မက်မွန်ပန်းလေး
Vol. 21 Ch. 288
တောင်တစ်တောင်လုံး ပျောက်ကွယ်သွားသည်။ ဟိုးအဝေးတွင် တောင်စဥ်တန်းတစ်ခုအား မြင်သည်ဆိုရုံလေးသာ မြင်နေရသည်။
ကောင်းကင်သည် ပြာလဲ့မနေတော့ဘဲ နေဝင်ရီတရောဖြစ်၍ မီးလျှံကဲ့သို့ ရဲရဲတောက်နေသည်။
အနောက်ဘက်ယွန်းယွန်းသို့ ငုပ်ကွယ်လျှိုးတော့မည့် နေလုံးကြီး၏ ပုစွန်ဆီရောင် လင်းရောင်ခြည်တို့က စီရင်စုအရွယ် မြို့ငယ်လေးအပေါ် ဖြာကျလျက်ရှိသည်။ မြို့ကို ဝိုင်းရံထားသည့် တံတိုင်းများ၏ ရှေးဆန်သော ပုံပန်းသွင်ပြင်အရ ၄င်းတို့တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း ထင်ရှားလေသည်။ ၄င်းတို့မှာ အချိန်၏တိုက်စားမှုကြောင့် အကွက်အပြောက်များဖြင့် ဖုံးနေသည်။
တံတိုင်းအထက်တွင် အစောင့်တချို့ ပျင်းရိပျင်းတွဲ လမ်းလျှောက်နေကြသည်။ ရံဖန်ရံခါ သူတို့၏ ခပ်သဲ့သဲ့ ရယ်သံမောသံ၊ စကားသံများက အောက်ရှိ ဆောင်ကြာမြိုင်ထဲသို့ ပျံ့လွင့်လာတတ်သည်။ မြို့ထဲသို့ မိန်းကလေး အသစ်တစ်ယောက် ရောက်လာ၍ သူတို့၏ရယ်သံများတွင် စိတ်ဝင်စားဖွယ်အလှလေးအကြောင်း ပါဝင်နေလေသည်။
မြင်းလှည်းများက မြို့ဝင်ပေါက်ကို ဖြတ်ရန် တန်းစီနေကြ၏။ လှည်းတိုင်း၏အပေါ်တွင် လှည်းမောင်းတစ်ယောက်စီ ထိုင်နေပြီး သူတို့က ကြာပွတ် တဝင့်ဝင့်နှင့် မြင်းများအား ဟိန်းဟောက်ရင်း မြို့တွင်းသို့ မောင်းဝင်သွားကြသည်။
နေလုံးကြီးက တောင်စွယ်တွင် ငုပ်လျှိုးနေပြီဖြစ်သော်လည်း နေရထိုင်ရခက်စေသော အပူလှိုင်းက မြေပြင်ကို စိုးမိုးခြယ်လှယ်ရင်း ကမ္ဘာကြီးကို မီးဖုတ်ချင်နေသည့် မီးဖိုအဖြစ် ပြောင်းသွားစေသည်။
လေလည်းမတိုက်၊ မိုးလည်းမရွာ။
ခြောက်သွေ့အိုက်စပ်သော နွေရာသီသာ ရှိသည်။
ဤမြို့မှာ သိပ်မကြီးပေ။ အလွန်ဆုံးရှိမှ စီရင်စုလေးတစ်စုလောက်သာ။ လမ်းပေါ်၌ ရံဖန်ရံခါ ရာသီဥတုကို ပြစ်တင်ဆဲဆိုရင်း ယပ်တောင် တဖျပ်ဖျပ် ခတ်လျက် လမ်းလျှောက်နေကြသော လူနှစ်ယောက်စ၊ သုံးယောက်စရှိ၏။
မြို့ထဲရှိ အစည်ကားဆုံးနေရာများမှာ အပူဒဏ်မှ အနည်းငယ်သက်သာနိုင်သော လက်ဖက်ရည်အေးတစ်ခွက် ရနိုင်သည့် လက်ဖက်ရည်ဆိုင်များဖြစ်သည်။ ယခုကဲ့သို့ ခြစ်ခြစ်တောက်ပူလှသော နွေညနေခင်းမျိုးတွင် ထိုနေရာ၌ မိတ်ဆွေအပေါင်းအသင်းများနှင့် အတင်းတုပ်ခြင်းကား မြို့သူမြို့သားများ၏ ထုံးစံပင်။
