← Chapters

ဘယ်သူက အစွမ်းထက်ဆုံးလဲ

Vol. 21 Ch. 285

ဘယ်သူက အစွမ်းထက်ဆုံးလဲ

Vol. 21 Ch. 285

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူသည် ညာလက်ကို မြှောက်ပြီး ပန်းပွင့်တစ်ပွင့်ကို ကိုင်ကာ ဆေးပေါင်းဖိုထဲ ထည့်သည်။

တောင်ပေါ်ရှိ ခရမ်းရောင် ဆေးပေါင်းဖိုဘုရင်များသာ မန်ဟိုဘာလုပ်ရန်ကြံနေသည်လဲ စဥ်းစားနိုင်လေသည်။ သို့သော်  သူတို့အားလုံး၏မျက်နှာပေါ်တွင် မတူညီသောအမူအရာများ ရှိသည်။ တချို့က မျက်မှောင်ကြုတ်နေကြပြီး တချို့မှာ အတွေးထဲ နစ်မြောနေကြသည်။

"ဖန်မုရဲ့ရွေးချယ်မှုက.....စိတ်ဝင်စားစရာပဲ.....ဒါမဲ့ အဲ့လိုဟာမျိုး သူလုပ်နိုင်မှာ မဟုတ်ဘူး"

"ဒါပေမယ့်လည်း အဲ့ဒီလိုဆေးဝါးတာအိုအတွေးမျိုးက တကယ်ချီးကျူးစရာပဲ။ လူငယ်ဆန်တဲ့ အပျော်အပြက်အတွေးတချို့ပါပေမယ့်် သူရဲ့ဆေးဝါးတာအိုအသိအရ သေချာပေါက် အောင်မြင်မှာမဟုတ်ဘူး။ ငါတော့ ရီဖေးမုကို ပိုသဘောကျတယ်။ အဲ့ကလေးရဲ့ ဆေးဝါးတာအိုမှာ ဇွဲလုံ့လတွေပါတယ်။ ဇွဲဆိုတာ ကျုပ်တို့ ဆေးဝါးပညာရှင်တွေ အတွက် အခရာပဲ"

ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များသည် အဖြစ်အပျက်များအား စောင့်ကြည့်ရင်း ဆွေးနွေးနေကြသည်။

အန်းဇဲ့ဟိုင်တစ်ယောက်သာ တစ်ခဏ မှင်သက်သွားပြီး စူးရှတောက်ပသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများ၌ ပြည့်နှက်သွားသည်။ "သူ ဖော်စပ်ချင်နေတာက..." အန်းဇဲ့ဟိုင်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ သူ၏သဘောထားက အခြားသူများနှင့် မတူပေ။ သူသည် စဥ်းစားမနေဘဲ သူ့ဆရာ ဆေးလုံးမိစ္ဆာကို လှမ်းကြည့်လိုက်သည်။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာမှာ တင်ပျဥ်ခွေလျက် ထိုင်နေလေသည်။ ထူးဆန်းသောအလင်းတစ်ခု သူ၏မျက်လုံးများ၌ ဖြတ်ပြေးသွားပြီးနောက် ပျောက်ကွယ်သွားသည်။

သုံးရက်ကြာသွားလေပြီ။ ချူယွီယန် သူမ၏ ပထမဆုံးဆေးလုံး ဖော်စပ်ပြီးသွား၏။ ၄င်းပေါ်လာသောအခါ လှေကားထစ် ၁၁၁၁ထစ် သူမအရှေ့တွင် ပေါ်လာသည်။

အထစ်တစ်ထောင်ကျော် ပေါ်လာခြင်းက တောင်ထိပ်ပေါ်ရှိ လူအုပ်ကြီးအကြား၌ စကားသံများ ပွက်ပွက်ညံသွားစေသည်။

