အိုးနင်းခွက်နင်း
Vol. 21 Ch. 283
အမှန်တွင် မန်ဟို ဆေးလုံးအမျိုးမျိုး မဖော်စပ်ခဲ့လျှင်တောင်မှ အဆိပ်မြူများမှာ သူ့ကို ဘယ်နည်းနှင့်မှ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ရှင်သန်ခြင်းနှင်းပန်းမှာ ဖိနှိပ်ခံထားရသော်လည်း မည်သည့်အဆိပ်အမျိုးအစားကိုမဆို အလိုအလျောက် ပြေစေနိုင်သော ၄င်း၏ သဘာဝစွမ်းရည်က သူနှင့်အတူ ရှိနေသေးလေသည်။
မန်ဟို အဆိပ်ကို မကြောက်ပေ။
မှန်ပါသည်၊ လူပေါင်းများစွာ မျက်မြင်တွေ့ခဲ့သော သွေးအမွေအနှစ်ပြိုင်ပွဲ ပြီးဆုံးခဲ့သည်မှာ နှစ်ပေါင်းစွာ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ကြည့်ရှုနေသော မည်သူမဆို ထိုနှစ်ခုအကြား အလွယ်တကူ ဆက်စပ်မိနိုင်လေသည်။ ထို့ကြောင့် သူသည် ဆေးလုံးများက အဆိပ်ကို ဖြေပေးနေသည့်ပုံပေါ်အောင် ဖော်စပ်ခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ၄င်းတို့၏ လုပ်ဆောင်ချက် အစစ်အမှန်မှာ အဆိပ်ပိုးကောင်နှင့် မြူများကို သက်ရောက်နေသော သူ၏အရှိန်အဝါကို ဖိနှိပ်ရန်ပင်။
ယင်းက သူ့ကို အခြားပြိုင်ပွဲဝင်များနှင့် လုံးဝကွဲပြားနေစေသော အရာတစ်ခု ဖြစ်လေသည်။
အမှန်တကယ်ပင် သူ၏ချီကို ဤနည်းဖြင့် ဖိနှိပ်ရုံမှတစ်ပါး အခြားမရှိပေ။ သူသာ ဆေးလုံးများဖြင့် ထိုသို့မလုပ်လျှင်တော့ အဆိပ်မြူကြား ဖြတ်လျှောက်သွားသည်နှင့် ၄င်းမှာ သူထံမှ ချက်ချင်း ရှဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး မြူတစ်မှုန်ပင် မကျန်အောင် ရှင်းလင်းသွားပေလိမ့်မည်။
သူ၏ချီကို ဖိနှိပ်ထားသည့်တိုင် အဆိပ်မြူကား သူ့ထံမှ ထွက်ပြေးနေသေးသည်။ သူ့မှာ အဆိပ်မြူကြားထဲ ဖြတ်လျှောက်ပြီး ၄င်းကို ရပ်နေအောင် မလုပ်နိုင်ပေ။
အဆိပ်ပိုးကောင်များမှာမူ သူ၏ချီ ဖိနှိပ်ခံထားသည့်အချက်ကြောင့် မဟုတ်လျှင် အနီးပတ်ဝန်းကျင်၌ နေရဲမည်မဟုတ်ချေ။ အမှန်တွင် မန်ဟို့မှာ သူ၏ ဖိနှိပ်ထားသောချီ လွတ်ထွက်သွားပြီး သူ့ထံမှ ဝေးဝေးမနေသော ပိုးကောင်များ ချက်ချင်း သေသွားမည်ကို စိုးရိမ်နေရ၏။ ထိုသို့ဖြစ်ပျက်လျှင်တော့ အပြင်ဘက်ကမ္ဘာမှ အာရုံကို သေချာပေါက် ဆွဲဆောင်မိလိမ့်မည်။
ထို့ကြောင့် သူ အကောင်းဆုံးလုပ်နိုင်သည်မှာ ဆေးလုံးများ သုံး၍ သူ၏ချီကို ဖိနှိပ်ပြီး အဆိပ်မြူများ လွင့်စင် မပျောက်ကွယ်သွားစေရန်နှင့် အဆိပ်ပိုးကောင်များ ပုံမှန်ပြုမူရန် အလွန်သတိထားခြင်းသာ ဖြစ်သည်။ သို့ထိုတိုင် အပြင်လောကတွင် အတော်လေး ဂယက်ရိုက်နေသေး၏။
