သေတ္တာ
Vol. 8 Ch. 118
အခန်း(၁၁၈) - သေတ္တာ
စိုက်ပျိုးရေးခြံတွင်။
ဒီနေ့ လသာလို့နေသည်။
မကြာမီ ဆောင်းလလယ်ပွဲတော်သို့ ရောက်ရှိလာတော့မည်။
ယဲ့ရှောင်ချန်းက အင်မော်တယ်မြေရှိ ဝါးကုတင်ပေါ်တွင် လှဲကာ ဝမ်ရှင်းယီနှင့် စာပို့နေ၏။
ခုနက သူမ ရေချိုးနေခြင်းဖြစ်သည်။
သူတို့နှစ်ယောက်က ဗီဒီယိုကော ပြောရင်း တစ်ဦးကိုတစ်ဦး မြင်နေကြရပါသည်။ ဝမ်ရှင်းယီက ချည်ဖြူ ညဝတ်အင်္ကျီလေး ဝတ်ဆင်ထားပြီး သူမ၏ ပုခုံးပေါ် ကျဆင်းနေသည့် ဆံပင်ရှည်များက အိပ်မက်တစ်ခုလို ခံစားရစေသည်။
ဗီဒီယိုကောကို ခဏသာ ပြောပြီး ပိတ်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့ စာသာရိုက်နိုင်ပြီး စကားမပြောနိုင်ကြပေ။
ရုတ်တရက် သူ့ဖုန်းသံမြည်လာ၏။
ဖန်းယွမ်၏ ဖုန်းနံပါတ် ဖြစ်နေပါသည်။
ယဲ့ရှောင်ချန်းက ဖုန်းလာနေသောကြောင့် နောက်မှပြောကြမည်ဟု ဝမ်ရှင်းယီကို အမြန်စာပို့ကာ ဝီချက်ကိုပိတ်လျက် ဖုန်းဖြေခလုတ်ကို နှိပ်လိုက်သည်။
"ရှောင်ချန်း ငါမင်းကို ပြောစရာရှိလို့။ အရင်တစ်ခေါက်က မင်းနဲ့တွေ့ခဲ့တဲ့ ဂလိုဘယ်ကုမ္ပဏီက ငါနဲ့ဆက်သွယ်ပြီး မင်းနဲ့ထပ်တွေ့ချင်တယ်လို့ ပြောနေကြတယ်။ ဒီတစ်ခါ ဂလိုဘယ်ကုမ္ပဏီရဲ့ ဥက္ကဌကြီးကိုယ်တိုင် လိုက်လာလိမ့်မယ်။”
ဖန်းယွမ်၏ အသံက ဖုန်းထဲမှ ထွက်လာသည်။
"ငါ့ကို ထပ်လာတွေ့ကြဦးမှာလား။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။ "တော်ပါပြီကွာ။ လောလောဆယ် ငါမအားသေးဘူးလို့သာ ပြောလိုက်ချေ။"
အရင်တစ်ခေါက်လိုပဲ ထပ်ဖြစ်ဦးမယ်မှန်း သူခန့်မှန်းမိသည်။ အများဆုံး သူတို့ စျေးတိုးပေးနိုင်၏။
"မလုပ်နဲ့ ယောက်ဖရ။ ငါကတိပေးပြီးသားကြီး ဖြစ်နေပြီ။ မင်းငါ့ကို မျက်နှာပျက်အောင်တော့ မလုပ်ဘူးမလား။"
ဖန်းယွမ်က နာနာကျင်ကျင် ငိုသံဖြင့် ပြောလိုက်သည်။
"လခွမ်း၊ မင်းက ငါ့ကိုယ်စား သူတို့ကို ကတိပေးခဲ့တာလား။"
ယဲ့ရှောင်ချန်းတစ်ယောက် ပြောစရာ စကား ကင်းမဲ့သွားသည်။
ဒီကောင့် ပါးစပ်က အတော်ကျယ်သည်။
"မင်းမသိဘူးနော်။ အဲ့ဒီလက်ထောက်မ ချောချောလှလှလေးက အရမ်းလှပြီး နည်းနည်း နူးညံ့လွန်းတော့ ငါ ခံနိုင်ရည် မရှိလို့ပါကွာ။"
