← Chapters

ဆေးလုံးတစ်ထောင်မှ ဖြစ်ပေါ်လာသော ဒယ်အိုးတစ်လုံး

Vol. 21 Ch. 291

ဆေးလုံးတစ်ထောင်မှ ဖြစ်ပေါ်လာသော ဒယ်အိုးတစ်လုံး

Vol. 21 Ch. 291

ချူယွီယန်၏ နှလုံးသားအတွင်းထဲမှ ခါးသီးမှုတို့ ပေါက်ဖွားလာသည်။ သူမမှာ သူမ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်တွေးနေမိသည်။ ထို့နောက် သူမသည် တောင်ထိပ်ရှိ မီးလျှံစမ်းသပ်ပွဲ ပြိုင်ပွဲဝင်နှစ်ဦးကို မော့ကြည့်လိုက်သည်။

ဖန်မု ထိုနေရာသို့ရောက်နေခြင်းမှာ မတော်တဆမှုကြောင့်ဖြစ်ကြောင်း သူမခံစားရသည်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ဤကဲ့သို့ဖြစ်ပျက်လိမ့်မည်ဟု သူမသိနေခဲ့သည့်အလား ခံစားနေရပြန်သည်။

ထို့နောက် ရီဖေးမု၊ ဆေးဝါးတာအို၏ ရွေးချယ်ခံ။ သူထိုနေရာတွင် မရှိလျှင်သာ သူမအံသြမိပေဦးမည်။

"ငါ ရှုံးသွားပြီ...." သူမက သက်ပြင်းချပြီးနောက် တောင်အောက်သို့ ပြန်ဆင်းလိုက်သည်။ ဤတောင်သည် အတက်ရသော်လည်း အဆင်းတော့မရပေ။ နောက်တစ်လှမ်းဆုတ်ခြင်းက ရှုံးနိမ့်ခြင်းနှင့် ကောင်းကင်နယ်မြေမှ ထွက်ခွာခြင်းကို ဖော်ပြသည်။

ခြေထောက်ချလိုက်သည်နှင့် သူမ၏အမြင်အာရုံဝေဝါးသွားသည်။ အရာအားလုံး နောက်တစ်ဖန် ကြည်လင်ပြတ်သားလာသောအခါ သူမသည် တုန်းလိုင်တောင်သို့ ပြန်ရောက်နေလေပြီ။ သူမက အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်များကို ကြည့်ပြီးနောက် ဧည့်သည့်ဂိုဏ်းများမှ ကျင့်ကြံသူများကို လှမ်းကြည့်သည်။ နောက်ဆုံး၌ သူမ၏ပုံရိပ်ယောင်ကမ္ဘာအတွင်းက အဖြစ်အပျက်များကိို ဤလူများ မမြင်နိုင်ကြောင်း သူမနားလည်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမ ဆေးပေါင်းဖိုကြီးမှ ထုတ်လွှင့်ပြသနေသည့် မျက်နှာပြင်များကို လှည့်ကြည်လိုက်သောအခါ ဖန်မု၏ ပုံရိပ်ယောင်ကမ္ဘာကို မဟုတ်ဘဲ သူ၏အတွေးနက်သောအမူအရာကိုသာ မြင်ရခြင်းကြောင့်ဖြစ်သည်။

"ပြန်လည်ကြိုဆိုပါတယ်" ဆေးလုံးမိစ္ဆာက ခပ်ရေးရေးပြုံးရင်း ပြောသည်။

ချူယွီယန် ရုတ်တရက်ကြီး ငိုချင်လာသည်။ ပုံရိပ်ယောင်ကမ္ဘာ၏ အသက်ဝင်ခြင်းမှာ သူမလက်တွေ့ဘဝသို့ ပြန်ရောက်လာသည့် အခိုက်အတန့်အထိ ကျန်ရှိနေသေးလေသည်။ သူမက ဘာမှမပြောဘဲ ဆေးလုံးမိစ္ဆာ၏ဘေးတွင် ရပ်ရန် လျှောက်လာ၏။

ချူယွီယန်ပြီးနောက် အဘိုးကြီးနှင့် သက်လတ်ပိုင်းလူလည်း အရှုံးကို လက်ခံကာ တစ်ပြိုင်တည်း ပေါ်လာသည်။ သူတို့က အခြားဆေးဝါးပညာရှင်များ လျှောက်လာပြီး တင်ပျဥ်ခွေထိုင်ချလိုက်စဥ် သူတို့၏မျက်လုံးမှာ ငေးငိုင်ရီဝေနေ၏။ သူတို့မှာ ဝိညာဥ်များ ဆုံးရှုံးခဲ့ရသည့်အလား တွေတွေကြီးသာ ငေးကြည့်နေကြသည်။

တီးတိုးပြောသံများ ချက်ချင်း ထွက်လာသည်။

"သူတို့ ပုံရိပ်ယောင်ကမ္ဘာထဲက နောက်ဆုံးစမ်းသပ်ချက်မှာ ဘာတွေများ ကြုံတွေ့ခဲ့ပါလိမ့်။ ဘာလို့ သူတို့အားလုံး ငိုင်နေကြတာတုန်း" အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်အများစုပင်လျှင် အသေးစိတ်မရှင်းလင်းသဖြင့် ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။

