← Chapters

နတ္ထိမှ အတ္ထိဖန်တီးခြင်း

Vol. 21 Ch. 287

နတ္ထိမှ အတ္ထိဖန်တီးခြင်း

Vol. 21 Ch. 287

အချိန်အနည်းငယ် ကြာသွားသည့်တိုင် ကျောက်လှေကားထစ်ကား ၉ ထစ်သာ ရှိသေးသည်။ ပိုလည်း ပိုမလာသလို၊ လျော့သွားခြင်းလည်း မရှိ။

သို့ရာတွင် ဘယ်သူမှ မဝေဖန်ပေ။ အဘယ်ကြောင့်ဆိုသော်....  မန်ဟို လက်ကိုဖွင့်လိုက်သည့်အခါ သူ့လက်ထဲရှိ ထိုးဖောက်မြင်ရသော ဆေးလုံးသည် အပေါ်သို့ ပျံတက်လာ၍ပင်။ ထို့နောက် .... ၄င်းသည် ကိုးရောင်ခြယ်အလင်းဖြင့် ဖြာထွက်လာ၏။ ဆေးလုံးက ပုလဲကိုးသွယ်ရတနာပင်သဏ္ဍာန် တဖြေးဖြေး ပြောင်းလဲလာသည်။

အပင်သည် ရွှန်းလဲ့တောက်ပနေပြီး အသက်ဝင်နေသည့်အလားပင်။ ၄င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏အာရုံစိုက်ရာ ဖြစ်သွား၏။ အကြည့်များမှာ အတောမသတ်နိုင်သော အတွေးများဖြင့် ပြည့်နှက်နေသည်။ အံသြတုန်လှုပ်ခြင်းနှင့် မယုံနိုင်ခြင်းတို့မှာ လူတိုင်းအား ဘာမှမစဥ်းစားနိုင်တော့သည်အထိ ဖြစ်နေစေတော့သည်။

အန်းဇဲ့ဟိုင်၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "ဒါက ... နတ္ထိမှ အတ္ထိ ဖန်တီးခြင်းပဲ" သူ့မှာ အသက်ရှူသံများ မြန်ဆန်နေလျက် နောက်တစ်ကြိမ် ထရပ်လိုက်သည်။ စောစောက သူသည် ဤကဲ့သို့ ဖြစ်လောက်မည်ဟု ခန့်မှန်းထားပြီး ဖြစ်သော်လည်း မျက်စိဖြင့်တပ်အပ်မြင်ရခြင်းက သူ့ကို ချာချာလည်၍ စိတ်နှလုံးတုန်လှုပ်သွားစေသည်။

ပုံမှန်အားဖြင့် သူ့မှာ ထိုကဲ့သို့ က္ကန္ဒြေပျက်တတ်သူမျိုး မဟုတ်ပေ။ သူသည် ဆေးဝါးတာအိုကို မဆုတ်မနစ် လေ့လာလေ့လာလိုက်စားသော ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်သည်။ သူက ပျော်ရွှင်သည်ဖြစ်စေ၊ ဒေါသထွက်သည်ဖြစ်စေ သူ၏ခံစားချက်များအား ဘယ်တော့မှ ထုတ်ပြမည်မဟုတ်သော ပညာရှင်မျိုးဖြစ်၏။ သို့သော် ဤဖြစ်ရပ်တွင်တော့ သူ၏ခံစားချက်များက သူ့ကို အနိုင်ယူသွားလေပြီ။

"မြင့်မြတ်တဲ့ ဆေးဝါးတာအို။ သဘာဝရဲ့ရိုးရှင်းမှုကို ပြန်သွားခြင်း။ နတ္ထိကနေ အတ္ထိဖန်တီးခြင်း" အန်းဇဲ့ဟိုင်၏ အသံပဲ့တင်ထပ်နေစဥ် လူတိုင်းသည် မန်ဟို ပထမဆုံး လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်ကို မျက်နှာပြင်မှတစ်ဆင့် ကြည့်နေကြသည်။ သူသည် လှေကားထစ် ကိုးထစ်ကို တစ်ထစ်ချင်းတက်သွားပြီးနောက် လေဟာနယ်ထဲသို့ ခြေချလိုက်သည်။ ၄င်းကျဆင်းလာသည်နှင့် ဆယ်ထစ်မြောက် ပေါ်လာလေသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ခြေထောက်အောက်တွင် လှေကားထစ်များ ထွက်ပေါ်လာသည်။