ဖန်းယွမ်က အကြံဆိုးဖြင့် ရယ်လိုက်၏။
"ဟုတ်ပြီ။ ဒီတစ်ခေါက်ပဲနော်။ နောက်တစ်ခါ ထပ်မလုပ်နဲ့။"
ယဲ့ရှောင်ချန်းက ခေါင်းခါပြီး ရယ်မောလိုက်၏။
"အိုကေ အိုကေ အိုကေ နောက်တစ်ခါ ငါအဲ့လောက် မပျော့ညံ့စေရဘူး။ ရှောင်ချန်း ငါ့ကို အချိန်နည်းနည်းလောက် ပေးလို့ရမလား။"
ဖန်းယွမ်သည် နောက်ဆုံးတော့ စိတ်အေးလက်အေး သက်ပြင်းချလိုက်သည်။
"မနက်ဖြန် အရင်နေရာပဲ။"
ယဲ့ရှောင်ချန်းက ပြောလိုက်၏။
"ကောင်းပြီ။ ဒါဆို ငါဖုန်းချလိုက်တော့မယ်။ မင်းလည်း စောစောနားတော့။"
ဖန်းယွမ်က ရွှင်လန်းစွာ ဖုန်းချလိုက်ပါသည်။
ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။ ဝီချက်ကို ပြန်ဖွင့်ပြီး ဝမ်ရှင်းယီနှင့် စကားဆက်ပြောနေလိုက်၏။
ဟင်းသီးဟင်းရွက်များကို သူကိုယ်တိုင် ပို့ဆောင်ပေးစရာ မလိုတော့သဖြင့် အချိန်အများကြီး အားလပ်သွားပါသည်။
စိုက်ပျိုးရေးခြံတွင်သာ တစ်ယောက်ယောက် လာယူမည့် အချိန်ကို စောင့်နေရန်သာလိုသည်။
မနက် ကိုးနာရီအချိန်တွင် ဖန်းယွမ်က ဖုန်းဆက်ပြီး ဂလိုဘယ်ကုမ္ပဏီမှ လူများ ထိုက်ဖျင်မြို့သို့ ရောက်နေပြီဖြစ်ကြောင်း ပြောလိုက်သည်။
ယဲ့ရှောင်ချန်းက ဆိုင်ကယ်တက်စီးကာ ထိုက်ဖျင်မြို့သို့ တန်းတန်းမတ်မတ် လာခဲ့၏။
ပညာရှင်အသင်းနှင့် ဆွေးနွေးဖို့ကတော့ နေ့လည်ခင်းကို အချိန်ရွှေ့ဆိုင်းထား၏။
ထိုက်ဖျင်မြို့ လက်ဘက်ရည်အိမ် အနီးအနားတွင် လူများစွာက ဝိုင်းကြည့်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် အလွန်တန်ဖိုးကြီးသည့် ဇိမ်ခံကားကြီး တစ်စီးကို ပါကင်ထိုးထားသောကြောင့်ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းက ကားအကြောင်း အနည်းငယ် နားလည်ပါသေးသည်။ အရင်က သူ့ရဲ့ ကောလိပ်ကျောင်းသား ဘဝတွင် သူ့အတန်းဖော်များက ကားမော်ဒယ်များအကြောင်း ဆွေးနွေးလေ့ရှိသည်။ ထို့ကြောင့် သူတို့ထံမှ ဗဟုသုတတချို့ ရရှိခဲ့ပါသည်။
သူ့ရှေ့က ကားက Porsche Cayenne ဖြစ်နိုင်ပြီး ဘာမော်ဒယ်လဲဆိုတာတော့ မသိနိုင်ခဲ့ပါ။
သို့သော်လည်း Porsche Cayenne ကားစျေးများက အလွန်စျေးကြီးပြီး အနည်းဆုံး ယွမ် တစ်သန်းလောက် တန်ကြေးရှိပါသည်။