သို့သော် ၄င်းမှာ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲနှင့် ဆက်စပ်တွေးမိနိုင်လောက်အောင် ရိုက်ခတ်မသွားပေ။
ရက်အနည်းငယ်ကြာသော် ဒုတိယနယ်ပယ်ကို ပထမဆုံးရောက်သွားသူမှာ မှန်ပါသည်၊ ရီဖေးမုပင်။ သူ့အနောက်တွင် ချူယွီယန်ဖြစ်ပြီး တတိယနေရာတွင်တော့ အဖွဲ့၏ထိပ်ဆုံးသို့ အသစ်ဝင်ရောက်လာသော မန်ဟို ရှိသည်။
နောက်ဆုံးတွင် ဒုတိယနယ်ပယ်ကို သတ်မှတ်ပေးထားသော ကျောက်ဆောင်၌ နှစ်ယောက် ထပ်မံပေါ်လာသည်။ ကျန်ရှိသည့် ငါးယောက်မှာ ဆေးလုံးများဖော်ပြီး တဖြေးဖြေး ရှေ့တိုးနေရင်း အဆိပ်မြူလမ်းကြောင်းပေါ်တွင် ပိတ်မိနေသေးသည်။
ပြိုင်ပွဲဝင်များ ကျောက်ဆောင်ကို ရောက်ရှိသောအခါ တူညီသောအရာကို တွေ့ကြုံလိုက်၏။ ခရမ်းရောင်ချီမျှင်များ ထွက်လာပြီး သူတို့၏ဆေးပေါင်းဖိုများကို တွယ်ကပ်ပြီးနောက် ၄င်းတို့နှင့်ပေါင်းစည်းကာ အရောင်ပြောင်းသွားစေလေသည်။
မန်ဟိုဆီလည်း ထိုနည်းတူပင်။ အနက်ရောင်ဆေးပေါင်းဖိုက ဆန့်ကျင်သော်လည်း မန်ဟို့၏ဖိနှိပ်ခံထားရသည့်အတွက် ဘာမှမတတ်နိုင်ပေ။
အပြင်ဘက်ရှိလူများမှာ ဖြစ်ပျက်နေသည်များကို ချက်ချင်း ဆွေးနွေးလာကြတော့သည်။
"သူတို့ ပထမနယ်ပယ်ကို အခုလေးတင် ဖြတ်လာပေမယ့် ဘယ်လိုကွာလဲ မြင်နေရပြီ...."
"နောက်ဆုံးပြိုင်ပွဲဝင်က ဒီငါးယောက်ထဲက ဖြစ်လောက်တယ်။ ဒါမဲ့ ဆေးပေါင်းဖိုဘုရင်ရီ သာနေသေးတယ်လို့တော့ ကျုပ်ထင်တယ်"
ရုတ်တရက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် အန်းဇဲ့ဟိုင်၏အသံ ဟိန်းထွက်လာသည်။ "ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲက ဆေးဝါးပညာရှင်တစ်ယောက်ရဲ့ ဆေးဝါးတာအိုအသိကို စစ်ဆေးတာဖြစ်တယ်။ အနောက်မှာကျန်ခဲ့တာက ဘာမှမဟုတ်ဘူး။ ငါ ဝင်ဖြေတုန်းကဆိုရင် ပထမဆုံးနယ်ပယ်နှစ်ခုမှာ နောက်ဆုံးပဲ ရခဲ့တယ်။ ဒါပေမဲ့ လူအများစု တစ်နေတဲ့ တတိယနယ်ပယ်ကို ငါ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်။မင်းတို့ ဒီရွေးချယ်ခံဆေးဝါးပညာရှင်ဆယ်ယောက် ဆေးလုံးတွေ ဘယ်လိုဖော်စပ်လဲဆိုတာ လေ့လာပြီး မင်းတို့ ဘယ်လိုမြင်လဲ ဆွေးနွေးရမှာ" အန်းဇဲ့ဟိုင်၏ ပဲ့တင်ထပ်နေသော အသံကြီးက ပတ်ဝန်းကျင်ရှိ ဆေးဝါးပညာရှင်များ၏ ဆွေးနွေးငြင်းခုံသံများအား တိခနဲ ငြိမ်ကျသွားစေသည်။ သူတို့မှာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် သေချာကြည့်ရှုလိုက်ကြလေသည်။