လက်ဖက်ရည်ဆိုင်များအပြင် လူချမ်းသာများအတွက် နေရာဖြစ်သော ဆောင်ကြာမြိုင်ရှိသည်။ ၄င်းရှေ့မှ ဖြတ်လျှောက်သွားသည့် ဘယ်ပုရိသမဆို သစ်သားပြတင်းကာကို မှီလျက် လှပကျော့ရှင်းစွာ ဝတ်စားထားသည့် မိန်းမငယ်လေးများကို မော့မကြည့်မိဘဲ မနေပေ။ ၄င်းမှာ မည်သည့်အမျိုးသားမဆိုကို ရမ္မက် ထကြွလာစေပြီး ရာသီဥတုက မည်မျှစိတ်ကုန်ဖွယ်ကောင်းကြောင်း တွေးမိသွားရန် လုံလောက်၏။
အမျိုးသားတစ်ယောက်၏ ဇနီးသည်ပါ သူနှင့်အတူ ဆောင်ကြာမြိုင်ကို ဖြတ်လျှောက်သည့်အခါ သူမ၏မျက်နှာသည် မနာလိုစွာ ရှုံ့မဲ့သွားတတ်ပြီး သူ့ကို ကပျာကယာ ဆွဲခေါ်သွားပေလိမ့်မည်။ စရိုက်ကြမ်းသည့် ဇနီးသည်တစ်ယောက်ဆိုလျှင်တော့ အပေါ်က မြူဆွယ်နေသောမိန်းကလေးများကို မော့ကြည့်ပြီး မိုးမွှန်အောင် ဆဲပေမည်။
ဆောင်ကြာမြိုင်ရှိ မိန်းကလေးများမှာ ပန်းပွင့်လေးများသဖွယ် နူးညံ့ပြီး ကျောက်စိမ်းသဖွယ် သန့်စင်လှသည်ဟု ဆိုကြလေသည်။ အထဲတွင် အခန်းများသည် ရေခဲတုံးများ၊ ယပ်ခတ်ပေးမည့် ချစ်စဖွယ်အစေခံလေးများဖြင့် ပြည့်နေသည်။ ဤအကြောင်းကြောင့် လူချမ်းသာဖောက်သည်များအနေဖြင့် အေးမြသောလေညင်းကို ခံစားရင်း ဇိမ်ခံနိုင်လေသည်။
ဆောင်ကြာမြိုင်မှာ စားကောင်းသောက်ဖွယ်များ၊ ဝိုင်များလည်း ပေါများ၏ ..... ယောက်ျားသားတိုင်း မိန်းကလေးအတွက်ဖြစ်စေ၊ အစားအသောက် သို့မဟုတ် ရေခဲတုံးများအတွက်ဖြစ်ဖြစ် ထိုနေရာသို့ သွားချင်ကြလေသည်။
"ကြည့်၊ ဒီနေရာက တကယ့်ကို အံ့မခန်းပဲ" မန်ဟိုက စိတ်အားတက်ကြွနေသောအသံဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း သူ့ဘေးရှိ ကလေးနှစ်ယောက်ကို ခပ်တိုးတိုးပြောသည်။ ကလေးနှစ်ယောက်လုံးမှာ သူ့နှင့်ရွယ်တူပတ်ဝန်းကျင် ၁၂ နှစ် ၁၃နှစ်လောက် ရှိသည်။ "မင်းတို့ကောင်တွေကကွာ ငါ့ညီအစ်ကို မပီသဘူး"
မန်ဟိုက သူတို့နှစ်ယောက် ပခုံးပေါ်လက်တင်လိုက်သည်။ တစ်ယောက်ပိန်ပိန်ပါးပါး၊ တစ်ယောက်က ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ စိတ်လှုပ်ရှားနေပုံရသော်လည်း တစ်ချိန်တည်းမှာပင် ရှက်ကျိုးရှက်ကန်း ဖြစ်နေ၏။