အရေအတွက်ကား ကန့်သတ်ချက်ထက် ကျော်သွားခဲ့ပြီဖြစ်ရာ ဤသည်မှာ ရီဖေးမုထက် အဆများစွာ သာသော နယ်ပယ်တစ်ခု ဖြစ်လေသည်။ လူအများစုမှာ ထိုကဲ့သို့နယ်ပယ်တစ်ခုကို နားပင် နားမလည်ကြပေ။ သို့သော် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ဦးကတော့ နားလည်၏။

လင်ဟိုက်လုံက စိတ်နှလုံးတုန်ရီနေရင်း ဒုတိယမြောက် ထရပ်သူ ဖြစ်သည်။ သူက ပင့်သက်တစ်ချက် ရှိုက်ပြီး ပြောသည်။ "ဒါ.... ဒါ.... ဖန်မုက ဆေးလုံးတောင် မဟုတ်ဘူး ၊ အစေ့တစ်စေ့ ဖန်တီးလိုက်တာ။ ပုလဲကိုးသွယ်ရတနာပင်" ထိတ်လန့်တုန်လှုပ်မှုက သူ၏မျက်ဝန်းများတွင် ပြည့်နှက်နေသည်။ "မဖြစ်နိုင်ဘူး....  သူက ဆေးဝါးတာအိုအပေါ် အခြေခံထားတဲ့ ပုံရိပ်ယောင် သဏ္ဍာန်တစ်ခုကို ယူပြီး တကယ့် အစေ့အဖြစ် ဖော်စပ်လိုက်တာပဲ

" ဒီအစေ့ကို စိုက်ရင် နှစ်အနည်းငယ်အတွင်း ပုလဲကိုးသွယ်ရတနာပင် ပေါက်လာဖို့ ဖြစ်နိုင်ခြေရှိတယ်။ ဒါပေမဲ့ .... ဒါပေမဲ့....  သူသုံးထားတဲ့ ပါဝင်ပစ္စည်းတွေအားလုံး ပုံရိပ်ယောင်တွေ၊ အစစ်အမှန်မဟုတ်ဘူး။ ဒီနယ်ပယ်က.....  ဘာမှမရှိတာကနေ တစ်ခုခုဖြစ်အောင် ဖန်တီးတာပဲ"

အန်းဇဲ့ဟိုင်နှင့် လင်ဟိုက်လုံ စကားပြောပြီးနောက်တွင် တိတ်ဆိတ်မှု ကြီးစိုးသွားသည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်များမှာ ကျောက်ရုပ်ကြီးကဲ့သို့ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ဆေးပေါင်းဖိုဘုရင်များမှာ အသက်မနည်း ရှူနေရလေသည်။ စောစောက သူ့ကို ပြက်ရယ်ပြုခဲ့သူများအားလုံး ယခုတွင် မမြင်နိုင်သော ဧရာမလက်ဝါးကြီးဖြင့် ပါးရိုက်ခံလိုက်ရသည့်အလား ခံစားနေရတော့သည်။ ထိုလက်ဝါးက သူတို့၏စိတ်များကို ရှင်းသွားစေသည့်အပြင် တစ်ခါတည်း လည်ထွက်သွားစေ၏။

အသက်ရှိုက်စာ အနည်းငယ်ကြာသော် စကားသံများ ကြောက်စရာကောင်းလောက်အောင် ဆူညံလာတော့သည်။

" နတ္ထိမှ အတ္ထိ ဖန်တီးခြင်း။ ဖန်မုက တကယ်မရှိတဲ့ အရာတစ်ခုကို ယူပြီး စစ်မှန်တဲ့အရာတစ်ခု ပြုလုပ်ဖို့ အသုံးပြုနိုင်ခဲ့တာလား။ ဘယ်လို ဆေးဝါးတာအိုအသိက အဲ့တာကို ကိုယ်စားပြုတုန်း။ ဒါက...."

