← Chapters

ဆေးဒယ်အိုး ဖန်မု

Vol. 21 Ch. 292

ဆေးဒယ်အိုး ဖန်မု

Vol. 21 Ch. 292

ဆေးလုံးတစ်ထောင်ကျော်က ဝဲကဲ့သို့ လည်ရင်း ဒယ်အိုးတစ်လုံးသဏ္ဍာန် ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင် ဆေးရနံ့များ သင်းပျံ့လျက်ရှိ၏။ တခဏအတွင်း လူတိုင်းမှာ ဧရာမဆေးဒယ်အိုးကြီး၏ မြင်ကွင်းကို အံသြမှင်သက်ရင်း အသက်ရှူသံများ မြန်လာကြသည်။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

လင်ဟိုက်လုံက တဖိတ်ဖိတ်တောက်ပနေသော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်ရင်း ထရပ်သည်။

သူ့ဘေးတွင် မဟာအကြီးအကဲဆေးဒယ်အိုး မည်သူဖြစ်ကြောင်း သိထားနှင့်ပြီးသော အန်းဇဲ့ဟိုင်မှာ ကိုးဆယ်ရာခိုင်နှုန်းပြီးပြည့်စုံသောဆေးလုံးများမှ ဖြစ်ပေါ်လာသော ဒယ်အိုးကြီးကို ကြည့်ရင်း မအံ့သြမိဘဲမနေပေ။

အခြားခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ ဒယ်အိုးသင်္ကေတဖြင့် အမှတ်အသားပြုထားသည့် ဤကိုးဆယ်ရာခိုင်နှုန်းပြီးပြည့်စုံသော ဆေးလုံးအမြောက်အမြားက မန်ဟို မည်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ ယခုတွင် သူက ဒယ်အိုးမဟုတ်ဟု ငြင်းပယ်ရန်အထိ ဘယ်သူမှ မတုံးအပေ။

သူက ဆေးဒယ်အိုးမဟုတ်လျှင် မည်သည့်အတွက်ကြောင့် ကိုးဆယ်ရာခိုင်နှုန်းပြီးပြည့်စုံသော ဆေးလုံးအမြောက်အမြား ဖော်စပ်နိုင်မည်နည်း။

သူက ဆေးဒယ်အိုးမဟုတ်လျှင် မည်သည့်အတွက်ကြောင့် တတိယနယ်ပယ်တွင် နတ္ထိမှ အတ္ထိ ဖန်တီးနိုင်မည်နည်း။

အဖြစ်အပျက်အားလုံး စဉ်းစားရင်း လေလယ်တွင် ပျံဝဲနေသော ဆေးဒယ်အိုးကြီးကို မျက်နှာမူပြီးနောက်တွင် မဟာအကြီးအကဲဆေးဒယ်အိုးဆိုသူမှာ ဖန်မုကလွဲ၍ တခြားမဟုတ်နိုင်ကြောင်း လူတိုင်း သေသေချာချာ မြင်လိုက်ကြရလေပြီ။

ရီယွင်တျန်းမှာ မျက်နှာဖြူဆုပ်စွာနှင့် အသက်မနည်းရှူရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားသည်။ သူ့မျက်ဝန်းများမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။ ရီဖေးမုက မဟာအကြီးအကဲဆေးဒယ်အိုးမဟုတ်ကြောင်း သူသိသော်လည်း မည်မျှတွေးတွေး ဖန်မုက ထိုလျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ် ဖြစ်နိုင်လောက်သည်ဟူ၍ သူ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ အမှန်တွင် သူသည် မဟာအကြီးအကဲဆေးဒယ်အိုး၏ သရုပ်မှန်နှင့်စပ်လျဉ်း၍ အခြားထင်မြင်ချက်များ ရှိပြီး ရမ်းသန်းမှန်းသန်း ကောက်ချက်ချခဲ့သည်။ သို့သော် ယခုတော့ အကုန်လုံး ပြောင်းပြန်လှန်သွားပြီး ရီယွင်တျန်း မူးမိုက်သွားလေပြီ။

မဟာအကြီးအကဲဆေးဒယ်အိုး၏နာမည်သည် အခြားမဟာအကြီးအကဲသုံးဦးအထဲ ပါဝင်သွားသည့် အတိုင်းအတာထိ တောင်ပိုင်းဒေသတစ်ဝှမ်း ရိိုက်ခတ်သွားခဲ့သည်။ အမှန်အတိုင်းပြောရလျှင် လူတော်တော်များများသည် ဆေးဒယ်အိုးမှာ တောင်ပိုင်းဒေသ၏လေးယောက်မြောက် မဟာအကြီးအကဲဖြစ်သည်ဟု ယုံကြည်ကြ၏။

