← Chapters

အန္တရာယ်ရင်းမြစ်

Vol. 8 Ch. 120

အန္တရာယ်ရင်းမြစ်

Vol. 8 Ch. 120

အခန်း(၁၂၀) - အန္တရာယ်ရင်းမြစ်

ယဲ့ရှောင်ချန်းသည် လမ်းမပေါ်တွင် Porsche ကြီးကို မောင်းနှင်နေသည်။

ပါကင်မှ အဖြစ်အပျက်ကို ပြန်တွေးကြည့်သောအခါ မထိန်းနိုင်ဘဲ မဲ့ပြုံးပြုံးမိပါသည်။ အဲ့တာကြောင့်လည်း သူဌေးသားလေးတွေက ပြိုင်ကားများ မောင်းပြီး ကြွားဝါတတ်ကြခြင်းဖြစ်သည်။ အလန်းလေးများကို ဆွဲဆောင်ဖို့ တကယ်ပဲ လွယ်ကူပါ၏။

ကောင်မလေးများကလည်း အလွန်စိတ်အားထက်သန်ကာ ယဲ့ရှောင်ချန်း၏ ကားထဲသို့ပင် ဝင်ချင်နေခဲ့ကြသည်။

သူတို့ကို ဖယ်ထုတ်ဖို့ မလွယ်ကူခဲ့ပါ။

တကယ်တော့ ကြောက်ဖို့ကောင်းလွန်းလှပါသည်။

ဒီကားက အလွန်မျက်စိကျစရာကောင်း၏။

သူ့ကားဖြင့် ကျောက်စရစ်လမ်းပေါ်သို့ မောင်းသောအခါ အလွန်သတိထားပြီး မောင်းရသည်။ ကားအောက်ပိုင်းကို မထိခိုက်အောင်ဖြစ်သည်။

တကယ်တော့ သူ စိုးရိမ်စရာ မလိုပေ။ ကားဘော်ဒီအောက်ပိုင်းက အတော်လေး မြင့်ပါသည်။

ဒီကားကို မောင်းနှင်ခြင်းက ခံစားချက် အလွန်ကောင်းမွန်လှသည်။

သူ့ထရပ်ကားကြီးနှင့်ယှဥ်လျှင် ကွာခြားချက်က ကြီးမားလွန်းလှပါသည်။

ရေတွင်းဘေးက ကွန်ကရစ် ရေကန်တွင် ယဲ့ရှောင်ချန်းအမေ ဟဲ့ချင်းလျန်တစ်ယောက် အဝတ်လျှော်နေသည်။

အိမ်တွင် အဝတ်လျှော်စက်မရှိပါ။ အဝတ်အစားအားလုံးကို အမေ့လက်ဖြင့် လျှော်ဖွတ်ခြင်း ဖြစ်ပါသည်။

ကျေးရွာဘက်တွင် အဝတ်လျှော်စက်တစ်လုံးဝယ်ထားလျှင်တောင် အဝတ်အစားများကို အခြောက်ခံဖို့အတွက်သာ အဓိက သုံးတတ်ကြသည်။ အဝတ်ကိုတော့ လက်ဖြင့်သာ လျှော်ကြ၏။ အဝတ်လျှော်စက်က အဝတ်အစားများကို သေသေချာချာ မသန့်စင်နိုင်ဘူးဟု ထင်ကြသည်။

ရုတ်တရက် အမေဖြစ်သူက ကားသံကြားသဖြင့် ကြည့်လိုက်သောအခါ ကားကြီးတစ်စီး ဝင်လာသည်ကို မြင်လိုက်ရသည်။

"ငါ့သားဆီ ဘယ်သူ လာပြန်ပြီလဲ။"

ပညာရှင်အသင်း လာရောက်လည်ပတ်ပြီးကတည်းက သူ့အမေက ဒီလိုမြင်ကွင်းမျိုးကို မအံ့သြတတ်တော့ပါ။ ယခင်ရက်အနည်းငယ်တုန်းက ယာဥ်ကြောပိတ်ဆို့မှုများ ရှိနေခဲ့သော်လည်း မကြာခဏဆိုသလို တစ်ယောက်ယောက်တော့ လာလည်တတ်ပါသည်။

ကားအမျိုးအစားပေါင်းစုံ ရှိနေသည်။

ယခင် နူးညံ့သည့် မြေပြင်တွင် ယခုဆို ကားဘီးရာများ ထင်နေသည်ကိုပင် သတိမထားမိပါ။

ရုတ်တရက် ကားတံခါးပွင့်လာပြီး လူတစ်ယောက်ထွက်လာသောအခါ သူမ ထိတ်လန့်သွားသည်။

"သားလား။"

