← Chapters

ဘယ်လမ်းကို ရွေးရမလဲ

Vol. 21 Ch. 289

ဘယ်လမ်းကို ရွေးရမလဲ

Vol. 21 Ch. 289

မန်ဟိုမှာ သူ့အဖေကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိသည်။ သူ့အဖေ စည်းကမ်းတင်းတင်းကြပ်ကြပ် ပြုမူသည်ကို မမြင်ခဲ့ရသည်မှာ ဘယ်လောက်ကြာခဲ့ပြီလဲ သူ မေ့နေခဲ့၏။။ သူ့အသံ၏လေးနက်မှုက သူ့ကို ချက်ချင်း နိုးကြားသွားစေသည်။

"ဆရာဆိုတာ အဖေတစ်ယောက်လိုပဲ....." မန်ဟိုမှာ တရွေ့ရွေ့ထွက်ခွာသွားသော သူ့အဖေ၏ကျောပြင်ကို ငေးကြည့်နေ၏။ သူသည် သာမန်စင်းချောဝတ်ရုံကို ဝတ်ထားကြောင်း သိသာလေသည်။ သို့သော် အကြောင်းတစ်စုံတရာကြောင့် မန်ဟို့အမြင်တွင် သူ့အား ခရမ်းရောင်လေက ဝန်းရံနေသည့်အလားပင်။

လေသည် သူ့စိတ်ထဲရှိ အတားအဆီးတစ်ခုကို ကြေမွသွားစေပြီး ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာသည်။ ပုံရိပ်မှာ မပီသသော်လည်း သူ့အဖေ သူ့ကို ကြည့်ပြီး သက်ပြင်းဖွဖွချနေကြောင်း မန်ဟိုပြောနိုင်သည်။

သူ့အမေလည်း သူ့ကို နွေးထွေးကြင်နာစွာကြည့်ရင်း ထိုနေရာတွင် ရှိနေသည်။ သူမမျက်ဝန်းထဲ၌ မျက်ရည်များဝဲနေသယောင်ပင်။

ဘာကြောင့်မှန်းမသိ..... တန်မျှော်စင်နှင့်အတူ ရှုပ်ထွေးနေသည့် မှတ်ဉာဏ်အများကြီးလည်း ရှိနေသည်။ မန်ဟိုမှာ အချိန်အတော်ကြာ အတွေးထဲ နစ်မြောနေပြီးနောက် ခေါင်းကို ခပ်ကြမ်းကြမ်းခါပြီး အဝေးသို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာ၊ စီရင်စု၏ အလယ်တွင် အလွန်မြင့်မားသော မျှော်စင်ကြီးတစ်ခု ရှိသည်။ ၄င်းကား... တန်မျှော်စင်ပင်။

"အရင်က အဲ့မှာ မရှိဘူးမလား....မဟုတ်ဘူး ဘယ်တုန်းကမှ မရှိခဲ့တာ" ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်တစ်ခု မန်ဟို့၏မျက်နှာတွင် ပေါ်လာသည်။

သူငေးငိုင်နေသည့်အချိန် ရှေးဆန်သောအသံကြီး သူ့နားထဲ ရောက်လာသည်။ "ဒါ သင်တန်းကျောင်းမဟုတ်ဘူး"

သူ့အဖေ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားစဥ် မန်ဟိုက သူ့အရှေ့၌ ရပ်နေသော အဘိုးကြီးကို လှည့်ကြည့်သည်။ သူ့အဖေ ထွက်သွားပြီဖြစ်၍ ယခုတွင် သူနှင့် အဘိုးကြီးသာ ခြံဝင်းထဲ ရပ်ကျန်ခဲ့၏။

