← Chapters

အမွေခံတပည့်

Vol. 21 Ch. 293

အမွေခံတပည့်

Vol. 21 Ch. 293

ရီဖေးမုသည် ဝမ်းနည်းစွာ ပြုံးရင်း မန်ဟို့ကို ကြည့်နေသည်။ သူ့နှလုံးသားထဲ၌ ရှုံးနိမ့်သွားသောခံစားချက်သည် အထွတ်အထိပ်သို့ ရောက်နေလေပြီ။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက် ဖြစ်လိုသည့် ဆန္ဒအား ဖြည့်ဆည်းရန်အလို့ငှာ သူသည် ကျင့်ကြံခြင်းကို လျစ်လျူရှုပြီး ဆေးဝါးတာအိုကိုသာ တစိုက်မတ်မတ်လေ့လာရင်း အချိန်ကုန်ဆုံးခဲ့သည်။

မဆုတ်မနစ်ကြိုးစားပါက သူ၏ဆေးဝါးတာအိုအသိသည် သူ့ကို ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်နေရာသို့ ရောက်ရှိစေမည်ဟူ၍ သူအမြဲတမ်း ယုံကြည်ခဲ့သည်။ ရီယွင်တျန်းက သူ့ကို ဤကဲ့သို့ အခိုင်အမာပြောခဲ့လေသည်။ အခြား ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တချို့ပင်လျှင် အသိအမှတ်ပြုခဲ့သည်။

"ဘာလို့.....ဘာလို့ သူက ပေါ်လာတာလဲ....။ ဘာလို့ ဇီယွင်ဂိုဏ်းရဲ့ အရှေ့ဆေးဝါးအဖွဲ့မှာ ရီဖေးမုနဲ့ ဖန်မု ရှိနေရတာလဲ..." သူက ခါးသက်သက်ရယ်ရင်း နောက်သို့ အနည်းငယ်ယိမ်းယိုင်သွားကာ သွေးတစ်ပွက် အန်လိုက်သည်။

သူ့မှာ လက်မခံနိုင်ခြင်းမဟုတ်။ ဖန်မုက မဟာအကြီးအကဲဆေးပေါင်းဖို ဖြစ်ကြောင်း သိလိုက်ရကတည်းက အကုန်လုံးမှန်ကြောင်း သိသည်။ အခြားသူများ ဖန်မုကို ထောက်ခံကြသည်ကိုလည်း သူအပြစ်တင်မရပေ။ သူ့မှာ ထိုအရာအားလုံးကို ခါးသက်သက်သာ ရယ်နိုင်တော့သည်။

သူသည် သူ့ပြိုင်ဘက်၏ စွမ်းရည်နှင့်  မဟာအကြီးအကဲဆေးဒယ်အိုးဆိုသော ဂုဏ်ဒြပ်ကြောင့်သာမဟုတ်လျှင် အရှေ့ဆေးဝါးအဖွဲ့ ဆေးပေါင်းဖိုဘုရင်များအကြားတွင် အတော်ဆုံးဖြစ်သော ရီဖေးမုဆိုသည့် သူက ဘယ်တော့မှ ဒုတိယဖြစ်မည် မဟုတ်ကြောင်း သူ့ကိုယ်သူ ဂုဏ်ယူစွာ ပြောနေသည်။ သူ သေချာပေါက် အောင်မြင်ပြီး ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မီးလျှံစစ်းသပ်ပွဲတွင် ပထမနေရာ ရခဲ့ပေလိမ့်မည်။

သို့သော် ယခုတော့ သူ ရှုံးသွားလေပြီ။ နောက်ပိုင်း ဂိုဏ်းထဲတွင် လူများ သူ့ကို အထင်အမြင်သေးစွာ ကြည့်ကြမည်ကိုပင် သူတွေးကြည့်နိုင်သည်။ ၄င်းက သူ၏ဆေးဝါးတာအိုကို အထင်သေးခြင်းမဟုတ်ဘဲ မဟာအကြီးအကဲဆေးဒယ်အိုးအယောင်ဆောင်သည်ကို အထင်သေးခြင်းဖြစ်၏။

