လူသုံးယောက်၊ ဆေးဝါးတာအိုသုံးခု
Vol. 21 Ch. 284
ချူယွီယန်နှင့် ရီဖေးမုတို့ ချီအခြေတည်အဆင့်ဆေးလုံး ဖော်စပ်နေသည့်အချိန်တွင် မန်ဟိုက ဝိညာဥ်ခေါ်ဆေးလုံး ဖော်စပ်ပြီး၍ အနုသုခုမရုပ်ခန္ဓာဆေးလုံး စတင်လုပ်ဆောင်နေလေပြီ။
အနုသုခုမရုပ်ခန္ဓာအဆင့်အတောအတွင်း ကျင့်ကြံခြင်းအခြေခံ မြှင့်ပေးသော ဆေးလုံးများမှာ ကမ္ဘာပေါ်တွင် မြင်လေ့မြင့်ထမရှိသော ဆေးပင်များမှ ပြုလုပ်ရခြင်းဖြစ်၏။ တောင်ပိုင်းဒေသတွင် ထိုကဲ့သို့ ဆေးလုံးများများစားစား မရှိပေ။ ဂိုဏ်းတစ်ဂိုဏ်းမှ လူလေးငါးယောက်အတွက် တစ်လုံးပိုင်ဆိုင်ရသည်ကပင် မယုံနိုင်ဖွယ်ကောင်းသည်ထက်ပိုသည်။
ဤဆေးလုံးများအား တစ်ခါတည်း တစ်ပုံတခေါင်း ဖော်စပ်၍မရပေ။ တစ်သုတ်လျှင်သုံးလုံး သို့မဟုတ် ငါးလုံးလောက်သာ ရရှိနိုင်သည်။ သို့ဖြစ်၍ ၄င်းတို့မှာ အတော်လေး တန်ဖိုးကြီး၏။ ထိုကဲ့သို့ဆေးလုံးများမှာ ဇီယွင်ဂိုဏ်းတွင်ပင် ပေါများမနေပေ။
အသက်ရှူလေ့ကျင့်ခန်းများ လုပ်ဆောင်သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်သည် အသက်တစ်ရှိုက်တည်းဖြင့် ပတ်ပတ်လည် သုံးကီိလိုမီတာအတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်အလုံးစုံကို စုပ်ယူနိုင်သည်ကို စဥ်းစားကြည့်ပါက သူတို့အတွက် ဆေးလုံးများမှာ မည်မျှအရေးကြီးသည်လဲ အလွယ်တကူတွေးကြည့်နိုင်၏။ ထိုဆေးလုံးမျိုး သူတို့တွင်ရှိလျှင် အဆင်ပြေသည်။ မရှိလျှင်တော့ အတင်းအဓမ္မယူဖို့သာ ရွေးချယ်စရာရှိသည်။
သို့သော် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအတွက် ဆေးလုံးများနှင့်ပတ်သက်လျှင် ဖော်ရအခက်ဆုံးနှင့် အဖိုးအထိုက်ဆုံးမှာ သက်တမ်း ဆွဲဆန့်ပေးနိုင်သော ဆေးလုံးများပင်။
အဆိုပါဆေးလုံးများ၏ တန်ဖိုးသည် အလွန်တရာမြင့်မား၏။ နှစ်တစ်ထောင်ထက် မပိုသော သက်တမ်းသည် မိုးကောင်းကင်ကို အာခံခြင်းမဟုတ်ပေ။ နှစ်တစ်ထောင်ထက်ပို၍ အသက်ရှင်ဖို့ မိုးကောင်းကင်ကို အာခံနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ စိတ်ဝိညာဥ်ဖြတ်တောက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သေမင်း၏လက်တွင်းသို့သာ သက်ဆင်းရပေလိမ့်မည်။
