← Chapters

ကားလက်ဆောင်ရခြင်း

Vol. 8 Ch. 119

ကားလက်ဆောင်ရခြင်း

Vol. 8 Ch. 119

အခန်း(၁၁၉) - ကားလက်ဆောင်ရခြင်း

"မစ္စတာယဲ့ အရင်တစ်ခေါက်ကဂလိုဘယ် ကုမ္ပဏီကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ဖို့အတွက် ဒါက ကျွန်မတို့ရဲ့ အသိအမှတ်ပြုတဲ့ လက်ဆောင်လေးပါ။ မစ္စတာယဲ့ လက်ခံပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။"

လင်းကျင်းရှုက ယဲ့ရှောင်ချန်း ရှိရာဘက်သို့ သစ်သားသေတ္တာလေးကို တွန်းပေးလိုက်ပြီး တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

ယဲ့ရှောင်ချန်း၏ မျက်လုံးများက သစ်သား သေတ္တာပေါ်တွင် ကျရောက်နေပေမယ့် သူ မကောက်ယူခဲ့ပါ။ ယဲ့ရှောင်ချန်းက ပြုံးကာ ပြန်ပြောလိုက်၏။ "မစ္စလင်း ကျေးဇူးပြုပြီး ပြန်ယူသွားပါ။"

သူ့ဘေးက ဖန်းယွမ်ကတော့ စိတ်ဒုက္ခရောက်နေလေပြီ။ မမြင်ရသေးသည်ဖြစ်စေ မြင်ဖူးပြီးသားဖြစ်စေ လက်ခံသင့်သည်။ အနည်းဆုံးတော့ အထဲမှာ ဘာရှိသလဲ ကြည့်သင့်သည်။

အမှန်ပင်။ သူ့စိတ်ကို ထိန်းထားရပြီး ပါးစပ်မဟခဲ့ပါ။ အားလုံးမြင်နိုင်သော စိတ်အားထက်သန်နေသည့် မျက်နှာထားမျိုးတော့ ပေါ်လွင်နေပါသည်။

"မစ္စတာယဲ့ ကျွန်မမှာ လုံးဝ ဘယ်လို အခြားအဓိပ္ပာယ်မှ မရှိပါဘူးရှင်။ ဒါက မစ္စတာယဲ့ကို ပေးအပ်တဲ့ ကျွန်မတို့ကုမ္ပဏီရဲ့ လက်ဆောင် သက်သက်ပါပဲ။"

လင်းကျင်းရှုကလည်း လုံးဝ ဒီလို အရှုံးပေးမည်မဟုတ်ပါ။

“ကောင်းပြီ၊ ငါ အရင်ကြည့်မယ်။”

ယဲ့ရှောင်ချန်းက လင်းကျင်းရှုကို ကြည့်လိုက်သည်။ သူ လက်မခံပါက ဆက်တိုက်ကို နားပူနားဆာ လုပ်လိမ့်မည်ဟု ခန့်မှန်းမိသည်။

ဖန်းယွမ်က သစ်သားသေတ္တာထဲက အရာကိုမြင်ဖို့ လည်ပင်းကြီးရှည်ကာ ကြည့်လိုက်သည်။

"ကားသော့... ဘုရားသခင် Porsche ကြီးလား။"

ဖန်းယွမ်က တိုးတိုးညှင်းညှင်း အော်လိုက်မိသည်။ သူ့မျက်လုံးများ ကျွတ်ထွက်လုနီးပါး ဖြစ်သွားသည်။

ချက်ချင်းဆိုသလို အဆောက်အဦးအနီးနားတွင် ရှိနေသော ခပ်မိုက်မိုက် အနက်ရောင် Porsche Cayenne ကားကြီးကို မှတ်မိသွားသည်။ အသစ်စက်စက်ဖြစ်ပြီး မကြာသေးခင်ကမှ ဝယ်ထားသည့်ပုံပင်။ အခုတော့ ယဲ့ရှောင်ချန်းအတွက် အထူးဝယ်ထားခြင်းဖြစ်ပုံပေါ်သည်။

