပြီးတော့ မဖြေရှင်းနိုင်သေးသည့် စိတ်ရှုပ်စရာ ပြဿနာတစ်ခုလည်း ရှိနေပါသေးသည်။