ထို့ကြောင့် သူ့မှာ စိတ်ပျက်လက်ပျက်ဖြင့် ခါးသီးစွာသာ ရယ်နိုင်တော့သည်။

သူမနှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ "ငါ့ဆေးဝါးတာအိုကို အနိုင်ယူလို့မရဘူး..... တစ်ခါရှုံးတာ ငါလက်ခံနိုင်တယ်။ ဒါမှမဟုတ် နှစ်ခါရှုံးလည်း လက်ခံနိုင်တယ်။ ဒါမဲ့ ထပ်ခါထပ်ခါ ရှုံးရင်....  ငါ့ဆေးဝါးတာအို ပျက်စီးသွားလိမ့်မယ်။ မဖြစ်ဘူး။ အနိုင်ယူခံလိုက်ရတာက ငါ့ဆေးဝါးတာအိုမဟုတ်ဘူး။ ငါကိုယ်တိုင်ပဲ" သူသည် နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး မျက်လုံးများ နောက်တစ်ဖန် တောက်ပလာသည်။ "ငါ့ဆေးဝါးတာအိုက ဘယ်တော့မှ မရှုံးနိမ့်ဘူး။ ကောင်းကင်နဲ့မြေကြီးမှာ တစ်မျိုးထဲရှိတဲ့ ငါ့ရဲ့ မူလဆေးဝါးတာအို" မန်ဟို့ကို လှမ်းကြည့်လိုက်စဥ် သူ၏အသက်ရှူသံများ မြန်ဆန်လာ၏။

ချူယွီယန်က ဘာမှမပြောပေ။ သူမသည် မန်ဟို့ကို ကြည့်နေရင်း သူမ၏တုန်လှုပ်သောစိတ်ကို ဖြေးဖြေးချင်း ဖိနှိပ်လိုက်သည်။ ပြိုင်ဘက်မရှိသော ခါးသီးမှုက သူမနှလုံးသားထဲ၌ ပေါက်ဖွားလာသည်။ သူမသည် ကောင်းကင်နယ်မြေကမ္ဘာထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်ကတည်းက..... ရှုံးနှင့်နေပြီးဖြစ်ကြောင်း သဘောပေါက်ခဲ့၏။

ဖန်မု နှင့် ရီဖေးမုသာ မရှိခဲ့လျှင် သူမ သေချာပေါက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်လာလိမ့်မည်။ သူမမှာ သူမကိုယ်သူမ သက်သေပြချင်သေးသော်လည်း ယခုတော့ အခွင့်အရေးမရှိတော့ပေ။

ခရမ်းရောင်းဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲတွင် ဆေးဝါးပညာရှင်တစ်ယောက်သာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်လာနိုင်၏။

ဤအခွင့်အရေးကို လက်လွှတ်လိုက်ရသည်နှင့် နောက်နောင် မည်မျှလက်ဖျားခါဖွယ်ရာ အောင်မြင်မှုများ ရရှိစေကာမူ နောင်တများဖြင့်သာ နေထိုင်ရပေလိမ့်မည်။ မီးလျှံစမ်းသပ်ပွဲ၌ ဒုတိယအခွင့်အရေး ဘယ်တော့မှ ရှိလာမည်မဟုတ်ပေ။

" ပျောက်ဆုံးနေတဲ့ အသက်မီးတောက်ကို ရှာဖွေတဲ့ ငါ့ဆေးဝါးတာအိုလိုပဲ။ ဒီနေ့ အဲ့ဒီအသက်မီးတောက် ထာဝရပျောက်ကွယ်သွားပြီ။ ထပ်ရှာဖို့ နည်းလမ်းမရှိတော့ဘူး။ ငါ့ဆေးဝါးတာအိုလိုပဲ..." သူမ ယူကြုံးမရဖြစ်နေသည့်အတွက် သူမနှုတ်ခမ်းထောင့်လေးမှ သွေးများစီးကျလာသည်။ သူမ ခံစားနေရသည့် နာကျင်မှုမှာ ဆေးဝါးတာအိုကြောင့် ဖြစ်လေသည်။