မများလွန်းဘူးလား။

ယွမ် ၃သန်းတောင် ကျော်တယ်လေ။

သူ့ရင်ထဲက မနာလိုမှုကို ဖော်ပြလို့ပင် မရနိုင်ပါ။

ဒီလို ဇိမ်ခံကားကြီးကို ၁၀ နှစ်လောက် မသောက်မစားဘဲနေရင်တောင် သူဝယ်နိုင်မည်မဟုတ်ပါ။

သေတ္တာထဲက ကားသော့ကိုမြင်သောအခါ ယဲ့ရှောင်ချန်းလည်း အနည်းငယ် ထိတ်လန့်သွားပါသည်။ သူ့ခေါင်းကို မတ်လိုက်ပြီး လင်းကျင်းရှုကို ကြည့်လိုက်၏။ သူ့ရင်ထဲတွင် ဘာအကြွေးမှ မတင်စေဖို့ ဆုံးဖြတ်ထားပြီးဖြစ်၏။

ဒီလင်းကျင်းရှုက အလွန်ရက်ရောလွန်းနေသည်မဟုတ်လား။

ယွမ် နှစ်သန်း သုံးသန်းတန် ကားကြီးတစ်စီး သူ့ကို လက်ဆောင် ပေးတယ်တဲ့လား။

အောက်ထပ်တွင် ပါကင်ထိုးထားသည့် Porsche Cayenne ကြီးက သူ လက်ခံလိုက်သည်နှင့် သူ့အပိုင်ဖြစ်သွားတော့မည်။

သူ့ရင်ထဲ မီးတောက်နေသလို ခံစားရသည်။

သူ့မျက်နှာကတော့ တည်ငြိမ်အေးဆေးနေပါသည်။ "မစ္စလင်း ဒီလက်ဆောင်က များလွန်းပါတယ်ဗျာ။"

"မစ္စတာယဲ့ ဘာမှမများပါဘူး။ ကုမ္ပဏီ ဆုံးရှုံးသွားနိုင်တဲ့ အရှုံးတွေနဲ့ ယှဥ်လိုက်ရင် ဒီကားက အဲ့လောက် တန်ကြေး မရှိပါဘူး။"

လင်းကျင်းရှုက ပြုံးလိုက်သည်။

ယဲ့ရှောင်ချန်းကို Porsche တစ်စီးဝယ်ပေးဖို့ တိုင်ပင်တော့ ကုမ္ပဏီမှ ကန့်ကွက်မှုများစွာ ရှိခဲ့သည်။ သို့သော်လည်း ကောင်းကျိုး ဆိုးကျိုးများကိုပါ ထည့်ရှင်းပြလိုက်သောအခါ ဘယ်သူမှ မကန့်ကွက်တော့ပေ။

ဒီကားက လက်ဆောင်သက်သက်မဟုတ်ဘဲ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်။

ဒီကမ္ဘာကြီးတွင် ဘာမှ အလကားမရပါ။

နောက်ပိုင်းတွင် ကုမ္ပဏီ၌ ပြဿနာတစ်ခုခု ရှိလာပါက ယဲ့ရှောင်ချန်းကို အမြဲတမ်း ယုံကြည်ချက်ရှိစွာဖြင့် ဖိတ်ကြားနိုင်ပြီ ဖြစ်ပါသည်။

ဘယ်လိုယောက်ျားကမှ ဒီကားကြီးကို ငြင်းဆန်နိုင်မည်မဟုတ်ပါ။

သို့သော်လည်း ယဲ့ရှောင်ချန်း၏ စိတ်ကိုတော့ သူမ ဖောက်ထွင်း မမြင်နိုင်ခဲ့ချေ၊။

"အင်း ငြင်းဖို့တော့ ခက်ပြီဗျာ။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်ပြီး ဆက်ပြောလိုက်၏။ "ကောင်းပါပြီ။ ကျွန်တော် ဒီလက်ဆောင်ကို လက်ခံလိုက်ပါ့မယ်။ ဒါပေမယ့် ကျွန်တော် ကြိုပြောထားပါ့မယ်။ ရှေ့လျှောက် ခင်ဗျားတို့ကုမ္ပဏီမှာ ပြဿနာ တစ်ခုခုရှိလာရင် ကျွန်တော်ရှင်းပေးပါ့မယ်။"