ထိုကဲ့သို့ အဆင့်အတန်း၊ ထိုကဲ့သို့ အသိအမြင်မှာ ရီယွင်တျန်းကို ကြယ်၊လများမြင်လောက်အောင် အားကုန်လွှဲ၍ ပါးရိုက်ချလိုက်သည့်အလားပင်။

သူ့မှာ စောစောက သူပြောခဲ့သည့် အရည်အချင်းနှင့်ပတ်သက်ပြီး ဖန်မု သူ့ကို မေးခဲ့သော မေးခွန်းအား ပြန်တွေးမိလိုက်သည်။ ယခုတွင် သူပြောခဲ့သော စကားလုံးများက သူ့ကို ပို၍ပင် ထူပူသွားလေစေသည်။ သူ့မှာ အလွန်ရှက်လွန်းသဖြင့် တွင်းထဲသာ ဝင်ပုန်းနေချင်တော့၏။

မဟာအကြီးအကဲဆေးဒယ်အိုးသာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်ရန် အရည်အချင်းမပြည့်မှီလျှင်တော့ မည်သူရှိဦးမည်နည်း။ လက်ရှိ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ဦးရော အရည်အချင်းပြည့်မှီသည်လား......။

ရီဖေးမု၏တစ်ကိုယ်လုံး တုန်ရီနေပြီး သူ့မျက်နှာမှာ သွေးမရှိတော့ပေ။ သူက မန်ဟို နှင့် လေလယ်တွင် ပျံဝဲနေသော ဧရာမဒယ်အိုးကို ကျောက်ရုပ်ကြီးသဖွယ် ငေးကြည့်နေသည်။ သူ့စိတ်မှာ စဉ်းစားနိုင်စွမ်းပင် မရှိတော့သည့်အလား ဗလာကျင်းနေတော့သည်။

သူသည် လျှို့ဝှက်ဆန်းကြယ်သော ဆေးဒယ်အိုးမဟုတ်ကြောင်း တစ်လျှောက်လုံး သိနေခဲ့သည်။ သူဟူ၍ ထင်ကြေးပေးလာသူ များများလာသည်နှင့်အမျှ အမှန်ကိုထုတ်ပြောသင့်သည်ဟု အမြဲအတွေးဝင်ခဲ့သော်လည်း ဆိတ်ဆိတ်သာနေခဲ့မိလေသည်။

လူအများ သူ့ကို ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဖြစ် ထောက်ခံရန် ထိုနာမည်ကို သူလိုအပ်၏။ ထို့ကြောင့် ချူယွီယန် လာမေးတုန်းက ရေရေရာရာ မပြောဘဲ ဝေ့လည်ကြောင်ပတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အမှန်တွင် သူသည် မဟာအကြီးအကဲဆေးဒယ်အိုးကို ရင်ထဲမှလှိုက်၍ လေးစားလေသည်။ သို့ဖြစ်၍ သူ့မှာ ထိုကိစ္စနှင့်ပတ်သက်ပြီး အမြဲဒွိဟဖြစ်နေခဲ့သည်။

ယခုတွင် ဖန်မုက မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ့စိတ်မှာ ဗလာကျင်းသွားတော့သည်။

ချူယွီယန်လည်း တုန်ရီပြီး ချာချာလည်နေသည်။ ဤအဖြစ်အပျက်က သူမအတွက် လက်ခံရန် မဖြစ်နိုင်သည်သာ။ သူမအတွေးထဲက မဟာအကြီးအကဲဆေးဒယ်အိုး၏ပုံရိပ်နှင့် ဖန်မု၏ပုံပန်းသွင်ပြင်မှာ တစ်ခါမှ တစ်ထပ်တည်းမကျခဲ့ပေ။ အမှန်အတိုင်းဆိုရလျှင် သူမသည် ရီဖေးမုက မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်ကြောင်း ယုံကြည်ခဲ့၏။

သို့သော် ယခုတွင် သူမမှာ ဆေးလုံးများဖြင့် ပုံဖော်ထားသည့် ဆေးဒယ်အိုးကြီးကို မျက်နှာမူရင်း မန်ဟို၏ တည်ငြိမ်အေးဆေးနေပုံကို ကြည့်နေမိသည်။ သူ့စကားလုံးများမှာ သူမနားထဲတွင် ပဲ့တင်ထပ်နေပြီး သူမမျက်နှာမှာ မယုံနိုင်မှုများဖြင့် မှင်သက်နေတော့သည်။