လူတိုင်း တိတ်ဆိတ်နေသည်။ ရီယွင်တျန်းမှာ ဘာမှထပ်မပြောနိုင်တော့ဘဲ မချိတင်ကဲ ဖြစ်နေ၏။ သူ့မှာ သူ့နှလုံးသားအား ဓားပေါင်းများစွာဖြင့် တဇွပ်ဇွပ် ထိုးနေသကဲ့သို့ ခံစားရပြီး ရီဖေးမု၏လမ်းကြောင်း ဤတင်အဆုံးသတ်သွားပြီဟုသာ တွေးနိုင်တော့သည်။ သူ၏အနာဂတ်ကား သေသွားလေပြီ။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ အတွေးပေါင်းစုံဖြင့် အဖြစ်အပျက်များကို စောင့်ကြည့်နေကြသည်။ ဆေးဝါးတာအိုလမ်းစဥ်နှင့်စပ်လျဥ်း၍ သူတို့အားလုံး၌ အယူအဆကိုယ်စီရှိကြသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက အလျှော့မပေးခြင်း၏ အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြ၍ပင်။ လူတိုင်း၌ ကိုယ်ပိုင်လမ်းစဥ်ရှိကြ၏။

ထိုအရာများအား နှိုင်းယှဥ်ရန် မလွယ်ကူပေ။ ရှုံးနိမ့်သွားသည်က လူတစ်ဦးတစ်ယောက်သာ မဟုတ်၊ ဆေးဝါးတာအိုဖြစ်သည်။ ခံနိုင်ရည်ရှိရန် မဖြစ်နိုင်သောကြောင့် လဲပြိုခြင်းအား ရှောင်လွှဲ၍မရပေ။

တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို ကြီးစိုးနေစဥ် အလွန်အလွန့်ဝေးကွာသော နေရာမှ သက်ပြင်းချသံ ခပ်သဲ့သဲ့အား ရုတ်တရက် ကြားလိုက်ရသည်။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာက ဖြေးဖြေးချင်း ထရပ်လိုက်သည်။ သူ့အကြည့်သည် ဆေးဝါးပညာရှင်များကို လွှမ်းခြုံသွား၏။ သူနှင့်အကြည့်ချင်းဆုံသည့် လူတိုင်း လေးစားမှုများ ပြည့်နှက်နေသော မျက်နှာများဖြင့် တဖြေးဖြေး ခေါင်းငုံ့သွားကြသည်။

နောက်ဆုံးတွင် သူ့အကြည့်သည် ရီဖေးမုအပေါ် ကျရောက်လာ၏။

"ဆေးဝါးတာအိုကို လွှမ်းမိုးလို့မရဘူး" သူက ပြောသည်။ "ပိုလို့တောင် လွှမ်းမိုးလို့မရတာက စိတ်ဓာတ်ကြံခိုင်မှုပဲ။ စိတ်ဓာတ်ကြံခိုင်မှုရှိရင် အကြိမ်တစ်ထောင် ရှုံးလဲ မင်းရဲ့ဆေးဝါးတာအိုဟာ အမြဲတည်ရှိနေလိမ့်မယ်။ မင်းကောင်းကောင်းလုပ်ခဲ့တယ်။ ဂိုဏ်းကို ရောက်လာကတည်းက မင်းဟာ ကိုယ့်လမ်းကိုယ် တစိုက်မတ်မတ် လျှောက်ခဲ့တယ်