အနုသုခုမရုပ်ခန္ဓာအဆင့်အတွက် ဆေးလုံးများအနက် အခြေခံအကျဆုံးမှာ အနာကျက်ဆေးလုံးများဖြစ်ပြီး ဖော်စပ်ရလည်း အလွယ်ဆုံးဖြစ်လေသည်။
ပုံမှန်အားဖြင့် ၄င်းတို့၏ အာနိသင်က သာမန်ဖြစ်သော်လည်း မည်သို့မြင်မြင် ထိုဆေးလုံးများကို အနုသုခုမရုပ်ခန္ဓာအဆင့်ဆေးလုံးများအဖြစ် သတ်မှတ်ရမည်သာ။ မန်ဟိုသည် အနုသုခုမရုပ်ခန္ဓာအဆင့်အတွက် ရိုးရှင်းသောဆေးလုံးတစ်လုံးကိုသာ ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့အတွက်တော့ ဤသည်မှာ ကလိမ်ကျခြင်းမဟုတ်ဘဲ စမ်းသပ်မှုကို အောင်မြင်ရန် အရိုးရှင်းဆုံးနည်းလမ်းအသုံးပြုခြင်းဟု သတ်မှတ်ရမည်။ သူ့မှာ အနှိုင်းမဲ့ဆေးလုံးတစ်လုံး ဖော်စပ်ဖို့ စိတ်စွမ်းအင်အမြောက်မြား မသုံးလိုပေ။
ထို့ကြောင့် ရက်အနည်းငယ်ကြာသော် အနုသုခုမရုပ်ခန္ဓာအဆင့်အတွက် အရိုးရှင်းဆုံး အနာကျက်ဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်။ မန်ဟိုက အဆင့်လေးဆင့်မှ ဆေးလုံးများကို ကိုင်ပြီး ကျောက်ဆောင်ထံ တွန်းပို့လိုက်သည်။ ကျောက်ဆောင်သည် တသိမ့်သိမ့်တုန်ရီလာပြီးနောက် ပေတစ်ဝက်စာ ကျယ်သော အက်ကြောင်းတစ်ကြောင်း ကျောက်ဆောင်၏အလယ်တည့်တည့်၌ တွန့်လိမ်ကောက်ကွေး ပေါ်လာသည်။
ကျောက်ဆောင်မှာ မန်ဟို့၏ဆေးလုံးများအား သိပ်စိတ်တိုင်းကျပုံမပေါ်ပေ။ သို့သော် ၄င်းတို့မှာ လိုအပ်ချက်နှင့် ကိုက်ညီနေ၏။ ဆေးလုံးတစ်လုံးစီတွင် ဆေးပင်မျိုးကွဲဆယ်သန်းထဲက ငါးသန်းပါဝင်သော်လည်း မန်ဟိုက နည်းလမ်းတစ်ခုသုံး၍ ၄င်းတို့ကို ဖုံးကွယ်ထားခဲ့သည်။
သူက အက်ကြောင်းကို ကြည့်ပြီးနောက် ချောင်းဟန့်လိုက်သည်။ သူ့ကို အခြားသူများ စောင့်ကြည့်နေကြောင်း သူ သိလေသည်။ သူက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေသော အမူအရာဖြင့် ခေါင်းငုံပြီး အက်ကြောင်းဆီ လျှောက်သွားသည်။ သူ့မှာ ကိုယ်တစ်ခြမ်းစောင်းပြီး အားနည်းနည်းစိုက်ထုတ်ပြီးနောက် သူ့ကိုယ်သူကျုံ့၍ ဖြတ်လျှောက်နိုင်သွားလေသည်။ ထို့နောက် သူသည် အနေရခက်ခြင်း မြူမှုန်မရှိဘဲ ဖြောင့်မတ်တည်ကြည်သော မျက်နှာထားဖြင့် တတိယနယ်ပယ်ထံသို့ တရွေ့ရွေ့လျှောက်သွားတော့သည်။
