← Chapters

ပထမနယ်ပယ်

Vol. 21 Ch. 282

ပထမနယ်ပယ်

Vol. 21 Ch. 282

ဤမြင်ကွင်းက အပြင်ဘက်ကမ္ဘာရှိ လူတိုင်းကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေမိစေသည်။

အရှေ့ဆေးဝါးအဖွဲ့ ဆေးဝါးပညာရှင်အတော်များများ၏ မျက်နှာများမှာ မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်နယ်မြေအတွင်းရှိ ဆေးပေါင်းဖိုကိကြီးကား တဂျုန်းဂျုန်း မြည်သံများ ထုတ်လွှတ်နေလေသည်။ ထစ်ချုန်းသံကြီးမှာ အလွန်ပြင်းထန်လှသဖြင့် ဧရာမပေါင်းဖိုကြီးကား ရှေ့နောက် ယိမ်းထိုးနေတော့သည်။

မန်ဟိုက ခပ်လှမ်းလှမ်းမှ ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည်။ အပြင်ဘက်ကမ္ဘာရှိ ဘယ်သူမှ ဆေးပေါင်းဖိုကြီး ဤသို့ပြုမူနေသည်လဲ မသိသော်လည်း သူကတော့ သိလေသည်။ အတွင်းရှိ ဆေးပေါင်းဖိုတစ်သိန်းမှာ သူတို့နောက်လိုက်ရန် အသည်းအသန် ကြိုးစားနေခြင်းပင်။

သူ၏ တဖျပ်ဖျပ်လက်နေသော မျက်ဝန်းများသည် ဆေးပေါင်းဖိုထံမှ ဇီတုန်တောင်ထိပ်သို့ ဦးတည်နေသည့် နောက်ဆုံးလမ်းကြောင်းကို ရောက်သွားသည်။ သူ့မှာ ပင်ပန်းနွမ်းနယ်နေသော်လည်း အားကုန်သုံး၍ သူ့ကိုယ်သူ ရှေ့တွန်းထုတ်လိုက်သေး၏။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူသည် တောင်ပေါ်တက်နေလေပြီ။ တောင်တက်လမ်းကား သူ့အနောက်တွင် ပျောက်ကွယ်သွားသည်။

ဆေးပေါင်းဖိုကြီး၏ ယိမ်းထိုးနေမှုမှာ ပို၍ပင် ပြင်းထန်လာပြီး တဖောက်ဖောက်မြည်သံများ ထွက်လာသည်။ မန်ဟိုက စိုးရိမ်မနေပေ။ သူသည် နောက်ပင်ပြန်လှည့်မကြည့်ဘဲ တောင်တက်လမ်းအတိုင်း ဆက်သွားနေ၏။

အပြင်ဘက်ကမ္ဘာရှိ လူတိုင်း ဆေးပေါင်းဖိုကြီး ရှေ့နောက် ပြင်းထန်စွာ ယိမ်းထိုးနေသည်ကို မြင်နိုင်လေသည်။ ၄င်းမှာ အချိန်မရွေး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်တော့မည့်ပုံရသည်။

"တယ်လည်တဲ့ ကလေး" ဆေးလုံးမိစ္ဆာက တောင်ပစွာပြုံးရင်း ပြောသည်။ သူက ကောင်းကင်နယ်မြေ၏ပုံရိပ်ထံ လက်လှမ်းပြီး လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်သည်။ သူ၏လက်ချောင်း ကျဆင်းလာသောအခါ ကောင်းကင်နယ်မြေ၏ ကောင်းကင်ယံတွင် ထစ်ချုန်းသံကြီးတစ်သံ မြည်ဟည်းသွားပြီး လက်ချောင်းတစ်ချောင်း၏ ဧရာမပုံရိပ်ကြီး ပေါ်လာသည်။ လက်ချောင်းသည် ကောင်းကင်တစ်ပြင်လုံး ပြည့်နှက်သွားပြီး မြေပြင်ကို အုပ်မိုးကာ ကောင်းကင်နယ်မြေတစ်ခုလုံး ဖုံးလွှမ်းသွားသော အမိုးကြီးတစ်ခု ဖြစ်သွားသည်။