"မင်းလမ်းမှာ ခရီးနှောင့်နေးစေတဲ့ ဆူးညှောင့်ခလုတ်တွေ ပြည့်နေတယ်။ ဘယ်တော့မှ မယိုင်လဲတဲ့ စိတ်ဓာတ်နဲ့သာ အရှုံးတွေကို လက်ခံနိုင်တဲ့ သတ္တိရှိပြီး ပန်းတိုင်ထိ ဆက်လျှောက်နိုင်လိမ့်မယ်။ အဲ့လိုလမ်းကို လျှောက်ပါ။ မင်းလမ်းစဥ်ဟာ ဘယ်အရာရဲ့ လွှမ်းမိုးခြင်းကိုမှ ခံရမှာ မဟုတ်ဘူး။ အနိုင်ယူခံရမှာ မကြောက်နဲ့။ လက်လျှော့ အရှုံးပေးရမှာကို ကြောက်"

ရီဖေးမုမှာ ဆေးလုံးမိစ္ဆာကို ငေးကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူက လက်ယှက်ပြီး လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်သည်။ "အလင်းပြမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး"

"မင်း ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်မယ်" ဆေးလုံးမိစ္ဆာက အေးဆေးစွာ ပြောသည်။ "ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ပညာသင်တပည့်ပဲ"

ရီဖေးမု တုန်ရီသွားပြီး သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။ နောက်ဆုံးတော့ သူ့အိပ်မက် အမှန်တကယ် ဖြစ်လာလေပြီ။ လျှောက်လမ်းရာ လမ်းကြောင်းမှာ လေထန်ခဲ့သော်လည်း ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်ရန်မှာ သူ့ဘဝ၏ အရေးအကြီးဆုံး အားထုတ်မှု နှစ်ပေါင်းများစွာ ဖြစ်ခဲ့သည်။

အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်များမှာ ချာချာလည်နေချေသည်။ ဆေးလုံးမိစ္ဆာ၏အကြည့် ချူယွီယန်အပေါ် ကျရောက်သွားသည့်အခါ ဘယ်သူမှ ဘာပြောရမလဲ မသိတော့ပေ။

"မင်းက ငါတို့ ရှင်နေတဲ့ဘဝလို ဘဝမျိုးကို ပွေ့ပိုက်ထားတဲ့ ဆေးဝါးတာအိုကို ရှာဖွေတယ်။ မတည်ရှိတဲ့ အသက်မီးတောက်ကို ရှာချင်ခဲ့တယ်။ ဒီလိုဆေးဝါးတာအိုရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ်။ လေထန်တဲ့ လမ်းကြောင်း မဟုတ်ပေမယ့် တော်တော့်ကိုခက်ခဲတဲ့ တစ်ခုပဲ

"အမှန်အတိုင်းပြောရရင် တစ်ခါတလေ အသက်မီးတောက်ဆိုတာ မရှိတတ်ဘူး။ အဲ့အခါ မင်းဘာလုပ်မလဲ။ မင်းရဲ့ဆေးဝါးတာအိုဟာ ဆေးဝါးဖော်စပ်တာအပေါ် မမူတည်ဘူး။ နှလုံးသားရဲ့သန့်စင်မှုအပေါ် မူတည်တယ်။ မင်းက အမြဲတမ်း ငါ့ တပည့်ဖြစ်ခဲ့တယ်။ ဒါမဲ့ အခြားသူတွေလို မဟုတ်ဘဲ ငါ့ရဲ့ တိုက်ရိုက်တပည့်ပဲ။ ဒါကြောင့် မင်းလည်း.... ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်ရမယ်" ဆေးလုံးမိစ္ဆာ၏အသံ ပျံ့လွင့်လာစဥ် မျက်ရည်များ ချူယွီယန်၏မျက်နှာတစ်လျှောက် စီးကျလာသည်။ သူမက ဆေးလုံးမိစ္ဆာကို ချက်ချင်း အရိုအသေပေးလိုက်၏။

အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးကျွမ်းကျင်ပညာရှင်များမှာတော့ ဆွံ့အနေတော့သည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များသာ တစ်ခုခုပြောချင်သော်လည်း ချုပ်တည်းထားပုံရသည်။

လင်ဟိုက်လုံမှာ တခဏ ချီတုံချတုံဖြစ်နေသည်။ သူသည် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များအနက် ဝါအရင့်ဆုံးဖြစ်သည့်အတွက် အားတင်းရင်း ပါးစပ်ဟလိုက်သည်။ "ဆရာ၊ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့် မီးလျှံစမ်းသပ်ပွဲရဲ့ အစဥ်အလာအရဆိုရင် တစ်ယောက်ထဲပဲ ရွေးချယ်ခံရမှာပါ....."