မန်ဟိုက အမွေ လွှဲပေးတော့မည့် ဂိုဏ်းချုပ်တစ်ယောက်သဖွယ် သူတို့ကို လေးလေးနက်နက်ကြည့်သည်။ "မနက်ဖြန်ကျရင် သခင်လေးကို သင်တန်းကျောင်းကို ပို့တော့မယ်။ ဒါကြောင့် အခုကစပြီး တုန်းလိုင်စီရင်စုရဲ့ နံပါတ်တစ် လူမိုက်ဘွဲ့ကို မင်းတို့နှစ်ယောက်ဆီ လွှဲပေးခဲ့မယ်။ သခင်လေးရဲ့ ဂုဏ်သတင်းထိခိုက်အောင် မလုပ်ဖို့တော့ မမေ့နဲ့"
အကယ်၍ ... အကယ်၍ သူတို့သာ တခြားအလေးအမြတ်ထားသောနေရာတွင် ဆိုပါက သူ့စကားလုံးများက သြဇာညောင်းကောင်း ညောင်းလိမ့်မယ်။ ကံမကောင်းစွာပင် သူတို့သုံးယောက်သားမှာ လောလောဆယ်၌ တံတိုင်းထိပ်တွင် ဝမ်းလျားမှောက်နေကြသည်။
တံတိုင်းအထဲရှိသည်ကတော့ ဆောင်ကြာမြိုင်ကလွဲ၍ တခြားမဟုတ်ပေ။ သူတို့ရောက်ရှိနေသည့် တံတိုင်းက ၄င်းကို ဝန်းရံထားသည်။ ဟိုးအတွင်းပိုင်းထဲတွင်တော့ ခြံဝင်းအရှေ့တစ်ပိုင်းလုံးပြည့်နေသည့် အဆောက်အအုံနှင့် ဆက်နေသော နှစ်ထပ်စံအိမ်တစ်လုံး ရှိသည်။ တံတိုင်းပေါ်က သူတို့၏နေရာမှနေ၍ ဒုတိယအထပ် ပြတင်းပေါက်များထဲရှိ ယောက်ျား၊မိန်းမများ၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ စကားသံများ၊ရယ်သံများ ပျံလွင့်လျက်ရှိသည်။
မျက်နှာတွင် တင်းတိပ်များဖုံးနေသည့် ဝဝဖိုင့်ဖိုင့်ကလေးက စိတ်လှုပ်တရှားပြောသည်။ "သခင်လေးဖန်၊ စိတ်မပူနဲ့။ တုန်းလိုင်စီရင်စုရဲ့ နံပါတ်တစ် လူမိုက် ဆိုတဲ့ နာမည်က အမြဲ သခင်လေးအပိုင်ပဲ။ ကျုပ်တို့နှစ်ယောက်ကတော့ နံပါတ်နှစ်နဲ့ နံပါတ်သုံး လူမိုက်ဆိုတော့ စိတ်ချ သခင်လေးနာမည်မပျက်စေရဘူး" သူ့ဘေးရှိ ပိန်ပိန်ပါးပါးကလေးက ခေါင်းတဆတ်ဆတ် ညိတ်သည်။
"ကောင်းတယ်။ မင်းတို့နှစ်ယောက်ကို ယုံလို့ရတာ ငါသိပါတယ်" မန်ဟိုက ပြန်ဖြေသည်။ "ဒါမဲ့ မင်းတို့ ဂိုဏ်းလူသစ်တံဆိပ်ပြားတွေ လိုသေးတယ်လေ။ ဒီနေ့တော့ မင်းတို့အတွက် နောက်ဆုံး စစ်ဆေးမှု ရောက်လာပြီ။ ကဲ အခု သေချာနားထောင်။ မကြာခင် တစ်ယောက်ယောက် ထွက်လာလိမ့်မယ်။ အဲ့အခါ မင်းတို့ ဒီကျောက်တုံးတွေနဲ့ သူ့ကို ပြင်းနိုင်သလောက် ပြင်းပြင်း ပစ်ပေါက်ရမယ်"
ကလေးတစ်ယောက်စီမှာ သူတို့လက်အရွယ်ခန့်ရှိသော ကျောက်တုံးတစ်တုံးစီကို ကိုင်ထားသည်။