"ဟုတ်တာပေါ့။"

လင်းကျင်းရှု၏ မျက်နှာတွင် ဖော်မပြနိုင်သော ပျော်ရွှင်မှုများ ပေါ်လာသည်။

သူမသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ယခင်က သူမ အလွန် မသေမချာ ဖြစ်ခဲ့သည်။

"မစ္စတာယဲ့ ဒီကားရဲ့ ပြောင်းလဲခွင့် လုပ်ငန်းစဥ်ကို ရှင့်ကို အပ်လိုက်ပါ့မယ်။ ဘာပြဿနာမှ မရှိပါဘူး။"

လင်းကျင်းရှုက ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ပြလိုက်၏။ သူက ဆက်ဆံရေး မကောင်းသော လူမဟုတ်ပါ။ သူ့အတွက် ဆိုသောကြောင့် သူလက်ခံလိုက်မည်။ ဘာပဲဖြစ်ဖြစ် ဒါက အလကားယူခြင်း မဟုတ်ပေ။ အရင်တစ်ခေါက်က သူတို့ကို ကြီးကြီးမားမား ကူညီပေးခဲ့သည် မဟုတ်လား။

ထို့ကြောင့် ဒီတစ်ခေါက် လက်ခံလိုက်သောအခါ နောက်တစ်ခေါက်တွင် အပိုထပ်ဆောင်းရရှိနိုင်ချေ ရှိမည်။

ပထမအကူအညီတွင် Porsche တစ်စီး ရခဲ့၏။ ထို့ကြောင့် နောက်တစ်ခေါက် ဂလိုဘယ်ကုမ္ပဏီက သူ့ကို အကူအညီတောင်းပါက လက်ဆောင်မှာ ဒီလက်ဆောင်ထက် တန်ဖိုးမနည်းနိုင်ပါ။

ယဲ့ရှောင်ချန်းက စိတ်ထဲတွင် ပျော်ပျော်ကြီး တွေးလိုက်မိသည်။

လင်းကျင်းရှုက သူမ၏လူများနှင့် ပြန်သွားသည်။

အနက်ရောင် Porsche Cayenne ကြီးကိုတော့ ထားခဲ့ကြသည်။

"ရှောင်ချန်း မင်းကအရမ်းမိုက်တာပဲကွာ Cayenne ကြီးတစ်စီး ရသွားပြီ။ အဲ့တာ ယွမ် သုံးသန်းကျော်တယ်ကွ။"

ဖန်းယွမ်က ယဲ့ရှောင်ချန်းနောက် အောက်ထပ်အထိလိုက်လာပြီး Porsche Cayenne ကြီးနား သွားကာ အံ့အားသင့်နေပါသည်။

"ဘယ်အရာမှ အလကားမရဘူးဆိုတာ မင်းနားမလည်ဘူးလား။"

"ဟုတ်တယ်နော်။ မင်းအတွက် ခက်ခဲလာနိုင်လား။"

ဖန်းယွမ်က ယဲ့ရှောင်ချန်းကို အတော်လေး လေးစားမိပါသည်။

ယဲ့ရှောင်ချန်းက ကားသော့ရှိ ခလုတ်ကို နှိပ်လိုက်သည်။ ရုတ်တရက် Porsche ကားမှ အသံမြည်လာပြီး ကားရှေ့မီးနှင့် အခြားနေရာများလည်း မီးလင်းလာသည်။

ယဲ့ရှောင်ချန်းတစ်ယောက် ကားတံခါးကို ဖွင့်ဖို့ လုပ်လိုက်စဥ် ဖန်းယွမ်က အကြံဆိုးရယ်သံဖြင့် ရယ်မောကာ အနားသို့ရောက်လာပြီး ပြောလိုက်၏။

"ရှောင်ချန်း၊ ငါ့ကို စီးခွင့်ပေးစမ်းပါကွာ နော်..."