အပြင်လောကမှ ကြည့်ရှုနေသူများ ဤအခြင်းအရာကို မြင်သောအခါ အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးကျွမ်းကျင်ပညာရှင်များ ခါးသက်စွာ ပြုံးနေသည်ကိုပါ မြင်လိုက်ရ၏။ မန်ဟိုနှင့်အတော်လေးရင်းနှီးသူများမှာတော့ မျက်နှာပူနေကြသည်။ ဤစမ်းသပ်မှုကို ဖြတ်ကျော်ရန် ထိုကဲ့သို့နည်းလမ်းမျိုး အသုံးပြုခြင်းက တကယ့်ကို မျက်စိစပါးမွှေးစူးစရာကောင်း၏။
အထူးသဖြင့် ချူယွီယန်နှင့် ရီဖေးမုတို့ စိတ်ရောကိုယ်ပါနှစ်၍ အလေးအနက်ထား လုပ်ဆောင်နေသည်ကို ပြန်ကြည့်လိုက်လျှင် ဖြစ်သည်။ မန်ဟို၏အပြူအမူက သူ့ကို အစထဲက သိပ်သဘောကျသောသူများ အတွက် အထင်သေးစရာဖြစ်သွား၏။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ယောက်ထဲက တချို့ပင် မျက်မှောင်ကြုတ်နေကြသည်။
သို့သော် မည်သို့ဆိုစေ မန်ဟိုသည် ဒုတိယနယ်ပယ်ကို ပထမဆုံးဖြတ်ကျော်နိုင်သွားသူဖြစ်လေသည်။ သူသည် လက်နောက်ပစ်ရင်း အပျင်းပြေ လမ်းထွက်လျှောက်ပြီး ရှုခင်းကို ခံစားနေသည့်အလား တတိယနယ်ပယ်ကို ဦးတည်သွား၏။
ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ထဲက သက်လတ်ပိုင်းအရွယ် ရီယွင်တျန်းက ပြောသည်။ "ဖန်မုက သိပ်အလေးအနက်ထားပုံမရဘူး။ ဒီလို ပေါ့တိပေါ့ပျက်စရိုက်နဲ့ဆိုရင် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက် ဖြစ်လာဖို့ မသင့်တော်ဘူး" သူ့အသံသည် အေးစက်နေပြီး အထက်စီးဆန်၏။
အန်းဇဲ့ဟိုင်က ရယ်ပြီး ပြောသည်။ "မဟုတ်ပါဘူး။ ရှေ့ဆက်သွားဖို့ အရိုးရှင်းဆုံးနည်းလမ်းမသုံးရဘူးလို့ ချမှတ်ထားတဲ့ စည်းမျဥ်းမှမရှိတာ"
"မှန်ပါတယ်၊ အစ်ကိုကြီးအန်း" ရီယွင်တျန်းက ပြုံးရင်း ပြန်ဖြေသည်။ "ဒါမဲ့ အခု တတိယနယ်ပယ်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးချမလဲ ကျုပ် အရမ်းတွေ့ချင်နေပြီ"
အချိန်အနည်းငယ်ကြာသော် နောက်ထပ်ပြိုင်ပွဲများ ဒုတိယနယ်ပယ်မှ ထွက်လာသည်။ ချူယွီယန်နှင့် ရီးဖေမုသာ ကျန်ခဲ့ပြီး စုစုပေါင်းငါးယောက် ထွက်ပေါ်လာသည်။ အခြားနှစ်ယောက်မှာ ဆေးစွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းဖြင့် ဆေးလုံးများ မဖော်စပ်နိုင်၍ လက်လျှော့သွားကြလေသည်။