"ရီဖေးမုက အစွမ်းထက်ဆုံး မဟုတ်ဘူးလား။ ဒါမှမဟုတ် ဖန်မုက ပိုပြီးတော်တာလား...."

ဧည့်သည်အဖြစ် လာရောက်ကြသည့် ဂိုဏ်းများမှ ဂိုဏ်းသားများမှာ သူတို့အရှေ့၌ ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် မှင်သက်နေကြလေသည်။ အမှန်အတိုင်းပြောရလျှင် သူတို့မှာ မီးလျှံစမ်းသပ်ပွဲစကတည်းက အံသြပြီးရင်း အံ့သြနေခဲ့ရ၏။ သို့သော် ယခုအခိုက်အတန့်မှာ အံဖွယ်အကောင်းဆုံးပင်။

နတ္ထိမှ အတ္ထိဖန်တီးခြင်း။ ကောင်းကင်နယ်မြေတွင် ဆေးလုံးဖန်တီးခြင်း။ ဆေးဝါးဆိုင်ရာစည်းမျဥ်းများကို ပြောင်းလဲခြင်း။ ပုံရိပ်ယောင် ပုလဲကိုးသွယ်ရတနာပင်ကို စိုက်ပျိုးနိုင်သော အစေ့တစ်စေ့အဖြစ် အသွင်ပြောင်းခြင်း။ အရာအားလုံးက သူတို့၏စိတ်ထဲ၌ အံ့သြခြင်းလှိုင်းလုံးကြီးများ ရိုက်ခတ်နေစေသည်။

ယခုတွင် သူတို့မှာ ချူယွီယန်နှင့် ရီဖေးမုကို မေ့သွားကြလေပြီ။ မျက်လုံးအားလုံးသည် မန်ဟိုအပေါ်တွင်သာ ကော်နှင့်ကပ်ထားသကဲ့သို့ ကျရောက်နေ၏။

ဖက်တီးမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေသည်။ မန်ဟို့ကို ကြည့်နေသော ဟန်ပေ့၏မျက်ဝန်းလေးများမှာ ထူးဆန်းသောအလင်းရောင်ဖြင့် ရွှန်းလဲ့နေသည်။ လီရှိချီ၏အမူအရာမှာ ညှို့ငင်ခံထားရသကဲ့သို့ပင်။ ဆေးဝါးပညာရှင်ဖန်မုက ဤဆေးလုံးမျိုး ဖော်စပ်နိုင်လိမ့်မည်ဟု သူမကိုယ်တိုင်ပင် တစ်ခါမှ မတွေးခဲ့ဖူးပေ။

ချန်ဖေးသည် ဆေးဝါးပညာရပ်တွင် ဘယ်သောအခါကမှ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ သို့သော် သူ့မှာ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်နေပြီး ရင်ထဲတွင် ဖန်မုအပေါ် လေးစားမှုများ ပေါက်ဖွားလာသည်။

ချင်းလော်ဂိုဏ်းမှ ခေါင်းဆောင်ကြီးဇီလော်က ရယ်လိုက်သည်။ "ဒီနေ့ကစပြီး ဆေးဝါးပညာရှင်ဖန်မုရဲ့နာမည်ဟာ တောင်ပိုင်းဒေသမှာ မသိသူမရှိအောင်ကို ကျော်ကြားလာလိမ့်မယ်"

အခြားမျိုးနွယ်စုများမှ လက်ထောက်ခေါင်းဆောင်ကြီးများလည်း ရယ်ပြီး ယင်းအတိုင်းပြောကြသည်။ သူတို့၏စကားများ ရီယွင်တျန်း၏ နားထဲ ရောက်သောအခါ သူ၏မျက်နှာကြီး အရုပ်ဆိုးသွားပြီး သူ့ဆရာ ဆေးလုံးမိစ္ဆာကို အလိုလို လှမ်းကြည့်မိလိုက်၏။ ဆေးလုံးမိစ္ဆာ၏မျက်နှာမှာ အပြုံးအရယ်မရှိသည့်အတွက် ရီယွင်တျန်း စိတ်သက်သာရာရသွားတော့သည်။