အဘိုးကြီးက မန်ဟိုကို ငုံ့ကြည့်ပြီးနောက် ဖြေးဖြေးချင်း ဆက်ပြောသည်။ "ဒီအချိန်အထိ ငါ့မှာ တပည့်ခုနစ်ယောက် ရှိခဲ့တယ်။ တချို့က သေသွားပြီ။ တချို့က ထွက်သွားပြီး သူတို့လမ်းသူတို့ လျှောက်သွားတယ်။ ဘာကိုလိုက်စားမရလဲဆိုပြီး......စဥ်းစားနေသေးတဲ့သူတွေလည်း ရှိသေးတယ်။ တကယ်တမ်း စဥ်းစားကြည့်ရင် တချို့ကို ငါ့တပည့်လို့တောင် သတ်မှတ်လို့မရဘူး။ ဒီနေ့တော့ မင်းက ငါ့ရဲ့ ၁၈ယောက်မြောက် တပည့်ပဲ။ ဒါပေမဲ့ ငါ မင်းကို.....ကိုးလေး လို့ခေါ်မယ်" အဘိုးကြီး ရှေးဆန်သောအသံကြီးဖြင့် စကားပြောနေစဥ် မန်ဟို့ ပတ်ဝန်းကျင်ရှိ အသံများမှာ သူ အဘိုးကြီးပေါ် အပြည့်အဝ အာရုံစိုက်သည်အထိ တစတစ မှေးမှိန်ပျောက်ကွယ်လာသည်။

"မင်းမှာ ပညာသင်ဖက် ညီမလေးတစ်ယောက်ရှိတယ်။ သူက မင်းထက်အရင် ငါ့တပည့်ဖြစ်လာပေမယ့် အစဥ်အလာအတိုင်းမဟုတ်တာကြောင့် မင်းထက် အဆင့်နိမ့်သွားတယ်။ သူ့မျိုးရိုးက ချူ"

မန်ဟိုမှာ ဘာကြောင့်မှန်းမသိ၊ စိတ်လှုပ်ရှားလာသည်။ သူ့မှာ ဒူးထောက်ပြီး ဂါဝရပြုရမည်လား၊ လက်နှစ်ဖက်ယှက်လျက် ခါးကိုင်းအရိုအသေပေးရမည်လား သေချာမသိပေ။ သူ့မှာ နေမထိ မထိုင်သာ ဖြစ်နေတော့သည်။

"ငါ ငါ့နာမည်အရင်းကို မသုံးတာ တော်တော်ကြာပြီ" အဘိုးကြီးက ပြောသည်။ "အပြင်လူတွေကတော့ များသောအားဖြင့် ငါ့ရဲ့ ဆေးဝါးပညာရှင်ဘွဲ့ကို ခေါ်တယ်။ မိတ်ဆွေတွေကတော့ ဆရာတုန်းလို့ခေါ်လို့ခေါ်တယ်။ ငါ တစ်ခါမှ လက်မထပ်ဖူးတာကြောင့် ငါ့မှာ ဆက်ခံသူမရှိဘူး။ ငါ့တပည့်တွေက ငါ့ရဲ့ဆက်ခံသူတွေပဲ။ နောက်ဆုံး မင်း ငါ့သင်ကြားပို့ချမှုတွေကို အောင်မြင်ပြီးရင် ငါကမ္ဘာပေါ်မှာ ဖန်တီးထားတဲ့ အမှတ်အသားကို မင်းဆက်လက် ထိန်းသိမ်းရလိမ့်မယ်။ ငါ့အတွက်တော့ မင်းတို့တပည့်တွေက....ငါ့ရဲ့သွေးသားရင်းချာတွေပဲ" အဘိုးကြီးက အလွန် မြင့်မြတ်ကြီးကျယ်သောအသွင်ဖြင့် မန်ဟို့ကို ကြည့်သည်။ သို့သော် သူ၏မျက်ဝန်းများသည် နွေးထွေးကြင်နာချစ်ခင်မှုတို့ဖြင့် ပြည့်နေ၏။ သူ့မှာ မန်ဟို့ကို နှစ်ပေါင်းများစွာ စောင့်ကြည့်ပြီး စစ်ဆေးနေခဲ့သည့် ပုံရသည်။ "အခုကစပြီး ငါက မင်းရဲ့ဆရာပဲ"

မန်ဟိုက စဥ်းစားမနေဘဲ ပြန်ဖြေသည်။ "ဆရာကို လေးစားပါ၊ တာအိုကို ရိုသေပါ။ ဆရာဆိုတာ အဖေတစ်ယောက်လိုပဲ။ ကျွန်တော်...."