ဂိုဏ်းသားများ၏ မျက်နှာပေါ်က မေးခွန်းထုတ်နေသောအသွင်များကို ကြည့်ရင်း ဂိုဏ်းအမျိုးမျိုးမှ လက်ထောက်ခေါင်းဆောင်ကြီးများ စတင်ဆွေးနွေးလာကြတော့သည်။

"ဇီယွင်ဂိုဏ်းရဲ့ ကောင်းကင်နယ်မြေက ပုံရိပ်ယောင်ကမ္ဘာက နှလုံးသားကို ပုံရိပ်ယောင်တွေ ပေါက်ဖွားလာစေတဲ့ အစေ့အဖြစ် အသုံးချတယ်။ ဒီပညာရပ်ရဲ့ လွှမ်းမိုးမှုအောက်မှ ဘယ်သူမှ အမှားအမှန် ပြောနိုင်မှာ မဟုတ်ဘူး။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံခြင်းအခြေခံနဲ့ ကျင့်ကြံသူတစ်ယောက်တောင်မှ မပြောနိုင်ဘူး။ ပုံရိပ်ယောင်တွေထဲမှာ ဘယ်တော့မှ အသိစိတ်ဝင်မလာနိုင်တာကြောင့် ဒါဟာ တကယ်ပဲ နောက်ဘဝတစ်ခု ဖြစ်တယ်"

"အမှန်ပဲ။ ဒါက စိတ်ကူးယဥ်လောက ဖြစ်တဲ့အတွက် အထဲမှာ အရင်ဘဝ၊ နောင်ဘဝဆိုတာ အရေးမကြီးဘူး။ လက်တွေ့နဲ့ အိပ်မက်ကြားက ကွဲပြားမှု၊ အတိတ်ဘဝနဲ့ နောင်ဘဝရဲ့အကြားက မတူညီမှုကို ပြောဖို့ကတော့.... အင်း ဒီနေ့ခေတ်မှာ အဲ့လိုလုပ်နိုင်တဲ့လူ မရှိသလောက်ရှားတယ်"

"နိုးလာလာချင်းမှာ ပုံရိပ်ယောင်တွေ ပြိုကွဲသွားတယ်။ ဒါကြောင့် သူတို့တွေ နိုးလာတော့ ငူငူငိုင်ငိုင်ဖြစ်နေကြတာပဲ"

သူတို့သည် ပုံမှန်အတိုင်း ဆွေးနွေးနေပုံရသော်လည်း တကယ်တမ်း ဤအရှေ့ဆေးဝါးအဖွဲ့ မီးလျှံစမ်းသပ်ပွဲကို အခွင့်ကောင်းယူကာ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားက ကွဲပြားမှုအကြောင်း သူတို့၏ဂိုဏ်းသားများအား သင်ကြားပေးနေခြင်းဖြစ်၏။

လီရှိချီက တစ်ယောက်တည်း တီးတိုးရေရွတ်နေပြီးနောက် တိုးတိုးလေး မေးသည်။ "သူတို့နိုးလာတဲ့အချိန် ပုံရိပ်ယောင်တွေ ပြိုကွဲသွားတယ်လား။ တစ်ယောက်ယောက် ဉာဏ်အလင်းရရင်ရော ပုံရိပ်ယောင်တွေ မပြိုကွဲဘူးလား။ သူတို့အတွက် ပိုနက်နဲတဲ့ ဉာဏ်အလင်းရဖို့ရော ဖြစ်နိုင်လား"

သူမဘေးရှိ တုလောင်က အေးဆေးစွာ ပြန်ဖြေသည်။ "အခုတော့ အဲ့လိုဉာဏ်အလင်းရဲ့တန်ဖိုးကို စဥ်းတောင် မစဥ်းစားနဲ့ဦး။ တစ်ယောက်ယောက် အတွေးအမြင်ရှင်းသွားပြီး ပုံရိပ်ယောင်ကမ္ဘာကို မပြိုကွဲအောင် ဟန့်တားနိုင်ရင် အင်း..... အဲ့လိုလုပ်ဖို့ မယုံနိုင်လောက်အောင် အားကောင်းတဲ့ စိတ်ဝိညာဥ်အာရုံ လိုအပ်တယ်။ ပြောရရင် တာအိုဉာဏ်အလင်း လိုအပ်လိမ့်မယ်။ ဒါ့ကြောင့် အဲ့လိုအရာမျိုးဟာ ရွေးချယ်မှုကြောင့်မဟုတ်ဘဲ ပါရမီကြောင့်ပဲ ဖြစ်နိုင်တယ်။ ငါ့ဘဝတစ်လျှောက်လုံးမှာတော့ အဲ့လိုလုပ်နိုင်တဲ့လူ တစ်ယောက်ပဲ မြင်ဖူးတယ်"