ခဏကြာသော် ရီဖေးမုလည်း ဆေးလုံးတစ်လုံးထုတ်၏။ ၄င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျောက်လှေကားထစ် ၂၀၀၀ လည်း ပေါ်လာသည်။ ဤအခြင်းအရာက စောင့်ကြည့်နေသော ဆေးဝါးပညာရှင်များကို တအံ့တသြ ထရပ်မိလိုက်စေသည်။

ပို၍ပင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေသည်က ရီဖေးမုမှာ ဆေးလုံးကို မျက်မှောင်ကြုတ် ကြည့်ပြီး လက်ချောင်းကြား၌ ချေပစ်လိုက်ခြင်းကြောင့်ပင်။ ချက်ချင်းပင် လှေကားထစ် ၂၀၀၀ ပျောက်ကွယ်သွားသည်။

ကြည့်ရသရွေ့ လှေကားထစ် ၂၀၀၀က....သူ့ကို မကျေနပ်စေပုံရသည်။

ချူယွီယန်၊ ရီဖေးမုနှင့် မန်ဟိုအပြင် အခြားနှစ်ယောက်လည်း ဆေးလုံးများ ဖော်စပ်နေသည်။ အားလုံးသည် ဆေးဖော်ရာ၌ ရွေးချယ်မှုအသီးအသီး ပြုလုပ်ခဲ့ကြပြီး ချူယွီယန်နှင့် ရီဖေးမုဖြင့် ယှဥ်လျှင် သေးသိမ်သွားကြ၏။ တစ်ယောက်ချင်းစီက လှေကားထစ် ၇၀၀ စီထုတ်ပေးသော ဆေးလုံးသုံးလုံး အသီးသီး ဖော်စပ်ကြသည်။

သို့သော် သူတို့မှာ ဆေးလုံးများအား မချေပစ်ရဲပေ။ ဆေးလုံး မည်မျှရှိပါစေ၊ ၄င်းတို့တို့သည် လှေကားထစ်အားလုံး ပေါ်လာစေနိုင်သည်မဟုတ်လော။

နောက်ကျကျန်ခဲ့သော ဆေးဝါးပညာရှင်များမှာမူ တဖြေးဖြေး ပေါ်လာကြသည်။ ဒုတိယစမ်းသပ်မှု၏ အခက်အခဲကို ရင်ဆိုင်ပြီးနောက် သူတို့သည် ဆေးလုံးများစတင် မဖော်စပ်ခင် အလေးအနက် ထိုင်စဥ်းစားနေကြ၏။

မှန်ပါသည်၊ ဘယ်သူကမှ ချူယွီယန်နှင့် ရီဖေးမုကဲ့သို့ လက်ဖျားခါဖွယ် ရလဒ်များကို မထုတ်နိုင်ပေ။ သူတို့က လွယ်ကူသောလမ်းကြောင်းကိုသာ ရွေးချယ်ကြ၏။ ဤသည်က မှားတော့မမှားသော်လည်း သူတို့၏ ကိုယ်ပိုင်ဆေးဝါးတာအို၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်၍မရပေ။

အမွေးတိုင်တစ်တိုင်ထွန်းစာ ကြာပြီးနောက် မန်ဟို ပထမဆုံးအရန်ဆေးလုံး ဖော်စပ်ပြီးသွား၏။

ပန်းပွင့်ကိုးပွင့်အနက်မှ စိမ်းပြာရောင်ပန်းပွင့်ကို အသုံးပြုရင်း မန်ဟို ဖော်စပ်ခဲ့သော စိမ်းပြာရောင်ဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်။

ဆေးပေါင်းဖိုသည် ပုံရိပ်ယောင်ဖြစ်သလို၊ ပုလဲကိုးသွယ်ရတနာပင်လည်း ပုံရိပ်ယောင်ပင်။ ထို့ကြောင့် ဆေးလုံးမှာ လက်ထဲတွင်ကိုင်ပြီး ချေပစ်လို့ရသည်ကလွဲ၍ ပုံရိပ်ယောင် ဖြစ်သည်။