လွန်ခဲ့သောနှစ်များက ပထမဆုံးတွေ့ခဲ့သည့်ရက်မှာပင် သူမကို စိတ်တိုစေခဲ့သော ဖန်မုက အဘယ်ကြောင့် သူမတိတ််တိတ်ကလေး လေးစားမြတ်နိုးသည့် မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်နေသည်ကို သူမနားမလည်နိုင်တော့ပေ။ ချူယွီယန် ဘယ်နည်းနှင့်မှ လက်မခံနိုင်။ သူမမှာ အနေရခက်စွာသာ စိုက်ကြည့်နေနိုင်သည်။

ယခုတွင် ရီဖေးမုကို ထောက်ခံခဲ့သည့် ဆေးပေါင်းဖိုဘုရင်အားလုံး၏ မျက်နှာထားများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ မဟာအကြီးအကဲဆေးဒယ်အိုးမှာ သူတို့နှင့် ရီဖေးမု၏ သာမန်ပတ်သက်မှုထက် အများကြီးပို၍ အရေးကြီးသည်။

ရီဖေးမုကို ထောက်ခံခြင်းက မဟာအကြီးအကဲဆေးဒယ်အိုးကို ထောက်ခံခြင်းနှင့် လားလားမှ မတူပေ။ အရှေ့ဆေးဝါးအဖွဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ နှလုံးသားထဲ၌ မဟာအကြီးအကဲဆေးဒယ်အိုးသည် ဆေးလုံးမိစ္ဆာနှင့်တန်းတူ လေးစားရိုသေသော နေရာကို သိမ်းပိုက်ထားသည်။

ထို့ကြောင့် သူတို့သည် ရီဖေးမုကို ထောက်ခံခဲ့သော်လည်း တခဏအတွင်း အဖြစ်အပျက်များ ပြောင်းလဲသွားလေပြီ။ ယခုတွင် ဖန်မု၏သရုပ်မှန် ပေါ်ပေါက်လာသည်အခါ သူ၏စကားလုံးများသည် ဆေးပေါင်းဖိုဘုရင်များ၏ စိတ်နှလုံးထဲထိ မြည်ဟိန်းရိုက်ခတ်သွားသော မိုးထစ်ချုန်းသံကြီးသဖွယ် လေတွင် ပဲ့တင်ထပ်နေသည်။

ဆေးပေါင်းဖိုဘုရင်အားလုံးမှာ အံ့အားသင့်နေသောမျက်နှာများဖြင့် အသက်မနည်းရှူရင်း ဆွံ့အစွာ စိုက်ကြည့်နေကြသည်။

ဘယ်သူမှ စကားမပြောသော်လည်း သူတို့၏စိတ်ထဲတွင် တူညီသောအတွေးများ ဖြတ်ပြေးနေကြသည်။

"ဆိုတော့ ဆေးပေါင်းဖိုဘုရင်ဖန်မုက မဟာအကြီးအကဲဆေးဒယ်အိုးအစစ်ပေါ့...."

"ကိုးဆယ်ရာခိုင်နှုန်း ပြီးပြည့်စုံတဲ့ဆေးလုံးတွေ များလိုက်တာ။ မဟာအကြီးအကဲဆေးဒယ်အိုးပဲ ဒီလောက်အများကြီး ဖော်စပ်နိုင်တယ်။ ဖန်မုက.....တကယ် မဟာအကြီးအကဲဆေးဒယ်အိုးဟ"

အရှေ့ဆေးဝါးအဖွဲ့ဝင်များအပြင် အပြင်ဂိုဏ်းများမှ ကျင့်ကြံသူများအားလုံးလည်း မယုံနိုင်ဖြစ်နေကြသည်။

ချင်းလော်ဂိုဏ်းမှ ခေါင်းဆောင်ကြီးဇီလော်သည် မျက်လုံးကြီးပြူးလျက် စိုက်ကြည့်နေ၏။ ရုတ်တရက် ဂိုဏ်းမှာတုန်းက ဖန်မု သူတို့အတွက် ဆေးလုံးများ ဖော်စပ်ပေးခဲ့သည့်အချိန်ကို ပြန်တွေးမိလိုက်ပြီးနောက် ၄င်းတို့ ဘာကြောင့် အလွန်ထိရောက်သည်လဲ သဘောပေါက်သွားသည်။ ဖန်မုကား သာမန်ဆေးပေါင်းဖိုဘုရင်မဟုတ်.... မဟာအကြီးအကဲဆေးဒယ်အိုးပင်။