သူက အခြား ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များဘက် လှည့်ပြီး ပြောသည်။ "ဆရာ တရားဝင် မရွေးချယ်သေးသရွေ့ လူတိုင်းမှာ အခွင့်အရေးရှိတယ်။ ဖန်မုက ဆေးဖော်တာမှာ ပြိုင်ဘက်ကင်းကောင်းကင်းလိမ့်မယ်။ ဒါမဲ့ ..... အားလုံးထည့်စဥ်းစားရင် ဖေးမုက နောက်ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်လာဖို့ ဦးဆောင်နေသေးတယ်" သူက သူနှင့်ရင်းနှီးသည့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တချို့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ ထို့နောက်မှ သူ့မှာ နည်းနည်းစိတ်အေးသွားပြီး မန်ဟို့၏မျက်နှာပြင်ကို ပုံမှန်အတိုင်း ပြန်ကြည့်လိုက်သည်။ သို့သော် သူ့ရင်ထဲတွင်တော့ အေးစက်စက် ရယ်နေ၏။

မန်ဟိုကတော့ အပြင်ဘက်ကမ္ဘာတွင် ဖြစ်နေသည်များအား ဘာဆိုဘာမှ မသိပေ။ သို့သော် သူသည် ဆေးစတင်ဖော်စပ်ခဲ့သည့် အခိုက်အတန့်ကတည်းက အုတ်အော်သောင်းနင်း ဖြစ်စေရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။ ယခုလောလောဆယ်တွင် သူသည် တောင်တက်လမ်းအတိုင်း လျှောက်နေသည်။ သူ့အရှေ့တွင် လေဟာနယ်သာ ရှိသော်လည်း သူ ခြေလှမ်းလှမ်းတိုင်း လှေကားထစ်များ ပေါ်လာမည်ဖြစ်သည်။

အချိန်များ ကုန်လွန်သွား၏။ မန်ဟို တတိယနယ်ပယ်၏ နောက်ဆုံး လှေကားထစ်အပေါ် ခြေချသည့်အချိန်အထိ အပြင်ကမ္ဘာတွင် စကားသံများ ဆူညံနေဆဲပင်။ သူ့မှာ လှေကားထစ် မည်မျှနင်းခဲ့ရသည်လဲ သေချာမသိပေ။ စဥ်းစားကြည့်လျှင် တစ်ထောင်ထက် ကျော်ကောင်းကျော်လောက်သည်။

အရေအတွက်အား မန်ဟို ဂရုမစိုက်ပေ။ ၄င်းက အရေးမကြီးသည် မဟုတ်လော။

"အဲ့တာ ဘယ်သူဖြစ်မလဲ....." ချူယွီယန်မှာ အသက်ရှူသံများ မြန်ဆန်နေလေသည်။ စောစောက မည်သူ့ကြောင့် ကြောက်မက်ဖွယ် မြင်ကွင်းကြီး ဖြစ်ပွားခဲ့သည်လဲ သူမ ယခုထက်ထိ မသိပေ။ မည်သူဖြစ်စေ ထိုလူမှာ သူမနှင့် မတူညီသောလမ်းကြောင်းပေါ်တွင် ဖြစ်သည်။ သူတို့ တောင်ထိပ်မရောက်မချင်း ဘာကိုမှ မြင်ရဦးမည်မဟုတ်ပေ။ အခုလောလောဆယ် သူမခေါင်းထဲရောက်လာသည့် ပထမဆုံးလူမှာ ရီဖေးမုသာ ဖြစ်သည်။

သို့သော် သူမ တွေဝေနေသေး၏။ ရုတ်တရက် မသေချာတော့ပြန်ပေ။ သူမရင်ထဲရှိ တစ်စုံတခုက ၄င်းမှာ ရီဖေးမု မဟုတ်လောက်ကြောင်း ပြောနေသည်။ သို့ထိတိုင် သူမအမြင်အရ ရီဖေးမုကလွဲ၍၊ သူမအပါအဝင် မည်သည့်ပြိုင်ပွဲဝင်ကမှ ထိုကဲ့သို့အရာမျိုး မလုပ်နိုင်လောက်ပေ။