ဤသည်မှာ ကောင်းကင်နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်သော ပုံပန်းသွင်ပြင်များထဲက နတ္ထိမှ အတ္ထိဖန်တီးခြင်း မှော်ပညာတစ်ရပ်ပင်။

မန်ဟိုက သူ့လက်ထဲရှိ စိမ်းပြာရောင်ဆေးလုံးကို ကြည့်ပြီး ခေါင်းထောင်လိုက်သည်။ အထက်တွင် တောင်တက်လမ်းသည် တဝီးဝီးမြည်လာ၏။ ထို့နောက် ပေါ်လာသည်ကား..... လှေကားတစ်ထစ်။

တစ်ထစ်တည်း။

မန်ဟို့မျက်နှာမှာ တစ်ချက်လေးပင် ပျက်မသွားပေ။ ဤသို့ဖြစ်လိမ့်မည်ဟု အစောကတည်းက သူခန့်မှန်းပြီးသား ဖြစ်သည်။ သူသည် ပုလဲကိုးသွယ်ရတနာပင်၏ ကြက်သွေးရောင်ပန်းပွင့်ကို ပြန်ငုံ့ကြည့်ပြီး ၄င်းကိုဆွဲယူကာ စတင်ဖော်စပ်တော့သည်။

ဤအခြင်းအရာကို မြင်သော် တောင်ပေါ်ရှိ စောင့်ကြည့်နေသူများအကြား ချက်ချင်း ဆူညံ့သွားသည်။ မှန်ပါသည်၊ ခရမ်းရောင်ဆေးပေါင်းဖိုများ မပါဝင်သလို၊ အပြင်ဂိုဏ်းများမှ လက်ထောက်ခေါင်းဆောင်ကြီးအဆင့် ကျင့်ကြံသူများလည်း မပါပေ။ သူတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေကြသည် အာရုံစူးစိုက်မှု၊ အသက်အရွယ်နှင့် ဘဝအတွေ့အကြုံများအပေါ် အခြေခံ၍ ဤကဲ့သို့ ပညာရှင်များသည် သူတို့ ဘာတွေးနေသည်လဲ အလွယ်တကူ မထုတ်ပြတတ်ပေ။

သို့သေည် သူတို့နှင့်အတူပါလာသော ဂိုဏ်းသားများမှ ထိုအဆင့်သို့ မရောက်သေးပေ။  ဖြစ်ပျက်သွားသည့်အရာက ချက်ချင်းပင် အံသြရေရွတ်သံများ ပြည့်နှက်သွားစေသည်။

"ဆေးဝါးပညာရှင်ဖန်က လှေကားထစ်တစ်ထစ်ထဲ ဖန်တီးနိုင်တယ်...... ဒါက တော်တော့်ကို နည်းလွန်းတယ်လေ။ သူ တကယ်ပဲ ဆေးပေါင်းဖိုဘုရင် ဟုတ်ရဲ့လား"

"အနည်းဆုံး တခြားပြိုင်ပွဲဝင်တွေက လှေကားထစ်ရာဂဏန်းလောက် ထုတ်ခဲ့တာ။ ဆေးပေါင်းဖိုဘုရင်ရီဆို အများဆုံးပဲ။ ဒါတောင် နှစ်ထောင်ဆိုတဲ့ အတိုင်းအတာက သူ့ကို မကျေနပ်စေသေးဘူး။ ဒါမဲ့ ဖန်မုကတော့....နည်းနည်းလေးတောင် ရှက်ပုံမရဘူး"

"သူ့မှာ အထူးအစီအစဥ်တစ်ခုခု ရှိနေတာများလား....."

