အစွမ်းအထက်ဆုံးသော
Vol. 21 Ch. 286
ချူယွီယန်က အသက်ပြင်းပြင်းရှူသွင်းရင်း သူမကိုယ်တိုင် ဖန်တီးခဲ့သည့် လှေကားထစ်များအပေါ် တန်းတန်းမတ်မတ် လျှောက်သွားသည်။
အခြားသူများမှာ ဆေးဖော်စပ်နေဆဲဖြစ်သည်။ စောစောက ဒုတိယနေရာတွင် ရှိခဲ့သော အဘိုးကြီးသည် ယခုတွင် လှေကားထစ် ၉၀၀၀ကျော် ဖန်တီးနိုင်ခဲ့လေပြီ။ မမြင်နိုင်သော အခြေအနေတစ်ခုခုသာ မပေါ်ပေါက်လျှင် သူသည် တတိယနယ်ပယ်ကို ဒုတိယမြောက်ကျော်ဖြတ်နိုင်သူ ဖြစ်လိမ့်မည်။
သို့သော် ထိုစဥ်မှာပင်....
မိုးခြိမ်းသံကြီးကား ကောင်းကင်နယ်မြေ၏ကမ္ဘာထဲတွင် ဂျိန်းခနဲ မြည်ဟည်းသွား၏။ မိုးခြိမ်းသံကြီးနှင့်အတူ အချင်း မီတာ သုံးရာရှိသော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တစ်ခု ရီဖေးမု၏ ဆေးပေါင်းဖိုအထက်တွင် ပေါ်လာသည်။ ထိုတိမ်တိုက်သည် လေလယ်တွင် တလိပ်လိပ်ထနေပြီး မိုးထစ်ချုန်းသံများ တဂျိန်းဂျိန်း ပဲ့တင်ထပ်နေသည်။ ၄င်းမှာ ယခုလေးတင် ဖော်စပ်ခံလိုက်ရသည့် ဆေးလုံးကို ဖျက်စီးချင်နေပုံရ၏။
မိုးခြိမ်းသံသည် ကောင်းကင်နယ်မြေအတွင်းသာ တည်ရှိ၏။ အပြင်ဘက်တုန်းလိုင်တောင်တွင်တော့ နေသာပြီး လေတဖြူးဖြူး တိုက်နေလေသည်။ လူတိုင်းမှာ ရီဖေးမု၏ မျက်နှာပြင်နှင့် ကောင်းကင်နယ်မြေအတွင်းရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်ကို အနီးကပ်စောင့်ကြည့်နေကြသည်။
ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ရီယွင်တျန်းက မျက်လုံးများ၌ အလွန်ချီးကျူးအားရနေမှုများ ပြည့်နေလျက် ပြောသည်။ "ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်၊ ဖေးမု ဖော်စပ်လိုက်တဲ့ ဆေးလုံးက ဆေးလုံးပြစ်ဒဏ်ကို ရန်စလိုက်တဲ့ပုံပဲ"
ပြစ်ဒဏ်မိုးကြိုးတိမ်တိုက် အောက်သို့ ပစ်ချတော့မည့်အချိန် ဆေးလုံးမိစ္ဆာက လက်မြှောက်ပြီး မျက်နှာပြင်ထံ ဝှေ့ရမ်းလိုက်သည်။ ချက်ချင်းပင် ရီဖေးမု၏ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက် တုန်ရီသွားပြီး ပြိုကွဲလာသည်။ အတွင်းရှိ မိုးကြိုးမှာလည်း လွင့်စင်ပျောက်ကွယ်သွား၏။
ထိုအခိုက်အတန့်မှာပင် ရီဖေးမု၏ ဆေးပေါင်းဖိုမှ ဘန်းခနဲ ပေါက်ကွဲပြီး ဆေးလုံးတစ်လုံး ထွက်လာသည်။ ၄င်းသည် ပုလဲကိုးသွယ်ရတနာပင်၏ ပန်းပွင့်များမှ အရောင် ကိုးရောင်လုံး ပါရှိသော ကိုးရောင်ခြယ်ဆေးလုံးတစ်လုံး ဖြစ်သည်။ သို့သော် ထိုဆေးလုံးမှာ ၄င်းတို့ ဆေးအစွမ်းသတ္တိများကို အသုံးပြု၍ ဆယ်ခုမြောက် ဆေးအစွမ်းသတ္တိကိုလည်း ထုတ်လုပ်ပေး၏။