သူမတွေးနေစဥ် သူမမျက်ဝန်းများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒ ပြည့်နှက်သွားသည်။ သူမက ချာခနဲ လှည့်ပြီး ဆက်တက်သွားသည်။

အားလုံးအထဲ စိတ်အရှုပ်ထွေးနေဆုံးမှာတော့ ရီဖေးမု မှလွဲ၍ တခြားမဟုတ်ပေ။ သူသည် အချိန်အကြာကြီး တွေးရင်း ကျောက်လှေကားထစ်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။

"ဘယ်သူလဲ။ ဘာဆေးလုံး ဖော်ခဲ့တာလဲ.... ငါက ထိပ်ဆုံး ဆေးလုံးတစ်လုံးပဲ ဖော်စပ်ခဲ့တာလေ။ ဆေးဝါးတာအိုနဲ့ပတ်သက်ရင် တခြားတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က ငါ့ထက်သာလိမ့်မယ်ဆိုတာ မယုံဘူး။ တတိယနယ်ပယ်မှာ ငါဆေးလုံးပမာဏအနည်းဆုံးနဲ့ လှေကားထစ်အများဆုံး သေချာပေါက် ဖန်တီးနိုင်ခဲ့တယ်။ ငါ တစ်လုံးပဲ ဖော်စပ်ခဲ့တာလေ။ ဒီလူ ဘယ်လိုမှ ငါ့ကို မကျော်နိုင်ဘူး" ရီဖေးမု၏ မာနက သူ့နှလုံးအား စူးအောင့်သွားစေသော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ "ငါ ပထမနေရာမှာပဲ ဖြစ်ရမယ်"

သူသည် မျက်လုံးများ တဖျပ်ဖျပ် လက်နေရင်း တတိယနယ်ပယ်၏အဆုံးသို့ အပြေးအလွှားတက်သွားတော့သည်။ အမှန်တွင် ဤမီးလျှံစမ်းသပ်ပွဲအတွက် ပြင်ဆင်ရာ၌ ခရမ်းရောင်ဆေးပေါင်းဖို ရီယွင်တျန်းသည် ဂိုဏ်းစည်းကမ်းချိုးဖောက်၍ သူ၏အတွေ့အကြုံများကို သူ့အား အသေးစိတ်ပြောပြခဲ့သည်။

ဥပမာဆိုရလျှင် တတိယနယ်ပယ်၏အဆုံး၌ မည်သူ ဖြတ်ကျော်နိုင်သွားသည်၊ မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည် နှင့် အင်မိုတယ်နယ်မြေမှ သူတို့ကို မည်သည့်အဆင့် သတ်မှတ်ပေးခဲ့သည်ကို ကြည့်နိုင်၏။

ရီဖေးမုသည် ခေါင်းမာမှုတို့ မျက်ဝန်းများထဲတွင် ပြည့်နှက်နေလျက် အပြေးအလွှား တက်သွားသည်။

ချူယွီယန် နှင့် ရီဖေးမုအပြင် အဘိုးကြီးနှင့် သက်လတ်ပိုင်းအရွယ်လူလည်း ရှိသည်။ သူတို့လည်း အပြေးအလွှားတက်နေကြ၏။

အချိန်များကုန်လွန်သွားသည်။ တတိယနယ်ပယ်၏ အဆုံးသို့ ပထမဆုံးရောက်ရှိသူမှာ ချူယွီယန်ဖြစ်သည်။ သူမက လှေကားထစ်အနည်းငယ် လိုအပ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကွာအဝေးကို ခုန်ကျော်လိုက်သည်။ ထို့နောက် သူမ တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမသည် အခုလေးတင် စတုတ္ထနယ်ပယ်၏အစဖြစ်သော ကျောက်ဆောင်ကြီးကို မြင်ခဲ့ရ၏။ သို့သော် သူမအမြင်အာရုံထဲ ပထမဆုံး ဝင်ရောက်လာသည်မှာ ဆေးလုံးဖော်စပ်ရန်အတွက် လိုအပ်ချက်များမဟုတ်ဘဲ ကျောက်ဆောင်အရှေ့တွင် မျောလွင့်နေသော တတိယနယ်ပယ်မှ အဆင့်များ ဖြစ်လေသည်။