ဟန်ပေ့၏ပါးစပ်သေးသေးလေးမှာ အသက်မရှူနိုင်သည့်အလား ခပ်ဟဟပွင့်နေသည်။ သူမက မန်ဟို့ကို ကြောင်တောင်တောင်လေး ငေးကြည့်နေသည်။ မဟာအကြီးအကဲဆေးဒယ်အိုး၏ ဂုဏ်သတင်းကား ခမ်းနားလွန်းသည်မဟုတ်လော။ ၄င်းမှာ သူမနားနားကပ်၍ မိုးခြိမ်းသွားသည့်အလားပင်။ ဤတစ်လျှောက်လုံး ဖန်မုက မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်နေခဲ့သည်တဲ့လား။

ဖက်တီးမှာ အသက်ရှူသံများ မြန်ဆန်နေပြီး သူ၏မျက်နှာအမူအရာမှာ အသည်းထဲအူထဲမှ လှိုက်၍ လေးစားနေသည့်ဟန်ပင်။

ချန်ဖန်း၊ လီတောက်ရီ၊ လီရှိချီနှင့် ဧည့်သည်ဂိုဏ်းများမှာ အခြားဂိုဏ်းသားအားလုံးမှာမူ ဖန်မုသရုပ်မှန်၏ ကြီးကျယ်ခမ်းနားမှုကြောင့် ချာချာလည်မူးနောက်နေကြတော့သည်။

လက်ထောက်ခေါင်းဆောင်ကြီးများပင်လျှင် မျက်လုံးများ ထူးဆန်းသောအရိပ်အယောင်များဖြင့် တောက်ပနေရင်း အတွေးနက်နေကြသည်။ ယနေ့မှစပြီး နောင်နေ့ရက်များတွင် မဟာအကြီးအကဲဆေးဒယ်အိုးနာမည် တောင်ပိုင်းဒေသတစ်ခွင်လုံး မည်မျှကျော်ကြားပျံ့နှံ့သွားမည်ကို သူတို့ကောင်းကောင်းတွေးကြည့်နိုင်၏။

ထိုသို့ဖြစ်ပျက်သောအခါ ဖန်မုသည် .....တောင်ပိုင်းဒေသ၏ အထက်ကောင်းကင်၌ တောက်ပနေသော နေတစ်စင်းပမာ မဖြစ်လောက်သော်လည်း ပုံရိပ်ယောင်နီးပါး ဖြစ်လာလိမ့်မည်။

"ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရီ" မန်ဟိုက ဖြူဆုပ်နေသော ရီယွင်တျန်း၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောသည်။ "ကျုပ်ရဲ့ အဆင့်အတန်းက မြင့်ပြီလား"

ရီယွင်တျန်းမှာ တစ်ခုခုပြောချင်သော်လည်း ဖန်မုက မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်သည်ကို စဉ်းစားလိုက်သည်နှင့် စကားလုံးများ သူ့လည်ချောင်းဝတွင် တစ်ဆို့ကုန်သည်။ သူ ဘယ်မျက်နှာနှင့် ထိုသို့ပြောရမည်နည်း။

"ကျုပ် ဆေးပေါင်းဖိုဘုရင်ဖန်မုကို ထောက်ခံတယ်" အန်းဇဲ့ဟိုင်က ရုတ်တရက် ပြောသည်။ သူ့ဘေးတွင် လင်ဟိုက်လုံက တခဏလေးပင် တုံ့ဆိုင်းမနေဘဲ အန်းဇဲ့ဟိုင်နည်းတူ ပြော၏။ ထို့နောက် သက်လတ်ပိုင်းအမျိုးသမီး။ ရီဖေးမုကို ထောက်ခံခဲ့သည့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များအားလုံး သက်ပြင်းချပြီးနောက် ဖန်မုကို ထောက်ခံကြသည်။

ထို့နောက်တွင် ဆေးပေါင်းဖိုဘုရင်များ။ ဆေးပေါင်းဖိုဘုရင်တစ်ရာနီးပါး၏ ထောက်ခံသံများမှာ အထက်ကောင်းကင်ယံတိုင် ပဲ့တင်ထပ်သွား၏။

"ကျုပ် မဟာအကြီးအကဲဆေးဒယ်အိုးကို ထောက်ခံတယ်"

"ကျုပ် ဖန်မုကို ထောက်ခံတယ်"

သူတို့အသံများသည် တစ်သံပေါ်တစ်သံဆင့်၍ ဟိန်းထွက်သွားတော့သည်။

***

All Chapters