"ထာဝရတောင် ထွက်သွားကတည်းက မင်းရဲ့ဆေးဝါးတာအိုဟာ တိုးတက်မလာခဲ့ဘူး။ အဲ့ဒီနှစ်ကတည်းက နည်းနည်းလေးတောင် ရွေ့မလာခဲ့ဘူး။ ဘာကြောင့်လဲ မင်းသိလား" ဆေးလုံးမိစ္ဆာက လင်ဟိုက်လုံကို တည်ငြိမ်စွာ လှမ်းကြည့်သည်။ "ငါ မင်းကို ဒီနှစ်တွေ တစ်လျှောက်လုံး မပြောခဲ့တာ ဘာကြောင့်လဲဆိုရင် မင်းဘာသာမင်း သဘောပေါက်စေချင်လို့ပဲ။ ဒါမဲ့ မင်းက အခုထိ နားမလည်သေးဘူး။ အစဥ်အလာဆိုတာ..... တကယ်ပဲ အဲ့လောက် အရေးကြီးလား"

လင်ဟိုက်လုံမှာ အတန်ငယ် အနေရခက်သွားပြီး အားတင်းပြုံးကာ ပြောသည်။ "ဒါမဲ့...  အစဥ်အလာက ဆရာ့ဆီက စတင်ခဲ့တာလေ"

"ငါက စခဲ့တဲ့သူဆိုတော့ ပြောင်းလို့လည်းရတယ်။ အဲ့တော့ ဒီတိုင်းထားလိုက်တော့" သူက အင်္ကျီလက်စကို ခါပြီး လင်လိုက်လုံကို ဥပကေ်ခါပွုကာ မန်ဟို့ကို လှည့်ကြည့်သည်။

လင်လိုက်လုံမှာ ရင်ထဲက အလုံးကြီးကျသွားပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ အမှန်တွင် သူသည် အခမ်းအနားကို တက်ရောက်သည့် အပြင်လူများရှိနေ၍သာ ပြောခြင်းဖြစ်သည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များးအနက် ဝါအရင့်ဆုံးပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် သွယ်ဝိုက်သည့်သဘောဖြင့်ဖြစ်စေ အနည်းဆုံး တစ်ခုခုတော့ ပြောရန် လိုလေသည်။

ဆေးလုံးမိစ္ဆာက မန်ဟို့ကို ကြည့်သည်။ "ခန္ဓာကိုယ်ကို ဆေးပေါင်းဖိုအဖြစ် ၊ နှလုံးသားကို ဆေးဖော်စပ်အနည်းအဖြစ် အသုံးပြုခြင်း။ နေနဲ့လကို သန့်စင်ခြင်း၊ ကြယ်တွေရဲ့ ရှေးဆန်မှုကို ပြုပြင်ခြင်း။ ဒီလို ဆေးဝါးတာအိုမျိုး..... " သူက ခဏရပ်သွားသည်။ "မင်းရဲ့ အနာဂတ်လမ်းက ဘယ်ကိုဦးတည်နေမလဲဆိုတာ သိရဖို့ ဆရာမျှော်လင့်တယ်" သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းသွားသည်။

သူစကားပြောလိုက်စဥ် သူ၏စကားလုံးများနှင့်ပတ်သက်၍ တစ်ခုခုကွဲပြားနေကြောင်း ကြည့်ရှုနေသူများ ပြောနိုင်၏။ အကြောင်းမူ ဆေးလုံးမိစ္ဆာက သူ့ကိုယ်သူ ဆရာဟု ခေါ်သွားခြင်းကြောင့်ပင်။

"ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တွေက ငါ့ရဲ့ ပညာသင်တပည့်ဖြစ်တာကြောင့် တစ်ကြိမ်ပဲ ဦးညွှတ်စရာလိုတယ်။ မင်းက ဆေးဒယ်အိုးဆိုတော့ နှစ်ကြိမ်ဂါဝရပြုပြီး ငါ့ တိုက်ရိုက်တပည့်ဖြစ်လာနိုင်တယ်

"ဒါပေမဲ့ .... ငါ မင်းဆီက တပည့်ခံကြေးအများကြီး ယူထားပြီးပြီဆိုတော့ ဒီနေ့ကစပြီး ငါ့မှာ ဒုတိယအမွေခံတပည့် ရှိသွားပြီ။ အခု ငါ့အရှေ့မှာ သုံးကြိမ် ဂါဝရပြုပါ" သူက မန်ဟို့၏ပုံရိပ်ယောင်ကမ္ဘာမှ ဆရာအတိုင်း နွေးထွေးကြင်နာမှုများ ဖုံးလွှမ်းနေသောမျက်ဝန်းများဖြင့် ပြုံးပြသည်။

မန်ဟို့မျက်နှာမှာ ထူးဆန်းနေ၏။ "တပည့်ခံကြေး" ဆိုသော စကားလုံးက သူ့ကို ဝိညာဥ်ကျောက်တုံးနှစ်ထောင်အကြောင်း ရုတ်တရက် တွေးမိလိုက်စေသည်.....

သို့သော် သူ ဘာမှမပြောနိုင်ခင် ဆေးလုံးမိစ္ဆာက ညာလက်ကို မြှောက်ပြီး အင်္ကျီလက်ခါလိုက်သည်။ ချက်ချင်းဆိုသလို လှိုင်းဂယက်များ လေတွင် ပေါ်ပေါက်လာကာ မန်ဟို့ကို ဝန်းရံပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပျောက်ကွယ်လာသည်။

"ဟိုက်လုံ" ဆေးလုံးမိစ္ဆာက ပြောသည်။ "အခြားဂိုဏ်းက မိတ်ဆွေတွေကို ဧည့်ခံပေးဖို့ ဆရာ့ကို ကူညီပေးပါဦး။ ငါ ဖန်မုကို အမွေ့ခံတပည့်အဖြစ် လိုက်ခံလိုက်ပြီဆိုတာ တောင်ပိုင်းဒေသတစ်ဝှမ်းလုံး ကြေညာလိုက်"

သူ၏စကားလုံးများ လေထဲတွင် ပြည့်နှက်နေစဥ် လူတိုင်း ထရပ်ပြီး မိုးကောင်းကင်သို့  လက်ယှက်အရိုအသေပေးလိုက်ကြသည်။ လင်ဟိုက်လုံမှာ ဆေးလုံးမိစ္ဆာ၏စကားကို ကြားသောအခါ စိတ်ထဲတွင် တုန်လှုပ်သွားပြီး မန်ဟို့အပေါ် အကြည့်ရောက်လာသည်။ အခြားခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များလည်း ထိုနည်းတူပင်။ အမွေခံတပည့်ဆိုသည်က ဘာဖြစ်သည်ကို သူတို့အားလုံးသိကြလေသည်။

ဟန်ပေ့၏မျက်ဝန်းလေးများထဲတွင် မနာလိုမှုများ ဝင်းလက်လာသည်။ ယနေ့မှစ၍ ဖန်မုသည် တောင်ပိုင်းဒေသက ဘယ်ယ်သူနှင့်မှ တူတော့မည်မဟုတ်ကြောင်း သူမသိလိုက်၏။

ဖက်တီးမှာ သူ့အစ်ကိုကြီးသာ အတော်ဆုံးဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးရင်း သက်ပြင်းခိုးချလိုက်သည်။ ဤတစ်ကြိမ်တွင်လည်း သူသည် ဆေးလုံးမိစ္ဆာ၏ အမွေခံတပည့်ဖြစ်အောင် လုပ်နိုင်သွားပြန်လေပြီ။