ဘေးရှိ ယီးကျန့်ဂိုဏ်း၏ ဒုတိယတာအိုသခင်က သူတို့စကားသံများကို ကြားသွားပြီး ထပ်ထည့်ပြော၏။ "ဒါ့အပြင် အဲလို့အရာမျိုးလုပ်တာ အင်မတန် အန္တရာယ်များတယ်။ အချိန်ကုန်လေလေ၊ အဲ့ပုဂ္ဂိုလ်ရဲ့အသိ ပြန်ဝင်လာလေလေ ဖြစ်တာကြောင့် နစ်မြောသွားပြီး ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး"

လူတိုင်း စကားလက်ဆုံကျနေစဥ် ရီဖေးမုနိုးလာသည်ကို သတိထားမိလိုက်ကြသဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ သူက မန်ဟို့ကို လှမ်းကြည့်လိုက်သည်ကို မျက်နှာပြင်မှတစ်ဆင့် မြင်နိုင်၏။ သူမျက်နှာမှာ ချက်ချင်း သုန်မှုန်သွားလေသည်။ သို့သော် အဆုံးသတ်တွင် သူသည် နောက်ဆုတ်ရန် ရွေးချယ်ခဲ့ပြီး ကောင်းကင်နယ်မြေမှ ထွက်ခွာကာ တုန်းလိုင်တောင်ထိပ်သို့ ပြန်ရောက်လာသည်။

သူပေါ်လာသည့်အခိုက်အတန့်တွင် ဂုဏ်ပြုကြိုဆိုသံများအား သူနှင့်ရင်းနှီးသည့် ဆေးဝါးပညာရှင်များထံမှ ကြားလိုက်ရသည်။

" ဂုဏ်ယူဝမ်းမြောက်ပါတယ် ဆေးပေါင်းဖိုဘုရင်ရီ။ ခင်ဗျား ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်လာတာက အရှေ့ဆေးဝါးအဖွဲဲ့အတွက် စစ်မှန်တဲ့ရွှေခေတ်ကို ဆောင်ကြဥ်းပေးပါလိမ့်မယ်"

"ဆေးပေါင်းဖိုဘုရင်ရီ ၊ မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်တဲ့ ခင်ဗျားရဲ့အားထုတ်မှုတွေဟာ ကြီးကျယ်ခမ်းနားလှပါတယ်။ အသေးစိတ်နဲ့ပတ်သက်ပြီး ဧည့်သည်ဂိုဏ်းတွေ သိချင်နေသေးမှာကိုပဲ စိုးရိမ်မိတယ်"

"ဂုဏ်ယူပါတယ် ဆေးပေါင်းဖိုဘုရင်ရီ...."

လူကြီးထဲမှ တစ်ယောက်ပြီးတစ်ယောက် ပြောနေစဥ် ရီဖေး၏အမူအရာမှာ မာန်တက်နေခြင်းမရှိတော့။ သူက ခပ်ယဲ့ယဲ့ပြုံးရင်း လူအုပ်ကြီးကို လက်ယှက်အရိုအသေပေးလိုက်သည်။ ဆေးဒယ်အိုးဆိုသောဘွဲ့အတွက်မူ သူက အတည်လည်းမပြု၊ ဖြေရှင်းချက်လည်းမပေးဘဲ တုံ့ဆိုင်းနေ၏။ ဤသည်မှာ ဆိတ်ဆိတ်နေခြင်း ဝန်ခံသည့်သဘော ဆောင်နေလေသည်။

လူတိုင်း ရီဖေးမုကို ကြည့်နေကြစဥ် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ရီယွင်တျန်းက အားပါးတရရယ်လိုက်သည်။ သူက ထရပ်ပြီး ရီဖေးမုကို သဘောကျစွာ ကြည့်သည်။

"ဖေးမု၊ မင်း ခရမ်းရောင်ဆေးပေါင်းဖိုဖြစ်ဖို့ အရည်အချင်းရှိလား၊ မရှိလား လူတိုင်းတွေ့ရအောင် ဆေးပေါင်းဖိုထုတ်ပြလိုက်" ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ဆေးဝါးပညာရှင်များ၏မျက်လုံးများ လင်းလက်လာသည်။

အန်းဇဲ့ဟိုင်က မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှမပြောပေ။

ရီဖေးမုက အသက်ပြင်းပြင်းရှုသွင်းပြီးနောက် ထောင်လွှားသောအမူအရာသည် သူ့မျက်နှာကို နောက်တစ်ဖန် ဖုံးလွှမ်းသွား၏။ သူက ညာလက်ဖြင့် သိုလှောင်အိတ်ကိုပုတ်ကာ ဆေးပေါင်းဖို ထုတ်လိုက်သည်။ ၄င်းသည် သူ ဆေးပေါင်းဖိုမိခင်၏ကမ္ဘာအတွင်းမှ ရရှိခဲ့သောတစ်လုံး ဖြစ်သည်။ ၄င်းမှာ အစက အဖြူရောင်ဖြစ်ခဲ့သော်လည်း ယခုတွင် ခရမ်းရောင် ဖြစ်ပြီး ကြည့်ရှုနေသော ကျင့်ကြံသူအားလုံး၏ မျက်လုံးများ၌ ရောင်ပြန်ဟပ်သွားစေသော ခရမ်းရောင်အလင်းကို ထုတ်လွှတ်နေလေသည်။