"အဲ့လိုဟာတွေ ပြောစရာမလိုပါဘူး" အဘိုးကြီးက မျက်ဝန်းများ စူးရှတောက်ပနေလျက် ပြောသည်။ "မင်းနှလုံးသားထဲမှာ ရှိနေရင် ရပြီ၊ ကဲ ကိုးလေး ဒူးထောက်" မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကောင်းကင်နှင့်မြေကြီး၏ ဆရာသခင် ဖြစ်လာသည့်အလားပင်။

မန်ဟို့မှာ သူဘယ်လိုခံစားနေရသည်လဲ သေသေချာချာ မဖော်ပြနိုင်ပေ။ ဤအခိုက်အတန့်တွင် အဘိုးကြီးမှာ မိုးကောင်းကင်ကြီးပမာပင်။ ထို့အပြင် အေးစက်မနေဘဲ ကြင်နာနွေးထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် လေဒဏ်၊ မိုးဒဏ်တို့မှ ကြံ့ကြံ့ခံကာကွယ်ပေးမည့် တောင်တစ်လုံးသဖွယ်ပင်။

မန်ဟိုက ခေါင်းငုံ့ပြီး ဒူးထောက်လိုက်သည်။

သူသည် ဒူးထောက်နေသဖြင့် သူ့အပေါ်ထက်က ကောင်းကင်ရှိ မရာအားလုံး လှုပ်ရှားနေခြင်း ရပ်တန့်သွားသည်ကို မမြင်ရပေ။ တိမ်တိုက်များ ရပ်တန့်သွားသည်။ ငှက်များ တောင်ပံခတ်ခြင်းမရှိတော့။ ငလျင်လှုပ်ခတ်မသွားသော်လည်း မြို့ထဲရှိ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

"ငါ့တပည့်အဖြစ် မင်း ဘဝမှာ နှစ်ကြိမ်ပဲ ဒူးထောက်ဂါဝရပြုရမယ်။ ပထမ တစ်ကြိမ်က ငါ့တပည့်ဖြစ်လာလာချင်းမှာပဲ။ ဒီဂါဝရပြုခြင်းက ငါတို့ရဲ့ ကံကြမ္မာတွေကို ဆက်သွယ်ပေးလိမ့်မယ်။ မင်း ဒီပတ်သက်မှုကို မဖြတ်တောက်မချင်း ငါလည်း မဖြတ်တောက်ဘူး။ ဒုတိယအကြိမ် ဂါဝရပြုဖို့ကတော့ မင်း စဥ်းစားသုံးသပ်နိုင်တဲ့အချိန်ကျရင် ငါ့ကို လာမေးလှည့်၊ ငါပြောပြမယ်

"တပည့်ဖြစ်ဖြစ်ချင်း ပထမဆုံးအကြိမ် ဂါဝရပြုတာကို တကယ်တမ်း အပြစ်ကင်းစင်ခြင်း၊ လျှောက်သွားခြင်း နဲ့ နေဝင်ဆည်းဆာရှုခြင်းဆိုပြီး နောက်ထပ်သုံးမျိုးခွဲထားသေးတယ်။ ဒီနေ့ မင်းရဲ့ဂါဝရတရားက အပြစ်ကင်းစင်ခြင်းကို ကိုယ်စားပြုတယ်"