တပည့်နှင့်ပတ်သက်လျှင် အဆင့်သုံးဆင့်ရှိ၏။ ပညာသင်တပည့်၊ တိုက်ရိုက်တပည့် နှင့် အမွေခံတပည့်ဟူ၍ ဖြစ်သည်။

ပညာသင်တပည့်များသည် မေးခွန်းများမေးခွင့်ရသော်လည်း ရိုးရှင်းသောအကြံဉာဏ်များသာ လက်ခံရရှိ၏။ တိုက်ရိုက်တပည့်များက ဆရာ့ဖြစ်သူ၏အနောက် လိုက်ရသည်။ သူတို့သည် နှုတ်ဖြင့်သော်လည်းကောင်း၊ ဥပမာဖြင့်သော်လည်းကောင်း သင်ကြားပို့ချခံရ၏။ ဤနည်းဖြင့် လျှို့ဝှက်နည်းလမ်းတချို့အပါအဝင် ကိုယ်ပိုင်စွမ်းရည်များကိုလည်း လက်ဆင့်ကမ်းပေးတတ်သည်။

အမွေခံတပည့်များမှာ အားလုံးအထဲ အရေးပါဆုံးဖြစ်၏။ သူတို့သည် တစ်သက်တာ ဗဟုသုတများ ရရှိကြ၏။ သူတို့က မခြွင်းမချန် အမွေလွှဲပေးမည့် မျှော်လင့်ချက်၊ အနာဂတ်၏မျှော်လင့်ချက် ဖြစ်သည်။ ထိုတပည့်မျိုးအတွက် မည်သည့်အရာကိုမှ ထိမ်ချန်ထားမည်မဟုတ်ပေ။ အမွေ့ခံတပည့်သည် သားတစ်ယောက်ထက်ပင်ပို၍ အရေးကြီး၏။

***

ဇီယွင်ဂိုဏ်း၏ အတွင်းအကျဆုံး၊ အရှေ့ဆေးဝါးအဖွဲ့ထဲတွင် ခပ်နိမ့်နိမ့်တောင်ကုန်းတစ်လုံးရှိသည်။

ဤတောင်သည် တကယ်တမ်း အရှေ့ဆေးဝါးအဖွဲ့၏ တောင်အားလုံးအနက် အထွတ်အထိပ်ဖြစ်လေသည်။

အဆိုပါ တောင်ထိပ်တွင် ဆေးလုံးမိစ္ဆာ မန်ဟို့ကို ဦးဆောင်ခေါ်သွားနေသော အဆောက်အအုံတစ်ခုရှိသည်။ မန်ဟို ၄င်းကို မြင်လိုက်သည့်အခိုက်အတန့်၌ ပင့်သက်ရှိုက်မိသွား၏။ အဆောက်အအုံမှာ ပုံရိပ်ယောင်ကမ္ဘာထဲမှ သူ့ဆရာ၏အိမ်နှင့် တစ်ထေရာတည်းတူလေသည်။

ဆေးလုံးမိစ္ဆာက တံခါးကို တွန်းဖွင့်ပြီး မန်ဟို့ကို ကျောပေး၍ အထဲသို့ ဝင်သွားသည်။ သူက လမ်းလျှောက်ရင်း ရှင်းပြနေ၏။ "မင်း အပြစ်ကင်းခြင်းရဲ့ ဂါဝရတရား ကြုံတွေ့ပြီးပြီ။ လျှောက်သွားခြင်းရဲ့ဂါဝရတရားကိုလည်း လျှောက်လှမ်းခဲ့တယ်။ အဆုံးသတ်မှာ နေဝင်ဆည်းဆာရှုခြင်းအတွက် ဂါဝရပြုဖို့ ရွေးချယ်ခဲ့တယ်။ ဒီလို သုံးခါ ဂါဝရပြုပြီး မင်းက ငါ့ကို ဆရာအဖြစ် ရွေးချယ်ခဲ့တယ်"

