← Chapters

ဒီဘဝ

Vol. 21 Ch. 290

ဒီဘဝ

Vol. 21 Ch. 290

နှစ်နှစ်ကြာပြီးနောက် မန်ဟို အသက် ၃၅ နှစ်ရှိလေပြီ။ သူ အိမ်မှာ ထွက်လာခဲ့သည်မှာ ကိုးနှစ်ကြာခဲ့ပြီဖြစ်၏။ သို့သော် ထိုတစ်ချိန်လုံး သူသည် နှစ်နေရာတွင်သာ နေထိုင်ခဲ့သည်။ မြစ်နှင့် တောအုပ်။

ဤနှစ်တွင် သူ တောပုန်းဓားပြတစ်ဖွဲ့နှင့် ပက်ပင်းတိုးသည်။

ဓားပြများသည် များသောအားဖြင့် လူသတ်သမားများ ဖြစ်သော်လည်း မန်ဟို့ကိုတော့ မသတ်ပေ။ သူ၏စာပေသမား ဝတ်ရုံကြောင့်သော်လည်းကောင်း၊ သူလွယ်ထားသည့် စာအုပ်အထုပ်အပိုးကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ သူ့မှာ သူ၏ကံတရားအပေါ် သေချာပေါက် လျှော့တွက်မိခဲ့လေသည်။ ဓားပြခေါင်းဆောင်မှာ ဆွဲဆောင်မှုရှိသော မိန်းမလှလေးတစ်ဦးဖြစ်၏။ သူမက သူ့ကို တစ်ခွန်းတည်း မေးသည်။

"ရှင် စာရင်းတွက်တတ်လား"

မန်ဟို ခေါင်းခါလိုက်သည်။ သို့သော် သူတို့က သူ့ကို တောင်ပေါ်ရှိ ခံတပ်သို့ ခေါ်သွားသည်။ ၄င်းမှာ တကယ်တော့ လူတစ်ထောင်ကျော်နေထိုင်သော သစ်လုံးခံတပ်ရွာလေးတစ်ရွာ ဖြစ်သည်။ ကလေးများအပါအဝင် အများစုသည် ဓားပြများ၏ မိသားစုဝင်များ ဖြစ်ကြ၏။

မန်ဟိုမှာ များသောအားဖြင့် ကလေးများအား စာဖတ်ရန် သင်ကြားပေးသည့် ဆရာတစ်ယောက်အဖြစ် အလုပ်လုပ်ရလေသည်။ သူအနေဖြင့် သူတို့ကို ခက်ခက်ခဲခဲ သင်စရာမလိုပေ။ သူတို့အတွက် ဘဏ်စာရင်းများ ဖတ်တတ်ပြီး ဓားပြကောင်းတစ်ယောက် လုပ်သင့်လုပ်ထိုက်သည့် အခြေခံအကြောင်းအရာများအား နားလည်ရန်သာ လိုအပ်သည်။

ဤသည်မှာ လှပသော ဓားမြခေါင်းဆောင်မလေး ဓားပြအားလုံးအပေါ် ချမှတ်ထားသော လိုအပ်ချက်ပင်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မန်ဟိုမှာ အသားကျအောင် နေရင်း လျင်မြန်စွာပင် အိမ်သဖွယ် ခံစားလာရသည်။ သူသည် စာဖတ်ခြင်းအား သင်ကြားပေးပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ၄င်းမှာ တုန်းလိုင်စီရင်စုက ဘဝအတိုင်းပင်။ သူသည် တစ်ခါတရံ သူ့ဆရာအကြောင်း သို့မဟုတ် သူ့အဖေအကြောင်းနှင့် အုတ်ဂူအား သန့်ရှင်းရေးသွားမလုပ်ပေးသည်မှာ အလွန့်အလွန်ကြာခဲ့ပြီဖြစ်ကြောင် တွေးမိတတ်သည်။