ယခုတွင် အပြင်ဘက်ကမ္ဘာရှိ ဆေးပေါင်းဖိုကြီးအပေါ်၌ မူလဆယ်ခုအနက်မှ မျက်နှာပြင်ရှစ်ခုသာ ကျန်တော့သည်။
မန်ဟို တတိယနယ်ပယ်ကို ကန့်သတ်ထားသော ကျောက်ဆောင်သို့ ရောက်သောအခါ ခရမ်းရောင်ချီ စီးထွက်လာသည်။ ၄င်းသည် အမျှင်သေးသေးလေးဖြစ်ပြီး အသက်သုံးရှိုက်သာ ခံလိုက်သည်။ သူသည် အောင်မြင်ခဲ့သော်လည်း ကောင်းကင်နယ်မြေ၏အသိအမှတ်ပြုခြင်းက သိပ်မကြီးကျယ်ပေ။
ခရမ်းရောင်ချီမျှင် ဆေးပေါင်းဖိုထဲ ဝင်ရောက်သွားပြီးနောက် မန်ဟိုက ကျောက်ဆောင်ကို ကြည့်ကာ ၄င်းအရှေ့တွင် တင်ပျဥ်ခွေထိုင်လိုက်သည်။ သူက အားပြန် မပြည့်မချင်း တခဏအနားယူနေ၏။
ချူယွီယန်၏ နောက်ဆုံးဆေးလုံး ထွက်လာပြီး ထိုအချိန်တွင် သူမမျက်နှာလေးမှာ ဖြူဖျော့နေလေပြီ။ သူမအတွက် စတုတ္ထဆေးလုံးမှာ အလွန် ဖော်စပ်ရခက်ခဲ့၏။ မူလဆေးလုံးဖန်တီးခြင်းအတွက်မူ သူမသည် ချီအခြေတည်အဆင့်အထိသာ အားတင်းလုပ်ခဲ့သည်။ အမြုတေဖြစ်တည်မှုနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်အတွက်မူ သူမ ဆေးလုံးအသစ်များ မဖန်းတီးနိုင်ခဲ့ပေ။ ထိုအစား နောက်ဆုံးနှစ်လုံးဖော်စပ်ရန် သူမ သိသည့် ဆေးဖော်နည်းများထဲမှ အခက်ဆုံးကို ရွေးချယ်ခဲ့သည်။
သူမအနောက်တွင် ရီဖေးမု ဆေးဖော်စပ်ပြီး၏။ ချူယွီယန်နည်းတူ သူလည်း ဆေးလေးလုံးလုံးအတွက် အသစ်မဖန်တီးနိုင်ခဲ့ပေ။ သူသည် အမြုတေဖြစ်တည်မှုအဆင့်အတွက် မူလဆေးလုံး ဖော်စပ်နိုင်ခဲ့သော်လည်း အနုသုခုမအဆင့်အတွက် ဆက်မသွားပေ။ ရွေးချယ်စရာမရှိသည့်အတွက် သူသည် အနုသုခုမအဆင့်အတွက် အခက်ခဲဆုံး၊ အမြင့်ဆုံးဆေးလုံး ဖော်စပ်လိုက်သည်။ ဆယ်ခါကြိုးစားပြီးနောက်ဆုံး သူ အောင်မြင်သွားလေသည်။
ကောင်းကင်နယ်မြေ၏ကမ္ဘာအတွင်း၌ အရာအားလုံးသည် ပုံမှန်ထက်ပို၍ လျင်မြန်စွာ ရွေးလျားသည့်အတွက် မြန်မြန်ဆန်ဆန် ဖြစ်ပျက်နေခြင်းပင်။ အပြင်မှာသာဆိုပါက ထိုဆေးလုံးလေးလုံးအား ဖော်စပ်ရန် တစ်နှစ်ကျော် ကြာပေလိမ့်မည်။
ရီဖေးမုသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူ့အရှေ့ရှိ ကျောက်ဆောင်၌ ခြောက်မီတာအကျယ် အက်ကြောင်း ပွင့်လာသည်ကို ကြည့်နေသည်။ သူက ဂုဏ်ယူနေသောမျက်ဝန်းများဖြင့် ရှေ့ဆက်လျှောက်သွား၏။