ဆေးလုံးပေါ်လာသည်နှင့် တစ်ပြိုင်နက် ရီဖေးမုအရှေ့တွင် လှေကားထစ်များ ဝုန်းခနဲ ပေါ်လာသည်။ တစ်ရာ၊ တစ်ထောင်..... စုစုပေါင်း တစ်သောင်းအထိ။
ချူယွီယန်မှာ သူမ၏လှေကား ပြည့်စုံအောင် အထစ်များ ထပ်မံ ဖန်တီးခဲ့ရမည်ဖြစ်သည်။
မျက်စိတစ်မှိတ်ထဲနှင့် ရီဖေးမုကား နောက်ဆုံးမှ ပထမဆုံးသို့ ခုန်တက်သွားလေပြီ။
သူက အင်္ကျီလက်စကို ခါလိုက်ရာ ဆေးပေါင်းဖို ပျောက်သွားသည်။ သူ လှေကားထစ်များအပေါ် တက်လှမ်းသွားစဥ် သူသည် ချက်ချင်းပင် အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာလေသည်။
"ဆေးဝါးတာအိုရဲ့ ရွေးချယ်ခံတစ်ယောက် .... လှေကားထစ် တစ်သောင်း"
"သူကလွဲပြီး ဘယ်သူက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်နိုင်တော့မလဲ...."
"ကြည့်ရတာ သူက တကယ်ပဲ..... မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်လောက်တယ်"
ဤအခိုက်အတန့်မှာပင် မန်ဟို့၏ ကိုးလုံးမြောက်ဆေးလုံးပေါ်လာပြီး သူ့လမ်းတွင် နောက်တစ်ထစ် ထည့်ပေါင်းပေးလိုက်၏။ ယခုတွင် ကိုးထစ် ရှိလေပြီ။ တစ်သောင်းနှင့်ယှဥ်လျှင် ကိုးထစ်ဆိုသည်မှာ ဖော်ပြရန်ပင် သေးနုပ်လွန်းလှ၏။
မန်ဟို၏မျက်နှာအမူအရာကတော့ ယခင်အတိုင်းသာ။ အပြင်တွင် ဘာဖြစ်နေသည်လဲ သူမသိပေ။ ချူယွီယန်နှင့် ရီဖေးမုတို့ကြောင့် မည်မျှပွက်လောရိုက်နေသည်ကိုလည်း သူမသိ။ သူသည် ယခင်အတိုင်း စိတ်အားထက်ထက်သန်သန်ဖြင့် အရန်ဆေးလုံးကိုးလုံးစလုံး ယူကာ ဆေးပေါင်းဖိုထဲ ထည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်ဝန်းများ၌ ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေလျက်..... သူ၏ ကိုယ်ပိုင်ဆေးဝါးတာအိုနှင့် ကိုက်ညီသော ဆေးလုံးတစ်လုံး စတင်ဖော်စပ်တော့သည်။ သူ့အသိနှင့် တစ်ထပ်တည်းကျသော ဆေးလုံး၊ သဘာဝ၏ရိုးရှင်းမှုကို ဖော်ပြမည့် ဆေးလုံး ဖြစ်မည်။
ဆေးလုံးများ ဆေးပေါင်းဖိုထဲ ရောက်သွားသည်နှင့် မန်ဟို၏မျက်လုံးများ တဖြေးဖြေး မှိတ်သွားသည်။ သူက လက်နှစ်ဖက်အား လေထဲသို့ တွန်းထုတ်ရင်း ဆေးစဖော်တော့သည်။
မျက်နှာပြင်ပေါ်ရှိ မန်ဟို့၏လုပ်ဆောင်ချက်များမှာ ရီဖေးမုကြောင့်ဖြစ်လာသည့် အံ့မခန်းလိလိ မြင်ကွင်းကြီး၏ ကျေးဇူးကြောင့် သိပ်သတိပြုမခံရပေ။ ဖက်တီး၊ ဟန်ပေ့နှင့် အန်းဇဲ့ဟိုင်သာ သတိထားမိပုံရသည်။