ရီယွင်တျန်းက ဆေးပေါင်းဖိုကို ကြည့်ပြီး ချက်ချင်း ကျယ်လောင်စွာ ရယ်သည်။ သူက ဆေးလုံးမိစ္ဆာဘက် လှည့်ကာ လက်ယှက်၍ လေးလေးနက်နက်အရိုအသေပေးလိုက်၏။

"ဂုဏ်ယူဝမ်းမြောက်ပါတယ် ဆရာ" သူက စိတ်လှုပ်ရှားစွာ ပြောသည်။ "ဒီခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ရွေးချယ်ပွဲကနေ ဆရာ့အတွက် တပည့်အသစ်တစ်ယောက် ထွက်လာပြီဆိုတော့ ကျုပ်တို့လည်း ပညာသင်ဖက်ညီလေးတစ်ယောက် ရသွားပါပြီ။ ဖေးမု မင့်ဆရာကို ဘာလိုအရိုအသေမပေးသေးတာတုန်း"

ရီဖေးမု၏မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ သူက အသက်ပြင်းပြင်းရှူပြီး ရှေ့လျှောက်လာရန် ပြင်လိုက်ဆဲဆဲ အန်းဇဲ့ဟိုင်က ပြောသည်။ "ညီလေးရီ" သူက အေးစက်စွာ စကားစသည်။ "ဒါက ကျင့်ဝတ်နဲ့မညီဘူး"

သူတို့နှစ်ယောက်ကြားက အပြောအဆိုမှာ အခြားခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ခြောက်ဦး၏မျက်နှာအမူအရာများကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သို့သော် သူတို့က သူတို့ဘာတွေးနေသည်လဲ မဖော်ပြပေ။ သို့ရာတွင် ဆေးပေါင်းဖိုဘုရင်အားလုံး၏မျက်နှာထားများ ပြောင်းလဲသွားသည်။ ယခုဘာဖြစ်နေသည်လဲ သူတို့စဥ်းစားနိုင်လေသည်။

ရီယွင်တျန်း၏ပန်းတိုင်ကား သိသာလွန်းသည်။ ဆေးပေါင်းဖိုဘုရင်များအနက် အတော်များများမှာ ဖန်မုကို အမြင်ကပ်ပြီး ရီဖေးမုကို သဘောကျကြသည်။ သူတို့တစ်ဦးတစ်ယောက်ချင်း၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးနေ၏။

သာမန်ဆေးဝါးကျွမ်းကျင်ပညာရှင်များလည်း ဘာဖြစ်နေသည်လဲ မသိပေ။ သို့သော် အနည်းအကျဥ်းတော့ နားလည်လေသည်။ သူတို့သည် စကားတစ်ခွန်းမှမပြောဘဲ ဘာဖြစ်မလဲ ကြည့်ရန် စောင့်နေကြသည်။ အခြားဂိုဏ်းများမှ လက်ထောက်ခေါင်းဆောင်ကြီးများအားလုံးမှာ အတွေ့အကြုံရှိပြီး ပါးနပ်လေသည်။ သူတို့မမြင်ဘဲ ရှိမည်လော။

အမှန်တွင် အချိန်အတော်ကြာကတည်းက တစ်ချိန်ချိန် ဤသို့ဖြစ်ပျက်လိမ့်မည်ဟု သူတို့မျှော်လင့်ထားပြီးဖြစ်၏။ မှန်ပါသည်၊ သူတို့မှာ ထိုကဲ့သို့မြင်ကွင်းမျိုးအား ကြည့်ရန် ဝမ်းမြောက်သည်ထက် ပိုလေသည်။

ဖက်တီးက မျက်လုံးပြူးကြီးဖြင့် ကြည့်နေသည်။ သူက ရီဖေးမုကို ရန်စောင်နေပြီး ဆဲဆိုနေလေ၏။

ဆေးလုံးမိစ္ဆာကတော့ ခြွင်းချက်ပင်။ သူသည် အစကတည်းက စကားတစ်ခွန်းမှမပြောခဲ့ပေ။ သူ့မှာ အဖြစ်အပျက်များအား ကြားလည်းမကြားသလို၊ မြင်လည်းမမြင်သည့်အလားပင်။

မျက်လုံးအားလုံး ဖြစ်ပွားရာနေရာအပေါ် ကျရောက်လာစဥ် ရီယွင်တျန်းက ပြုံးပြီး ပြောသည်။ '"အို" သူက ထူးဆန်းသောလေသံဖြင့် ပြောသည်။ "အစ်ကိုကြီးအန်း၊ ညီလေး အစ်ကိုကြီး ဆိုလိုတာကို နားမလည်ဘူး။ ကျုပ်ရဲ့ ရှုပ်ထွေးနေမှုကို ရှင်းပေးနိုင်မလား"