သူတို့မြင်ရသည်က နောက်ဆုံးနေရာရှိ ဆေးဝါးပညာရှင်ငါးယောက်လုံး အလွန်တည်ငြိမ်နေသည်ကိုပင်။ သူတို့သည် ဆေးလုံးများအား မတူညီသောနည်းလမ်းများဖြင့် ဖော်နေပြီး တစ်ခုမှ မအောင်မြင်ခြင်း မရှိပေ။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်။ မန်ဟိုသည် ဒုတိယနယ်ပယ်ကို ဦးတည်သော ကျောက်ဆောင်ကို နာရီပေါင်းများစွာ စူးစူးစိုက်စိုက် ကြည့်နေလေသည်။ သူတစ်ယောက်သာမဟုတ်။ ရီဖေးမု နှင့် ချူယွီယန်လည်း သူတို့၏လမ်းအသီးသီးတွင် ကျောက်ဆောင်ကြီးအား စိုက်ကြည့်နေကြသည်။
ကျောက်ဆောင်များမှာ လမ်းများကို နေရာလပ်မကျန် ပိတ်ဆို့ထား၏။ ရေးသားထားသော လိုအပ်ချက်များကို ဖြည့်ဆည်းမှသာလျှင် အက်ကြောင်းတစ်ကြောင်းက ကျောက်ဆောင်ကို ဖွင့်ပြီး ဖြတ်သန်းခွင့်ပေးမည် ဖြစ်သည်။
မန်ဟိုက ကျောက်ဆောင်ဘေးတွင် တင်ပျဥ်ခွေထိုင်ရင်း တစ်ယောက်တည်း ရွတ်နေသည်။ " စဦးချီဖွဲ့စည်းမှု၊ ချီအခြေတည်ခြင်း၊ အမြုတေဖြစ်တည်မှုနဲ့ အနုသုခုမရုပ်ခန္ဓာဆိုတဲ့ အဆင့်လေးဆင့်အတွက် ဆေးလုံးတွေ ဖော်စပ်ပါ။ တစ်လုံးစီတိုင်း ဆေးစွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းထက် မြင့်ရမယ့်အပြင် အပင်နဲ့အသီးအရွက် မျိုးကွဲ ဆယ်သန်းအကြားက ပြောင်းလဲမှုတွေ ပါဝင်ရမယ်။ သင် သင့်ရဲ့ ကိုယ်ပိုင်ပြိုင်ဘက်ကင်းဆေးလုံးကို ဖန်တီးနိုင်ရင် ဒါကို ပြီးပြည့်စုံခြင်းအဖြစ် သတ်မှတ်မယ်.... " အတွေးနက်သွားသော အရိပ်အယောင်တစ်ခု သူ၏မျက်ဝန်းများ၌ ပေါ်လာသည်။
ခရမ်းရောင် ဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲ၏ နယ်ပယ်လေးခုတွင် ဆေးဝါးပညာတစ်ယောက်၏ ဆေးဝါးတာအိုအသိအတွက် လက်တွေ့စမ်းသပ်ချက်များ ပါရှိသည်။ ပထမနယ်ပယ်သည် လက်ရှိအခြေအနေပေါ် မူတည်၍ ဆေးဖော်စပ်ခြင်းကျွမ်းကျင်မှုကို စမ်းသပ်သည်။ မတူညီသောအခြေအနေများအရ မတူညီသောဆေးလုံးများကို အလျဥ်းသင့်သလို ဖော်စပ်ရန် လိုအပ်၏။ ရိုးရှင်းပုံရသော်လည်း တကယ်တမ်း ဆေးပေါင်းဖိုဘုရင်အများစုမှာ ထိုသို့ မလုပ်နိုင်ကြပေ။
ဒုတိယနယ်ပယ်မှာ ပို၍ပင် ခက်သည်။ ၄င်းက အခြေခံဆေးဖော်စပ်ခြင်းစွမ်းရည်ကို စစ်ဆေးသည်။ အဆင့်လေးဆင့်အတွက် ဆေးလုံးတစ်လုံးစီ။ ဆေးစွမ်းအားကို ထိန်းညှိရမည့်အပြင် အပင်နှင့်အသီးအရွက်မျိုးကွဲဆယ်သန်းအသိမှာ မရှိမဖြစ်လိုအပ်၏။