Porsche ကားဘေးတွင် အခြားကားများကိုလည်း ပါကင်ထိုးထား၏။ အားလုံးက Audi သို့မဟုတ် Benz များဖြစ်ကြ၏။ သို့သော်လည်း Porsche နှင့် ယှဥ်လျှင်တော့ အနည်းငယ် လိုအပ်နေကြပါသေးသည်။
"Porsche Cayenne ကြီးပါလားဟ။ ငါတို့မြို့က တစ်ယောက်ယောက် ဝယ်ထားတာလား။"
"ရှရှီကုဒ်လည်း မပါဘူး။ သေချာပေါက် ငါတို့မြို့ကတော့ မဟုတ်ဘူးကွ။"
"မသေချာပါဘူး။ တစ်ယောက်ယောက်က တခြားမြို့မှာ အလုပ်လုပ်နေလို့ အဲ့ဒီမြို့က လိုင်စင်နံပါတ်ပြားကို ဝယ်ခဲ့တာနေမှာပေါ့။"
"ကားက တော်တော် လန်းတယ်။”
"စျေးအရမ်းကြီးမှာပဲနော်။"
"ဟုတ်တယ်။ အနည်းဆုံး ယွမ်တစ်သန်းပဲ။"
"တစ်သန်းက ဘာမှမဟုတ်ဘူး။ ငါတို့မြို့ထဲမှာ တစ်သန်းတန်တဲ့ ကားတွေ အများကြီးရှိတယ်။ အရင်တစ်ခေါက်က BMW 7 စီးရီးကြီးတောင် မြင်ခဲ့သေးတယ်။"
"ဒါက သာမန် Porsche မော်ဒယ် မဟုတ်ဘူး။ အရင်နှစ်ကမှ ထုတ်ထားတဲ့ Turbos မော်ဒယ်ကွ။ ကားအလွတ်ချည်း စျေးကတောင် ယွမ် ၂.၈ သန်း ကျော်တယ်။ တန်ဆာပလာတွေ အပြည့်အစုံ ထည့်လိုက်ရင် အနည်းဆုံး ယွမ် ၃ သန်းကျော်လိမ့်မယ်။"
"ဟာ။ အဲ့လောက်တောင် စျေးကြီးတာလား။"
ကားအကြောင်းနားလည်သော လမ်းသွားလမ်းလာ တစ်ဦးက ပြောပြလိုက်သည်။ လူများစွာက ချက်ချင်းဆိုသလို အံ့သြ ထိတ်လန့်သွားကြသည်။
တစ်သန်းနှင့် သုံးသန်းဆိုတော့ နှစ်သန်းတောင် ကွာဟနေသည်။
ရုတ်တရက် လူများစွာက ဖုန်းများကို ထုတ်ကာ ဓာတ်ပုံများ အမြန် ရိုက်ယူကြသည်။
ယဲ့ရှောင်ချန်းက လမ်းဘေးတွင် ဆိုင်ကယ်ကို ပါကင်ထိုးကာ သော့ခတ်လိုက်၏။ သူ့မော်တော်ဆိုင်ကယ်က အဟောင်းကြီးဖြစ်သော်လည်း ဒီမြို့တွင် သူခိုးပေါသည်။ ဆိုင်ကယ်ခိုးခံရသည့် မှုခင်းများ မကြာခဏဆိုသလို ဖြစ်ပွားတတ်သည်။
ဆိုင်ကယ်တစ်စီး ပျောက်သွားပါက ပြန်ရဖို့ မဖြစ်နိုင်သလောက်ရှိပြီး ရဲတိုင်လည်း အလကားပဲ ဖြစ်ပါသည်။
ကားကို လှမ်းကြည့်လိုက်ပြီး ဂလိုဘယ်ကုမ္ပဏီက ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
သူတံခါးနားသို့ ရောက်လာလာချင်း ဖန်းယွမ်က သူ့ကို ကြိုဆိုလိုက်သည်။ "ရှောင်ချန်း မင်းရောက်လာပြီလား။ ဂလိုဘယ်ကုမ္ပဏီက လူတွေ အပေါ်မှာ ထိုင်နေကြတယ်။ ကျွတ်ကျွတ်... သူတို့ဘော့စ်က နတ်သမီးလေးလို လှနေတာ မင်းသိမှာ မဟုတ်ဘူး။ သူက သူ့လက်ထောက်ထက်တောင် ပိုလှသေးတယ်ကွ။"