"ရီဖေးမုတစ်ယောက်ပဲ တောင်ထိပ်ခြေချခဲ့တာ မဟုတ်ဘူး" အန်းဇဲ့ဟိုင်က တည်ငြိမ်စွာ ပြန်ဖြေသည်။

ရီယွင်တျန်းက အော်ရယ်၏။ "အိုး ဆိုတော့ ဒါ အစ်ကိုကြီးအန်းပြောတဲ့ ကျင့်ဝတ်ဆိုတာပေါ့။ ညီလေး ဒီကိစ္စကို အမှတ်တမဲ့ဖြစ်သွားတယ်။ ဒါပေမဲ့.... " သူ စကားပြောနေစဥ်မှာပင် ရုတ်တရက် ကောင်းကင်နယ်မြေ၏ ကမ္ဘာကို ဖော်ပြနေသော မျက်နှာပြင်မှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ပေါက်ကွဲသံမှာ ကောင်းကင်နယ်မြေအတွင်းမှ လာခြင်းဖြစ်ကြောင်း သိသာ၏။ ကောင်းကင်နယ်မြေတစ်ခုလုံး တုန်ခါနေပြီး အားလုံးနှင့်ဆက်စပ်နေသည်မှာ ဇီတုန်တောင်ပင်။ ကြည့်ရှုနေသူများအားလုံး ချက်ချင်း လှမ်းကြည့်လိုက်၏။

ရီယွင်တျန်း၏စကားလုံးများမှာ ပေါက်ကွဲသံအောက်တွင် နစ်မြုပ်သွားသည်။

ဘယ်သူမှ သတိမထားမိလိုက်သော်လည်း ဆေးလုံးမိစ္ဆာ၏မျက်လုံးများမှ ရုတ်တရက် စူးရှတောက်ပသောအလင်းရောင် ဖြာထွက်လာပြီး သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ ၄င်းမှာ ခံစားချက်များရောပြွန်းနေသည့် အားရကျေနပ်သော အပြုံးတစ်ခုဖြစ်၏။

ပုံရိပ်ယောင်ကမ္ဘာထဲတွင် မန်ဟိုသည် တုန်းလိုင်စီရင်စု၌ ဆက်နေထိုင်နေ၏။ နောက်ထပ်သုံးနှစ် ကုန်ဆုံးသွားပြီး လောလောဆယ်တွင် မန်ဟို အသက် ၉၉ နှစ်ရှိလေပြီ။ သူက သူ့ဆရာ၏ အုတ်ဂူသို့ နောက်တစ်ခေါက် ထပ်သွားသည်။ သူသည် အုတ်ဂူကြည့်ပြီး သူ့မျက်နှာ၌ စိတ်ခံစားချက်များ ထင်ဟပ်လာသည်။

"ကောင်းကင်နဲ့မြေကြီးက မရေမတွက်နိုင်တဲ့ သက်ရှိသတ္တဝါတွေအတွက် ခေတ္တ နားနေရာထက် မပိုဘူးး။ အချိန်က ခရီးသွားတွေရဲ့ မျိုးဆက်အဆက်ဆက် ဖြတ်သန်းလာခြင်းကို ကိုယ်စားပြုတယ်" မန်ဟိုက ပြုံးလိုက်သည်။ ဘဝသည် အချိုးအကွေ့တိုင်း၌ ရှုခင်းအသစ်များဖြင့် ပြည့်နေသော ခရီးတစ်ခုဖြစ်၏။ ယခု သူလျှောက်နေသည့်လမ်းကြောင်းတွင် သူ့အမှတ်အသား ပါရှိသည်။ အမှတ်အသားက တိမ်သည်ဖြစ်စေ၊ နက်သည်ဖြစ်စေ အရေးမကြီး။ အဘယ်ကြောင့်ဆိုသော် ၄င်းက သူ၏ရွေးချယ်မှုဖြစ်၍ပင်။

"ငါလမ်းကြောင်းက ရောက်တောင်မရောက်သေးတာနေမယ်" သူက ခေါင်းခါလိုက်သည်။ အနာဂတ်တွင်တော့ သူ၏ရှင်သန်နေရသည့် ရည်ရွယ်ချက်ကို သူ သဘောပေါက်လောက်ပေမည်။ ယခုအချိန်တွင် သူမသိသေးပေ။ မသိသည့်အတွက် သူ့ကိုယ်သူ ရွေးချယ်ရန် ဖိအားပေးမည်မဟုတ်ပေ။ ခရီးနှင်နေသည့်အတောအတွင်း မည်သည့်အရာများ ဖြစ်ပျက်လိမ့်မည်လဲ ဘယ်တော့မှ ကြိုမသိနိုင်သည် မဟုတ်ပါလော။ ၄င်းက ခရီးကို လှပနေစေသော အရာဖြစ်၏။