လက်ချောင်းသည် မယုံလောက်အောင် ထူပြီး ကြမ်းလေသည်။ လက်ဗွေရာအား ၄င်းမျက်နှာပြင်ပေါ်တွင် ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ဤဧရာမလက်ချောင်းကြီး၏ ပုံပန်းသွင်ပြင်မှာ မိုးကောင်းကင်၏စိတ်ဆန္ဒကဲ့သို့ ကောင်းကင်နယ်မြေကို လှုပ်ရမ်းပစ်နိုင်ပုံရသည်။ အပြင်ဂိုဏ်းများမှာ လက်ထောက်ခေါင်းဆောင်ကြီးများလည်း အံ့အားသင့်သွားကြသည်။

သူတို့က ကောင်းကင်နယ်မြေအတွင်း ဖြစ်ပျက်နေသော မြင်ကွင်းကို နှုတ်ဆိတ်စွာ ကြည့်နေကြသည်။ လက်ချောင်းကြီးမှ ထုတ်လွှတ်သော စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးနှစ်ခုလုံးကို စိုးမိုးချုပ်ကိုင်ထားသည့်အလား တသိမ့်သိမ့်တုန်ခါနေစေသည်။ လက်ချောင်းကြီး၌ ကိုယ်ပိုင်စိတ်ဆန္ဒရှိနေသကဲ့သို့ အဆုံးမရှိသော လှိုင်းဂယက်များ ရိုက်ခတ်နေလေသည်။ ၄င်းက ဇီတုန်တောင်ခြေရှိ ဆေးပေါင်းဖိုကြီးကို ဖြေးဖြေးချင်း ဖိချလိုက်သည်။

၄င်း ဖိချလိုက်သည့် အခိုက်အတန့်၌ ကောင်းကင်နယ်မြေ၏ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသည်။ ထို့နောက် အရာအားလုံး ငြိမ်ကျသွား၏။ စောစောက ယိမ်းထိုးတုန်ခါနေသော ဆေးပေါင်းဖိုကြီးသည် ယခုတွင် လက်ချောင်း၏ဖိနှပ်ခြင်းခံထားသဖြင့် မည်သည့်လှုပ်ရှားမှုမှ မလုပ်နိုင်တော့ပေ။

ဤအရာအားလုံးမှာ အသက်နှစ်ရှိုက်သာ ကြာလိုက်သည်။ ဧရာမလက်ချောင်းကြီးပျောက်ကွယ်သွားပြီး ဆေးပေါင်းဖိုမှာ နောက်တစ်ဖန် တည်ငြိမ်သွားသည်။

တုန်းလိုင်တောင်ပေါ်တွင် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေ၏။ ခေါင်းဆောင်ကြီးဇီလော်မှာ ရင်တဒိန်းဒိန်းခုန်နေရင်း အသက်ရှူသံများ မြန်ဆန်နေသည်။ သူက အပြုံးအရယ်မရှိသော မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို တအံ့တသြလှမ်းကြည့်လိုက်သည်။

"ကောလဟလတွေအရ" သူက တွေးသည်။ "ဇီယွင်ဂိုဏ်းမှာ အစွမ်းထက်ဆုံးပညာရှင်က ခရမ်းရောင်ချီအဖွဲ့ရဲ့ ခေါင်းဆောင်ကြီးမဟုတ်ဘဲ မဟာအကြီးအကဲဆေးလုံးမိစ္ဆာလို့ ပြောကြတယ်။ မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာရဲ့ ကျင့်ကြံခြင်းအခြေခံက ဟိုးအရင်နှစ်တွေထဲက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ရောက်ရှိနေခဲ့တာလို့လည်း ဆိုကြတယ်။ မဟုတ်ရင် သူ ဘယ်လိုလုပ် နှစ်တစ်ထောင်ထက်ပိုပြီး အသက်ရှင်နိုင်မှာလဲ"