သူ့အသံက အလွန်တိုးညှင်းနေပြီး မျက်နှာကလည်း တောက်ပနေသည်။
ဝက်လို ယောက်ဖ ဖန်းယွမ်ကို ကြည့်ပြီး ယဲ့ရှောင်ချန်း ကြက်သေသေသွားပါသည်။ ဖန်းယွမ်နဲ့ ပြိုင်ငြင်းဖို့ သူပျင်းလွန်းနေသည်။
ဒုတိယထပ် သီးသန့်အခန်းတစ်ခုတွင်။
ယဲ့ရှောင်ချန်းက ဂလိုဘယ်ကုမ္ပဏီမှ လူများနှင့် ဆုံတွေ့ရပြီဖြစ်သည်။
ခြောက်ယောက် ရှိပါသည်။
ဖန်းယွမ်က ကုမ္ပဏီ၏ ဘော့စ်မှာ မိန်းမလှတစ်ဦးဟု ပြောခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ အနည်းငယ် ပြင်ဆင်ခဲ့သော်လည်း သူမကို တွေ့သောအခါ ယဲ့ရှောင်ချန်း အံ့အားသင့်မိပါသေးသည်။
သူမက ပရော်ဖက်ရှင်နယ်ဆန်ဆန် ဝတ်စုံကို ဆင်ယင်ထားပြီး ဆံပင်ကို စည်းနှောင်ထားကာ နူးညံ့သော မျက်နှာနှင့် မိတ်ကပ်ကလည်း အလွန်နည်းပါးသည်။
ဒီလို အမျိုးသမီးမျိုးက ထက်မြက်သော အမျိုးသမီးဖြစ်ပါသည်။
ဖန်းယွမ်က နှစ်ဖက်စလုံးကို မိတ်ဆက်ပေးလိုက်သည်။ ယဲ့ရှောင်ချန်းက သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ယဥ်ယဥ်ကျေးကျေး ဂါဝရပြုကာ ထိုင်လိုက်သည်။
"မစ္စတာယဲ့ အရင်တစ်ခေါက် ကျွန်မတို့ကို ကူညီပေးခဲ့တဲအ့တွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ မစ္စတာယဲ့က ကုမ္ပဏီအတွက် အရမ်းခက်ခဲတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့တာပဲ။"
လင်းကျင်းရှုက လေးနက်ပြီး ရှင်းလင်းသော လေသံဖြင့် ပြောလိုက်သည်။
"ဟားဟား ကျွန်တော် ကြက်ကန်းဆန်အိုးတိုးပြီး တွေ့ခဲ့တာပါ။"
ယဲ့ရှောင်ချန်းက ရယ်မောကာ ပြောလိုက်သည်။ လင်းကျင်းရှု၏ ရည်ရွယ်ချက်ကို သူသိချင်နေသည်။
ပြောရမည်ဆိုလျှင် လှပသော အမျိုးသမီးများနှင့် စကားပြောရခြင်းက ဘယ်တော့မှ မပျင်းရပါ။
"မစ္စတာယဲ့ကတော့ နောက်နေပြန်ပါပြီ။ လောလောဆယ်တော့ တောင်ပိုင်းမှာ ရှင့်အကြောင်း မသိတဲ့လူ မရှိသလောက်ပဲနော်။"