မန်ဟို တကယ့်ကို ဘာမှနားမလည်ပေ။ သို့သူသည် မြေကြီးပေါ် လက်ထောက်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

ဤဂါဝရပြုခြင်းနှင့်အတူ ကောင်းကင်သည် ပြန်သက်ဝင်လှုပ်ရှားလာ၏။ လေသယ်ရာနောက်သို့ တိမ်တိုက်များ ရွေ့လျားနေသည်။ ငှက်များ ပျံသန်းသွားကြသည်။

ဤဂါဝရပြုခြင်းနှင့်အတူ ငလျင်လှုပ်ခတ်သွားပြီး သက်ရှိသတ္တဝါအားလုံး၏စိတ်များ၌ အတိတ်ကအဖြစ်အပျက်များ အိပ်မက်ကဲ့သို့ ဖြတ်ပြေးသွားသည်။

ဤဂါဝရပြုခြင်းနှင့်အတူ အတိတ်ကံကြွေး၊  အနာဂတ်ကံကြွေး နှင့် ပစ္စုပ္ပန်ဘဝ...... မင်း မဖြတ်တောက်ရင် ငါလည်း မဖြတ်တောက်ဘူး။

အဘိုးကြီးက အားပါတရ ရယ်သည်။ ၄င်းသည် ခံစားချက်များ၊ ကျေနပ်အားရမှု၊ အကြင်နာတရားနှင့် တာဝန်ဝတ္တရားတို့ဖြင့် ပြည့်နှက်လျက် ပဲ့တင်ထပ်သွားသည်။

ယနေ့မှစ၍ သူ့အရှေ့မှ ကောင်လေးသည် သူ့တပည့်ဖြစ်သွားလေပြီ။ နောင်တစ်ချိန်တွင် ထိုကောင်လေး၏ လုပ်ဆောင်မှုတိုင်းကို သူမှတ်သားရပေတော့မည်။ ယခုကစပြီး သူကား.... ကောင်လေး၏ဆရာပင်။

ဤသည်မှာ ကံကြွေးဖြစ်သည်။ ကံကြွေး ဆိုသည်မှာ မိုးကောင်းကင်မှ သတ်မှတ်ထားသည့်အရာမဟုတ်ဘဲ လူအများ ဆုံးဖြတ်သော အရာပင်။ ကောင်းကင်ဘုံ၏ စီရင်ချက် မဟုတ်သလို၊ မရဏကမ္ဘာမှ ဂြိုဟ်ဆိုးလည်းမဟုတ်၊ လူနှစ်ယောက် ဆုံးဖြတ်လိုက်သော အရာဖြစ်သည်။

တစ်ယောက်က ဆရာအဖြစ် တင်မြှောက်ပြီး တစ်ယောက်က တပည့်အဖြစ် လက်ခံရန် ဆုံးဖြတ်လိုက်သည်။ ယင်းက... ကံကြွေးကို ဖန်တီးပေးသည်။

အဘိုးကြီးက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ " မင်း လျှောက်သွားခြင်းနဲ့ နေဝင်ဆည်းဆာရှုခြင်းအတွက် ဂါဝရပြုဖို့ ကျန်သေးတယ်။ တစ်လျှောက်လုံး မင်း လမ်းကြောင်းတွေအများကြီး ရွေးချယ်နိုင်လိမ့်မယ်။ ဘယ်လမ်းကြောင်း မင်းရွေးမလဲဆိုတာကတော့.... မင်းဆုံးဖြတ်ချက်ပဲ။ နောက်ဆုံးမှာ မင်း နေဝင်ဆည်းဆာရှုခြင်းအတွက် ဂါဝရပြုနိုင်ရင်တော့ အဲ့တာက ငါတို့ကို ဆရာနှင့်တပည့်အဖြစ် နာမည်တပ်ပေးလိမ့်မည်။ ဘယ်သူမှ အဲ့ပတ်သက်မှုကို ဖြတ်တောက်မရဘူး။ မင်းဆရာအဖြစ်နဲ့ ငါ ဘာလက်ဆောင်ကိုမှ လက်ခံမှာ မဟုတ်ဘူး။ ငါ လက်ခံဖို့ လိုအပ်တာတွေ အားလုံးလက်ခံပြီးပြီ" သူက မန်ဟို့ဆံပင်ကို လှမ်းဖွသည်။ သူက နွေးထွေးကြင်နာစွာ ပြုံးရင်း မန်ဟို့ကို ထူပေးလေသည်။