အခြားဂိုဏ်းမှ ခေါင်းဆောင်တစ်ပိုင်းများအားလုံး တူညီသောအရာကို တွေးနေပုံရသည်။ ယီးကျန့်ဂိုဏ်း၏ ဒုတိယတာအိုသခင်က မဆိုစလောက် ဦးညွှတ်လိုက်သည်။ သူသည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ ကျင့်ကြံခြင်းအခြေခံ မည်မျှကြောက်စရာကောင်းသည်ကို အမှန်တကယ်သိသော လူအနည်းစုထဲက တစ်ယောက်ဖြစ်လေသည်။

ဆေးလုံးမိစ္ဆာမှာ ထိုအကြောင်းနှင့်ပတ်သက်၍ သိပ်ရေးကြီးခွင်ကျယ်မလုပ်လိုသဖြင့် ဤ လက်ထောက်ခေါင်းဆောင်များကိုသာ တပည့်ရွေးချယ်ပွဲအခမ်းအနားအတွက် ဖိတ်ခေါ်ခဲ့ခြင်းပင်။ မဟုတ်လျှင် သူသည် စစ်မှန်သော ထိပ်သီးဂိုဏ်းချုပ်များနှင့် မျိုးနွယ်စုခေါင်းဆောင်ကြီးများကို ဖိတ်ခေါ်ခဲ့ပေလိမ့်မည်။

သွေးမိစ္ဆာဂိုဏ်းမှ တုလောင်လည်း အသက်မနည်းရှူနေရပြီး သူ၏မျက်လုံးများသည် သွေးရောင်အလင်းတောက်ပသွားပြီးနောက် လေးစားမှုအဖြစ် လျင်မြန်စွာ ပြောင်းသွားသည်။ သူက သွေးမိစ္ဆာဂိုဏ်း မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို မည်မျှ ထိတ်လန့်ကြောက်ရွံ့ကြောင်း တိတ်ဆိတ်စွာ စဥ်းစားနေ၏။ သူတို့သည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာနှင့် စပ်လျဥ်းသော ကောလဟလများ စုဆောင်းခဲ့ပြီး တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်တစ်ခုအား ဖော်ထုတ်နိုင်ခဲ့လေသည်။

ကံဆိုးစွာပင် ထိုလျှို့ဝှက်ချက်အား လူအများ ဘယ်တော့မှ သိရမည် မဟုတ်ပေ။

ချင်းလော်ဂိုဏ်း၏ ကျိုးကျဲက မျက်လုံးများ ကျဥ်းမြောင်းလျက် ကြည့်နေသည်။ အလေးအနက် အာရုံစိုက်နေခြင်းနှင့်အတူ အေးစက်သော စိတ်ဆန္ဒက သူ့မျက်လုံးများ၌ တောက်ပလာသည်။

"မိတ်ဆွေဟောင်းကြီးတစ်ယောက်ရဲ့ ချီလိုမျိုး တော်တော်လေး ရင်းနှီးနေသလိုပဲ..." သူက ဆေးလုံးမိစ္ဆာကို လှမ်းကြည့်ပြီး မျက်လုံးများ ဖြတ်ခနဲ လက်သွား၏။

မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ အပြုအမူကြောင့် အပြင်ကလူများ အံ့သြတုန်လှုပ်နေကြစဥ် မန်ဟိုသည် ဇီတုန်တောင်ပေါ်ရှိ လှေကားထစ်များအတိုင်း တက်နေ၏။ ရံဖန်ရံခါ သူသည် အရှေ့မျှော်မျှော်ကြည့်သော်လည်း သူမြင်မြင်သမျှမှာ မြူများသာဖြစ်၏။ တောင်ထိပ်ကိုလည်း မမြင်ရပေ။

အချိန်များ ကြာမြင့်လာသည်နှင့်အမျှ တောင်၏အမြင့်နှင့် ပတ်သက်၍ မန်ဟို စိုးရိမ်သထက် စိုးရိမ်လာသည်။ ငါးရက်ကြာပြီးနောက် အောက်ဘက်ရှိ မြေပြင်မှာ အချိန်အတော်ကြာကတည်းက မြင်ကွင်းမှ ပျောက်ကွယ်ခဲ့လေပြီ။ မြူခိုးတိမ်တိုက်များက သူ့ကို ဝန်းရံပြီး မြင်ကွင်းအား ပိတ်ကွယ်နေရာ တောင်၏အပြင်ဘက် ကမ္ဘာအား မမြင်ရပေ။