ရီဖေးမုသည် ရွေးချယ်ခံတစ်ယောက်ကဲ့သို့ လှေကားထစ်များ အတိုင်း တဖြေးဖြေး တက်သွားသည်။ တုန်းလိုင်တောင်ထိပ်တွင် သူ၏မျက်နှာပြင်မှာ တစ်ခုတည်းသောအာရုံစိုက်ရာ ဖြစ်နေ၏။ သူ့ကို နည်းနည်းယှဥ်နိုင်သူဟူ၍ ချူယွီယန်တစ်ယောက်သာ ရှိသည်။
အခြားသူများမှာတော့ အဝေးကြီးနောက်ကျကျန်ခဲ့လေပြီ။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် စောစောက ဒုတိယနေရာ၌ ရှိခဲ့သော အဘိုးကြီး ဆေးလုံးလုံလုံလောက်လောက် ဖော်စပ်ပြီးသွား၍ လှေကားထစ် ၉၉၃၇ထစ် ပေါ်လာသည်။ သူ့အရှေ့ရှိ ဆေးပေါင်းဖို ပေါက်ကွဲသွားပြီး ပုလဲကိုးသွယ်ရတနာပင် ပျောက်ကွယ်သွားသည်။ ဤအခြင်းအရာက သူသည် သူ၏အထွတ်အထိပ်သို့ ရောက်သွားပြီဖြစ်ကြောင်း ညွှန်ပြနေ၏။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး လှေကားထစ်များအတိုင်း တက်သွားသည်။
သူပြီးနောက် အချိန်များ ဆက်လက်ကုန်လွန်လာသည်။ ကျန်ရှိသော ပြိုင်ပွဲဝင်များမှာ မဆုတ်မနစ်ကြိုးစားနေကြဆဲပင်။ ဤမီးလျှံစမ်းသပ်ပွဲတွင် ယှဥ်ပြိုင်ခွင့်ရကတည်းက သူတို့သည် သာမန်ဆေးဝါးပညာရှင်များမဟုတ်ကြောင်း သိသာ၏။ နှေးကောင်းနှေးနိုင်သော်လည်း အဖွဲ့ထဲရှိ အနည်းဆုံးပင်လျှင် ဆေးပေါင်းဖိုမပေါက်ကွဲခင် လှေကားထစ် ၉၆၀၀ ကျော် ဖန်တီးပြီး ရှေ့ဆက်သွားနိုင်လေသည်။
ကံဆိုးစွာပင် ဇီတုန်တောင် မီးလျှံစမ်းသပ်ပွဲ၌ လှေကားထစ်ရာဂဏန်းမျှ ကင်းမဲ့ခြင်းမှာ ကျရှုံးခြင်း၏ လက္ခဏာပင်။ လူတော်တော်များများမှာ သူတို့ဖန်တီးခဲ့သည့် လှေကားများအဆုံးသို့ ရောက်သော် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် မတတ်သာဘဲ အရှုံံးပေးလိုက်ရ၏။ သက်လတ်ပိုင်းလူတစ်ယောက်သာ ကံအားလျော်စွာ အောင်မြင်သွားသည်။
ယခုတွင် ရှစ်ယောက်အဖွဲ့၌ ငါးယောက်သာ ကျန်သည်။ လေးယောက်က ကျော်ဖြတ်ပြီးသွားလေပြီ။ မန်ဟိုတစ်ယောက်သာ ဆေးဖော်စပ်နေဆဲ ရှိသေးသည်။
ဖက်တီး၊ ဟန်ပေ့နှင့် အန်းဇဲ့ဟိုင်မှတစ်ပါး တခြားဘယ်သူမှ သူ့ကို နည်းနည်းလေးပင် အာရုံမစိုက်ပေ။ အားလုံးက ရီဖေးမုနှင့် ချူယွီယန်၏ မျက်နှာပြင်များကို ကြည့်နေကြသည်။
သို့သော်...... အမွှေးတိုင်တစ်ဝက်ထွန်းစာကြသော် ရုတ်တရက် မိုးထစ်ချုန်းသံသဲ့သဲ့ ပဲ့တင်ထပ်လာသည်။ ဤသည်က ချက်ချင်း အာရုံတစ်ချို့ ဆွဲဆောင်လိုက်၏။ ချက်ချင်းဆိုသလို မိုးခြိမ်းသံများ ထပ်မံကြားနိုင်ပြီး ဤတစ်ခေါက်က ပို၍ပြတ်သားသည်။ အားလုံးက ကြောင်တောင်တောင်နှင့် ဟိုဟိုသည်သည်ကြည့်ပြီး အသံ မည်သည့်မျက်နှာပြင်မှလာသည်ကို ရှာဖွေနေကြလေသည်။