"မင်း မောင်းမှာတော့ မဟုတ်ဘူးမလား။"

ယဲ့ရှောင်ချန်းက သံသယကြီးသော အကြည့်ဖြင့် ကြည့်လိုက်၏။

ဖန်းယွမ်က ဒီနေ့ Geely ကားကို မောင်းလာခဲ့သည်။ သေချာပေါက် သူ့ကား မဟုတ်ဘဲ ငှားလာခြင်း ဖြစ်ပါသည်။

"မင်းကားငါမောင်းမယ်၊ ငါ့ကား မင်းမောင်းလေ။ ဘာပဲဖြစ်ဖြစ် မင်းအမြဲတမ်း မောင်းရမှာပဲကို။ ငါ့ကို ယွမ် ၃သန်းတန် ဇိမ်ခံကားကြီးရဲ့ အရသာ ခံခွင့်ပေးပါဦးကွာ။"

ဖန်းယွမ်က လက်များကို ပွတ်နေလေပြီ။

"ဟုတ်ပါပြီ။ မထိခိုက်စေနဲ့နော်။"

ယဲ့ရှောင်ချန်း သူ့ကို ကားသော့ ပေးလိုက်သည်။

"စိတ်မပူပါနဲ့။ ငါ ကတိပေးတယ်။ ဘာမှ မဖြစ်စေရဘူး။"

ဖန်းယွမ် ကားထဲဝင်သွားသည်။

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်သည်။ အမှန်တိုင်းပြောရလျှင် အခု သူလည်း ဇိမ်ခံကားကြီးကို အရသာခံကြည့်ချင်မိသည်။

အမြန်ဆုံး ကားနှစ်စီးက မြို့ထဲမှထွက်လာကာ ကျင်းကောင်တီသို့ မောင်းသွားကြ၏။

ဟိုတယ် ပါကင်နေရာတွင်။

"ရှောင်ချန်း ဇိမ်ခံကားကြီးမောင်းရတဲ့ ဖီလင်က တကယ်မိုက်တာပဲ။ ငါကားထဲက ထွက်လိုက်တာနဲ့ ငါ့ကို မိန်းမလှလေးတစ်ယောက်က မျက်လုံးမှိတ်ပြသွားတယ်။"

ဖန်းယွမ်က ကျေနပ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"အိပ်မက်မက်မနေနဲ့တော့။"

ယဲ့ရှောင်ချန်းက ဖန်းယွမ်၏ အတွေးများကို ချေပလိုက်သည်။

"လခွမ်းပဲ။ အိပ်မက်တောင် မက်လို့ မရဘူးလားကွာ။"

ဖန်းယွမ် အသည်းကွဲသွားသည်။

ယဲ့ရှောင်ချန်းက သော့များကို ပြန်ယူမည် အပြုတွင် ရုတ်တရက် ဖန်းယွမ်က ပြောလိုက်၏။ "နေဦး ရှောင်ချန်း ငါ့ကို ဓာတ်ပုံ ရိုက်ပေးစမ်းပါ။ ဂရုထဲမှာ ကြွားချင်လို့။"

"တော်တော် စိတ်ဝင်စားဖို့ကောင်းလား။"

ယဲ့ရှောင်ချန်း ဆွံ့အသွားသည်။

"အေး မင်းလိုငတုံးမျိုးကိုတော့ ရှင်းပြလို့မရဘူးဟေ့။"

ဖန်းယွမ်က ပို့စ်ပင် ပေးနေလေပြီ။

ယဲ့ရှောင်ချန်းက ခေတ်လူငယ်များလိုမဟုတ်ဘဲ လူမှုကွန်ရက်ဆော့ဝဲများကို မသုံးသလောက် ရှားပါသည်။

ယဲ့ရှောင်ချန်းသည် မတတ်နိုင်ဘဲ သူ့ကို ဓာတ်ပုံ ရိုက်ပေးလိုက်ရသည်။

ကားဘေး၊ ကားရှေ့၊ ကားအတွင်းတွင် နေရာယူကာ ဖန်းယွမ်သည် ဓာတ်ပုံများ ရိုက်လိုက်သည်။

ထို့နောက် ဝီချက်တွင် ချက်ချင်းတင်လိုက်၏။

"ရှောင်ချန်း ငါတင်ထားတာကို မြန်မြန် လိုက်ခ်ပေးစမ်းပါ။"