ထိုကဲ့သို့စကားသံများမှာ ရှောင်မရပေ။ မန်ဟို့၏ဆေးလုံးနှင့် ၄င်းထုတ်ပေးသည့် လှေကားထစ် တစ်ထစ်မှာ ချက်ချင်း သဘောထားကွဲသွားစေတော့သည်။ လူတိုင်းသည် ဖြစ်ပျက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်ရသဖြင့် နှိုင်းယှဥ်မှုများပြုလုပ်ကြမည်မှာ သာမန်သာဖြစ်သည်။

ဟန်ပေ့ မျက်မှောင်ကြုတ်နေသည်။ ဖန်မု၏ဆေးဝါးတာအိုအသိမှာ ဤမျှကျဥ်းမြောင်းကြောင်း သူမ မယုံနိုင်ပေ။ ချင်းလော်ဂိုဏ်းတွင် သူနှင့် ဆုံတွေ့ပြီးနောက် သူမည်မျှဉာဏ်များလဲ သူမ သိသည့်အတွက် ယခု သူ လှည့်စားနေခြင်းဖြစ်မည်ဟု သူမယုံလေသည်။

ကျိုးကျဲ၏မျက်နှာအမူအရာကတော့ မည်သို့ဖြစ်နေပါစေ ပြောင်းလဲခြင်းမရှိ။ ဘယ်အရာကမှ သူ့ကို အံ့သြအောင် လုပ်နိုင်မည် မဟုတ်သည့်အလားပင်။

ဖက်တီးမှာ တိတ်တိတ်လေး လက်သီးဆုပ်ထားသည်။ ဖန်မုသည် မန်ဟိုဖြစ်ကြောင်း သူသိသဖြင့် ရင်ထဲတွင် အလွန်စိတ်ပူနေ၏။ အထူးသဖြင့် သူ့မှာ မန်ဟို့ဆီပြေးပြီး ဘာဖြစ်နေသည်လဲ သတိမပေးနိုင်သောကြောင့်ပင်။

လီရှိချီ၏မျက်ဝန်းလေးများက မျက်နှာပြင်ပေါ်ရှိ ဖန်မုကို ကြည့်ရင်း မဆိုစလောက် ရွှန်းလဲ့သွားသည်။ ထို့နောက် သူမက ရီဖေးမုကိုကြည့်ပြီး ဖြစ်ပျက်နေသည့်အရာအားလုံး၏ အဓိပ္ပါယ်ကို သေချာနားမလည်သည့်အလား မျက်မှောင်ကြုတ်သွားသည်။

မှန်ပါသည်၊ မန်ဟိုကတော့ သူ့ကြောင့်အပြင်လောကတွင် ဘယ်လောက် ပွက်လောရိုက်နေသည်လဲ မသိသည့်အပြင် စိတ်လည်းမဝင်စားပေ။ သူ့မှာ ဒုတိယဆေးလုံးဖော်စပ်ရာတွင် စိတ်ရောကိုယ်ပါနစ်မြုပ်နေ၏။ သူ၏ဟန်ပန်အမူအရာမှာ နောက်တစ်ဖန် ဒုတိယနယ်ပယ်ကနှင့် လုံးဝကွဲပြားသွားလေသည်။

သို့သော် သူ လေးလေးနက်နက် လုပ်လေလေ၊ အပြင်လူများအတွက် ရယ်စရာဖြစ်လေလေပင်။ ။

တစ်ရက်ကြာသော် ချူယွီယန် ဒုတိယဆေးလုံး ဖော်စပ်ပြီးသွားသည်။ ယခင်နည်းတူ လှေကားထစ် ၁၁၁၁ ထစ် ပေါ်လာ၏။ ရီဖေးမု၏ ဒုတိယမြောက် ဆေးလုံးလည်း ပြီးမြောက်သွားသည်။ ၄င်းပေါ်လာသောအခါ ကောင်းကင်နှင့်မြေကြီးအား တသိမ့်သိမ့်တုန်သွားစေသော ထစ်ချုန်းသံအကျယ်ကြီး ထွက်ပေါ်လာသည်။

"လှေကားထစ် ၄၀၀၀။ သူ....သူက ဆေးပေါင်းဖိုဘုရင်မဟုတ်ဘူး။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရာထူးက သူနဲ့ သေချာပေါက် ထိုက်တန်တယ်"

ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ရီယွင်တျန်းက ရယ်သည်။ သူသည် လေးလေးနက်နက်ချီးကျူးနေသော မျက်နှာထားဖြင့် ရီဖေးမုကို ကြည့်နေ၏။ အခြားခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များလည်း သူ့ကို ထိုနည်းတူ အသိအမှတ်ပြုကာ ကြည့်နေကြသည်။ သူတို့က ပြုံးပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။

ရီဖေးမု ဆေးလုံးကို ထပ်မံ၍ ချေပစ်လိုက်သည်ကို မြင်သောအခါ သူတို့၏ချီးကျူးမှုမှာ ပို၍ သိသာလာ၏။ လှေကားထစ် ၄၀၀၀ ပျောက်ကွယ်သွားသည်။

"ပြီးပြည့်စုံချင်တာက ရီဖေးမုရဲ့အားနည်းချက် ဖြစ်သလို အားသာချက်လည်းဖြစ်တယ်" ရီယွင်တျန်းက ပြုံးရင်း ပြောသည်။ "ဒီကလေးရဲ့ပြတ်သားမှုက အခြားသူတွေဆီမှာ မြင်ရခဲတဲ့အရာပဲ။ သူခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်လာတဲ့အခါ သူ့ရဲ့ဇွဲလုံလကို အသုံးချပြီး ကျုပ်တို့မရောက်တဲ့ နယ်ပယ်တွေဆီ လျှောက်လှမ်းနိုင်မယ်လို့ မျှော်လင့်တယ်"

သူတို့ ဆွေးနွေးနေကြစဥ် အန်းဇဲ့ဟိုင်ကား တိတ်ဆိတ်စွာ ထိုင်နေ၏။ သူသည် မန်ဟိုမှလွဲ၍ မည်သည့်ပြိုင်ပွဲဝင်ကိုမှ ကြည့်မနေပေ။ သူ့မျက်ဝန်းထဲရှိ အံ့သြတုန်လှုပ်မှုမှာ တဖြေးဖြေး ပြင်းထန်လာ၏။

ဖက်တီးက မန်ဟိုကို့ ပြသနေသော မျက်နှာပြင်အား ကြည့်ရင်း သက်ပြင်းခိုးချသည်။ "ဘယ်လိုမှ ယှဥ်လို့မရဘူး။ အာ မန်ဟိုရာ မင်း ဘယ်လိုလုပ် လူမဟုတ်တဲ့သူနဲ့မှ တည့်တည့်တိုးတာတုန်း။ ဒီရီဆိုတဲ့လူကို မင်း ဘယ်လိုလုပ် ယှဥ်နိုင်မလဲကွာ....."

ဆွေးနွေးသံများ ထွက်ပေါ်နေစဥ် မန်ဟိုအပါအဝင် ဇီတုန်တောင်ပေါ်ရှိ ပြိုင်ပွဲဝင်များသည် ဆေးလုံးများအား ဆက်လက်ဖော်နေကြသည်။ မန်ဟို့၏ဆေးလုံး ပြီးမြောက်သောအခါ ထစ်ချုန်းသံ မြည်ဟည်းသွားပြီး ဒုတိယမြောက်လှေကားထစ် ပေါ်လာသည်။ ဤအခြင်းအရာက အပြင်ဘက်ကမ္ဘာရှိ ကျင့်ကြံသူများအကြား၌ ခပ်အုပ်အုပ်ရယ်သံများ ချက်ချင်း ထွက်ပေါ်လာစေသည်။ သူတို့အတွက် လှေကားတစ်ထစ်သာ ပေါ်လာခြင်းက အတော်လေး ရယ်စရာကောင်းနေ၏။

မန်ဟိုကတော့ မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ တတိယအရန်ဆေးလုံးကို ဆက်ဖော်သည်။