နောက်ဆုံး သူတို့၏မျက်လုံးများ မန်ဟို့မျက်နှာပြင်အပေါ် ကျရောက်သောအခါ ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့်တုန်နေစေနိုင်သည်အထိ ကျယ်လောင်သော မိုးခြိမ်းသံကြီးက ကောင်းကင်နယ်မြေတစ်ခုလုံး ပဲ့တင်ထပ်ရင်း တတိယအကြိမ် မြည်ဟည်းလာသည်။ တစနှင့်တစ လူအများသည် ရီဖေးမုနှင့် ချူယွီယန်ထံမှ မန်ဟို့အပေါ် အကြည့်ရောက်လာသည်။
ချက်ချင်း သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
အကြောင်းမူ မန်ဟို၏ မျက်နှာထားမှာ အာရုံစိုက်နေသည့်ဟန်ရှိသော်လည်း သူ့အရှေ့က ဆေးပေါင်းဖိုအထက်တွင် အချင်းမီတာသုံးရာရှိသော အနက်ရောင်တိမ်တိုက်ကြီးတစ်ခု တလိပ်လိပ်ထလာခြင်းကြောင့်ပင်။ ၄င်းမှာ ရီဖေးမု၏ ဆေးပေါင်းဖိုအထက်တွင် ပေါ်လာသည့် တိမ်တိုက်နှင့် တစ်ထပ်တည်းဖြစ်သည်။
"ဖန်မု"
"သူလည်း အံဖွယ်ဆေးလုံးတစ်လုံး ဖော်စပ်နေတာများလား"
တအံ့တသြရေရွတ်သံများ တောင်ထိပ်တစ်လျှောက် ပျံ့နှံ့လာသည်။ အန်းဇဲ့ဟိုင်မှာ အသက်ရှူသံများ မြန်ဆန်နေပြီး သူ၏မျက်လုံးများကား တဖျပ်ဖျပ် လက်နေလေသည်။ သူ၏ပုံမှန်မဟုတ်သော အမူအရာမှာ အခြားခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များ၏ သတိထားမိစရာဖြစ်သွားသည်။
ရုတ်တရက် ယခင်သုံးခုထက် အများကြီးပို၍ ပြင်းထန်သော အံ့မခန်းလိလိ မိုးခြိမ်းသံကြီး အနည်းဆုံး ဆယ်ကြိမ် ထစ်ချုန်းသွားသည်။ မန်ဟို့၏ဆေးပေါင်းဖို တသိမ့်သိမ့်တုန်ရီသွား၏။ အပေါ်ထက်တွင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်မှာ မီတာသုံးရာမှသုံးထောင်အထိ လျင်မြန်စွာ ပြန့်ကားလာသည်။
ဤအခြင်းအရာက အပြင်ဘက်ကမ္ဘာရှိ လူတိုင်း၏ရင်ထဲတွင် အံသြတုန်လှုပ်မှုများ ပြည့်နှက်သွားစေသည်။ သို့သော် ငါးကြိမ်မြောက်၊ ခြောက်ကြိမ်မြောက်နှင့် ခုနစ်ကြိမ်မြောက် မိုးခြိမ်းသံကြီး မြည်ဟည်းလာ၏။
မိုးခြိမ်းသံကြီးက ကောင်းကင်နယ်မြေကို တသိမ့်သိမ့် တုန်ခါစေပြီး တစ်ခုခု၏ နှောင့်ယှက်ခံလိုက်ရသည့်အလား မျက်နှာပြင်များကို မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားစေသည်။ မြင်ကွင်းကြီးကြောင့် အပြင်ဘက်ကမ္ဘာရှိ ကျင့်ကြံသူများ၏စိတ်များ ချာချာလည်သွားသည်။
"ဘာ....ဘာ ဖြစ်နေတာလဲ"