တတိယနေရာတွင်ကား သူမနာမည် ချူယွီယန်။ ဘေး၌ နံပါတ် ၉၉၉၉ ဟု ရေးထားသည်။

သူမ ပင့်သက်ရှိုက်ပြီးနောက် ဒုတိယနေရာကို မော့ကြည့်လိုက်သည်။ ၄င်းမှာ ရီဖေးမုပင်။ နံပါတ်ကား ၁၀၀၀၀။

"တစ်သောင်း..... တကယ်ပဲ မဟာအကြီးအကဲဆေးဒယ်အိုးလို့ ခေါ်ခံရထိုက်ပါတယ်။ အထစ်တစ်သောင်းက တတိယနယ်ပယ်မှာ ပြီးပြည့်စုံတဲ့အရေအတွက်ပဲ။ ဒါပေမဲ့.... သူက ဘယ်လိုလုပ် ဒုတိယပဲရတာလဲ...." သူမက ရီဖေးမုနာမည်ကို ခဏ စိုက်ကြည့်ပြီးနောက် ရင်တဒိန်းဒိန်းခုန်လာလေသည်။ သူမအကြည့်သည် ပထမနေရာရောက်သည်အထိ တဖြေးဖြေး အပေါ်တက်သွား၏။ ရုတ်ခြည်း သူမရင်ထဲ၌ ဂျိန်းခနဲ ထစ်ခြုန်းသွားပြီး သူမမျက်ဝန်းလေးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

"ဘယ်လိုလုပ် သူဖြစ်နေတာလဲ..." သူမမှာ ရုတ်တရက် အီလည်လည်ကြီးဖြစ်သွား၏။  ကျောက်ဆောင်မှ ခရမ်းရောင်ချီအမြောက်အမြား စီးထွက်လာသော်လည်း သူမ သတိမထားမိပေ။ သူမ တတ်နိုင်သည်မှာ အဆင့်များကို စိုက်ကြည့်နေရုံသာ။

"ဖန်မု" ရီဖေးမှာ တစ်ကိုယ်လုံး တုန်ရီနေရင်း ရေရွတ်လိုက်သည်။ သူ၏မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး ထို့ထက်ပိုသည်က ရှက်ရွံ့သိမ်ငယ်စိတ်ပင်။ သူ့ကို အနိုင်ယူသွားသူက ချူယွီယန်ဖြစ်ခဲ့လျှင် သူ လက်ခံနိုင်သေးသည်။ သို့သော် ယင်းက သူ လုံးဝအထင်သေးခဲ့သော လူတစ်ယောက် ဖြစ်နေ၏။ ထိုမျှသာမက ထိုပုဂ္ဂိုလ်က သူ့ကို တတိယနယ်ပယ်တွင် ကျော်သွားခဲ့သည်။

သူ့အတွက်တော့ ဤသည်မှာ မျက်နှာမပြရဲလောက်အောင် အရှက်ကွဲမှုကြီးပင်။ အမှန်တွင် ဖန်မုမှာ ဆေးပေါင်းဖိုဘုရင်အဆင့် တိုးမြှင့်ခံခဲ့ရသည့် အခိုက်အတန့်မှစ၍ အခြားဆေးပေါင်းဖိုဘုရင်များ၏ မနှစ်မြို့ခြင်းခံခဲ့ရသည်။ အထူးသဖြင့် ရီဖေးမုပင်။ သူသည် ဖန်မု အဆင့်တက်သွားပုံနှင့်ပတ်သက်၍ အထင်မသေးမိဘဲ မနေပေ။

ထို့နောက်တွင် ရီဖေးမုတစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာပြီး ဒေါသထွက်လာသည်။ အကြောင်းရင်းမှာ ဖန်မုနာမည်ဘေး၌ ရေးထားသည့် ဂဏန်းများအား မြင်လိုက်သည့်အတွက်ကြောင့်ပင်။