ယဲ့ရှောင်ချန်းက ဖန်းယွမ်ကို မနိုင်တော့ပေ။

ဒင် ဒင်။

ဖန်းယွမ်၏ ဝီချက်အကောင့်တွင် သိပ်မကြာမီ နိုတီများ ဆက်တိုက် တက်လာသည်။

"ယောက်ဖ။ ဓာတ်ပုံတစ်ပုံတည်းနဲ့ ငါမက်ဆေ့ချ်တွေ ဘယ်လောက်တောင် ရလိုက်လဲ ကြည့်ပါဦး။ ဒါပေမယ့် ဒီယောက်ဖကတော့ မသိချင်ယောင်ဆောင်ပြီး စိတ်မရှည်အောင် လုပ်လိုက်ဦးမယ်။"

ဖန်းယွမ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်း၏ အတွေးများက ဖန်းယွမ်၏ အမြင်ကို လိုက်မမှီပါ။

လေးနာရီထိုးသောအခါ နောက်ဆုံးတော့ ယဲ့ရှောင်ချန်း ဟိုတယ်မှ ထွက်လာနိုင်ခဲ့သည်။

ပါကင်နေရာကိုလာသောအခါ အနက်ရောင် Porsche ဘေးတွင် ကောင်မလေးတချို့က ဓာတ်ပုံရိုက်နေသည်ကို မြင်လိုက်ရသည်။

ယဲ့ရှောင်ချန်း ကြက်သေသေသွား၏။ ဒီကားကို အားလုံးက ဆယ်ဖီဆွဲရတာ တော်တော် ကြိုက်ကြတာလား။

သူတို့ဘေးတွင် ခဏလောက် ရပ်နေလိုက်သည်။ သို့သော် ကောင်မလေးများက သူ့ကို သတိထားမိသည့်ပုံမပေါ်ဘဲ ဆွဲဆောင်မှုရှိသည့် ပို့စ်မျိုးစုံထုတ်ကာ ဓာတ်ပုံဆက်ရိုက်နေကြပါသေးသည်။

ယဲ့ရှောင်ချန်းသည် မနေနိုင််တော့ဘဲ ချောင်းဟန့်လိုက်၏။ "ကောင်မလေးတို့ ဓာတ်ပုံရိုက်လို့ ပြီးကြပြီလားဟင်။"

"မပြီးသေးဘူး၊ ခဏနေဦး။ ကျွန်မတို့ ဓာတ်ပုံရိုက်ပြီးသွားမှ ရှင် ယူချေ။"

ကောင်မလေးတစ်ယောက်က ပြန်ပြောလိုက်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် ချွေးထွက်နေလေပြီ။ သူ့ကိုလည်း ဆယ်ဖီဆွဲချင်နေသူဟု ထင်နေကြသည့်ပုံပင်။

"မဟုတ်ဘူး။ ငါက ကားမောင်းရမှာ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"မောင်းလေ။ ကျွန်မတို့က ဓာတ်ပုံရိုက်နေတာ။ ရှင့်လမ်းကို မပိတ်ပါဘူး။"

ကောင်မလေးတစ်ယောက်က ယဲ့ရှောင်ချန်းကို ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့ လမ်းမဖယ်ရင် ငါ ဘယ်လို မောင်းရမှာလဲ။"

ယဲ့ရှောင်ချန်းမှာ ဆွံ့အနေလေပြီ။

"ဒီကားက ရှင့်ဟာလား။"

ကောင်မလေးက ယဲ့ရှောင်ချန်း၏ တစ်ကိုယ်လုံးကို ကြည့်လိုက်ပြီး ကားကို ပြန်ကြည့်လိုက်သည်။ အနည်းငယ် မကိုက်ညီသလို ခံစားနေရ၏။

ယဲ့ရှောင်ချန်းသည် တည်ငြိမ်စွာဖြင့် ကားသော့ခလုတ်ကို နှိပ်လိုက်သည်။

ဒင်။

Porsche Cayenne ကားကြီးမှ အသံထွက်လာ၏။ ထို့နောက် ကားရှေ့မီးနှင့် အခြားနေရာများမှ မီးများ လင်းလာသည်။

ကောင်မလေးများ ကြက်သေသေသွားကြ၏။

All Chapters