"သူ ဘယ်လိုဆေးလုံးမျိုး ဖော်စပ်လို့ ဒီလိုဖြစ်နေတာလဲ။ ရီဖေးမုရဲ့ဆေးလုံးတောင် ဒီလောက်အံသြစရာကောင်းတဲ့ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်ကို မညှို့ငင်နိုင်ခဲ့ဘူး"
လူတိုင်းမှာ ဆူညံပွက်လောရိုက်နေတော့သည်။ သူတို့အတွက် မအံ့သြဘဲနေရန် မဖြစ်နိုင်ပေ။ ယခင်က သူတို့သည် ရီဖေးမုကြောင့် ဖြစ်ပေါ်လာသည့် မြင်ကွင်းမှာ မယုံနိုင်ဖွယ်ကောင်းသည်ဟု ယုံကြည်ခဲ့သော်လည်း ယခုတော့ မှင်သက်နေကြလေပြီ။ ဤသည်မှာ..... အမှန်တကယ် အံ့ဖွယ်ကောင်းလှ၏။
ကောင်းကင်နယ်မြေ၏ ကမ္ဘာတစ်ခုလုံးနီးပါး မိုးထစ်ချုန်းသွားသည်။ မိုးခြိမ်းသံကြီးမှာ ကောင်းကင်ထိတိုင် မြင့်တက်သွားသည်။ ယခုတွင် မန်ဟို့၏မျက်နှာပြင်သာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခြင်းမဟုတ်၊ မျက်နှာပြင်အားလုံး ဖြစ်နေလေပြီ။ ၄င်းတို့မှာ စုတ်ပြဲပျောက်ကွယ်တော့မည့်အလား ပြင်းပြင်းထန်ထန် တွန့်လိမ်ရှုံ့တွနေ၏။
ပို၍ပင် အံသြစရာကောင်းသည်မှာ ကျန်ပြိုင်ပွဲဝင်များအားလုံး သူတို့၏လမ်းအသီးသီးတွင် ရပ်လိုက်သည်ကို အပြင်ဘက် တောင်ပေါ်ရှိ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်ရသောကြောင့်ပင်။ သူတို့၏မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်လာသည်။
သိသာစွာပင် သူတို့အားလုံး မိုးခြိမ်းသံကို ကြားရပြီး ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို မြင်နေရ၏။ ဤအခြင်းအရာက လူတိုင်း၏ရင်ထဲတွင် အံသြခြင်းများ ပြည့်နှက်သွားစေသည်။ ရီဖေးမု၏ဆေးလုံးမှာ သေချာပေါက် အံဖွယ်ထူးကဲသောမြင်ကွင်းကို ဖြစ်ပွားစေခဲ့သည်။ သို့သော် သူ တစ်ယောက်သာ ၄င်းကို မြင်နိုင်လေသည်။ ပြိုင်ပွဲဝင်အားလုံးသည် ကောင်းကင်နယ်မြေအတွင်းက တောင်တစ်လုံးတည်းအပေါ်တွင် ဖြစ်၏။ သို့သော် လမ်းကြောင်းများမတူသဖြင့် အခြားသူများ မည်သည့်အရာလုပ်စေကာမူ သူတို့မြင်လည်းမမြင်နိုင်သလို၊ အာရုံလည်း မခံနိုင်ပေ။
သို့သော် ယခုတွင် အံ့မခန်းလိလိမြင်ကွင်းကြီး ဖြစ်ပျက်နေလေပြီ။ မန်ဟို့ဆေးလုံးကြောင့် ဖြစ်လာသည့် မြည်ဟည်းသံကြီးမှာ မည်သည့်အတားအဆီးကိုမဆို ချိုးဖျက်လိုက်သည့်အတွက် ပြိုင်ပွဲဝင်များအားလုံး ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို မြင်နိုင်သွားသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....."