သို့သော်.... မည်မျှမြင့်မြင့် ရောက်နေစေကာမူ တောင်ထိပ်နှင့်ယှဥ်လျှင် သူ့မှာ အောက်ခြေတွင်သာ ရှိနေသေးသည့်အလား ခံစားနေရ၏။

သူ အပေါ်မြင့်မြင့်ရောက်လေလေ၊ လေထု၏သိပ်သည်းမှု နည်းပါးလာလေလေ ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံအပေါ် ဖိအားပေးနိုင်သည့်အရာဟူ၍ မရှိသော်လည်း သူဆက်သွားလေလေ ခြေတစ်လှမ်းလှမ်းရန် အားပိုစိုက်ရလေလေပင်။ မကြာမီ သူ စတင်ခဲ့သည့်အချိန်ကထက် နှစ်ဆ အားစိုက်ထုတ်နေရတော့သည်။

မန်ဟိုမှာ ခရီးစကတည်းက နောက်ကျခဲ့သည့်အပြင် ခြေကုန်လက်ပန်းကျနေပြီးဖြစ်သည်။ အနက်ရောင်ဆေးပေါင်းဖိုဖြင့်လည်း ရုန်းကန်ခဲ့ရသေးသဖြင့် ရှေ့ဆက်မပြေးနိုင်တော့ပေ။ ယခုတွင် သူသည် တစ်လှမ်းချင်း အေးအေးလူလူသွားနေ၏။ အချိန်အနည်းကြာတိုင်း သူက ရပ်ပြီး ဘေးဘီဝဲယာကို ကြည့်နေတတ်သည်။ အနီးပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြေလျက်ရှိပြီး မြက်များက နေရာအနှံ့ ပေါက်ရောက်လျက်ရှိသည်။ မန်ဟို တစ်ခါတရံ ၄င်းတို့ကို ကောက်ကြည့်တတ်လေသည်။

အပြင်က ကြည့်ရှုနေသူများ၏ ရှုထောင့်တွင်မူ မန်ဟိုမှာ အဝေးကြီးကျန်ခဲ့ပြီ ဖြစ်သည်။ တခြားပြိုင်ပွဲဝင်များအားလုံး သူ့ထက် အများကြီးရှေ့ရောက်နေကြ၏။

အထူးသဖြင့် ရီဖေးမုသည် နယ်ပယ်လေးခုအနက် ပထမဆုံးနယ်ပယ်ကို ဝင်ရောက်သွားသော ပထမဆုံးဆေးဝါးပညာရှင် ဖြစ်သည်။ ယခု သူ့အရှေ့တည့်တည့်တွင် စာလုံး အမြောက်အမြား ထွင်းထားသော ဧရာမကျောက်ဆောင်ကြီးတစ်ခု ရှိ၏။ ၄င်းအား အချိန်အနည်းငယ် လေ့လာပြီးနောက် ရီဖေးမုသည် ၄င်းဘေး၌ တင်ပျဥ်ခွေထိုင်လိုက်သည်။ ထို့နောက် ဆေးပေါင်းဖိုတစ်လုံးထုတ်ပြီး ဆေးစဖော်တော့သည်။

နောက်တစ်နေ့တွင် ဆေးလုံးထွက်ပေါ်လာသည်။ သူက ၄င်းကို လက်နှစ်ဖက်ဖြင့် တယုတယကိုင်ရင်း ကျောက်ဆောင်ကို ကျော်ဖြတ်သွားသည်။

မကြာမီ ချူယွီယန်လည်း ဆေးလုံးတစ်လုံးဖော်စပ်ပြီးနောက် ရှေ့ဆက်သွား၏။ မန်ဟိုကလွဲ၍ အခြားဆေးဝါးပညာရှင်အားလုံး ထိုနည်းတူ ဖြတ်ကျော်သွားကြသည်။

အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးကျွမ်းကျင်ပညာရှင်များမှာ ဖြစ်ပျက်နေသည့်အပေါ် ဆွေးနွေးလာကြတော့သည်။

"ရီဖေးမုက ဆေးပေါင်းဖိုဘုရင် ထိပ်ဆုံးအဆင့်မှာရှိတာ အံသြစရာမရှိဘူး။ သူ့ကျင့်ကြံခြင်းအခြေခံက ထူးခြားတဲ့အပြင် သူက ပထမနယ်ပယ်ကို ပထမဆုံးဝင်ရောက်သွားတယ်။ သူ့ရဲ့ ဆေးလုံးတွေကို မှတ်မိနိုင်စွမ်းနဲ့ ဆေးဖော်စပ်စွမ်းရည်နှစ်မျိုးလုံး ပေါ့သေးသေးမဟုတ်ဘူး။ သူနိုင်မယ်လို့ ငါလောင်းတယ်"

"ချူယွီယန်လည်း ကောင်းကောင်းလုပ်နေတာပဲ။ ဒီမီးလျှံစမ်းသပ်ပွဲက သူတို့နှစ်ယောက်ကြားမှာ ဆုံးဖြတ်ချက်ဖြစ်လာလောက်တယ်။ အရင်က ဖန်မုလဲ ဖြစ်နိုင်တယ်လို့ ထင်ခဲ့ပေမယ့် သူ ဆေးပေါင်းဖိုလေးတစ်လုံးရဖို့အတွက် ဒီလောက်အချိန်ကုန်ခံလိမ့်မယ်လို့ တွေးတောင်မတွေးဖူးဘူး။ ဘယ်လောက် နှမြောစရာကောင်းလိုက်လဲ"

"အမှန်ပဲ။ တာထွက်နောက်ကျလို့ကတော့ အကုန်လုံး နောက်ကျပြီပဲ....."

စကားသံအများစုက သာမန်ဆေးဝါးကျွမ်းကျင်ပညာရှင်များထံမှ လာလေသည်။ ဆေးပေါင်းဖိုဘုရင်များနှင့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များကတော့ ဘာမှမပြောဘဲ စောင့်ကြည့်နေကြသည်။

ရက်အနည်းငယ်ကြာပြီးနောက်ဆုံး မန်ဟို ပထမနယ်ပယ်ကို ရောက်လာပြီး ဧရာမကျောက်ဆောင်ကြီးကို တွေ့သွားသည်။ သူက အက္ခရာစာလုံးများအား တခဏလေ့လာပြီးနောက် အပေါ်သို့ဦးတည်နေသည့်လမ်းကို ကြည့်လိုက်သည်။

"ဒါက ပထမနယ်ပယ်ပဲ။ ဒီကျောက်ဆောင်ပြီးရင် ဒုတိယနယ်ပယ်ကို သွားတဲ့လမ်းဟာ အဆိပ်မြူတွေ ပြည့်နေလိမ့်မယ်.... အဆိပ်ဖြေဆေးလုံးဖော်ရင် အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်နိုင်တယ်။ အကြီးမားဆုံးအခက်အခဲက ခရီးတစ်လျှောက်မှာ မတူညီတဲ့အဆိပ်မြူတွေ ပေါ်လာမှာဆိုတော့ တစ်ခုစီတိုင်းအတွက် အထူးဆေးလုံးတွေ ဖော်စပ်ရမှာပဲ" မန်ဟိုသည် အခြေအနေကို တခဏ စဥ်းစားပြီးနောက် အနက်ရောင်ဆေးပေါင်းဖိုကို ထုတ်ကြည့်သည်။ သူ့မှာ ၄င်းကို အမှန်တကယ် အနိုင်မရသေးသည့်အတွက် အချိန်တစ်ခုကြာသည်အထိ ဖိနှိပ်ထားရန် သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်သည်။ ထိုအစား သူသည် သန့်စင်ခြင်းတစ်သောင်းဆေးပေါင်းဖိုကို ထုတ်ပြီး ၄င်းအထဲ ဆေးပင်တချို့ထည့်ကာ စတင်ဖော်တော့သည်။