မည်သည့်ပြိုင်ပွဲဝင်က မည်သူ့ထက်သာသည်ကို စောင့်ကြည့်နေသူများ ရှင်းရှင်းလင်းလင်းမြင်ရလေသည်။ သူတို့သည် ရီဖေးမုကြောင့် ဖြစ်လာသည့် အံ့ဖွယ် အက်ကြောင်းကြီးအကြောင်း တညံညံပြောနေကြတော့သည်။
ချူယွီယန်နှင့် အခြားသူများ တတိယနယ်ပယ်ကျောက်ဆောင်ကို ရောက်သည်နှင့် သိပ်သည်းသော ခရမ်းရောင်ချီက သူတို့ဆီ စီးမျောလာသည်။ ချူယွီယန်အတွက် ထွက်လာသော ခရမ်းရောင်ချီသည် အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက်မှ ပျောက်ကွယ်သွား၏။ အံ့ဖွယ်အကောင်းဆုံးကတော့ ရီဖေးမုပင်။ သူ၏ချီက အမွှေးတိုင်နှစ်တိုင်ထွန်းစာ ခံသည့်အပြင် သူ၏ဆေးပေါင်းဖိုမှာ ခရမ်းရောင်ဖျော့ဖျော့ သမ်းနေလေပြီ။
လမ်းကြောင်းအသီးသီးပေါ်ရှိ အခြားပြိုင်ပွဲဝင်များ၏ ဆေးပေါင်းဖိုများလည်း ခရမ်းရောင်ချီကို စုပ်ယူကြသည်။ ထို့နောက်တွင် သူတို့သည် ကျောက်ဆောင်ကို အာရုံစိုက်လိုက်၏။ သူတို့၏မျက်နှာများ မှုန်ကုပ်သွားသည်။ တတိယနယ်ပယ်အတွက် စမ်းသပ်မှုမှာ အရင်နှစ်ခုထက်ပင် ပိုခက်သေးလေသည်။
မန်ဟို တရားထိုင်ပြီးသွားသည်။ သူက မျက်လုံးများ ဖွင့်လိုက်ရာ ၄င်းတို့သည် စူးရှတောက်ပနေ၏။ သူသည် ပကတိပြန်လည်သက်သာသွားပြီး သူ့အရှေ့က ကျောက်ဆောင်ပေါ်ရှိ စာသားကို ဖတ်လိုက်စဥ် သူ၏မျက်လုံးများ လက်ခနဲဖြစ်သွားသည်။ အတွေးနက်သွားသော အသွင်က သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။
ကျောက်ဆောင်၏အနောက်တွင် မည်သည့်ကျောက်လှေကားမှ မရှိပေ။ လှေကားထစ်သည် ဤနေရာတွင် အဆုံးသတ်ပုံရပြီး တိမ်တိုက်များကိုသာ မြင်ရ၏။
"ပုလဲကိုးသွယ်ရတနာပင်...." ကျောက်ဆောင်အပေါ်၌ ထွင်းထားသည်ကို ကြည့်ရင်း မန်ဟို့၏မျက်လုံးများ ကျဥ်းမြောင်းနေသည်။ ၄င်းက အရောင်တစ်မျိုးစီရှိသော ပန်းပွင့်ကိုးပွင့်နှင့် ဆေးပင်တစ်မျိုးကို ဖော်ပြနေသည်။ "ပုလဲသုံးသွယ်ရတနာပင်တွေက အတွေ့များတယ်။ ပုလဲခြောက်သွယ်ရတနာပင်တွေက တွေ့ရလေ့မရှိဘူး။ ပုလဲကိုးသွယ်ရတနာပင်ကတော့.... မြင်ရခဲတယ်။ ပန်းပွင့်တစ်ပွင့်စီမှာ မတူညီတဲ့ဆေးအစွမ်းသတ္တိတွေ ပါရှိတယ်။ ပွင့်ချပ်ကိုးခုက တစ်ခုနှင့်တစ်ခု စည်းချက်ညီညီ အလုပ်လုပ်တယ်။ ဒီ ဆေးပင်တစ်ပင်ထဲကို မတူညီတဲ့ ဆေးဖော်စပ်နည်း တစ်ထောင်ကျော်အတွက် သုံးလို့ရတယ်...... ဖော်စပ်တဲ့ ဆေးပင်အရေအတွက်နဲ့ သုံးတဲ့ဖော်စပ်နည်းပေါ်က လှေကားထစ် ဘယ်နှခု ပေါ်လာမလဲ ဆုံးဖြတ်ပေးလိမ့်မယ်...." မန်ဟိုက မျက်လုံးများပိတ်၍ တခဏစဥ်းစားနေသည်။