"ဆေးပေါင်းဖိုဘုရင်ဖန်မု..... ဘာ...ဘာလုပ်နေတာလဲ....."
ဖက်တီးမှာ ပါးစပ်ကြီးအဟောင်းသားနှင့် ငေးကြည့်နေသည်။ ရုတ်တရက် သူ့မျက်လုံးများ၌ စိတ်လှုပ်ရှားနေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ခန္ဓာကိုယ် စတင်တုန်ရီလာသည်။ စိတ်ထဲတွင် သူ့မှာ မန်ဟို နာမည်ကြီးလာအောင် အော်ဟစ်နေလေ၏။ လောလောဆယ်တွင် သူ့မှာ မန်ဟို့ထက်ပင် စိတ်လှုပ်ရှားနေပုံရသည်။
ဟန်ပေ့၏မျက်ဝန်းလေးများ အရောင်လက်သွားသည်။ သူမ၏မျက်နှာအမူအရာလေးသည် လျင်မြန်စွာပင် ပုံမှန်အတိုင်းပြန်သွားသော်လည်း စိတ်ထဲတွင်တော့ ဤသည်မှာ ဖန်မုထံမှ သူမခန့်မှန်းထားသည့်အတိုင်း ဖြစ်ကြောင်း တွေးနေလေသည်။
အန်းဇဲ့ဟိုင်က မျက်လုံးများ အလွန်စူးရှသောအလင်းရောင်ဖြင့် တောက်ပနေလျက် တင်ပျဥ်ခွေထိုင်နေသည်။ အခြားခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အားလုံး ဖြစ်နေသောအရာအပေါ် ထူးထူးခြားခြား အာရုံစိုက်၍ မမှိတ်မသုန် စိုက်ကြည့်နေကြသည်။
ဤအခိုက်အတန့်တွင် ကိုးကြိမ်မြောက် မိုးခြိမ်းသံကြီး မြည်ဟည်းသွားသည်။
၄င်းပေါ်ပေါက်လာမှုက ကောင်းကင်နယ်မြေ၏ ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေသည်။ ဇီတုန်တောင်ထိပ်တွင် ချူယွီယန်၊ ရီဖေးမုနှင့် အခြားသူများအားလုံး တုန်ခါနေသည်ကို ခံစားလိုက်ရ၏။
သူတို့ ခေါင်းအထက်က ကောင်းကင်မှာ အဆုံးမရှိသော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များဖြင့် နေရာလပ်မကျန် ဖုံးနေလေပြီ။ ၄င်းတို့မှာ ကြီးမားထူထပ်ပြီး တစ်လွှာအပေါ်တစ်လွှာ ထပ်လျက်ရှိသည်။ ဂျိန်းခနဲ ထစ်ချုန်းသွားစဥ် မရေမတွက်နိုင်သော လျှပ်စီးတန်းများ တိမ်တိုက်များထဲ၌ တဝင်းဝင်းလက်လာသည်။ မြင်တွေ့နေရသည့် စွမ်းအားကြီးအား အံဖွယ်အတိပင်။
"ဘယ်သူ ဒါကိုလုပ်နေတာလဲ....." ချူယွီယန်မှာ မျက်နှာလေးဖြူဖျော့နေလျက် ရေရွတ်လိုက်သည်။ သူမမှာ သတိလွတ်သွားသည့်အလားပင်။ မည်သူ ဤအံ့မခန်းလိလိမြင်ကွင်းကြီးအား လှုံ့ဆော်ခဲ့သည်လဲ သူမ ဘယ်နည်းနှင့်မှ မမြင်နိုင်ပေ။ သူမခေါင်းထဲ၌ ပထမဆုံးပေါ်လာသူမှာ ရီဖေးမှုဖြစ်သည်။ သို့သော် အကြောင်းတစ်စုံတရာကြောင့် သူ၏ပုံရိပ်မှာ သူမကို စိတ်တိုစေသော လူတစ်ယောက်ဖြင့် ရုတ်တရက် အစားထိုးခံလိုက်ရသည်။