သစ်လုံးခံတပ်၌ အသေအပြောက်များ လစဉ်ဖြစ်ပွားလေသည်။ သုံးနှစ်ကာလအတွင်း ခံတပ်အား နှစ်နေရာ ရွှေ့ပြောင်းခဲ့ရသည်။ လေးနှစ်မြောက်တွင် စစ်တပ်ရောက်လာ၏။ ခံတပ်မှာ ခုခံနိုင်ရန် များပြားလွန်းသော အရေအတွက်နှင့် ရင်ဆိုင်ရတော့သည်။ ထိုသေရေးရှင်ရေးအခြေအနေတွင် မန်ဟို အဆိပ်အားအသုံးပြုရန် ချက်ချင်း တွေးမိလိုက်သည်။

ယခုလောလောဆယ်တွင် မြောက်လေတိုက်နေပြီး စစ်တပ်က တောင်ဘက်တွင် ရှိလေသည်။

မည်သည့်အတွက်ကြောင့် အဆိပ်သုံးရန် အကြံရခဲ့သည်လဲ မန်ဟိုမသိပေ။ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း သူ့ခေါင်းထဲ၌ ဗဟုသုတများ အလျှံအပယ်ရှိလာခဲ့ပုံရသည်။ ဆေးလုံးက.... မှန်ပါသည်၊ မန်ဟိုဖော်စပ်ထားခြင်းပင်။

အဆိပ်မှုန့်များ လေနှင့်အတူ တောင်ဘက်သို့ မျောလွင့်သွားစဉ် မန်ဟို မျက်လုံးပိတ်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်နေသံများ သူကြားလိုက်သည်။ ရန်သူများ အစုလိုက်အပြုံလိုက် သေသွားပြီး ရွာမှ အနိုင်ရသွားလေသည်။

မန်ဟို အသက် ၃၉ နှစ်ရှိလေပြီ။ ထိုည၊ နာရီသုံးချက်ထိုး၌ တောက်လောင်နေသောမီးလျှံကဲ့သို့ တစ်စုံတခု သူ၏အိပ်ရာခင်းထဲ တိုးဝင်လာသည်။ ၄င်းမှာ ဓားပြခေါင်းဆောင်မလေး ဖြစ်၏။ နေ့အချိန်တွင် သူမသည် ရှေးဆန်သည့်အမျိုးသမီး ဖြစ်သော်လည်း ယခုတော့ လှပသောနတ်သမီးလေးသဖွယ်ပင်။

နေ့ချင်းညချင်း မန်ဟို့ဘဝ ပြောင်းလဲသွား၏။ သူသည် သင်ကြားရေးဆရာမဟုတ်တော့ဘဲ အကြံပေးအရာရှိ ဖြစ်သွားလေသည်။ သူ့မှာ ထိုကဲ့သို့ ဘဝမျိုးကို ယခင်က တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ ၄င်းက လန်းဆန်းပြီး စိတ်လှုပ်ရှားစရာကောင်းသည်။ မကြာမီ သူ အသက်လေးဆယ်ပြည့်သွား၏။ သွေးဆူလွယ်သောအရွယ်ကား ကျန်ခဲ့လေပြီ။ သို့သော် ဤအရာအားလုံးမွာ.....  စွဲမက်ဖွယ်ကောင်းနေသေးသည်။

သတ်ဖြတ်ခြင်း၊ လုယက်ခြင်း။ သုံးနှစ်အတွင်း မန်ဟို့လက်တွင် သွေးမစွန်းခဲ့ပေ။ သို့သော် သူ၏အကူအညီဖြင့် ဓားပြများ နုတ်ယူခဲ့သည့် အသက်အရေအတွက်မှာ ဆယ်ဆတိုးသွား၏။

ထိုနှစ်ဆောင်းရာသီတွင်တော့ နောက်ဆုံး မန်ဟို အရာအားလုံးကို စိတ်ပျက်လာသည်။ သူသည် ဤဘဝကို မရွေးချယ်ခဲ့သဖြင့် ထွက်သွားချင်လေသည်။ သို့သော် ယခုအချိန်တွင် ခံတပ်မှာ အတော်လေးကြီးနေပြီဖြစ်သည်။ သူထွက်သွားဖို့ စကားစသောအခါ ခေါင်းဆောင်မလေးက ခွင့်မပြုပေ။