ပူပင်ကြောင့်ကြမဲ့သော အပြုံးတစ်ခု မန်ဟိုမျက်နှာပေါ်တွင် ဖြစ်ထွန်းလာသည်။ ထိုအချိန်တွင် သူ၏ဆံပင်ဖြူများ ပြန်လည်နက်မှောင်သွားပြီး ခါးကိုင်းနေသောကိုယ်မှာ ပြန်မတ်လာ၏။ သူ၏ပုံပန်းသွင်ပြင်သည် အိုးမင်းမနေတော့ဘဲ နုနယ်ပျိုမျစ်ခြင်းဖြင့် နောက်တစ်ဖန် ပြည့်နှက်သွားလေပြီ။

သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီးနောက် အုတ်ဂူကျောက်တိုင်ကို ကြည့်ကား တတိယအကြိမ် ဂါဝရပြုရန် ဒူးထောက်လိုက်သည်။

နေဝင်ဆည်းဆာရှုခြင်း၏ ဂါဝရတရား။

ဤဂါဝရပြုမှုနှင့်အတူ ကံကြွေး နိဂုံးချုပ်သွားပြီး ဆရာနှင့်တပည့်ပတ်သက်မှု ခိုင်မာသွားသည်။ သင် ပတ်သက်မှုကို မဖြတ်တောက်လျှင် ကျွန်ုပ်လည်း ဖြတ်တောက်မှာမဟုတ်......

ဤဂါဝရပြုမှုနှင့်အတူ တုန်းလိုင်စီရင်စုသည် မန်ဟို့အနောက်တွင် ပျောက်ကွယ်သွား၏။

ဤဂါဝရပြုမှုနှင့်အတူ သူ့ပတ်ပတ်လည်ရှိ တစ်ကမ္ဘာလုံးသည် အုတ်ဂူသာ ချန်ထားခဲ့ရင်း လွင့်စင်ပျောက်ကွယ်လာသည်။

ဤဂါဝရပြုမှုနှင့်အတူ ကောင်းကင်နှင့်မြေကြီးတွင် ထစ်ချုန်းသံကြီး မြည်ဟည်းသွားသည်။ အရာအားလုံးပြိုကျ ပျက်စီးလာသည်။ မန်ဟိုက မျက်လုံးများ ဖွင့်လိုက်ရာ....  ပုံရိပ်ယောင်ကမ္ဘာ ပျောက်ကွယ်သွားလေပြီ။ သူသည် ကောင်းကင်နယ်မြေ၏ ကမ္ဘာထဲရှိ ကောင်းကင်ကို မြင်လိုက်ရသည်။ ထို့ပြင် ဇီတုန်တောင်ထိပ်တွင် ရပ်နေခြင်းဖြစ်သည်။

သူက အဝေးကို လှမ်းကြည့်ပြီးနောက် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။ ရေမျက်နှာပြင်ကဲ့သို့ လှိုင်းဂယက်များ ပျံနှံ့လာပြီး သူ၏ခန္ဓာကိုယ် ဝင်ရောက်ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ သူသည် ကောင်းကင်နယ်မြေကမ္ဘာမှ ထွက်လာခဲ့ပြီး ဆေးပေါင်းဖိုကြီး၏ အပြင်ဘက်၊ တုန်းလိုင်တောင်ထိပ်တွင် ရပ်နေလေပြီ။

သူ၏ပေါ်ပေါက်လာမှုက ရီဖေးမုထံမှ စိန်းစိန်းဝါးဝါးအကြည့်နှင့် ရီယွန်တျန်းထံမှ အေးစက်စက်အပြုံးအပါအဝင် အာရုံတော်တော်များများ ဆွဲဆောင်လိုက်သည်။

အရာအားလုံး တခဏ တိတ်ဆိတ်သွားပြီးနောက် ရီယွင်တျန်း၏ အေးစက်စက် အသံ ပဲ့တင်ထပ်လာသည်။

"စောစောက ကျုပ်ပြီးအောင် မပြောလိုက်ရဘူး။ အစ်ကိုကြီးအန်း လူနှစ်ယောက် တောင်ထိပ်ပေါ် ရောက်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်က အဲ့လူနှစ်ယောက်ချရမှာမဟုတ်ဘဲ ကျုပ် ၊ အစ်ကိုကြီးနဲ့ တခြားခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တွေ ချရမှာ။ ကျုပ်တို့က နောက်ဆုံးဆုံးဖြတ်ချက်ချရမှာလေ။ အဲ့တာက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက် ရွေးချယ်ပေးဖို့အတွက် ထုံးတမ်းအစဥ်အလာပဲ။ ဒီဖြေရှင်းချက်က လုံလောက်ရဲ့လား အစ်ကိုကြီးအန်း" ရီယွင်တျန်းက ပြုံးသည်။ အခြားတစ်ဖက်တွင် အန်းဇဲ့ဟိုင်က ဘာမှမပြောပေ။ သူက အင်္ကျီလက်စသာ ခါလိုက်သည်။