မန်ဟို့မှာ ဘာမှနားမလည်သေးပေ။ သူ မတ်တပ်ရပ်ပြီး သူ့ဆရာကို ကြည့်နေစဥ် ဆရာ့ရင်ထဲရှိ နွေးထွေးကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာတို့ကို ခံစားရနေလေသည်။ ထိုလူ့၏အကြည့်အောက်တွင် သူ့နှလုံးသားအနက်ရှိုင်းဆုံးထဲမှ ပေါက်ဖွားလာသော နွေးထွေးမှုကိုလည်း သူခံစားလိုက်ရသည်။

သူက တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။

နွေဦးနှင့် ဆောင်းဦးတို့ အလည်လာပြီး ပြန်သွားသည်။ နှစ်များစွာ ကြာခဲ့လေပြီ။ မန်ဟိုသည် ယခုတွင် အသက် ၁၉ နှစ်ရှိပြီ ဖြစ်၏။ ကုန်လွန်ခဲ့သည့် ၇ နှစ်လုံး သူသည် စာပေလေ့လာလိုက်၊ အေးမြသောလေပြေလေးနှင့် အဖြူရောင်တိမ်တိုက်များကို ခံစားလိုက်၊ လနှင့်ကြယ်တာရာများကို မော့ကြည့်လိုက်နှင့် အချိန်အများစုကို သူ့ဆရာနှင့်အတူ ကုန်ဆုံးနေသည်။

စာအုပ်များဖတ်ရှုပြီးနောက်ဆုံး သူသည် ဆရာကို လေးစားပြီး တာအိုကို ရိုသေပါဆိုသော အဓိပ္ပါယ်ကို နားလည်သွား၏။ ကမ္ဘာကြီးသည် အလွန်ကြီးမားသောနေရာကြီးတစ်ခုဖြစ်သည်ကိုလည်း သူနားလည်သွားသည်။

ခုနစ်နှစ်အတောအတွင်း သူ့အဖေမှာ အတော်လေးအရွယ်ကျသွားခဲ့သည်။ ဆရာလည်း ပို၍ပင် အိုးမင်းလာခဲ့သည်။ ဆောင်ကြာမြိုင်က မက်မွန်ပန်းလေး၏ ကျော်ကြားမှုမှာ မှေးမှိန်သွားလေပြီ။ နောက်ဆုံး၌ တခြားစီရင်စုမှ သူဌေးတစ်ယောက်က သူမအကြွေးများကို ဆပ်ပေးပြီး သူမကို ကိုယ်လုပ်တော်အဖြစ် ခေါ်သွားလေသည်။

သူမက ထွက်မသွားခင် မန်ဟို့ကို လာရှာသည်။ ကြည့်ရသရွေ့ သူ့ကို မောင်လေးတစ်ယောက်သဖွယ် မြင်ပုံရ၏။ သူမသည် စကားချိုချိုလေးများ ပြောပြီးနောက် မန်ဟို့အပြုံးနှင့်အတူ ဝေါယာဥ်ပေါ်တက်ကာ တုန်းလိုင်စီရင်စုမှ ထွက်ခွာသွားသည်။

လွန်ခဲ့သည့်နှစ်များက သဘောတူညီမှုအတိုင်း သူ၏မိတ်ဆွေနှစ်ယောက်မှာလည်း စီရင်စုတွင် အဆိုးဆုံးလူမိုက်များ ဖြစ်လာခဲ့သည်။