သို့သော် မန်ဟိုက ... လက်မလျှော့ဘဲ ခံတပ်မှ ထွက်လာ၏။ ထို့ကြောင့် သူတို့က သူ့နောက်လိုက်ပြီး သတ်ရန် ကြိုးစားကြသည်။

သူတို့သည် သူ့ကို တစ်နှစ်တိုင် လိုက်ရှာပြီးနောက်ဆုံး လက်လျှော့သွားကြ၏။ အဆုံးသတ်တွင် မန်ဟို အသတ်မခံရပေ။ သူ့မှာ မောမောပန်းပန်းဖြင့် လှည့်လိုက်ရာ ထိုနေရာ၊ သူ့အနောက် ခြေလှမ်းတစ်ရာကျော်လောက်တွင် ခေါင်းဆောင်မလေးရှိနေသည်။ သူမသည် အနက်ရောင်လေးကြီးကိုင်လျက် သူ့ကို စိုက်ကြည့်ရင်း မြင်းပေါ်၌ ထိုင်နေသည်။ သူမမှာ အသက်ပိုကြီးလာသော်လည်း လှနေဆဲပင်။ သူမမျက်ဝန်းလေးတွင် ဆုံးဖြတ်ရခက်နေသောအရိပ်ယောင်က ဖုံးလွှမ်းနေသည်။

လေတစ်ချက်က သူတို့နှစ်ယောက်ကို ကျီစယ်တိုက်ခတ်သွားသည်။ မန်ဟိုက သူ့မွေးရပ်မြေမှ ထွက်ခွာလာခဲ့စဉ်က ယူလာခဲ့သောအိတ်ကို လွယ်ရင်း ချာခနဲ လှည့်ကာ အဝေးသို့ ထွက်သွား၏။

လေးထံမှ မည်သည့်မြားမှ ထွက်မလာပေ။

ထိုနှစ်တွင် မန်ဟို ၄၃ နှစ်ပြည့်သည်။

နောက်ဆုံး တောင်ထိပ်တွင် ရှိနေသော တာအိုဘုရားကျောင်းတစ်ကျောင်းကို သူလှမ်းမြင်လိုက်သည်။

ဆောင်းဦးဖြစ်၍ အရွက်များက ဘုရားကျောင်း၏ အစိမ်းရောင်ထုံးကျောက်အပေါ်သို့ ကြွေကျလျက်ရှိ၏။ ကောင်းကင်မှာ အုံ့မှိုင်းနေပြီး ရံဖန်ရံခါ မိုးခြိမ်းသံကို ကြားနိုင်သည်။ မိုးကား ရွာပေတော့မည်။

မန်ဟိုက တာအိုဘုရားကျောင်းတွင် နေထိုင်ခွင့်တောင်းလိုက်၏။ သူသည် တာအိုဘုန်းကြီးများ တရားကျင့်ကြံအားထုတ်နေပြီး ကြည့်ပြီး သူတို့၏ နေပုံထိုင်ပုံများကို လေ့လာကာ ယခင်က တစ်ခါမှ မကြုံတွေ့ဖူးသော ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။

သူ့မှာ လက်နှစ်ဖက်လုံး ဆေးကြော၍မရအောင် သွေးစွန်းထားသည်ဟူသော ခံစားချက်ကြီးအား ထုတ်မရပေ။ ဤနေရာတွင်တော့ ၄င်းအား ဆေးကြောရန် နည်းလမ်း ရှာတွေ့နိုင်လောက်သည်။