ရီဖေးမု၏မျက်နှာမှာ သွေးမရှိတော့ပေ။ သူ ကောင်းကင်ကို တိတ်ဆိတ်စွာ မော့ကြည့်နေစဥ် သူ၏မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းနေ၏။ မယုံကြည်နိုင်မှု၊ တွေဝေမှုနှင့် အခြားရှုပ်ထွေးနေသော အမူအရာမျိုးစုံ ဖြတ်ပြေးနေလေသည်။ သူ၏စိတ်မှာ ရုတ်တရက် ဗလာကျင်းသွားတော့သည်။
နောက်ဖြစ်ပျက်သွားသည့်အရာကား ပို၍ပင် အံ့သြစရာကောင်းသေးသည်။ ကိုးကြိမ်မြောက် မိုးခြိမ်းသံကြီး ထွက်ပေါ်လာစဥ် ဇီတုန်တောင်ပေါ်ရှိ ရီဖေးမု၊ ချူယွီယန်နှင့် အခြားသူများသာ အံ့သြသွားခြင်းမဟုတ်..... လုံးဝမထင်မှတ်သည်ကား ဤကိုးကြိမ်မြောက် မိုးခြိမ်းသံကြီးက အပြင်ဘက်ကမ္ဘာကိုပါ လွှမ်းမိုးသွားသောကြောင့်ပင်။ တုန်းလိုင်တောင်အထက်ရှိ ကောင်းကင်တွင် တလိပ်လိပ် ထနေသော အနက်ရောင်တိမ်တိုက်ကြီးများ ရုတ်တရက် ပေါ်လာ၏။ ၄င်းတို့ထဲတွင် လျှပ်စီးတန်းများ ကခုန်နေပြီး တဂျိန်းဂျိန်းထစ်ခြုန်းနေသံကို ကြားနိုင်သည်။
ဤသို့ဖြစ်ပျက်သောအခါ အန်းဇဲ့ဟိုင် ထရပ်လိုက်သည်။ သူ့အနားတစ်ဝိုက်၌ ထိုင်နေသော အခြားခရမ်းရောင်ဆေးပေါင်းဖိုများ၏ မျက်နှာများအပေါ်တွင်လည်း အံ့အားသင့်နေသောအမူအရာများ ရေးထိုးထားလေသည်။ ဆေးလုံးမိစ္ဆာက တခဏ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ညာလက်ကို မြှောက်၍ လက်ဖျောက်တီးလိုက်သည်။
ရီဖေးမု၏ မိုးကြိုးတိမ်တိုက် ပြိုကွဲစေရန် အသုံးပြုခဲ့သော သူ၏လှုပ်ရှားမှုသည် အပြင်ဘက်ကမ္ဘာရှိ မိုးကြိုးတိမ်တိုက်ကို ဖယ်ရှားရန် လုံလောက်၏။ သို့သော် ကောင်းကင်နယ်မြေအတွင်းရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်မှာ ရှိနေသေးလေသည်။
မိုးကြိုးပစ်ချတော့မည်ကို တွေ့နေရသဖြင့် မန်ဟို့မှာ ချွေးသီးချွေးပေါက်များ ကျလာတော့သည်။ သို့သော် သူ၏မျက်လုံးများတွင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နေသည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် သူက ဟိန်းဟောက်ပြီး ဆေးပေါင်းဖိုထံသို့ လက်နှစ်ဖက် တွန်းထုတ်လိုက်သည်။