သို့သော် မန်ဟိုကတော့ သူ့ကိုယ်သူ လူမိုက်ဟု မခေါ်တော့ပေ။ သူသည် စျေးကြီးသော တောက်တောက်ပြောင်ပြောင်အဝတ်များ မဝတ်တော့ဘဲ သာမန်စာပေသမားဝတ်ရုံကိုသာ ဝတ်ဆင်တော့သည်။

၄င်းသည် သူ၏နုနယ်ပျိုပျစ်မှုကို ထင်ဟပ်နေသော အစိမ်းရောင်ဖြစ်သည်။ သို့သော် နွေဦးမှ ဆောင်းဦးသို့ ပြောင်းလဲဝင်ရောက်သွားသကဲ့သို့ သူ့မျက်နှာမှာ ပြောင်ချော်ချော်မဟုတ်တော့ဘဲ တည်ကြည်လေးနက်လျက်ရှိသည်။ သူသည် တွေးရတာကြိုက်၏။ တစ်ခါတရံ မည်သည့်အရာကို သူကြည့်နေသည်လဲ မသိလျှင်တောင်မှ ကောင်းကင်ကို ငေးကြည့်နေတတ်သည်။

လေနှင့်မိုးကိုလည်း သူ သဘောကျသည်။ သူသည် စံအိမ်ထဲတွင် ရပ်ပြီး အဝေးရှိ လျှပ်စီးများကို ကြည့်ကာ မိုးခြိမ်းသံကို နားထောင်တတ်လေသည်။ အပြင်၌ မိုးပေါက်များ မြေပေါ်သို့ ရွာကျသောအခါ သူသည် စာအုပ်တစ်အုပ်ဖွင့်ပြီး ခေတ်အဆက်ဆက် ဘဝများ မည်သို့ပြောင်းလဲလာခဲ့သည့်အကြောင်း ဖတ်လေ့ရှိ၏။

အရာအားလုံးမှာ အိပ်မက်သဖွယ်ပင်။ ကုန်ဆုံးသွားခဲ့သည့် ခုနစ်နှစ်မှာ မိုးပေါက်များနှင့်တူသည်။ မန်ဟိုသည် သူ့ကိုယ်သူ သိပ်ပြောင်းလဲခြင်းမရှိဟု ခံစားရသော်လည်း အခြားသူများအမြင်တွင် သူကား တော်တော့်ကို ပြောင်းလဲသွားခဲ့လေပြီ။

သူသည် သူ့ဆရာ အိုမင်းလာသည်ကို ကြည့်ပြီး လျှောက်သွားခြင်းအကြောင်း မကြာခဏ တွေးမိတတ်သည်။ သူ တောင်များကို တက်ချင်သည်၊ အဝေးကနေရာများသို့ ခရီးနှင်ချင်သည်၊ ကမ္ဘာကြီး၏ လက်တွေ့ဘဝကို ကြည့်ချင်သည်။

သို့သော် အဆုံးသတ်တွင် မြို့၊ သူ့အဖေ နှင့်ဆရာ့ကို ငဲ့ပြီး ဘာမှမပြောဘဲ ဆိတ်ဆိတ်သာနေ၏။

တစ်နှစ်ပြီးတစ်နှစ်.... မကြာခင် နောက်ထပ် ခုနစ်နှစ် ကုန်လွန်သွားလေပြီ။ ထိုနှစ်ဆောင်းဦးအတောအတွင်း၊ သစ်ရွက်များး မြေပေါ်သို့ တဖြေးဖြေးကြွေကျလာစဥ် သူ့အဖေ နေမကောင်းဖြစ်လေသည်။ တစ်ညတွင် ခရမ်းရောင်လေတစ်ချက် အဝှေ့နှင့်အတူ သူ့အဖေ ဆုံးပါးသွား၏။