နှစ်နှစ်ကြာသော် မန်ဟို အသက် ၄၅ နှစ်ရှိလေပြီ။ သူက သက်ပြင်းဖွဖွချလိုက်၏။

"ဘယ်လိုမှ ဆေးကြောလို့မရမယ့် ပုံပဲ။ ဒါဆိုလဲ ဒီတိုင်းနေရုံပဲ ရှိတော့တယ်" သူက ခေါင်းခါပြီးနောက် တာအိုဘုရားကျောင်းးကို နှုတ်ဆက်ထွက်ခွာကာ ကမ္ဘာကြီးထဲ နောက်တစ်ဖန် ဝင်ရောက်လာသည်။

နောက်ဆုံးတွင် သူ မြို့တော်သို့ ရောက်လာသည်။ ထိုနေရာတွင် တစ်နှစ်နေပြီးနောက် အိမ်နီးချင်းနိုင်ငံနှင့် သွေးချောင်းစီးတိုက်ပွဲကြီး ဖြစ်ပွား၏။ အသက်ကြီးပြီဖြစ်သည့်တိုင် မန်ဟို့မှာ စစ်တပ်ထဲ အတင်းသွတ်သွင်းခံရပြီး စစ်သားတစ်ယောက်ဖြစ်လာသည်။ ထိုအချိန်တွင် နှစ်ပြည်ထောင်စစ်ပွဲကား စရုံရှိသေးလေသည်။

စစ်ပွဲစပြီး နှစ်နှစ်ကြာသော် မန်ဟိုက တိုက်ပွဲတစ်ပွဲအား အနိုင်ရရန် သူဖော်စပ်ထားသည့် အဆိပ်တချို့သုံးခဲ့ရာ နှစ်နိုင်ငံလုံး တုန်လှုပ်သွားသည်။ ဤသည်က သူ့ကို အမြင့်သို့ တွန်းပို့လိုက်သည်။ သူသည် သာမန်စစ်သားမဟုတ်တော့ဘဲ အဆိပ်ပညာရှင်တစ်ဦး ဖြစ်သွား၏။

စစ်ပွဲစပြီး ငါးနှစ်ကြာသော် သူကား စစ်သူကြီးဖြစ်လာသည်။ သူသည် သူကိုယ်တိုင် လေ့ကျင့်ပေးထားသော အထူးအဆိပ်ပညာရှင်တပ်ဖွဲ့တစ်ဖွဲ့နှင့်အတူ စစ်သားတစ်သိန်းအား ကြီးကြပ်ရင်း ထိုးစစ်ကို ဦးဆောင်ရ၏။

စစ်ပွဲစပြီး ရှစ်နှစ်ကြာသော် ရန်သူများ စစ်မြေပြင်မှ ဆုတ်ခွာ၍ ခုခံရန် ပြန်သွားကြသည်။ မန်ဟိုသည် အသက်ငါးဆယ်ကျော်နေပြီဖြစ်ပြီး သူ့နာမည်မှာ တစ်နိုင်ငံလုံး၌ ထင်ရှားကျော်ကြားလာ၏။ သူသည် သူ့လူများကို ဦးဆောင်၍ ရန်သူ့တိုင်းပြည်ကို အနိုင်ယူလိုက်သည်။

ဆယ်နှစ်ကြာသော် မန်ဟို ၅၆နှစ် ရှိလေပြီ။ သူ မွေးရပ်မြေမှ ထွက်ခွာလာသည်မှာ နှစ်သုံးဆယ်ကြာခဲ့ပြီ  ဖြစ်သည်။ ရန်သူအား ချေမှုန်းပြီး တိုင်းပြည်သို့ ပြန်ရောက်သော် သူ့အား တခမ်းတနား ကြိုဆိုကြသည်။

သူသည် ယခုတွင် သူရဲကောင်းတစ်ဦးဖြစ်သည့်အတွက် တော်ဝင်အတိုင်ပင်ခံဆိုသော ဘွဲ့ချီးမြှင့်ခံရ၏။