အချိန်သည် နှေးကွေးစွာ ရွေ့လျားနေ၏။ မန်ဟို့ကား နောက်ဆုံးတွင် ဖြစ်သည်။  ဤတတိယနယ်ပယ်တွင် ချူယွီယန်သည် ပထမနေရာကို ထိန်းသိမ်းထား၏။ သူမသည် ဆေးလုံးရှစ်လုံး ဖော်စပ်ပြီးသွား၍ လောလောဆယ်တွင် ကိုးလုံးမြောက်ကို ဖန်တီးနေသည်။

သူမ၏အရှေ့ တောင်ပေါ်တွင် ကျောက်လှေကားထစ် ၈၈၈၈ ရှိ၏။ ၄င်းမှာ အံ့သြမှင်သက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်၍ အပြင်ဘက်ကမ္ဘာရှိ စောင့်ကြည့်သူများ သတိပြုရာဖြစ်နေလေပြီ။ ယခုတွင် သူမသည် ရီဖေးမု၏ပြိုင်ဘက် အဖြစ် ရှုမြင်ခံနေ၏။

ဤသည်မှာ အထူးသဖြင့် အရှေ့ဆေးဝါးအဖွဲ့ ဆေးဝါးပညာရှင်များ၏ အမြင်ဖြစ်သည်။ တော်တော်များများက ချူယွီယန်ကို လေးစားကြပြီး သူတို့ကြည့်ရှုနေကြစဥ် သူတို့၏မျက်လုံးများသည် စိတ်အားထက်သန်စွာ တောက်လောင်နေကြပြီး သူမ ကံကောင်းစေဖို့ ဆုတောင်းပေးနေကြသည်။

ရီဖေးမုနှင့် မန်ဟိုအပြင် အခြားပြိုင်ပွဲဝင်များအကြား၌ ဆေးလုံးသုံးဆယ်ဖော်စပ်ကာ စုစုပေါင်း လှေကားထစ် ၈၃၀၀ ကျော် ဖန်တီးထားသော အဘိုးကြီးတစ်ယောက်လည်း ရှိသည်။ ယခင်က သူ့ကို သိပ်အာရုံမစိုက်ကြသော်လည်း ယခုတွင် သူ့အကြောင်း ပြောနေကြလေပြီ။

သူသည် ဆေးလုံးအမြောက်အမြား ဖော်စပ်ခဲ့ပြီးသော်လည်း အားလုံးက သူ၏ဆေးဝါးတာအိုမှ အရင်းခံလေသည်။

အခြားသူများမှာမူ ၅၀၀၀ မှ ၇၀၀၀ကျော် ပေါ်လာကြပြီဖြစ်သည်။ မန်ဟို့တွင်သာ

.... ရှစ်ထစ်သာ ရှိ၏.....

သူ အရန်ဆေးလုံးတစ်လုံး ဖော်စပ်တိုင်း လှေကားထစ်တစ်ထစ်သာ ပေါ်လာခဲ့သည်။ သို့သော် နောက်ဆုံးနေရာတွင် မန်ဟိုမဟုတ်ဘဲ ရီဖေးမု ဖြစ်၏။

မှန်ပါသည်၊ ဘယ်သူမှ သူ နောက်ဆုံးဖြစ်လိမ့်မည်ဟု မယုံကြည်ပေ။ သူသည် လောလောဆယ်တွင် ကိုးကြိမ်မြောက် ဆေးလုံးဖော်စပ်နေသည်။ စောစောက ရှစ်လုံးမြောက်မှာ လှေကားထစ် ၉၃၀၀ ချက်ချင်း ထုတ်ပေးခဲ့၏။ ယင်းက အပြင်ဘက်ကမ္ဘာတွင် အုတ်အောင်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ အပြင်ဂိုဏ်းများမှ ခေါင်းဆောင်ကြီးတချို့၏ မျက်လုံးများထဲတွင် အံ့အားသင့်နေသော အရိပ်အယောင်များကို သိသိသာသာ မြင်နိုင်လေ၏။