မန်ဟိုက အဘိုးကြီး၏ကျောပြင်ကို ကြည့်ရင်း နောက်မှလိုက်လာသည်။ ဤလူမှာ သူ့အတွက် နည်းနည်းလေးပင် စိမ်းမနေကြောင်း ရုတ်တရက် ခံစားလိုက်၏။ ပုံရိပ်ယောင်ကမ္ဘာထဲတွင် သူ နေထိုင်ခဲ့သည့် ဘဝမှာ တကယ့်လက်တွေ့နှင့် ထပ်တူဖြစ်နေလေသည်။ မန်ဟိုက ရုတ်တရက် လက်ယှက်ပြီး ဆေးလုံးမိစ္ဆာကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

"တပည့် ဆရာ့ကို ဂါဝရပြုပါတယ်"

"ကောင်းကင်နယ်မြေမှာ မင်း နှစ်ကြိမ် ဂါဝရပြုဖို့ပဲ လိုမယ်လို့ ဆရာပြောခဲ့တယ်။ ပထမဆုံး ဂါဝရတရားကို အပိုင်းသုံးပိုင်းခွဲတယ်။ ဆရာက ကံကြွေးချခဲ့တယ် ။ မင်း မဖျက်စီးခဲ့တာကြောင့် ဆရာလည်း မဖျက်စီးဘူး။ ဒုတိယဂါဝရတရားကို ဆရာ အဲ့တုန်းက မရှင်းပြခဲ့ဘူး

"အခု မင်းအတွက် နားလည်ဖို့ အချိန်ကျပြီ။ ဒုတိယအကြိမ် ဂါဝရပြုရမှာက ဆရာ ပြာဖြစ်သွားတဲ့နေ့ ရောက်ခဲ့ရင်ပဲ။ အဲ့ကျရင် ဆရာတို့ရဲ့ ကံတွေ ဆက်ပြီး ပတ်သက်မနေတော့အောင် ကံကြွေးကို ဖြတ်တောက်ဖို့ မင်း ဂါဝရပြုရမယ်။ ဆရာက မင်းကို မင်းဆရာအဖြစ်နဲ့ တစ်သက်တာအကူအညီပေးမှာနော်။ အေး မင်း ဆရာကို ပေးရမှာက ဆရာမသေခင် ပြုံးနိုင်ဖို့လေးပဲ။ အဲ့အပြုံးက ဆရာ ဒီဘဝအမွေကို လက်ဆင့်ကမ်းပေးရတော့မယ်ဆိုတာ သိလိုက်ရတဲ့အတွက် ဖြစ်လိမ့်မယ်

"ဆရာ့ ပထမဆုံး အမွေခံတပည့် လျူရူဖန်းလိုမျိုး ဆရာ့ကို ထားပြီး ထွက်သွားရင်တော့ ဒုတိယအကြိမ် ဂါဝရပြုစရာ မလိုဘူး

"မင်းခြေထောက်က မင်းအပိုင်၊ မင်းလျှောက်လှမ်းရမယ့် လမ်းကြောင်းက မင်းခြေထောက်အောက်မှာ ရှိတယ်။ နောင်တစ်ချိန်မှာ မင်းဘာသာမင်း ရွေးချယ်ရလိမ့်မယ်" ဆေးလုံးမိစ္ဆာက ရုတ်တရက် မန်ဟို့ကို လှည့်ကြည့်သည်။

"ဒါပေမယ့်" သူက ဖြေးဖြေးချင်း ဆက်ပြောသည်။ " ရှင်သန်ခြင်းနှင်းပန်းရဲ့ အဆိပ်ကို ဆရာဖြေမပေးနိုင်ဘူးလို့ ပြောမယ်ဆိုရင် မင်း ဆရာကို ဆရာအဖြစ် သတ်မှတ်ချင်သေးလား"

***

All Chapters