အခြားလမ်းများရှိ ပြိုင်ပွဲဝင်များလည်း တူညီသောစမ်းသပ်မှုကို ရင်ဆိုင်နေရ၏။
ချူယွီယန်သည် သူမ၏ညာလက်ကို ကျောက်ဆောင်အပေါ် တင်လိုက်သည်။ ချက်ချင်းပင် အလင်းရောင် တဖျပ်ဖျပ်တောက်ပလာပြီး ပုလဲကိုးသွယ်ရတနာပင် သူမရှေ့တွင် ဖြစ်တည်လာသည်။
အခြားဂိုဏ်းနှင့် မျိုးနွယ်စုများမှ ကိုယ်စားလှယ်များ အပါအဝင် အပြင်ဘက် တုန်းလိုင်တောင်ပေါ်ရှိ ကျင့်ကြံသူများအားလုံး မီးလျှံစမ်းသပ်ပွဲအတွင်း၌ ဖြစ်ပျက်နေသော မယုံကြည်နိုင်ဖွယ်မြင်ကွင်းကြီးကို အနီးကပ်ကြည့်ရှုနေကြသည်။
ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ရီယွင်တျန်းက အေးတိအေးစက် ပြောသည်။ "တတိယနယ်ပယ် စမ်းသပ်ချက်က ဆေးဖော်စပ်တာနဲ့ ဆုံးဖြတ်ချက်ချတာ နှစ်မျိုးလုံးပဲ။ ဖော်စပ်တဲ့ ဆေးလုံးပမာဏက ပြီးပြည့််စုံတဲ့ လှေကားထစ်ကို ဖန်တီးပေးလိမ့်မယ်။ ဒါက သော့ချက်ပဲ" အစမှ အဆုံးအထိ သူ့အကြည့်သည် ရီဖေးမု၏ မျက်နှာပြင်မှ တစ်ချက်လေးပင် မခွာပေ။
သူ၏စကားလုံးများက ဆေးဝါးကျွမ်းကျင်ပညာရှင် အတော်များများ၏ မျက်နှာပေါ်တွင် အံ့သြခြင်းတို့ ပြည့်နှက်သွားစေသည်။ တစ်ယောက်ပြီးတစ်ယောက် မျက်နှာပြင်အမျိုးမျိုးကို မမှိတ်မသုန် အာရုံစိုက်နေကြသည်။
ချူယွီယန်သည် သူမအရှေ့မှ ပျံဝဲနေသော အပင်ကို ကြည့်နေ၏။ သူမ၏ ဖီးနစ်ငှက်သဖွယ် မျက်ဝန်းလေးများမှာ ရွှန်းလဲ့လျက်ရှိသည်။
"ဆေးဝါးတာအိုက ကျင့်ကြံခြင်းမဟာတာအိုလိုပဲ" သူမက တွေးသည်။ "အပင်နဲ့အသီးအရွက်တွေက ကောင်းကင်နဲ့မြေကြီးထဲမှာ ပေါက်ရောက်တယ်။ ဒါမဲ့ ကောင်းကင်နှင့်မြေကြီးက အသက်မရှိဘူး။ ဆေးဖော်စပ်တာက... မိုးကောင်းကင်ကို သန့်စင်ပြီး မြေကြီးကို အသွင်ပြောင်းရင်း အထဲမှာရှိတဲ့ အသက်မီးတောက်ကို ရှာပြီး ဆေးလုံးအဖြစ် ပြောင်းလဲတာပဲ။ ဒါကြောင့် ဖော်စပ်ခြင်းဆိုတာ.... ကောင်းကင်နဲ့မြေကြီးထဲမှာ မရှိတဲ့ အသက်မီးတောက်ကို ရှာဖွေခြင်းဖြစ်တယ်