ဟဲ့ချင်းလျန်က ထိတ်လန့်သွား၏။ ဘာလို့ သူ့သားက ကားမောင်းနေတာလဲ။

ဒီရက်ပိုင်းထဲ ကားများစွာကို သူမ မြင်ဖူးသည်။ ကားတိုင်းကလည်း မျက်စိကျစရာများဖြစ်ပါသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဇိမ်အလွန်ရှိပြီး စျေးအလွန်ကြီးမှန်း သိနိုင်သည်။

"ရှောင်ချန်း ဘယ်သူ့ကားကြီး မောင်းလာတာလဲ။"

သူ့အမေက မေးလိုက်သည်။

"ဒါကျွန်တော့်ကားပါ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

"နင့်ကား ဟုတ်လား။"

သူ့အမေ ကြက်သေသေသွားရသည်။

"ဘယ်တုန်းက ကားဝယ်လိုက်တာလဲ။ ပိုက်ဆံကော အများကြီး ကုန်သွားလား။"

အရင်တုန်းကလိုသာဆို သူမက မှားမှားမှန်မှန် အပြစ်တင် ဝေဖန်မည်ဖြစ်သည်။

သို့သော်လည်း ယခုတော့ သူမ၏ သားက သာမန်လူ မဟုတ်တော့ပေ။ ပညာရှင်များကတောင် သူ့ကို ယဥ်ကျေးစွာ ဆက်ဆံကြသည်။ ဒါက နာမည်ကျော်လူတစ်ဦး၏ ဂုဏ်နှင့်အဆင့်အတန်း ဖြစ်ပါသည်။

ထိုအတွေးဖြင့် သူမ၏ စကားပြောပုံနှင့် လုပ်ရပ်များကို အမြဲတမ်း သတိထားတတ်လာသည်။ သူ့သားအတွက် မျက်နှာပျက်ရမည်ကို စိုးရိမ်မိ၏။ အချိန်မရွေး နေရာမရွေး သူ့သားမျက်နှာရအောင် ကြိုးစားပေးရမည်။

"ကျွန်တော် ဝယ်တာ မဟုတ်ဘူး။ လက်ဆောင်ရခဲ့တာဗျ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"လက်ဆောင်ရတာ ဟုတ်လား။ ဘာလို့လဲ။ ငါ့သား ဒီတိုင်း လျှောက်ယူလို့ မဖြစ်ဘူးလေ။"

ဟဲ့ချင်းလျန်က အမြန်ပြောလိုက်သည်။

"အမေ စိတ်ချပါ။ တစ်ယောက်ယောက်အတွက် ပြဿနာကြီးတစ်ခုခု ကူညီဖြေရှင်းပေးခဲ့တာလေ။ အဲ့ဒီအကူအညီနဲ့ယှဥ်ရင် ဒီကားက မပြောပလောက်ဘူး။ အဲ့လောက်ပါပဲ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် သား နောက်ပိုင်း နင့်ဂုဏ်သတင်းတွေကို ဂရုစိုက်ရမယ်နော်။ နင်လက်ဆောင်ယူရမယ် ဆိုရင်တောင် ကားလိုမျိုး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ လက်မခံနဲ့။ ငွေရတာမှ ပိုကောင်းဦးမယ်။ ဒါက လူမသိဘူးလေ။"

သူ့အမေက ပြောလိုက်သည်။

"ကျွန်တော် သိပါတယ်။"

"အောင်မယ်လေး ဒီလောက် ကောင်းတဲ့ ကားကြီး တစ်ခါမှ မမြင်ဖူးဘူး။"

သူ့အမေက ကားကို ထိတွေ့လိုက်သည်။ သူမ သဘောကျပြီး ပျော်ရွှင်နေပါ၏။

ကျေးရွာဘက်တွင် ကားတစ်စီးဝယ်ခြင်းက ကြီးကျယ်ခမ်းနားသော အဖြစ်အပျက်တစ်ခု ဖြစ်ပြီး ဗြောက်အိုးများ ဖောက်ကာ အောင်ပွဲခံတတ်ကြသည်။

"အမေ တက်လေ။ ကျွန်တော် မောင်းပေးမယ်။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်၏။

"နေဦး နေဦး နင့်အဖေကို သွားခေါ်လိုက်ဦးမယ်။"

သူ့အမေက အလောတကြီး ပြောလိုက်သည်။

သူ့အမေ၏ လေးလေးနက်နက် ပုံစံကို မြင်ရသောအခါ ယဲ့ရှောင်ချန်း ဘာပြောရမှန်း မသိတော့ပေ။

ဆယ်မိနစ်လောက်ကြာတော့ သူ့အဖေက ပေါက်တူးကိုင်ကာ ပြန်လာသည်။

"ငါ့သား ဒါက စျေးအရမ်းကြီးတယ်၊ ပြန်ပေးလိုက်ပါလား။"