အရာအားလုံးမှာ အိပ်မက်သဖွယ်ဖြစ်နေ၍ မန်ဟို ၄င်းနှင့် အသားမကျသေးပေ။ သူ့ကြောင့်သော်လည်းကောင်း၊ တိုင်းပြည်၍ ကြီးထွားလာသော အာဏာစက်ကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်၊ တော်ဝင်အတိုင်ပင်ခံဖြစ်ပြီးနောက် တိုင်းပြည်သည် ကျူးကျော်သူအဖြစ် ပြောင်းသွား၏။ စစ်ပွဲများ တစ်ကြော့ ပြန်စလေပြီ။

တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးသွားပြီးနောက် မန်ဟို အသက် ၆၀ အရွယ် ရောက်လာသည်။ သူ့မှာ နောက်တစ်ဖန် အရာအားလုံးကို ငြီးငွေ့လာပြန်သဖြင့် စစ်တပ်မှ နှုတ်ထွက်ပြီး စစ်ပွဲများကြောင့် မီးလောင်ပျက်စီးခဲ့ရသော နေရာများကို ပြန်သွားသည်။ ထိုနေရာတွင် ပလိပ်ရောဂါ ဖြစ်နေလေသည်။ သူသည် လူတချို့၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြီးနောက် တော်ဝင်အတိုင်ပင်ခံမဟုတ်တော့ဘဲ သမားတော်တစ်ယောက် ဖြစ်လာ၏။

သူသည် ငယ်စဉ်က အိပ်မက်အတိုင်း တောင်များတက်ပြီး အဝေးရှိ နယ်မြေအား ဆက်လက်ခရီးနှင်နေသည်။

သို့သော် အတိတ်တွင် သူလူပေါင်းများစွာ သတ်ခဲ့မိ၍ ထိုအရေအတွက်အတိုင်း ပြန်ကယ်ပေမည်။

သူခရီးက နှစ်နှစ်ဆယ်ကြာသွားသည်။

ထိုနှစ်နှစ်ဆယ်လုံး မန်ဟိုသည် နိုင်ငံများ မရေမတွက်နိုင်အောင် လျှောက်သွားပြီး တောင်ထိပ် ဘယ်နှခုရှိသည်လဲ သိသည့်လူ ဖြစ်လာခဲ့သည်။ သူက လူပေါင်းများစွာကို ကယ်တင်ခဲ့ပြီး မကြာမီ "ဆေးသမားတော်ရဲ့ အံ့ဖွယ်လက်တစ်စုံ" ဆိုသောစကားလုံး ဟိုးတကျော်ကျော် ပျံ့နှံ့လာသည်။

မန်ဟို အသက် ၈၀ ပြည့်သည့်နှစ်တွင် ကောင်းကင်ကို အတွေးများစွာဖြင့် မော့ကြည့်လိုက်သည်။ သူ၏ အိုမင်းနေသော မျက်နှာမှာ ဘဝ၏ အတွေ့အကြုံ အမှတ်တရများဖြင့် ဖုံးလွှမ်းနေသည်။

"ငါ့ဘဝမှာ လမ်းတွေ အများကြီးလျှောက်ခဲ့တာပဲ" သူက တစ်ယောက်တည်း တွေးနေ၏။ "ဒါပေမယ့် ငါ့ရွေးချက်မှုက.....ဘာလဲ..... မြစ်ရေပြင်မှာ ထင်ဟပ်နေတဲ့ ပုံရိပ်ကို မရွေးချယ်ခဲ့သလို၊ တောထဲက ရသေ့တစ်ယောက်ရဲ့ ငြိမ်းချမ်းတဲ့ဘဝကိုလည်း မရွေးချယ်ခဲ့ဘူး။ ဓားပြလင်မယားအဖြစ်နဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဘဝကိုလည်း မလိုချင်ခဲ့သလို၊ တာအိုဘုန်းကြီးတစ်ပါးလည်း မဖြစ်ချင်ခဲ့ဘူး .....  အဆိပ်ပညာရှင်၊ တော်ဝင်အတိုင်ပင်ခံဆိုတာတွေကိုလည်း စွန့်ပစ်ခဲ့ပြီးပြီ.... ငါ့နောက်ဆုံး ဆုံးဖြတ်ချက်က ဆေးသမားတော်ဖြစ်လာဖို့လို့ ထင်ခဲ့တယ်။ ဒါမဲ့ ပြန်တွေးကြည့်တော့ ..... အဲ့တာလည်း ငါ့လမ်းကြောင်း မဟုတ်ပြန်ဘူး။ ငါ ဒီဘဝမှာ ဘာကို လိုက်ရှာနေတာလဲ" သူက ကောင်းကင်ကို မော့ကြည့်လိုက်သော်လည်း အဖြေကို မတွေးနိုင်ပေ။ သူရှာတွေ့သည့် တစ်ခုတည်းသောအရာမှာ ပို၍မချင့်မရဲဖြစ်လာပြီး ပင်ပန်းလာသည်ကိုပင်။