နှစ်နာရီကြာသော် သူက ဆေးလုံးတစ်လုံး ဖော်ပြီးလေပြီ။ သူသည် ၄င်းကို မြိုချပြီးနောက် ရှုခင်းအား နောက်တစ်ခေါက် ဝေ့ကြည့်ပြီး ကျောက်ဆောင်ကြီးကို ဖြတ်လျှောက်သွား၏။ သူ ရှေ့ဆက်သွားစဥ် သူ၏ခန္ဓာကိုယ်မှာ မြူထု၏လွှမ်းခြုံခံလိုက်ရတော့သည်။

ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏အသံများ ချက်ချင်း ထွက်လာသည်။

"ဆေးပေါင်းဖိုဘုရင်ဖန်မုက သူ့ကိုယ်သူ အထင်ကြီးနေတာပဲ။ ဆေးဖော်ဖို့ နှစ်နာရီပဲ သုံးခဲ့တယ် ကြည့်ဦး။ တခြားပြိုင်ပွဲဝင်တွေအားလုံးအထဲ ရီဖေးမုပဲ အချိန်အနည်းဆုံးသုံးခဲ့တာ။ အကြာဆုံးက တစ်ရက်"

"သူက ဘယ်လိုလုပ် ဆေးပေါင်းဖိုဘုရင်ရီနဲ့ ယှဥ်နိုင်မှာလဲ။ ဆေးပေါင်းဖိုဘုရင်ရီ ဆိုတာ မဟာအကြီးအကဲဆေးဒယ်အိုးလေ။ ကြည့် သူ့က ရှေ့ဆုံးမှာ ၊ ပထမနယ်ပယ်ရဲ့တစ်ဝက်တောင် ရောက်နေပြီ"

မျက်နှာပြင်များအား ကြည့်ရှုနေသူတိုင်း ဖြစ်ပျက်နေသည်များနှင့် မည်သူ မည်မျှခရီးပေါက်နေသည်လဲ သေသေချာချာ မြင်ရလေသည်။ ဆေးပေါင်းဖိုဘုရင်တချို့ပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူ့အတွက် ဖန်မုမှာ အလွန် ဖြစ်ကတတ်ဆန်း နိုင်လေသည်။

ဟုတ်ပါသည်၊ မန်ဟိုကတော့ သူတို့ဘာပြောနေသည်လဲ မသိသလို ၊ သိချင်မည်လည်း မဟုတ်ပေ။ သူက အဆိပ်ငွေ့များအကြား မရပ်နားဘဲ ဆက်သွားနေသည်။ မြူထုမှာ ပို၍ထူထပ်လာပြီး အရောင်လည်း ခဲပုပ်ရောင်သို့ ပြောင်းသွား၏။

ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များမှာ ညှိုးနွမ်းခြောက်ကပ်နေပြီး နှစ်ပေါင်းများစွာကြာခဲ့ပြီသည့်အလား ထင်ရသည်။ ထိုင်းမှိုင်းအေးစက်သော အငွေ့အသက်တစ်ခုက လေထဲတွင် ပြည့်နှက်နေသည်။ မန်ဟိုသည် ရှေ့ဆက်သွားနေရင်း တစ်ခါတရံ လက်မောင်းအရွယ် ကင်းခြေများများ  ရှုံ့တွနေသော မြက်ခြောက်များကြားထဲ သုတ်သုတ်ပျာပျာ ပြေးနေသည်ကို တွေ့ရတတ်သည်။

သို့သော် မန်ဟို လမ်းလျှောက်နေစဥ် မည်သည့် အဆိပ်ပိုးကောင်ပေါ်လာစေကာမူ သူ့ကို ဘာမှမလုပ်နိုင်သဖြင့် ရုတ်တရက် ရပ်သွားတတ်သည်။ ၄င်းတို့မှာ သူတို့ကို ဆက်သွားခွင့်သာ ပေးရလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာ၏။ သူသည် ရံခါရံခါ အနားယူရင်း အနီးနားက မြက်ခြောက်များနှင့် အဆိပ်ပိုးကောင်တချို့ကို သုံး၍ ဆေးဖော်တတ်သည်။ သူက ဤကဲ့သို့ သုံးခါလုပ်ခဲ့လေသည်။