"ခွေးမသားကြီး" မန်ဟိုက အံကြိတ်ရင်း ပြောသည်။ "ရာရာစစ ငါ့ရဲ့မက်မွန်ပန်းလေး နောက်လိုက်ရဲသေးတယ်။ ဘယ်ကောင်က အတင့်ရဲနေတာလဲဆိုတာ သခင်လေး သေချာရှာတွေ့တော့မယ်" သူက ဒုတိယအထပ်ကို ကြည့်သည်။ ထို့နောက် ဖားဖိုကြီးလို အသက်ရှူရင်း ဆက်ပြော၏။ "မက်မွန်ပန်းလေးက ငါအရွယ်ရောက်လာတဲ့အထိ စောင့်ပြီး ငါနဲ့အတူအိပ်မယ်လို့ ကတိပေးထားတာ။ ဘယ်ခွေးမသားက သူ့ကို အတင်းအကျပ်လိုက်နေတာလဲ" သူ့ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်းတောက်နေသည်။ အခြားကလေးနှစ်ယောက် သူ့မျက်လုံးထဲက အကြည့်ကို မြင်သော် လေးစားသွားလေသည်။
"တကယ်ပဲ အစ်ကိုကြီးဖြစ်ဖို့ ထိုက်တန်ပါတယ်" သူတို့က တွေးလိုက်သည်။ " အပျော်မယားတစ်ယောက်ရှိတဲ့ တုန်းလိုင်စီရင်စုရဲ့ နံပါတ်တစ် လူမိုက်။ သူက သေချာပေါက် အဲ့လိုလုပ်နိုင်တဲ့ တစ်ယောက်တည်းသော ၁၂နှစ်အရွယ် ကလေးပဲ" သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သူတို့၏မျက်နှာအမူအရာများမှာ ပို၍ပင် တက်ကြွသွား၏။ သူတို့အတွက်တော့ ဆောင်ကြာမြိုင်ထဲ ဝင်ပြီး အပျော်မယားထားနိုင်သည့် မည်သူမဆို အလွန့်အလွန်မြင့်မားသောစွမ်းရည် ရှိလေသည်။ ထိုအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောနိုင်သည်က သူတို့ကို ပို၍ပင် မာန်တက်သွားစေသည်။
မကြာမီ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာမြင့်သွားသည်။ တဖြေးဖြေး မှောင်ရီပျိုးလာပြီး လထွက်လာလေပြီ။ ဒုတိယအထပ်၏ လသာဆောင်တံခါး ပွင့်သွားပြီး လှပစွာ ဝတ်စားထားသောအမျိုးသမီးတစ်ယောက် သက်လတ်ပိုင်းလူ၏ လက်မောင်းကိုတွဲလျက် ထွက်လာသည်။ ထိုလူမှာ မူးနေဟန်ရှိပြီး သူတို့က တစ်ယောက်ကို တစ်ယောက် တီးတိုးတီးတိုး ပြောနေကြ၏။
လရောင်မှာ မှုန်ဝါးပြီး ကောင်းကင်မှာလည်း အတော်လေးမည်းမှောင်နေသည့်အတွက် သူတို့၏ပုံပန်းသွင်ပြင်ကို အတိအကျမမြင်ရပေ။ သို့သော် မန်ဟိုကတော့ မက်မွန်ပန်းလေးကို ချက်ချင်း သတိထားမိ၏။ ချက်ချင်းပင် သူ့မျက်လုံးများ နီရဲသွားပြီး အော်လိုက်သည်။ "ခွေးမသား၊ သခင်လေး မင်းကို သေတဲ့အထိရိုက်ပစ်မယ်။ ရာရာစစ ငါရဲ့ မက်မွန်ပန်းလေးကို ကြည့်ရဲတယ်လား" သူက ဟိန်းဟောက်ရင်း အုတ်ခဲကို လှမ်းပစ်လိုက်သည်။ ကလေးနှစ်ယောက်သည်လည်း ထိုနည်းတူဟိန်းဟောက်ရင်း အုတ်ခဲများ လှမ်းပစ်လိုက်၏။