အဖေက ပိုမို သတိကြီးသည်။

"ဘာကို ပြန်ပေးရမှာတုန်း။ ဒီပစ္စည်းနဲ့ ကျွန်မသားနဲ့ ထိုက်တန်တယ်လေ။ ရှင် သိလား၊ ကျွန်မသားက ဂလိုဘယ်ကုမ္ပဏီကြီးကို ပြဿနာအကြီးကြီးတစ်ခု ဖြေရှင်းဖို့ ကူညီပေးခဲ့တာ။ ဒီလိုကားလေးက အဲ့ဒီအကူအညီနဲ့ ယှဥ်နိုင်မှာလား။ ကျွန်မအမြင်မှာတော့ နည်းတောင်နည်းနေသေးတယ်။ အခုဆို ကျွန်မသားက ပညာရှင်ကြီး ဖြစ်နေပြီလေ။"

သူ့အမေက ယုံကြည်ချက် ပြည့်ဝသော လေသံဖြင့်ပြောလိုက်သည်။

သူ့အဖေ ကြောင်စီစီဖြစ်သွားသည်။

ယဲ့ရှောင်ချန်းက သူ့အမေ၏ ထောင်လွှားသော ပုံစံကိုကြည့်ကာ ရယ်စရာကောင်းသည်ဟု အနည်းငယ် ခံစားလိုက်ရသည်။ ကံကောင်းစွာဖြင့် ဒီကားစျေးကို ယွမ် ၂၀၀,၀၀၀ - ၃၀၀,၀၀၀ ဝန်းကျင်ဟုသာ ပြောခဲ့သည်။ ယွမ် သုံးသန်းကျော်ဟု ပြောလိုက်ပါက သူ့အမေက သူ့အဖေထက်တောင် ပိုစိတ်ပူသွားနိုင်ပါသည်။

ထို့နောက် သူတို့နှစ်ယောက်ကို ယဲ့ရှောင်ချန်းက ရွာလမ်းတစ်ပတ် မောင်းပို့ပေးလိုက်ပြီး အိမ်ပြန်လာခဲ့ကြသည်။

"ကားကြီးက ဇိမ်ရှိလိုက်တာ။"

သူ့အမေက သက်ပြင်းချလိုက်သည်။

သူထရပ်ကားကို စီးနေကျတုန်းက ထရပ်ကားကို လှပသည်ဟု ထင်သော်လည်း ဒီကားနှင့် ယှဥ်လိုက်တော့ ကွာဟချက်က ကြီးမားလွန်းပါသည်။

"သား ဆောင်းလလယ်ပွဲတော်ကျရင် နင့်အဘွားတို့ဆီကို အမေတို့နဲ့ လိုက်ခဲ့ရမယ်နော်။"

သူ့အမေက ရုတ်တရက် ပြောလိုက်၏။

"ဘယ်လိုလဲ။"

ယဲ့ရှောင်ချန်းက နှာခေါင်းပွတ်လိုက်သည်။

အရင်တုန်းက ဆောင်းလလယ်ပွဲတော်တွင် သူ့အဘွား၏ အိမ်သို့ သွားနေကျဖြစ်၏။

အထူးသဖြင့် သူငယ်စဥ်တုန်းက သူ့အဘွားအိမ်သို့ သွားရလျှင် အပျော်ဆုံးဖြစ်သည်။ အဘွားက သူ့ကို အလွန်ချစ်ပြီး အရသာရှိသော အစားအစာ အများကြီး လုပ်ကျွေးသောကြောင့် ဖြစ်ပါသည်။

သို့သော်လည်း ဒီတစ်ခေါက်သာ ဆောင်းလလယ်ပွဲတော်တွင် ဝမ်ရှင်းယီ၏ အိမ်သို့ လာခဲ့မည်ဟု ပြောခဲ့မိသည်။

သူ ဝမ်ရှင်းယီ၏ အိမ်ကိုသွားပါက သူ့အဘွား၏ အိမ်ကို သွားနိုင်မည်မဟုတ်ပေ။

"အဲ့တာကလေ အမေ။ ကျွန်တော် လုပ်စရာ တစ်ခုခုရှိလို့၊ အမေတို့ကို အဘွားတို့အိမ်ကို လိုက်ပို့ပေးလို့တော့ရတယ်။ ကျွန်တော်ကတော့ မနေနိုင်ဘူးထင်တယ်။"

ယဲ့ရှောင်ချန်းက အကြည့်လွှဲကာ အမြန်ပြောလိုက်သည်။

"ဘာလို့ အိမ်ထဲမဝင်မှာတုန်း။ ခဏလောက်တော့ ဝင်ထိုင်လိုက်ပေါ့။"