ဤမီးလျှံစမ်းသပ်ပွဲမှာ ကျယ်ပြန့်ပြီး ဤဒုတိယနယ်ပယ်မှာ ဆေးပေါင်းဖိုဘုရင်အဆင့်၏ အထွတ်အထိပ်တွင် မဟုတ်သော လူတစ်ယောက် ကျော်ဖြတ်နိုင်မည့်အရာမဟုတ်ပေ။ ထိုသို့အရည်အချင်းပြည့်မှီလျှင်တောင်မှ ခက်ခဲသေးသည်။
မန်ဟိုသည် အချိန်တချို့ကြာသည်အထိ ထိုင်စဥ်းစားနေပြီး ချူယွီယန်၊ ရီဖေးမုနှင့် ဒုတိယနယ်ပယ်ကျောက်ဆောင်သို့ ရောက်လာကြသော အခြားပြိုင်ပွဲများလည်း ထိုနည်းတူပင်။
မည်သည့်ဆေးပင်ကို အသုံးပြုရမလဲဆိုရာ၌ ကန့်သတ်ချက်မရှိပေ။ ဆေးဝါးပညာရှင်တိုင်း စိတ်တိုင်းကျသလို အသုံးပြုနိုင်သည်။ အမှန်တွင် လူတစ်ယောက်သည် သူ၏အပင်နှင့်အသီးအရွက်မျိုးကွဲအသိအပေါ် မူတည်ပြီး ကျောက်ဆောင်၏ မျက်နှာပြင်ပေါ်၌ ဆေးပင်အား ရေးဆွဲလိုက်ရုံဖြင့် ကောင်းကင်နယ်မြေ၏စွမ်းအားသည် ပုံရိပ်ယောင်ဆေးဖော်စပ်ခြင်းအတွက် အသုံးပြုနိုင်သော ပုံရိပ်ယောင်ဆေးပင်အား ဖန်တီးပေးမည်ဖြစ်သည်။
၄င်းသည့် ပုံရိပ်ယောင်များသာ ဖြစ်သော်လည်း တကယ်တမ်း အလွန်အသက်ဝင်လေသည်။
"ရွေးချယ်စရာ နှစ်ခုရှိတယ်" ချူယွီယန်တွေးလိုက်သည်။ "တစ်ခုက လွယ်တယ် ရှိပြီးသား ဆေးလုံးကို ဖန်တီးဖို့ပဲ။ လိုအပ်ချက်တွေက ဆေးစွမ်းအားရယ်၊ အပင်နဲ့အသီးအရွက်မျိုးကွဲဆယ်သန်းအသိနဲ့ ပတ်သက်တာပဲ မဟုတ်လား
"နောက်တစ်ခုက အများကြီးပိုခက်တယ်။ ဘာမှမရှိတာကနေ ဆေးလုံးအသစ်ဖန်တီးဖို့ပဲ.....ဒီနှစ်နည်းလုံးက ထိပ်ဆုံးကို ဦးတည်ပေးနိုင်တယ်။ ဒါမဲ့ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်အတွက် လမ်းကြောင်းက .... ဒုတိယတစ်ခု ဆိုတာ သိသာတယ်" ခိုင်မာပြတ်သားသောစိတ်ဆန္ဒ သူမ၏မျက်ဝန်းလေးများ၌ ပြည့်နှက်သွားသည်။ သူမသည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ တပည့်ရင်းဖြစ်သည့်အတွက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာဖို့ သူမကိုယ်သူမ သက်သေပြရလိမ့်မည်။
ရီဖေးမုလည်း ထိုနည်းတူ ခံစားနေရ၏။ သူသည် ကျောက်ဆောင်ကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးများသည် မာနကြီးပြီး ခေါင်းမာသောအသွင်နှင့်အတူ စူးရှတောက်ပလာသည်။