"ဂိုဏ်းရဲ့ထုံးတမ်းအရ လူနှစ်ယောက် တောင်ထိပ်အပေါ် ရောက်ခဲ့တာကြောင့် ကျုပ်တို့ဆုံးဖြတ်ပေးဖို့ လိုတယ်။ ထောက်ခံမှုအများဆုံး ရရှိသူက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာမယ်။ ကျုပ်က ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ရီယွင်တျန်းပဲ။ ရီဖေးမုက ဖန်မုထက် အရည်အချင်းပိုရှိတယ်လို့ ကျုပ်ယုံကြည်တယ်။ ဒါကြောင့် ကျုပ် ရီဖေးမုကို ရွေးတယ်"

"ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ချန်ရှုရန် ရီဖေးမုကို ရွေးတယ်"

"ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ရှန်းလုံ ရီဖေးမုကို ရွေးတယ်"

"ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ယွမ်တောက်မင် ရီဖေးမုကို ရွေးတယ်"

"ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မာဖေးဖန် ရီဖေးမုကို ရွေးတယ်"

တခဏအတွင်း ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ငါးဦးက ရီဖေးမုကို ရွေးချယ်လိုက်ကြသည်။ ဤအခြင်းအရာက ရီဖေးမု၏မျက်နှာတွင် ဂုဏ်ယူပြီး စိတ်လှုပ်ရှားသွားသော အမူအရာ ပေါ်ပေါက်လာစေသည်။

လင်ဟိုက်လုံမှာ တုံ့ဆိုင်းနေ၏။ သူက ချက်ချင်း ဆုံးဖြတ်ချက်မချဘဲ မန်ဟို့ကို ကြည့်လိုက်သည်။ သူ့ဘေး၌ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက် ရှိသည်။ သူမမျက်နှာ အမူအရာမှာ ဘာမှစိတ်မဝင်စားသလို စကားလည်း ချက်ချင်း မပြောပေ။

အခြားဂိုဏ်းများမှ ဂိုဏ်းသားများအားလုံး ဤအဖြစ်အပျက်ကို စောင့်ကြည့်နေကြ၏။ လက်ထောက်ခေါင်းဆောင်ကြီးများက ဘာမှဝင်မပြောဘဲ ခပ်ရေးရေးပြုံးရင်း ကြည့်နေကြသည်။

ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များအနောက်က ဆေးပေါင်းဖိုဘုရင်များ ယခု စကားစတင်ပြောလာကြသည်။

"ဆေးပေါင်းဖိုဘုရင် ဟဲ့ဂျင်း ရီဖေးမုကို ရွေးချယ်တယ်"

"ဆေးပေါင်းဖိုဘုရင် ဇီရွှမ် ရီဖေးမုကို ရွေးချယ်တယ်"

တစ်ဝက်နီးပါးက ရီဖေးမုကို တစ်ပြိုင်တည်း ရွေးချယ်ကြသည်။

အန်းဇဲ့ဟိုင်၏မျက်နှာ အတိုင်းထက်အလွန် အရုပ်ဆိုးသွားတော့သည်။ သူ ပါးစပ်ဟ၍ တစ်ခုခုပြောရန် ပြင်လိုက်စဥ် ရုတ်တရက် မန်ဟို့၏ တည်ငြိမ်သောအသံက ပျံ့လွင့်လာသည်။

"ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရီ ကျုပ် မေးခွန်းတစ်ခုမေးချင်တယ်" သူကပြောသည်။ "ကျုပ် ဖန်မုက ဘာ့ကြောင့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရီလို ဖြစ်ခွင့်မရှိတာလဲ ကျေးဇူးပြုပြီး ရှင်းပြပေးပါလား" သူက ယခင်အတိုင်း တည်ငြိမ်အေးဆေးသော အမူအရာဖြင့် မေးသည်။

ရီယွင်တျန်းက သူ့ကို ကြည့်ပြီး ခက်ထန်သောလေသံဖြင့် ပြန်ဖြေသည်။ "အခုအချိန်မှာ မင်းရဲ့ ဆေးဝါးတာအိုအသိ၊ ဂုဏ်သတင်းတွေ ဒါမှမဟုတ် မင်းရဲ့ ဆေးလုံးအသစ်ဖန်တီးနိုင်စွမ်းအကြောင်း ငါတို့ ဆွေးနွေးနွေး၊ မဆွေးနွေးနွေး အရေးမကြီးဘူး။ ငါအမြင်မှာတော့ အဲ့နယ်ပယ်တွေအားလုံးမှာ မင်းက ရီဖေးမုထက် ညံ့တယ်။ ပိုလို့တောင် အရေးကြီးတာက ရီဖေးမုက လွန်ခဲ့တဲ့ဆယ်နှစ်က တောင်ပိုင်းဒေသမှာ နာမည်ကြီးလာခဲ့တယ်။ မနှစ်ကဆိုရင် သူ ၉၀ ရာခိုင်နှုန်း ပြီးပြည့်စုံတဲ့ ဆေးလုံးကို ဖော်စပ်ခဲ့တယ်။ သူ့မှာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်ဖို့ ကံပါပြီးသား။ မင်းကတော့ အဲ့လို အရည်အချင်းတွေ မရှိဘူး"

"အရည်အချင်းတွေတဲ့လား" မန်ဟိုက ရီယွင်တျန်းကို တခဏ ကြာသည်အထိ ကြည့်ပြီး ပြောသည်။ ထို့နောက် သူက အရှေ့သို့ အင်္ကျီလက်စကို ခါလိုက်ရာ ဆေးလုံးတစ်လုံး ပျံထွက်လာ၏။ ထို့နောက် ဆယ်လုံး။ တစ်ရာ။ တစ်ထောင်....