သူ့အမေက မပျော်တော့ပါ။

"ဟုတ်ပါပြီ။"

ယဲ့ရှောင်ချန်း ကတိသာပေးနိုင်သည်။ မဟုတ်ပါက သူ့အမေ၏ ပါးစပ်က ရပ်တန့်မည်မဟုတ်ပေ။ မင်းအဘွားက မင်း ငယ်ငယ်ကတည်းက ဘယ်လောက် ကောင်းခဲ့လဲ အစရှိတဲ့ အကြောင်းအရင်းအမျိုးမျိုးကို သူမက စပြီး ပြောပါလိမ့်မည်။ အခု ကြီးပြင်းလာပြီး အတောင်စုံလာတာနဲ့ အဘွားကျေးဇူးကို မေ့သွားပြီလား စသဖြင့် ပေါက်ပေါက်ဖောက်ပါလိမ့်မည်။

စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်း အလုပ်များရပြန်သည်။

မနေ့က ဝယ်ခဲ့သော အင်မော်တယ် အပင်မျိုးစေ့များကို ကြဲပက်ဖို့ အချိန်တန်ပြီ။

ညနေအထိ သူ အလုပ်များနေခဲ့၏။

အက်ကွဲကြောင်း မထင်သေးသော အဝါရောင် အင်မော်တယ် ပဲပင် ၁၂ပင်ထံသို့ သွားလိုက်သည်။

"ဒီပြန်စိုက်ထားတဲ့ အင်မော်တယ် ပဲစေ့တွေက စတိုးဆိုင်က ဝယ်တဲ့ ပဲစေ့တွေနဲ့ မတူဘဲ အလိုအလျောက် မအက်ကွဲတာလား။"

ယဲ့ရှောင်ချန်းက သူ့မေးစေ့ကို ကိုင်ကာ အတွေးများနေမိသည်။

အမှန်ပင်။ ပဲတောင့်များကိုတော့ တိုက်ရိုက် ဆွဲခွာကြည့်မည် မဟုတ်ပေ။ ဒါက စွန့်စားရာကျလွန်းသည်။

မရင့်မှည့်သေးသည့် ပဲစေ့များကို ခူးမိပါက ချက်ချင်း လွှင့်ပြစ်ရမည်ဖြစ်သည်။

ဒီလိုတော့ မစွန့်စားနိုင်ပါ။

ထို ပဲပင် ၁၂ ပင်၏ အရည်အသွေးများက ညံ့ဖျင်းရင်တောင် အင်မော်တယ် ယွမ် ၂၀၀ - ၃၀၀ လောက်တော့ အခက်အခဲမရှိ ရရှိနိုင်ပါသေးသည်။

အကုန်လုံးကိုသာ လွှင့်ပြစ်လိုက်ရပါက ဘယ်ချောင်မှာ သွားငိုရမည်နည်း။

ထို့ကြောင့် စောင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်ရသည်။

ယဲ့ရှောင်ချန်းသည် ထိုင်ချလိုက်ပြီး အဝါရောင် အင်မော်တယ် ပဲပင်ကို နူးညံ့စွာ ထိတွေ့လိုက်သည်။ သူ့စိတ်ဝိညာဥ်ကို အသုံးပြုကာ ပဲပင်၏ အသိစိတ်နှင့် ဆက်သွယ်ကြည့်လိုက်၏။

"အပင်ရဲ့အသိစိတ် ရှုထောင့်ကနေဆိုရင်တော့ ရင့်မှည့်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒါပေမယ့် လုံးဝ တည်ငြိမ်နေတာတော့ မဟုတ်ဘူး။ အရင်ရက်တွေနဲ့ ယှဥ်ရင် ကြီးကြီးမားမား ပြောင်းလဲတာမျိုးမရှိဘူး။"

ယဲ့ရှောင်ချန်းက ခဏကြာသောအခါ မျက်လုံး ဖွင့်ကြည့်လိုက်သည်။

အင်မော်တယ် အပင်များ အရွယ်ရောက်သောအခါ အပင်အသိစိတ်တွင် ပြောင်းလဲမှုတချို့ရှိမည်ဖြစ်သည်။

ဒီနယ်ပယ်တွင် သူ့မှာ အတွေ့အကြုံများစွာ ရှိပါသည်။

ရုတ်တရက် သူ့မိုဘိုင်းဖုန်းသံမြည်လာ၏။ ယဲ့ရှောင်ချန်းသည် မတ်တပ်ရပ်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်တော့ လီထျင်ထျင်ထံမှဖြစ်နေသည်။

All Chapters