"ကိုးက ထိပ်ဆုံးကိန်းဂဏန်း။ ဒါကြောင့် ငါ ဆေးလုံးကိုးလုံး ဖော်မယ်။ တစ်လုံးစီမှာ ပန်းပွင့်ရှစ်ပွင့် ရှိရမယ့်အပြင် ပျောက်ဆုံးနေတဲ့တစ်ပွင့်ရဲ့ ဆေးအစွမ်းသတ္တိ ပါဝင်ရမယ်။ ဒီဆေးလုံးကိုးလုံးက ကောင်းကင်ကို ဦးတည်တဲ့လမ်းကြောင်းကို ဖွင့်ပေးမယ့် စက်ဝန်းတစ်ခု ဖန်တီးပေးလိမ့်မယ်" ယခုတွင် ချူယွီယန်၏မျက်ဝန်းလေးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပနေ၏။ သူမက ချက်ချင်း အလုပ်စတော့သည်။
နာရီပေါင်းများစွာ စဥ်းစားပြီးနောက် ရီဖေးမု၏မျက်နှာတွင် လေးနက်သောအသွင် ထင်ဟပ်လာပြီး သူက အသက်ပြင်းပြင်းရှူလိုက်သည်။ သူက မျက်လုံးများကျဥ်းမြောင်းလျက် အင်္ကျီလက်စကို ခါလိုက်သည်။ ပုလဲကိုးသွယ်ရတနာပင် သူ့အရှေ့တွင် ပေါ်လာပြီး သူကား စတင်ဖော်စပ်တော့သည်။
"ငါ ဆေးဖော်စပ်ရမယ်ဆိုရင် တစ်လုံးပဲ ဖော်မယ်" သူက တွေးသည်။ "အဲ့တစ်လုံးမှာပဲ ပန်းပွင့်ကိုးပွင့်လုံးရဲ့ ဆေးစွမ်းသတ္တိတွေအပြင် အပိုဆေးလုံးရဲ့ ဆေးစွမ်းသတ္တိပါ ပါဝင်မယ်။ ဆေးအစွမ်းသတ္တိက ကိုးခုမဟုတ်လဲ ဆယ်ခုဖြစ်မယ် ။ ပုလဲကိုးသွယ်ရတနာပင်မှာ မရှိတဲ့ အစွမ်းသတ္တိပါရှိတဲ့ ဆေးလုံးတစ်လုံး ဖော်မယ် ။ ငါ့ရဲ့ကိုယ်ပိုင်လက္ခဏာ ထိန်းသိမ်းထားတဲ့ အဲ့ဆယ်ခုမြောက် အစွမ်းသတ္တိက တစ်ခါမှ မမြင်ဖူးတဲ့အရာ ဖြစ်စေရမယ်"
ဆေးဝါးတာအိုအတွေးအမြင်နှင့်ပတ်သက်လျှင် မည်သူက ပိုသာလဲ ပြောရခက်သည်။ သူတို့နှစ်ယောက်တွင် တစ်ယောက်က အသက်ကို အထွတ်အထိပ်အထိ သန့်စင့်ရန် ဆေးဝါးတာအိုကို အသုံးပြု၏။ ကျန်တစ်ယောက်က အမျိုးအစားအားလုံးကို စုပေါင်း၍ ပြိုင်ဘက်ကင်းသောအရာတစ်ခု ဖန်တီးသည်။
ဤအခိုက်အတန့်တွင် သူတို့၏ ဆေးဝါးတာအိုအသိသည် ကြည့်ရှုနေသူများအတွက် ရှင်းရှင်းလင်းလင်း မြင်သာလေရာ အုတ်အော်သောင်းနင်း ဖြစ်နေစေတော့သည်။ အပြင်ဂိုဏ်းများမှ ကိုယ်စားလှယ်များအပါအဝင် လူတိုင်းမှာ လေးလေးနက်နက် စဥ်းစားနေကြ၏။
ချူယွီယန်နှင့် ရီဖေးမုတို့ ဆုံးဖြတ်ပြီးနောက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ဦးက ခေါင်းညိတ်ချီးကျူးလိုက်ကြသည်။