မကြာမီ တစတစများပြားသော အဆိပ်ပိုးကောင်များ အစုလိုက် အပြုံလိုက် ပေါ်လာသည်။ သို့သော် မန်ဟိုအနားရောက်လာသည်နှင့်တစ်ပြိုင်နက် ၄င်းတို့မှာ တုန်ရီလာပြီး ထွက်ပြေးသွားတတ်၏။ တဖွေးဖွေးလှုပ်နေသော အဆိပ်မြူများကမူ မန်ဟို ဆက်သွားရန် လမ်းဖယ်ပေးကြလေသည်။

ဤအခြင်းအရာအားလည်း လူတိုင်းမြင်တွေ့ရသဖြင့် မျက်လုံးကြီးများ ပြူးထွက်နေကြတော့သည်။ မကြာမီ မန်ဟို့၏မျက်နှာပြင်အပေါ် အာရုံစိုက်သူ များပြားလာသည်။ အရှေ့ဆေးဝါးအဖွဲ့သာမဟုတ်၊ တခြားဂိုဏ်းမှ ကျင့်ကြံသူများပင် အနီးကပ် ကြည့်ရှုနေကြလေသည်။

"သူက အဆိပ်ပိုးကောင်ကို သုံးပြီး ဆေးဖော်နေတာပဲ၊ ဘာဆေးလုံးပါလိမ့်"

"အဲ့တာ ဘာဆေးလုံးဘဲ။ အာနိသင်က အံ့မခန်းပဲဟ...."

ကျင့်ကြံသူများမှာ တအံ့တသြကြည့်နေပြီးနောက် ရီဖေးမုနှင့် ချူယွီယန်အပါအဝင် အခြားပြိုင်ပွဲဝင်များ၏ မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။ အများစုမှာ ပထမနယ်ပယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လှေကားများ၏ အဆုံးသတ်သို့ ရောက်ရှိနေကြလေပြီ။ အများစုမှာ ခရီးစဥ်အတောအတွင်း ဆေးလုံးများ ကြိမ်ဖန်များစွာ ဖော်စပ်ခဲ့ရသည်။ သူတို့သည် အဆိပ်ရန်မှ ကာကွယ်ရန်လည်း ဆေးလုံးများ ဖော်စပ်တတ်သော်လည်း တစ်ခုမှ မန်ဟို့ဆေးလုံးကဲ့သို့ အစွမ်းမထက်ပေ။

အမှန်ပင်၊ အကြောင်းမှာ လမ်းတစ်လျှောက်ရှိ အဆိပ်ပိုးကောင်များ ရီဖေးမုနှင့် အခြားသူများအား ရှောင်ပေးလိုစိတ်ရှိပုံ မရသောကြောင့်ပင်။ သို့သော် မန်ဟို့၏လမ်းကြောင်းမှ ထွက်သွားဖို့ သူ့ထက်ငါ အလုအယက် ကြောက်လန့်တကြား ပြေးလွှားနေကြလေသည်။

ဤမြင်ကွင်းက ဇီယွင်ဂိုဏ်းမီးလျှံစမ်းသပ်ပွဲမှလွဲ၍ အခြားနေရာတွင် ဖြစ်ပျက်နေပါက တော်တော်များများ ဆက်စပ်စဥ်းစားမိပေဦးမည်။ သို့သော် ဤသည်မှာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရွေးချယ်ပွဲဖြစ်သည့်အတွက် ကြည့်ရှုနေသူများမှာ ကောက်ချက်တစ်ခုသာ ချလိုက်ကြသည်။

ဖန်မု ဖော်စပ်ထားသော ဆေးလုံးများမှာ သာမန်ထက် ထူးခြားသည်ဟူ၍။

***

All Chapters