သူ အိမ်ကို လွမ်းသည်။  ထိုဆောင်းည၌ သူသည် ကြယ်တာရာများကို မော့ကြည့်ရင်း ထိုင်နေမိသည်။ သူ့ခြေထောက်ဘေးတွင် ရွက်ကြွေတစ်ရွက်။ လေက တောအုပ်ကို တိုးဝှေ့ပြီး ၄င်းကို ကောက်ယူကာ ၄င်းကြွေကျလာခဲ့သည့် သစ်ပင်ဆီ ပြန်ပို့ပေးလိုက်သည်ကို သူသတိမထားမိပေ။ ယခုအချိန်တွင် သူ့မှာ ထိုသစ်ရွက်ပမာပင်။  သူ အိမ်၏အဝေးသို့ ရောက်နေသည်မှာ နှစ်ခြောက်ဆယ်စက်ဝန်း ပြည့်ခါနီးလေပြီ။ သူ အိမ်ပြန်ဖို့ လို၏။

မန်ဟို လမ်းလျှောက်လာသည်။ သူ အိမ်မှ ထွက်လာပြီးနောက် ဤနေရာသို့ ရောက်ရန် ၅၄ နှစ်ကြာခဲ့သည်။ အပြန်ခရီးကား ခြောက်နာရီသာ ကြာလေသည်။

တုန်းလိုင်စီရင်စုမှာ ယခင်ထက်ပင်ပို၍ စည်ကားစွာ ရှိနေသေးသည်။ မြို့ထဲ ဝင်လာသောအခါ မန်ဟို့ဆံပင်မှာ ဖြူနေလေပြီ။ သူ့မှာ အတိတ်က အရိပ်အယောင်များတချို့ကို မှတ်မိရုံလေးသာ ရှိသည်။

ဆောင်ကြာမြိုင် မရှိတော့ပေ။ တံတိုင်းမှာ အချိန်အတော်ကြာကတည်းက ဖြိုချခံခဲ့ရပြီး ယခုတွင် ထိုနေရာမှာ စံအိမ်ကြီးတစ်လုံး တည်ရှိနေသည်။

သူကြီးပြင်းလာခဲ့သည့် အိမ်သည်လည်း အချိန်နှင့်တိုက်စားမှုနှင့်အတူ ပျောက်ကွယ်သွားလေပြီ။ ၄င်းနေရာတွင် စားသောက်ဆိုင်တစ်ဆိုင် ရှိနေ၏။ မန်ဟိုက ၄င်းကို ဟိုးအဝေးကြီးမှ ရပ်ကြည့်နေသည်။ သူ့မျက်နှာမှာ အရေးအကြောင်းများဖြင့်သာမဟုတ်၊ ရှုပ်ထွေးနေသောအမူအရာတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။ နောက်ဆုံး၌ သူ လှည့်ထွက်လာသည်။

သူ့ဆရာအိမ်သို့ ပြန်လာသောအခါ တံခါးလာဖွင့်သူမှာ သူစိမ်းဖြစ်၏။ နည်းနည်းပါးပါးစုံစမ်းကြည့်ပြီးနောက် မန်ဟိုက အဝေးရှိ အရှေ့တောင်ကို ခေါင်းလှည့်ကြည့်လိုက်သည်။