တခဏအတွင်း ဆေးလုံးတစ်ထောင်ကျော် ပျံထွက်လာသည်။ မန်ဟိုက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သဖြင့် ၄င်းတို့ တစ်ဖက်သို့ လည်လာသည်။ ဆေးလုံးတစ်လုံးစီတိုင်းအား ဒယ်အိုး သင်္ကေတဖြင့် ထင်ရှားစွာ အမှတ်အသားပြုထားလေသည်။ ထိုသင်္ကေတသည် ပျက်စီးခြင်းဆေးလုံးပေါ်က အမှတ်အသားနှင့် တစ်ထပ်တည်းဖြစ်သည်။

ဆေးလုံးများ ထွက်လာသောအခါ လေထုသည် ယခင်က ဘယ်သူမှ မကြုံတွေ့ဖူးသော စူးရှရှဆေးရနံ့ဖြင့် ပြည့်နှက်သွားသည်။ ဤသို့ တခမ်းတနားပြသထားသော ဆေးလုံးများ၌ ဆေးစွမ်းအား ကိုးဆယ်ရာခိုင်နှုန်းပါဝင်လေသည်။ ယင်းတို့ကား ကိုးဆယ်ရာခိုင်နှုန်း ပြီးပြည့်စုံသော ဆေးလုံးများပင်။

အဆိုပါဆေးလုံးတို့သည် ပျက်စီးခြင်းဆေးလုံးနောက်ပိုင်း မန်ဟိုဖော်စပ်ခဲ့သမျှထဲ တန်ဖိုးအမြင့်ဆုံးဖြစ်၏။ သူသည် အခွင့်အခါသင့်လျှင် ရောင်းချရန် မျှော်လင့်ချက်များဖြင့် ၄င်းတို့ကို ဖော်စပ်ခဲ့လေသည်။ သို့သော် ယနေ့တော့ ၄င်းတို့အားလုံးအား အံသြတုန်လှုပ်သွားစေသည်အထိ ထုတ်ဖော်ပြသလိုက်လေပြီ။

ဆေးလုံးများ လေထဲ၌ ပျံဝဲနေစဥ် ဒယ်အိုး သင်္ကေတက ဆေးဝါးပညာရှင်များ၏ စိတ်အစဥ်အား ချာချာလည်နေစေသည်။ ချူယွီယန်မှာ မယုံကြည်နိုင်သောမျက်နှာလေးဖြင့် ထရပ်သည်။

ဧည့်သည်ဂိုဏ်းများမှ ဂိုဏ်းသားများလည်း  မှင်သက်နေကြပြီး လက်ထောက်ခေါင်းဆောင်ကြီးများပင် ပါဝင်၏။ သူတို့၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အံ့အားသင့်နေသော မျက်နှာအမူအရာများဖြင့် ထရပ်လိုက်ကြသည်။

ဆေးလုံးများ လေတွင် ပြည့်နှက်နေပြီး ဆေးရနံ့သည် မြူကဲ့သို့ တဖွေးဖွေးလှုပ်ရင်း ထူထပ်လာကာ တုန်းလိုင်တောင်ထိပ်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ မြေကြီးပေါ်ရှိ မြက်များ လှုပ်ရှားလာကာ တိမ်မည်းတိမ်စိုင်တို့ ကောင်းကင်တွင် ပြည့်လာသည်။ မိုးထစ်ချုန်းသံကြီးက တုန်းလိုင်တစ်ပြည်လုံးကို ဖြတ်၍ သွားလေသည်။

ပို၍ပင် အံ့သြစရာကောင်းသည်က မန်ဟို ဆေးလုံးများအား ပစ်လိုက်သောအခါ ၄င်းတို့သည် လေလယ်တွင် အတူတကွ စုဆုံလာကြခြင်းပင်။ ဖြေးဖြေးချင်း အလင်းရောင်များ အကန့်အသတ်မရှိအောင် ဖြာထွက်တောက်ပနေသည့် ဧရာမဒယ်အိုးကြီးတစ်လုံး၏ ပုံသဏ္ဍာန်ပေါ်လာသည်။

မန်ဟို့၏ အေးစက်သောအသံက အရပ်မျက်နှာတစ်ခွင် ပျံ့လွင့်လာသည်။ "ကျုပ်က မဟာအကြီးအကဲဆေးဒယ်အိုးဆိုတဲ့ အချက်ထည့်ပေါင်းရင်တောင် အရည်အချင်းမပြည့်မှီဘူးလို့ ခင်ဗျားပြောဦးမှာလား"

***

All Chapters