"သခင်လေး မင်း......ဟမ်" မန်ဟိုမှာ ခြံဝင်းထဲ ခုန်ဝင်တော့မည့်ဆဲဆဲ တစ်ကိုယ်လုံး တုန်တက်သွား၏။ မူးနေသော သက်လတ်ပိုင်းလူက အုတ်ခဲသုံးခဲကို ချက်ချင်း ရှောင်ပြီးနောက် ဒေါသတကြီး ခေါင်းမော့လိုက်သည်။ မန်ဟို့ကို မြင်လိုက်သည်နှင့် သူက ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။ ထို့နောက် သူ့ဒေါသကား ပို၍တောက်လောင်သွားတော့သည်။
"ခွေးကောင်လေး" သူက အော်သည်။ "ဒါ ပုန်ကန်မှုပဲကွ"
မန်ဟို ကြောက်ဒူးတုန်လာ၏။
"အဖေ....." သူ့မှာ ရေခဲရေဖြင့် တစ်ကိုယ်လုံး လောင်းချခံလိုက်ရသည့်အလား အသံကောင်းဟစ်ခဲ့သမျှ အငွေ့ပျံသွား၏။ သူက တံတိုင်းမှ ခုန်ဆင်းပြီး တစ်ချိုးတည်းပြေးတော့သည်။ သူ၏အဖော်ကလေးနှစ်ယောက် မျက်နှာမှာ ကြောက်လန့်မှုကြောင့် ဖြူဆုပ်သွားပြီး ဖနောင့်နှင့်တင် တစ်သားတည်းကျအောင် ထွက်ပြေးသွားကြသည်။
"သေပြီ ၊ ငါတို့တော့ သေပြီ။ ဖန်မုအဖေက စီရင်စုထဲမှာ နံပါတ်တစ် လူမိုက်ပဲ။ ပြီးတော့ နယ်ခံအစောင့်ဆိုတော့ မျက်တောင်မခတ်ပဲ လူတွေကို သတ်ပစ်နိုင်တယ်.... " ကလေးနှစ်ယောက်၏မျက်နှာမှာ လူသေကောင်ကဲ့သို့ ဖြူဖျော့နေတော့သည်။
သူတို့သုံးယောက် ပျောက်သွားပြီးနောက် သက်လတ်ပိုင်းလူမှာ ဒေါသလည်းထွက်၊ အံ့လည်းအံ့သြရင်း ခြံဝင်းထဲတွင် ရပ်ကျန်ခဲ့သည်။ သားက ဖအေကို တိုက်ခိုက်ခဲ့သည့်အကြံမှာ စိတ်တိုစရာလည်းကောင်းသလို၊ ရယ်လည်းရယ်စရာပင်။
"အဲ့ခွေးကောင်လေး ဘယ်တော့မှ စာမလုပ်ဘူး။ ဘာမှလည်း မလုပ်တတ်ဘူး။ သင်တန်းကျောင်းကို ပို့တာ သေချာပေါက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ"
ထိုညနှောင်းပိုင်းတွင် မန်ဟို့မှာ သက်ပြင်းများ အဆက်မပြတ်ချရင်း လမ်းလျှောက်နေသည်။ သူ့အိမ်တံခါးဝသို့ ရောက်သော် လင်းထိန်နေသော အိမ်ထဲကို ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။
"ဘာလို့ အဖေဖြစ်နေရတာတုန်း..... အိုး အမေ့ရေ ဘာလို့အစောကြီးထွက်သွားတာလဲဗျာ။ အမေသာထွက်မသွားရင် ဒါမျိုးဖြစ်မှာ မဟုတ်ဘူး။ အမေ့အတွက် သူနဲ့စကားပြောရမယ်" သူ့မှာ တံခါးဖွင့်ပြီး ခြံထဲဝင်ရန်ပြင်လိုက်သော်လည်း ရုတ်တရက်ကြီး ငိုချင်လာသည်။
"အမေ့ရေ အမေ့ကို လွမ်းလိုက်တာ။ အမေပဲ မနေ့ညက သားအိပ်မက်ထဲလာပြီး မက်မွန်ပန်းလေးဆီသွားဖို့ ပြောခဲ့တာလေ...အမေရဲ့....."