သို့ရာတွင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ မျက်နှာမှာ ဖတ်ရခက်သဖြင့် လူတိုင်းမှာ သူ မည်သည့်မျက်နှာပြင်ကို ကြည့်နေသည်လဲ သိချင်နေကြတော့သည်။
ဤအခိုက်အတန့်တွင် မန်ဟို့၏မျက်လုံးများ ပွင့်လာပြီး ထူးဆန်းသောအလင်းတစ်ခုဖြင့် တောက်ပနေသည်။ သူက လက်ကိုမြှောက်ပြီး ကျောက်ဆောင်အပေါ် ဖိချလိုက်သည်။ သူ၏ဆေးပေါင်းဖိုနှင့်အတူ ပုလဲကိုးသွယ်ရတနာပင် ပေါ်လာ၏။ သို့သော် သူက ချက်ချင်း မဖော်စပ်ဘဲ မျက်ဝန်းများ တဖျပ်ဖျပ်လက်နေလျက် ဆေးပင်ကို ကြည့်နေသည်။
သူ့ခေါင်းထဲတွင် မရေမတွက်နိုင်သော ဆေးဖော်နည်းများ ဖြတ်ပြေးနေ၏။ သူ၏ အပင်နှင့်အသီးအရွက်အသိလည်း အလုပ်လုပ်နေသည်။ သူသည် ပုလဲကိုးသွယ်ရတနာပင်ကို စိတ်ထဲတွင် လှည့်ပတ်ရင်း ဆေးအစွမ်းသတ္တိအမျိုးမျိုးနှင့် ၄င်းတို့ မည်ကဲ့သို့ အတူတကွ အလုပ်လုပ်သည်ကို စိတ်ကူးပုံဖော်ကြည့်နေသည်။
သို့သော် မန်ဟိုက လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ဆေးပင်ကို ကြည့်ပြီးနောက် သူ၏မျက်လုံးများသည် ပို၍ပင် လင်းလက်တောက်ပလာသည်။ သူ့မှာ.... စိတ်ဝင်စားနေပုံရ၏။ ယခုတွင် သူ၏ဟန်ပန်အမူအရာမှာ ဒုတိယနယ်ပယ်တွင် ပျင်းရိနေခဲ့ပုံနှင့် တခြားစီပင်။
"ငါ ဆေးလုံးဆယ်လုံး ဖော်စပ်မယ်" သူက တွေးသည်။ "အရန်ဆေးလုံးကိုးလုံးနဲ့ ပင်မဆေးလုံးတစ်လုံး။ ကိုးဆိုတာ ခွန်အားကို ကိုယ်စားပြုတဲ့ အထွတ်အထိပ် ကိန်းဂဏန်းပဲ။ ငါ့ခန္ဓာကိုယ်က ဆေးပေါင်းဖိုဖြစ်ပြီးတော့ ငါ့နှလုံးသားက ဆေးဖော်နည်းဖြစ်တယ်။ ကောင်းကင်ကို သန့်စင်၊ မြေကြီးကို သန့်စင်၊ အချိန်ပြောင်းလဲမှုတွေကို သန့်စင်။ သဘာဝရဲ့ရိုးရှင်းမှု အနှစ်သာရ ပါဝင်တဲ့...... ဆေးလုံးတစ်လုံး ဖော်စပ်မယ်" သူ၏မျက်ဝန်းများသည် လေးနက်ပြီး စူးရှတောက်ပနေ၏။ တခြားနေရာတွင်ဆိုလျှင် သူသည် ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်၍ ထိုကဲ့သို့ဟန်ပန်မျိုး ဖော်ပြမည်မဟုတ်ပေ။ သို့သော် ဇီယွင်ဂိုဏ်း မီးလျှံစမ်းသပ်ပွဲတွင် သူ၏စိတ်ဝင်စားမှုမှာ ငုံ့လျှိုးနေခဲ့သည်။ ယခုတွင် သူသည် ပုံစံအစစ်အမှန်ကို ထပ်မံ ဖုံးကွယ်မနေတော့ဘဲ သူ၏ဆေးဝါးတာအိုအသိအား အပြည့်အဝပြသပေတော့မည်။
***