တောင်ပေါ်ရှိ လူတိုင်းသည် သူတို့၏ ချီနှင့် စိတ်များအား တည်ငြိမ်အောင်လုပ်ရင်း တစတစ တိတ်ဆိတ်လာကြသည်။ သူတို့မှာ အရှေ့ရှိ မျက်နှာပြင်ရှစ်ခုပေါ်က လမ်းများကို ကြည့်နေကြသည်။ ယခုတွင် တတိယနယ်ပယ်စစ်ဆေးမှု၏ အမှန်တရားအခိုက်အတန့် ရောက်ရှိလာပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ ယခုကစပြီး အချိန်မရွေး နောက်နယ်ပယ်သို့ ဝင်ရောက်သွားမည့်လူများ ပေါ်ထွက်လာပေတော့မည်။

အမွှေးတိုင်နှစ်တိုင်ထွန်းစာကြာသော် ချူယွီယန်၏ ဆေးလုံး ပေါ်ပေါက်လာသည်။ ဤသည်မှာ သူမ၏ ကိုးလုံးမြောက်ဖြစ်၏။ ချက်ချင်းပင် လက်တစ်ဖက်အရွယ် အနက်ရောင်တိမ်တိုက်တစ်ခု သူမ၏ဆေးပေါင်းဖိုထက်တွင် ပေါ်လာသည်။ လျှပ်စီးများက ဆေးပေါင်းဖိုအပေါ်တွင် လှည့်ပတ်ရင်း တဝင်းဝင်းလက်နေ၏။ ဆေးပေါင်းဖိုမှ ထစ်ချုန်းသံတစ်သံ ထွက်လာပြီး ကိုးလုံးမြောက်ဆေးလုံး ပျံထွက်လာသည်။ ချူယွီယန်အရှေ့ရှိ လမ်းသည် ချက်ချင်း ဆန့်တန်းသွား၏။

၄င်းက လှေကားထစ် ၈၈၈၈ ထစ်မှ ၉၉၉၉ အထိ ရောက်သွားလေသည်။

လှေကားထစ်များ၏ ပကတိအကန့်အသတ်မှာ ၁၀၀၀၀ ဖြစ်၏။ ချူယွီယန်ကား မယုံနိုင်ဖွယ် လှေကားထစ် ပမာဏကို ဖန်တီးခဲ့လေသည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲတွင် ထိုကဲ့သို့ အောင်မြင်မှုရရှိခြင်းက သူမတွင်  ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်ရန် ထိုက်တန်သည့် ပြောင်မြောက်သော ပင်ကိုယ်စွမ်းရည်ရှိကြောင်း သက်သေပြလိုက်၏။

ချက်ချင်းပင် အပြင်ဘက်ကမ္ဘာမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားတော့သည်။

"ပြစ်ဒဏ်တိမ်တိုက်ပေါ်လာတယ်။ ဒါက ဖော်စပ်ရ အခက်ခဲဆုံး ဆေးလုံးတွေမှာပဲ ပေါ်လာတတ်တာ....ချူယွီယန်က သေချာပေါက် မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ တပည့်ရင်းဖြစ်ဖို့ ထိုက်တန်တယ်။ ဒါက သူ့မှာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်ဖို့ အရည်အချင်းရှိတယ်ဆိုတာ သက်သေပြလိုက်တာပဲ"

"လှေကား ၉၉၉၉ ထစ်။ ချူယွီယန်ရဲ့ ဆေးဝါးတာအိုအသိက အံမခန်းလိလိပါပဲ"

ဆေးဝါးကျွမ်းကျင်ပညာရှင်များ၊ ဆေးပေါင်းဖိုဘုရင်များ၊ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များ၊ ဂိုဏ်းခေါင်းဆောင်ကြီးများအပါအဝင် မျက်လုံးအားလုံးကား သူမအပေါ် ကျရောက်နေလေသည်။

***

All Chapters