"တိတ်စမ်း" အိမ်ထဲမှ ဒေါသထွက်နေသောအသံက လှမ်းငေါက်သည်။ တံခါးပွင့်သွားပြီး စောစောက သက်လတ်ပိုင်းလူ၊ မန်ဟို့အဖေ ပေါ်လာသည်။ သူက မျက်မှောင်ကြုတ်ပြီး မန်ဟို့ကို စိတ်ပျက်လက်ပျက်ကြည့်သည်။ "ဟန်ဆောင်နေတာရပ်တော့။ ဘာလို့ အခုထိ အိပ်ယာထဲမရောက်သေးတာလဲ။ ငါ မင်းကို မင်းဆရာအသစ်နဲ့တွေ့ပေးဖို့ သင်တန်းကျောင်းကို မနက်စောစော ခေါ်သွားပေးရဦးမှာ"
"ကျွန်တော် မသွားဘူး" မန်ဟိုက နောက်တစ်လှမ်းဆုတ်ရင်း အော်သည်။ "ကျွန်တော် ပုံမှန်ကျောင်းပဲ သွားချင်တယ်။ မြို့ထဲကလူတွေအားလုံး ကျုပ်ကို လှောင်မှာဗျ"
"ခွေးကောင်လေး။ ဒီအရွယ်ကြီးရောက်တာတောင် အရင်လိုလုပ်နေသေးတယ်ပေါ့...." ထိုလူက မျက်မှောင်ကြုတ်ပြီး ရုတ်တရက် ထွက်ပြေးရန် အဆင်သင့်ပြင်နေသည့် မန်ဟို့ကို လှမ်းဆွဲသည်။ သူက သူ့ကို လေပေါ်မြှောက်ပြီး တင်ပါးအား တဖြန်းဖြန်း ချတော့သည်။
ချသံက အကျယ်ကြီးထွက်နေသော်လည်း မနာပေ။ မန်ဟို ငယ်စဥ်ကတည်းက ဤအတိုင်းဖြစ်သည်။ သူတို့နှစ်ယောက်မှာ ပြေးကြည့်စရာဆိုလို့ ဒီအဖေနှင့် ဒီသားသာ ရှိ၏။ သူတို့ သဘောထားချင်းမတိုက်ဆိုင်တိုင်း သူ့အဖေက အလွန်စည်းကမ်းတင်းကြပ်သည့် ပုံဖမ်းတတ်သော်လည်း တကယ်တမ်း သူ့ကို နာနာမရိုက်ရက်ပေ။
"ပုံမှန်ကျောင်းက ဘာကောင်းလို့လဲ" သူ့အဖေက ငေါက်သည်။ "မင်း ဆရာတွေနဲ့ သူတို့ရဲ့အဆုံးအမတွေကို လေးစားတတ်ဖို့ သင်ယူရမယ်။ မင်း ကျင့်ဝတ်တွေအကြောင်း သင်ယူရမယ်။ သွားမှာလား မသွားဘူးလား"
"မသွားဘူး" မန်ဟိုက ပြန်အော်သည်။
"မင်း.... " မန်ဟို့အဖေက သူ့လက်ကို အားကုန်လွှဲလိုက်သည်။
မန်ဟို့မှာ ကပျာကယာ ပြော၏။ "မက်မွန်ပန်းလေးကို ထပ်မတွေ့တော့ဘူးလို့ အဖေကတိပေးရင် ကျွန်တော်သွားမယ်.... အဖေ ဘယ်သူ့ကိုမဆို သွားတွေ့နိုင်တယ်။ သူ့တော့ မရဘူး" သူ့မှာ ဤတစ်ကြိမ်တော့ သူ့အဖေ သူ့ကို နာနာရိုက်မှာ စိုးလေသည်။
မန်ဟို့အဖေမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ သူက မန်ဟို့ခေါင်းပေါ် လက်တင်ပြီး အသာအယာဖွလိုက်သည်။
"အေး အေး၊ မင်းတောင် အရွယ်ရောက်လာပြီပဲ။ မင်းမှာ စိတ်ကူးအိပ်မက်တွေရှိတာ အဖေမြင်ပြီ။ အခုကစပြီး မင်းရဲ့မက်မွန်ပန်းလေးကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူး ဟုတ်ပြီလား။ မင်း အရွယ်ရောက်လာရင် မင်းရဲ့ကိုယ်လုပ်တော်အဖြစ် သူ့ကိုထားပေးမယ်"
"တကယ်လား" မန်ဟို၏မျက်ဝန်းများ တဖျပ်ဖျပ်လက်သွားသည်။
"သွား အိပ်တော့" မန်ဟို့အဖေက သူ့ကို မျက်စောင်းထိုးရင်း လွှတ်ပေးလိုက်သည်။ မန်ဟိုမှာ ခုန်ပေါက်ပြီး အိမ်ထဲပြေးဝင်သွားတော့သည်။ ထိုညတွင် သူ အိပ်မက်လှလှမက်လေသည်။