မန်ဟိုသည် သူ့အဖေ၏ အုတ်ဂူအရှေ့တွင် ငူငူကြီး ရပ်နေသည်။ လွန်ခဲ့သည့် ဆယ့်လေးနှစ်က သူ့အဖေ သူ့ကို ပွေ့ပြီး ဆရာနှင့်တွေ့ပေးရန် ခေါ်လာခဲ့ပုံကို သူ ဝိုးတိုးဝါးတာ မှတ်မိလိုက်သည်။ ဆယ့်လေးနှစ်ကား မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။ မန်ဟိုက သေရည်သောက်ရင်း တိတ်ဆိတ်စွာ ရပ်နေ၏။

နောက်ဆုံး၌ သူ လှည့်ထွက်လာသည်။ သူ့ဆရာကို ရှာပြီး သူ လျှောက်သွားချင်ကြောင်း ပြောပြသည်။ ၄င်းမှာ ယခုတွင် သူ၏တစ်ခုတည်းသော အိပ်မက်ဖြစ်ပြီး သူ့ရင်ထဲတွင် နှစ်ပေါင်းများစွာ တောင့်တနေခဲ့ရသော အရာဖြစ်သည်။

သူက ထွက်မသွားခင် ဆရာ့ကို ဒုတိယအကြိမ် အရိုအသေပေးသည်။ဤသည်မှာ... လျှောက်သွားခြင်းအတွက် ဂါဝရပြုခြင်းပင်။

တစ်မနက်တွင် ဆရာက မန်ဟို သူ၏ စာပေအိတ်လွယ်၍ ထွက်ပေါ်လာသောနေမင်းကြီးဖြင့် ဘောင်ခတ်လျက် အဝေးသို့ လမ်းလျှောက်ထွက်သွားသည်ကို ကြည့်နေလေသည်။

နောက်ဆုံးတွင် မန်ဟို ခေါင်းလှည့်ကြည့်သည်။ ထိုအချိန်တွင် ဆရာ့ကို မမြင်ရတော့ပေ။ ထို့နောက် ဒုတိယအကြိမ် လှည့်ကြည့်ပြန်သည်။ တန်မျှော်စင်ကိုပင် မမြင်ရတော့။

သူသည် တခဏတွေးနေပြီးနောက် တဖြေးဖြေး နားလည်လာပုံရသည်။ သူက ရှေ့သို့ ဆက်လျှောက်သွား၏။ တတိယအကြိမ် ပြန်လှည့်မကြည့်တော့ပေ။

လမ်းဆက်လျှောက်လာပြီးနောက် သူသည် မြစ်ကြီးတစ်စင်းထံ ရောက်သွားပြီး ဆုံတွေ့သည့် ကူးတို့သမားတစ်ယောက်နှင့် မြစ်၏ဒဏ္ဍာရီများအကြောင်း ဆွေးနွေးကြလေသည်။ ကြည့်ရသရွေ့ အင်မိုတယ်တစ်ဦး ဤနေရာရှိ တစ်နေရာရာတွင် နေထိုင်နေပုံရ၏။

မန်ဟိုသည် စာအုပ်များဖတ်ရှုစဥ်က ရံဖန်ရံခါ အင်မိုတယ်ဆိုသော စကားလုံးကို တွေ့ခဲ့ဖူးသည်။ သူက မြစ်ဘေးတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ကံဆိုးစွာပင် သုံးနှစ်ကြာသည့်တိုင် အင်မိုတယ်ကို တစ်ခါမှ မမြင်ခဲ့ရပေ။ သို့သော် မြစ်တွင် ထင်ဟပ်နေသည့် သူ၏ပုံရိပ်မှာ မတူညီသောသူဖြစ်သည်။

မြစ်ရေပြင် သူ၏ပုံရိပ်သည် ကောင်းကင်တွင်ပျံသန်းနေပြီး တောင်တန်းများတွင် ကျင့်ကြံအားထုတ်ကာ ဇီယွင်ဂိုဏ်း၏အရှေ့ဆေးဝါးအဖွဲ့ဆိုသော နေရာတွင် ဆေးဖော်စပ်နေသည်ကို သူတွေ့နေရ၏....