"ဆယ်ထစ်.....ဆယ်ထစ်တဲ့လား.... ငါ ပြီးပြည့်စုံတဲ့ လှေကားထစ် တစ်သောင်းကို ဖန်တီးခဲ့တယ်။ မလောက်လေးစား ဆယ်ထစ်က ဘယ်လိုတောင် လာယှဥ်နေတာလဲ။ ဖန်မု ဘာဆေးလုံးကို ဖော်စပ်ခဲ့တာတုန်းကွာ" ရီဖေးမုသည် မီးလျှံစမ်းသပ်ပွဲ၏ မျှတမှုကို မေးခွန်းမထုတ်နိုင်သော်လည်း စိတ်ထဲတွင်တော့ လက်မခံနိုင် ဖြစ်နေသည်။

ယခုတွင် သူသည် ဆက်စပ်စဥ်းစားပြီးနောက် ဆေးလုံးပြစ်ဒဏ်မှာ မည်သူ့အတွက် လာခဲ့သည်လဲ သဘောပေါက်သွား၏။

ခရမ်းရောင်ချီများ ကျောက်ဆောင်မှ ထွက်လာသော်လည်း ရီဖေးမုမှာ အရူးတစ်ပိုင်းဖြစ်နေသည်။ သူ၏မျက်လုံးများမှာ အေးစက်သောအလင်းရောင်ဖြင့် ပြည့်နှက်နေသည်။

မန်ဟိုသည် စတုတ္ထနယ်ပယ် ကျောက်ဆောင် အရှေ့တွင် အဆင့်များကိုကြည့်ရင်း ရပ်နေ၏။ သူ၏ညာလက်က မြောက်တက်သွားကာ ပုံရိပ်ကို ပြိုကွဲသွားစေသည်။ အဆုံးစွန်ထိ သိပ်သည်းသော ခရမ်းရောင်ချီအမြောက်အမြား စီးထွက်လာသည်။ အပြင်ဘက်ကမ္ဘာမှ ကြည့်ရှုနေသူများအဖို့ အကန့်အသတ်မရှိသော ခရမ်းရောင်ချီ ပမာဏအရ ချူယွီယန်နှင့်ရီဖေးမုထက် မည်မျှသာသည်ကို အလွယ်တကူ မြင်နိုင်လေသည်။

နာရီပေါင်းများစွာကြာသော် စောင့်ကြည့်နေသူများအား ပို၍ပင် အထင်ကြီးသွားစေ၏။

မန်ဟို၏ အနက််ရောင်ဆေးပေါင်းဖိုသည် ခရမ်းရောင်ချီကို စုပ်ယူနေပြီး တဖြေးဖြေး အရောင်ပြောင်းလာသည်။ ယခုတွင် ၄င်းသည် မည်းနက်မနေတော့ဘဲ ခရမ်းရောင်သမ်းနေလေပြီ။ ပထမတစ်ချက်ကြည့်ပါက အမည်းလား၊ ခရမ်းလား ပြောရခက်သည်။ သို့သော် ဆေးပေါင်းဖိုမှာ ယခင်ကလောက် အကြမ်းပတမ်း ရုန်းကန်မနေတော့ပေ။

တစ်နာရီခန့်ကြာသော် ခရမ်းရောင်ချီများ ပျောက်ကွယ်သွားသည်။ ကျောက်ဆောင်ပေါ်၌ နောက်ဆုံးနယ်ပယ်အတွက် လိုအပ်ချက်များကို ဖော်ပြထားသော စာလုံးများ ပေါ်လာသည်။

တပည့်တစ်ယောက် ဖြစ်လာပါ။

ဤစကားလုံးများကို မြင်သည်နှင့် မန်ဟို့၏အမြင်အာရုံ ရုတ်တရက် ဝေးဝါးသွားသည်။ သူ့အရှေ့ကတောင်မှာ တောင်မဟုတ်တော့။ အပေါ်ထက်ရှိ ကောင်းကင်လည်း....ယခင်ကောင်းကင်မဟုတ်တော့။

***

All Chapters