"ငါ တစ်ခုခုကို ဖော်စပ်ရတော့မယ့်ဆိုရင်" သူက တွေးသည်။ "ဘယ်သူမှ မမြင်ဖူးတဲ့ ငါကိုယ်တိုင်ပါဝင်နေတဲ့ ဆေးလုံးတစ်လုံးကို ဖော်စပ်မယ်။ ငါ့မှာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်ရဲ့စိတ်ဆန္ဒ ရှိတယ်ဆိုတာ သက်သေပြရမယ်"
တစ်ချိန်တည်းဆိုသလို ချူယွီယန်နှင့် ရီဖေးမုတို့သည် ပြတ်သားစွာဖြင့် ဒုတိယလမ်းကြောင်းကို ရွေးချယ်လိုက်သည်။
အခြားသူများတွင်မူ တချို့က တီထွင်ဖန်တီးရန် ကြိုးစားကြသော်လည်း အများစုသည် လွယ်ကူသောလမ်းကြောင်းကိုသာ ရွေးချယ်ကြ၏။ သူတို့တစ်ယောက်ချင်းစီသည် သူတို့၏ဆေးဝါးတာအိုအပေါ် မူတည်၍ ဆုံးဖြတ်ချက်ကြလေသည်။
မန်ဟိုကတော့ နှာခေါင်းကို ပွတ်ပြီး သက်ပြင်းရင်း ကျောက်ဆောင်ကို ကြည့်နေသည်။ သူ့မှာ လေးရက်လုံး မနားတမ်း ခရီးနှင်ခဲ့ရပြီး အနက်ရောင်ဆေးပေါင်းဖိုနှင့် ရန်ဖြစ်ရသေးသည့်အတွက် ယခုတွင် ခြေကုန်လက်ပန်းကျနေလေပြီ။ သူကကျောက်ဆောင်ပေါ်က လိုအပ်ချက်စာရင်းကို ကြည့်ပြီး ဆေးလုံး ဖန်တီးခြင်းက သူ့ကို သေချာပေါက် ပို၍ပင်ပန်းစေမည်ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
သူက တစ်ယောက်တည်း ရေရွတ်နေသည်။ "ရှိပြီးသားဆေးလုံး ဖော်စပ်တာက အသစ်ဖန်တီးတာထက်စာရင် ပိုကောင်းတယ်။ ဆေးလုံးအသစ်ဖန်တီးဖို့ဆိုရင် ကံရယ်၊ ဉာဏ်ရယ်၊ အာရုံစူးစိုက်မှုရယ် လိုတယ်။ မဟုတ်ရင် အရည်အသွေးက နိမ့်ကျလိမ့်မယ်..... အင်း ဒါက အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။ ငါ့တွက်ချက်မှုက သေချာပေါက် မှန်တယ်။ အရည်အသွေးကိုတော့ လုံးဝ အကျမခံနိုင်ဘူး " သူ ထိုအကြောင်းတွေးကြည့်လေလေ၊ ပို၍ယုတ္တိရှိလာလေလေပင်။ သူသည် ညာလက်ကို မြှောက်ပြီး ကျောက်ဆောင်အပေါ် ဖိချလိုက်ရာ ၄င်းမှာ ရေကဲ့သို့ လှိုင်းထသွားလေသည်။ သူ့ခေါင်းထဲရှိ ဆေးပင်များ တဖြေးဖြေး သူ့အရှေ့တွင် ပေါ်လာ၏။
"စဦးချီဖွဲ့စည်းမှုအတွက် ဆေးလုံး။ ငါ အရိုးရှင်းဆုံး စဦးချီဖွဲ့စည်းမှုဆေးလုံး ဖော်မယ်" သူက အင်္ကျီလက်စခါလိုက်ရာ ပုံရိပ်ယောင်ဆေးပေါင်းဖိုတစ်လုံး ကျောက်ဆောင်မှ ထွက်လာသည်။ သူသည် ၄င်းထဲသို့ ဆေးပင် တစ်ပင်ပြီးတစ်ပင် ပစ်ထည့်ကာ ခဏစဥ်းစားပြီးနောက် စတင်ဖော်စပ်တော့သည်။
များမကြာမီ ချူယွီယန်၏မျက်ဝန်းလေးများ ပွင့်လာပြီး သူမက လက်သွယ်သွယ်လေးကို ဝှေ့ရမ်းလိုက်သည်။ ဆေးပေါင်းဖိုတစ်လုံး ပေါ်လာပြီး သူမသည် မျက်ဝန်းလေးများ ရွှန်းလဲ့တောက်ပနေလျက် စတင်ဖော်စပ်တော့သည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ရီဖေးမုက မျက်လုံးဖွင့်လိုက်သည်။ သူသည် ယုံကြည်ချက်အပြည့်ဖြင့် စတင်ဖော်စပ်၏။