သူ ထိုရေထဲ ခုန်ချလိုက်ရုံဖြင့် ထိုပုဂ္ဂိုလ်ဖြစ်လာနိုင်ပြီး ဤဘဝ အဆုံးသတ်သွားမည့်ပုံရသည်။

သုံးနှစ်ကြာသည့်နောက်တွင် မန်ဟို အသက် ၂၉ နှစ်ရှိလေပြီ။ နောက်ဆုံး၌ သူ ရေထဲ ခုန်မချပေ။ ထိုအစား မြစ်မှထွက်ခွာ၍ တခြားတစ်နေရာသို့ ခရီးနှင်လာခဲ့သည်။

တစ်နှစ်ကြာသော် အဆုံးရှိပုံမရသည့် တောနက်ထဲ၌ လေထန်ပြီး လမိုက်ညသောညတွင် လေထဲ၌ အမျိုးသမီးတစ်ယောက် ပျံဝဲနေသည်ကို မန်ဟို တွေ့လိုက်သည်။ အရှေ့တွင် အမွှေးတိုင်တစ်တိုင်မှ မထွန်းထားသည့် စွန့်ပစ်အုတ်ဂူတစ်လုံးလည်းရှိသည်။ တောမှာ ပိတ်ပိတ်ပိန်း မှောင်မိုက်နေသည့်အတွက် မန်ဟို အနည်းငယ်ကြောက်နေမိ၏။ တခဏကြာသော် မရေမတွက်နိုင်သော အရိပ်သဏ္ဍာန်များ သူ့ကို ဝိုင်းထားကြောင်း သူသိလိုက်သည်။ ရုတ်တရက် ချိတ်ပိတ်မန္တန်တစ်ခု သူ့စိတ်ထဲ၌ ဖျောက်ခနဲ ပေါ်လာသည်။

သူက လက်ဆန့်လိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးပျောက်ကွယ်သွား၏။

ထိုအခါမှစပြီး သူ့မှာ ဤလျှို့ဝှက်ဆန်းကြယ်သော တောနက်အကြောင်း အလွန်သိချင်လာသည်။ သူသည် လိုအပ်သည့်အခါ ချုံထဲ ဝင်အိပ်ရင်း တောအတွင်း ဆက်ဝင်လာခဲ့၏။ ထူးခြားဆန်းကြယ်သော သားရဲကြီးများ အပါအဝင် ထူးဆန်းသော အရာများစွာကို သူတွေ့ရသည်။

သူ့အတွက် တောကို ဖြတ်ရန် သုံးနှစ်ကြာလိုက်၏။ သူထွက်လာသောအခါ နောက်ပြန်လှည့်ကြည့်ပြီး အတွေးနက်နသောအသွင်က သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။ သူစိတ်ရှိလျှင် ဤတောထဲ၌ နေပြီး

၄င်း၏တစ်စိတ်တပိုင်း ဖြစ်လာနိုင်သည်ဟု သူခံစားနေရ၏။

ဤနေရာမျိုးတွင် လူတစ်ယောက်သည် ကောင်းကင်နှင့်မြေကြီးဖြင့် တစ်သားတည်းဖြစ်လာပြီး သေမျိုးဘဝမှ လွတ်မြောက်နိုင်လေသည်။

"ဒီနေရာက ငါလျှောက်ချင်တဲ့ လမ်းကြောင်းမဟုတ်ဘူး" မန်ဟိုက အတွေးထဲနစ်မြောနေလျက် အဝေးသို့ လမ်းလျှောက်ထွက်သွားလေသည်။

***

All Chapters