လွန်ခဲ့သည့် နှစ်ငါးဆယ်ကျော်က သူ့အဖေကို ထိုနေရာတွင် မြုပ်ထားခဲ့၏။ ဆရာကတော့ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က မြှုပ်နှံခံခဲ့ရလေပြီ။

မန်ဟို သက်ပြင်းချလိုက်သည်။ သူသည် သေရည်အိုးကို ကိုင်ရင်း တောင်ပေါ်သို့ တိတ်ဆိတ်စွာ တက်သွား၏။ ပထမဆုံး ပေါင်းမြက်များဖုံးနေသည့် သူ့အဖေ အုတ်ဂူကို သွားသည်။ "ဒါက ပုံရိပ်ယောင်ဆိုတာ ကျွန်တော် သိတယ်" သူက တိုးညှင်းစွာ ပြောသည်။ "ပြီးတော့ ခင်ဗျားက ကျွန်တော့ တကယ့်အဖေ မဟုတ်တာ သိတယ်။ ဒါမဲ့...  ခင်ဗျားက ကျွန်တော် တမ်းတနေတဲ့ ဖခင်မေတ္တာကို ခံစားခွင့်ပေးခဲ့တယ်။ ကျွန်တော်အိပ်နိုင်ဖို့အတွက် ပွေ့ထားပေးရုံလေး ဆိုပေမယ့်လို့ပေါ့...." လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က တာအိုဘုရားကျောင်းတွင် သူ အရာအားလုံးကို နားလည်ခဲ့၏။ ဤကမ္ဘာမှာ တပည့်ဖြစ်ရန် စမ်းသပ်မှုဖြစ်သည့် ပုံရိပ်ယောင်တစ်ခုထက် မပိုပေ။

တကယ့်မန်ဟိုက ဇီတုန်တောင်၏ထိပ်၊ ခရမ်းကြမ္မာကောင်းကင်နယ်မြေ၏ကမ္ဘာတွင် ရှိနေသေးသည်။

သူ မျက်လုံးများ မှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ့အဖေ အုတ်ဂူမှသူထွက်လာခဲ့သည်။ နောက်ဆုံး၌ ဆရာ့အုတ်ဂူသို့ သူရောက်လေပြီ။ သူက ၄င်းကို ငေးကြည့်နေပြီးနောက် စကားပြော၏။

"တပည့်ဖြစ်ဖို့အတွက် သုံးကြိမ်ဂါဝရပြုရတယ်" သူက တီးတိုး ရေရွတ်သည်။ "ပထမဆုံးအကြိမ်က အပြစ်ကင်းစင်တဲ့အချိန်မှာ။ ဒုတိယတစ်ကြိမ်က လျှောက်သွားတဲ့အချိန်မှာ။ တတိယအကြိမ်ကတော့ နေဝင်ဆည်းဆာကို ရှုနေတဲ့အချိန်.... ဆရာက ကျုပ်ကို ဆရာ့တပည့် လုပ်မလား၊ မလုပ်ဘူးလား ဆုံးဖြတ်ဖို့ ဘဝတစ်ခုလုံး ပေးခဲ့တာပဲ။ ဒီပုံရိပ်ယောင်နယ်ပယ်က အရာအားလုံးကို ကျုပ်ဖန်တီးတာမဟုတ်ဘူး။ ဆရာ ဖန်တီးခဲ့တယ်။ ဆရာက စမှတ်ပဲပေးခဲ့တာ။ မီးလျှံစမ်းသပ်ပွဲက လူအားလုံး ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖန်တီးရလိမ့်မယ်

"ဒီကမ္ဘာမှာ ကျုပ် နှလုံးသားကို လွတ်လပ်ခွင့်ပေးခဲ့တယ်။ ကျုပ်.....ကျုပ် အရာအားလုံးကို ကြုံတွေ့ခဲ့တယ်။ နောက်ဆုံး ကျုပ် ဒီနေရာကို ပြန်ရောက်လာတယ်။ ဒါမဲ့ ကျုပ် ဘာကိုလိုက်စားချင်လဲ မရှာတွေ့သေးဘူး....