လီးကျင်းရှုက အနည်းငယ်ပြုံးကာ ပြောလိုက်သည်။ "အရင်တစ်ခေါက်က အကူအညီအတွက် အဲ့ဒီတုန်းက ကုမ္ပဏီရဲ့ အခြေအနေတွေ ပြောင်းလဲခါစဆိုတော့ သေချာ ကျေးဇူးတင်ဖို့ အချိန်မရှိခဲ့ဘူး။ ဒီတစ်ခါတော့ ကုမ္ပဏီ တည်ငြိမ်သွားပြီ။ ကျွန်မတို့ မစ္စတာယဲ့ရှောင်ချန်းကို တကူးတက ကျေးဇူးတင်ဖို့ လာခဲ့တာပါ။ ကျေးဇူးပြုပြီး အဲ့ဒီအတွက် ခွင့်လွှတ်ပေးပါဦး"
"မစ္စလင်း အရင်တစ်ခါတည်းက တိုက်ဆိုင်တာပါလို့ ကျွန်တော်ပြောပြီးပြီလေ။ ပြီးတော့လည်း ခင်ဗျားတို့ ကုမ္ပဏီက ကျွန်တော့်ကို ကျေးဇူးတင်ပြီးပါပြီ။"
ယဲ့ရှောင်ချန်းက ဂလိုဘယ်ကုမ္ပဏီနှင့် တခမ်းတနားကြီး မဆက်ဆံချင်ပါ။ ကော်ဖြင့် အကပ်ခံထားရခြင်းက အလွန် ပြဿနာရှိနိုင်သည်။
ယဲ့ရှောင်ချန်းသည် မျိုးစေ့တွေလို သေးငယ်သည့် လက်ဆောင်မျိုးသာ ရခဲ့သော်လည်း ရင့်ကျက်သည့် လူကြီးတစ်ယောက်လို ခွင့်လွှတ်ခဲ့ပါသည်။
"မစ္စတာယဲ့ ရှင့်အတွက်တော့ နည်းနည်းပဲ အားထုတ်လိုက်ရတာမျိုး ဖြစ်ပေမယ့် ကျွန်မတို့ ကုမ္ပဏီအတွက်တော့ ကပ်ဘေးကြီး တစ်ခုကနေ ကယ်တင်ခံလိုက်ရသလိုပါပဲ။"
လင်းကျင်းရှုက ခေါင်းခါပြီး ပြောလိုက်သည်။ ရုတ်တရက် သူမ၏ လက်ထောက်ကို လှမ်းကြည့်လိုက်သည်။
ချက်ချင်းဆိုသလို လှပသည့် လက်ထောက်မလေးက သေသပ်သော သစ်သားသေတ္တာလေးတစ်လုံးကို စားပွဲပေါ်တွင် ချပေးလိုက်သည်။
ယဲ့ရှောင်ချန်းက သစ်သာားသေတ္တာလေးကို သိချင်စိတ်ဖြင့် ကြည့်လိုက်၏။
လင်းကျင်းရှု ဘာတွေများ ကြံစည်နေသလဲ။
"သေတ္တာထဲက ဘာလဲဗျ။"
ယဲ့ရှောင်ချန်းဘေးတွင် ထိုင်နေသည့် ဖန်းယွမ်က ပိုသိချင်နေပါသည်။
အရင်တစ်ခေါက်က ဂလိုဘယ်ကုမ္ပဏီမှာ နှစ်စဥ် ဝင်ငွေတစ်သန်းကို ကမ်းလှမ်းခဲ့ဖူးသည်။ ထို့အပြင် အဆင့်မြင့်တိုက်ခန်းနှင့် ကားတို့ကိုလည်း ယဲ့ရှောင်ချန်းအား ကမ်းလှမ်းခဲ့၏။
ဒီတစ်ခါကော ဘာများလဲ။
အရင်တစ်ခေါက်ကထက် ပိုကောင်းမှာလား။
အရင်ကသာဆို ယဲ့ရှောင်ချန်းထိုကဲ့သို့ ကြီးကျယ်သည့် အခွင့်ထူးမျိုးကို ငြင်းဆန်ခြင်းက အရှုံးကြီးသည်ဟု သူထင်မိမည်။
သို့သော် အခုတော့ အခြေအနေများက ပြောင်းလဲနေပြီ။ ပညာရှင်အသင်းက ယဲ့ရှောင်ချန်းထံသို့ တကူးတက လာရောက် လည်ပတ်ခဲ့သည်။ သူ့တွင် ထိပ်တန်း ရုက္ခဗေဒ ပညာရှင်ဟူသော ဘွဲ့ ရရှိနေပြီဖြစ်ပါသည်။
ယဲ့ရှောင်ချန်း၏ လက်ရှိ အဆင့်အတန်းနှင့် ထိုကဲ့သို့ အခွင့်ထူးမျိုးကို သာမန်ဟုသာ မှတ်ယူနိုင်ပါသည်။