သူ ဤသို့လုပ်လိုက်သည်နှင့် လေထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ ဆေးပေါင်းဖို၏မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပျံ့နှံ့သွားသဖြင့် တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာလေသည်။ တခဏကြာသော် ၄င်းသည် ပေါက်ကွဲပြီး အရောင်မဲ့ဆေးလုံးတစ်လုံး ပျံထွက်လာသည်။ ရုတ်ခြည်း အပေါ်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်မှာ အလိုအလျောက် ကျုံ့လာ၏။ လူတစ်ကိုယ်မျှ ထူသော ဧရာမလျှပ်စီးတန်းကြီး ကျဆင်းလာပေတော့မည်။
ဆေးလုံးမိစ္ဆာ၏ မျက်လုံးများ လက်သွားပြီး သူက ပြောသည်။ "ပြိုကွဲစမ်း"
၄င်းက စကားတစ်ခွန်းသာ။ သို့သော် ကောင်းကင်နယ်မြေ၏ ကမ္ဘာတစ်ခုလုံးမှာ စည်းမျဥ်းတစ်ခု ထုတ်ပြန်ခံလိုက်သကဲ့သို့ ရုတ်တရက် တသိမ့်သိမ့် တုန်လာသည်။ ဤစည်းမျဥ်းမှာ အတွင်းရှိ အရာအားလုံးအပေါ် သက်ရောက်နိုင်ဟန်တူသည်။ ၄င်းက ကောင်းကင်ကို ပုံပျက်ရှုံ့တွသွားစေပြီး လျှပ်စီးတန်းကို ပြောင်းလဲကာ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်ကို လွှမ်းခြုံ၍......ရုတ်တရက် ပျောက်ကွယ်သွားစေသည်။ ကောင်းကင်မှာ ချက်ချင်း အစားထိုးခံလိုက်ရသည့်အလားပင်။
မန်ဟိုက လက်ကို ဆန့်ထုတ်ပြီး တစ်ပိုင်းတစ ထိုးဖောက်မြင်နေရသော ဆေးလုံးကို ဖမ်းဆုပ်လိုက်သည်။
အပြင်ဘက်ကမ္ဘာတွင် အပ်ကျသံပင်မကြားရအောင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ မျက်လုံးအားလုံးသည် မန်ဟို၏မျက်နှာပြင်နှင့် သူ၏ညာလက်အပေါ်မှ မခွာပေ။ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၊ ဆေးပေါင်းဖိုဘုရင်များ၊ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များ၊ လာရောက်ကြည့်ရှုကြသော ဂိုဏ်းများမှ ဂိုဏ်းသားများ နှင့် အနုသုခုမရုပ်ခန္ဓာအဆင့် ခေါင်းဆောင်ကြီးတစ်ပိုင်းများပင်လျှင် မမှိတ်မသုန် စိုက်ကြည့်နေကြသည်။
သူတို့သိချင်ကား ဤဆေးလုံးက အပြင်ဘက်ကမ္ဘာအထိပင် ရိုက်ခတ်စေခဲ့သည့် ဤမျှအံ့ဖွယ်ကောင်းသော မြင်ကွင်းကြီး ဖြစ်ပေါ်စေခဲ့လျှင်....
လှေကားထစ် ဘယ်နှထစ် ဖန်တီးနိုင်မည်နည်း။
***