"ဆေးဝါးတာအိုလား။ အဲ့တာလည်း မဟုတ်ဘူး" သူက သေရည်အိုးကို မြှောက်ပြီး အကြာကြီး မော့သောက်လိုက်သည်။

"ထာဝရဘဝတဲ့လား" သူက တိုးတိုးလေးပြော၏။ "ကျုပ် အရည်အချင်းမမှီဘူး" မကြာမီ နေလုံးကြီးသည် အနောက်ဘက်သို့ ငုပ်လျှိုးလာပြီး သေရည်အိုးကုန်သွားလေပြီ။ သူက တတိယအကြိမ် ဂါဝရမပြုဘဲ တုန်းလိုင်စီရင်စုသို့ ပြန်လှည့်ထွက်သွားသည်။

တတိယအကြိမ် ဂါဝရပြုလိုက်သည်နှင့် ဤပုံရိပ်ယောင်ကမ္ဘာမှ ထွက်သွားရမည်ကို သူသိသည်။ သို့သော် သူအဖြေကို ရှာမတွေ့သေးသဖြင့် ထွက်မသွားဘဲ နေဦးမည်ဖြစ်သည်။

ထိုအချိန်မှစ၍ အဘိုးကြီးတစ်ယောက် တုန်းလိုင်စီရင်စု၌ အခြေချနေထိုင်တော့သည်။

ပုံရိပ်ယောင်ကမ္ဘာ၏အပြင်ဘက်၊ ခရမ်းရောင်ကြမ္မာကောင်းကင်နယ်မြေအတွင်း၊ ဇီတုန်တောင်ထိပ်တွင် ချူယွီယန်၏မျက်ဝန်းများမှ မျက်ရည်များစီးကျလာသည်။ သူမက ၄င်းတို့ကို ဖွင့်လိုက်ရာတွင် လက်ရှိကို မေ့ပြီး သူမကမ္ဘာထဲတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်နေသည့်အလား ပူဆွေးသောကများဖြင့် ပြည့်နေလေသည်။

အချိန်အတော်ကြာပြီးနောက်တွင် သူမတစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမက မျက်တောင်ခတ်လိုက်၏။ စစချင်း သူမမျက်ဝန်းလေးများမှာ ဇဝေါဇဝါဖြစ်နေသော်လည်း လျင်မြန်စွာ ကြည်လင်လာသည်။ သူမမျက်နှာအမူအရာလေးမှာ လွမ်းဆွေးနေသည့်ဟန်ရှိသည်။ နောက်ဆုံး၌ သူမ ခေါင်းမော့လိုက်ရာ ဇီတုန်တောင်ထိပ်တွင် သူမနှင့်အတူ ရှိနေသော တခြားနှစ်ယောက်ကို မြင်လိုက်၏။

တစ်ယောက်က ဖန်မု၊ နောက်တစ်ယောက် ရီဖေးမု။ သူတို့နှစ်ယောက်လုံးက မျက်လုံးများမှိတ်ထားသည်။ တစ်ယောက်၏မျက်နှာမှာ အတွေးနက်နေဟန် ရှိပြီး အခြားတစ်ယောက်မှာ တွေဝေနေသယောင်ပင်။ ပထမလူမှာ ဖန်မုဖြစ်ပြီး နောက်လူက ရီဖေးမုဖြစ်၏။

သူမကတော့ တောင်ထိပ်ထံမှ ခြေလှမ်းဆယ်လှမ်းစာ လိုနေသေးသည်။ သူမအနောက်တွင် အခြား နာမည်မသိသောပြိုင်ပွဲဝင်နှစ်ယောက်ရှိသည်။

ဤအခိုက်အတန့်တွင် ရီဖေးမု ရုတ်တရက် တုန်ရီလာပြီး နိုးလာသည်။

***

All Chapters