အပြင်ဘက် တုန်းလိုင်တောင်ပေါ်မှ ကြည့်ရှုနေသူမှာ ဖြစ်ပျက်နေသမျှအားလုံးကို စိတ်ဝင်တစားကြည့်နေကြသည်။ သူတို့၏မျက်လုံးများသည် မန်ဟိုအပါအဝင် မျက်နှာပြင်ဆယ်ခုအကြား ဟိုဟိုသည်သည် ပြေးလွှားနေ၏။
မှန်ပါသည်၊ အဓိကအာရုံစိုက်ရာမှာ ပထမနယ်ပယ်တွင် ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သည့် ရီဖေးမုနှင့် ချူယွီယန်ပင်။ တော်တော်များများက ထိုနေရာတွင် သူ၏ကိုယ်ပိုင်ပြသမှုဖြင့် အာရုံဆွဲဆောင်ခဲ့သော မန်ဟို့ကိုလည်း ကြည့်ရှုနေကြသည်။
သို့သော် မန်ဟိုက လွယ်ကူသော လမ်းကြောင်းကို ရွေးချယ်ထား၏။ လောလောဆယ်တွင် သူသည် စဦးချီဖွဲ့စည်းမှုဆေးလုံးကို ဖော်စပ်နေသည်။ သူတစ်ယောက်သာမဟုတ်၊ စုစုပေါင်း ခုနစ်ယောက် ထိုသို့လုပ်ဆောင်နေကြလေသည်။
ပရိသတ်သည် ကျောက်ဆောင်ပေါ်က ညွှန်ကြားချက်များကို မြင်နိုင်သဖြင့် တီးတိုးဆွေးနွေးလာကြတော့သည်။ ဤစမ်းသပ်မှုက မည်သည့်အရာနှင့်ပတ်သက်သည်လဲ ဆုံးဖြတ်ရန် အတော်လေးလွယ်ကူလေသည်။
"ဖန်မုက စဦးချီဖွဲ့စည်းမှုဆေးလုံး ဖော်စပ်နေတာပဲ.....ကြည့်ရတာ ဒုတိယနယ်ပယ်မှာ ချူယွီယန် နဲ့ ရီဖေးမုရဲ့အနောက် ကျန်ခဲ့တော့မယ့်ပုံပဲ"
"အရင်တုန်းက ဆေးပေါင်းဖိုဘုရင်ရီက အကြောင်း ငါကြားဖူးတယ်။ သူ့ရဲ့ဆေးဝါးတာအိုအသိက အထွတ်အထိပ်မှာတဲ့။ အခုကြည့်ရသလောက် သူက သာမန်ဆေးလုံးလေးတစ်လုံး ဖော်စပ်နေတာမဟုတ်ဘူး။ အသစ်ဖန်တီးနေတာများလား"
လင်ဟိုက်လုံက ပြုံးပြီး အန်းဇဲ့ဟိုင်ဘက် လှည့်ကာ ပြောသည်။ "ချူယွီယန်လည်း မူလဆေးလုံး ဖန်တီးနေလောက်တယ်..... အဲ့လိုလုပ်ဖို့ ယုံကြည်ချက်ရှိတာနဲ့တင် ချီးကျူးခံထိုက်နေပြီ"
အန်းဇဲ့ဟိုင်က မဆိုစလောက် ခေါင်းညိတ်လိုက်သည်။ သူသည် မျက်နှာပြင်ဆယ်ခုကို တည်ငြိမ်စွာ ကြည့်နေ၏။ မန်ဟိုကို မြင်ပြီး သူဖော်စပ်နေသောအရာကို သတိထားမိသောအခါ သူ အနည်းငယ် သဘောကျသွားလေသည်။ သူ့အမြင်အရ မန်ဟိုသည် မူလဆေးလုံးဖန်တီးခြင်းက သူ့ကို ဤအဆင့်အား အောင်မြင်စေမည်ဖြစ်ကြောင်း နားလည်သည့်တိုင် အချိန်နှင့်အားကို ခြွေတာရန် ရွေးချယ်ခဲ့၏။
အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။ မန်ဟိုသည် စဦးချီဖွဲ့စည်းမှုဆေးလုံးနှင့် ချီအခြေတည်နေ့ကို ဆေးစွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းဖြင့် ဖော်စပ်နိုင်ခဲ့သည်။ ယခုတွင် သူသည် အမြုတေ ဖြစ်တည်မှု အဆင့်အတွက် ဝိညာဥ်ခေါ်ဆေးလုံးတစ်လုံး ဖော်စပ်နေလေသည်။
ယခင်ကဆိုလျှင် မန်ဟိုသည် ကျင့်ကြံခြင်းအခြေခံကြောင့် ထိုကဲ့သို့ ဆေးလုံးမျိုး ဖော်စပ်ရာ၌ အခက်အခဲရှိခဲ့မည် ဖြစ်သည်။ သို့သော် ယခုတွင် သူ့၌ တာအိုမဏ္ဍိုင်ဆယ်ခုရှိသည့်အပြင် ချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့်တွင် ဖြစ်သည့်အတွက် သာမန် ဝိညာဥ်ခေါ်ဆေးလုံး ဖော်စပ်ခြင်းမှာ သိပ်မခက်တော့ပေ။
တကယ်တမ်း သူသည် ဖော်စပ်ခြင်းနှင့် စမ်းသပ်ခြင်းကို တစ်ပြိုင်တည်း လုပ်ဆောင်နေ၏။ ဇီတုန်တောင်တွင် ရက်အနည်းငယ်ကြာပြီးနောက် သူ့မှာ အားအတော်ပြန်ပြည့်နေလေပြီ။ သူသည် မပင်ပန်းတော့၍ ဆေးဖော်စပ်ရာ၌ ယခင်ထက် ပိုမြန်လာသည်။
သို့သော် သူ၏ဝိညာဥ်ခေါ်ဆေးလုံး ထွက်ပေါ်လာသည့်အခိုက်အတန့်မှာ ချူယွီယန်၏ မူလစဦးချီဖွဲ့စည်းမှုဆေးလုံး ထွက်လာသည်နှင့် တစ်ချိန်တည်းပင်။ သူမ၏ဆေးလုံးမှ စူးရှတောက်ပသောအလင်းရောင်များ ဖြာထွက်နေပြီး တစ်ချက်ကြည့်ရုံဖြင့် သာမန်ဆေးလုံးမဟုတ်ကြောင်း ထင်ရှား၏။ ၄င်းက ချက်ချင်း အပြင်လောက၌ သတိထားမိစရာဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ရီဖေးမု၏ မူလဆေးလုံးလည်း ထွက်ပေါ်လာသည်။ ချူယွီယန်၏ဆေးလုံးထက် အနည်းငယ် ပို၍တောက်ပသော လေးရောင်ခြယ်အလင်းက ၄င်းကို လွှမ်းခြုံထား၏။ ကြည့်ရှုနေသူများကြားမှ ပင့်သက်ရှိုက်သံများ ထွက်လာကြသည်။
သို့သော် မန်ဟိုကမူ ဘာမှထူးခြားမနေပေ။ အများစုနည်းတူ သူသည် ရင်းနှီးသောဆေးလုံးများကို ဖော်စပ်ရန် ရွေးချယ်ခဲ့သည်။ ထိုမျှသာမက သူ၏ကိုယ်နေဟန်ထားအရ သူ့မှာ အိုးနင်းခွက်နင်းဖြစ်နေပုံရသည်။ ၄င်းက ချူယွီယန်နှင့် ရီဖေးမုတို့ အသိဉာဏ်ရှိရှိ လုပ်ဆောင်နေပုံနှင့် လုံးဝကွဲပြားလေသည်။
သူတို့အကြားရှိ ကွာဟမှုက..... မန်ဟို့ကို ပို၍ပင် သာမညဖြစ်နေစေတော့သည်။
တုန်းလိုင်တောင်ပေါ်ရှိ လူတစ်ယောက်သာ ကွဲပြားနေ၏။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ။ သူ မန်ဟိုကို ဖော်ပြနေသော မျက်နှာပြင်အား သာမန်ကာလျှံကာ လှမ်းကြည့်လိုက်သောအခါ တစ်ခါမှမမြင်ဖူးသေါ အပြုံးတစ်ခု သူ့မျက်နှာ၌ ဖြစ်ထွန်းသွားသည်။
***