နောက်တစ်နေ့ မနက်စောစောတွင် မန်ဟိုမှာ သူ့အဖေ သူ့ကိုအဝတ်ဝတ်ပေးနေစဥ် အိပ်ချင်မူးတူး ဖြစ်နေသေးသည်။
အဖေဖြစ်သူက သားကိုကြည့်ပြီး အိပ်ရေးမဝသေးကြောင်း သိလိုက်လေသည်။ သူ့မျက်နှာတွင် မန်ဟို မြင်လေ့မြင်ထမရှိသော ချစ်ခင်ကြင်နာမှုတို့ ဖုံးလွှမ်းသွားသည်။
သူက မန်ဟို့ကို ငယ်ငယ်တုန်းကလို ပွေ့ချီလိုက်သည်။ မန်ဟို့ခေါင်းက သူ့ပခုံးအပေါ် ကျရောက်လာပြီး အိပ်ပျော်သွားလေသည်။ မန်ဟို့အဖေက ဆရာ့အတွက် ပြင်ဆင်ထားသည့် လက်ဆောင်ကို ကိုင်ပြီးနောက် ထွက်ခွာလာသည်။
လမ်းတစ်လျှောက်လုံး သူ့ခြေလှမ်းများက သိပ်မငြိမ်ပေ။ ဤမျှကြီးသော ကလေးကြီးကို သယ်ရခြင်းက လွယ်ကူသောအလုပ် ဟုတ်မနေပေ။
တစ်နာရီကြာသော် မြို့၏အရှေ့ပိုင်းတွင် နေသော နာမည်ကြီးအဘိုးကြီးတစ်ယောက်၏ အိမ်ဝသို့ သူတို့ရောက်သွားသည်။ မန်ဟို့အဖေက သူ့ကို နှိုးပြီး ချပေးလိုက်၏။ ထို့နောက် သူက တံခါးကိုခေါက်ပြီး ခြံဝင်းထဲ ဝင်သွားသည်။
သူ့အဖေ အိမ်ထဲဝင်သွားစဥ် မန်ဟိုက ခြံပြင်တွင် သမ်းကျန်ခဲ့သည့်အတွက် သူ့အဖေ လေးလေးစားစား လက်ယှက်ပြီး အနူးအညွတ် တောင်းပန်နေဟန်ကို မမြင်ရပေ။
သိပ်မကြာခင် သူ့အဖေ ပြန်ထွက်လာ၏။ သူ့ဘေးတွင် တစ်ခေါင်းလုံးဖြူနေသော အဘိုးကြီးတစ်ယောက် ပါလာသည်။ သူ၏ပုံပန်းသွင်ပြင်မှာ အိုမင်းနေသော်လည်း အားမာန်အပြည့် ရှိနေသေး၏။ ၄င်းက သူ့ကို မြင့်မြတ်ပြီး သြဇာကြီးမားသော အငွေ့အသက်ပေးကာ သာမန်လူတစ်ယောက်နှင့် ကွဲပြားနေစေသည်။
အထူးသဖြင့် သူ၏မျက်လုံးများပင်။ ၄င်းတို့သည် ကြယ်များ ပြည့်နေသည့်အလား နက်နဲသိမ်မွေ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ ၄င်းတို့ကို ကြည့်လိုက်သည့် ဘယ်သူမဆို ညှို့ငင်ဖမ်းစားခံရပေလိမ့်မည်။ အဘိုးကြီးက မန်ဟို့ကို ငုံ့ကြည့်သည်။
ဤအကြည့်သည် နေထိုင်ခဲ့သည့် ဘဝများနှင့် နေထိုင်ရမည့် ဘဝများကို မြင်နိုင်သည့်အလားပင်။
ဤအကြည့်သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဆိုသော ဘဝသုံးခုလုံးကို ထိုးထွင်းသိမြင်နိုင်သည့်အလားပင်။
ဤအကြည့်သည် လူငယ်လေး၏တစ်ဘဝလုံးမှာ ဤနေရာသို့ လာရောက်ပြီး သူ့တပည့်ဖြစ်ရန် သုံးကြိမ်ဂါဝရပြုဖို့အတွက် ရှင်သန်ခဲ့ရသည့်အလား ဖြစ်နေစေသည်။
အချိန်အတော်ကြာပြီးနောက် အဘိုးကြီးက မဆိုစလောက် ခေါင်းညိတ်လိုက်သည်။
မန်ဟို့အဖေက မန်ဟို့ကို ငုံ့ကြည့်ပြီး ပြောသည်။ "ဆရာဆိုတာ အဖေလိုပဲ။ ဖန်မု ၊ မင်းဆရာကို လေးစားပါ ။ ငါ့ကို လေးစားတာထက်ပိုပြီး သူ့ကို လေးစားပါ။ မင်း အဲ့ဒီလိုမလုပ်နိုင်ရင် မင်းက ငါ့သား မဟုတ်ဘူး" ထို့နောက် သူက ထွက်သွားလေသည်။
***