ပြီးပြည့်စုံသော အမွေအနှစ်
Vol. 21 Ch. 294
မန်ဟိုက သူ့ဆရာကို တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် တည်တည်ငြိမ်ငြိမ် ပြောသည်။ "ပထမတုန်းက အဆိပ်ဖြေချင်လို့ ကျွန်တော် လာခဲ့တာ။ ဂိုဏ်းကို ဝင်ပြီးနောက်မှာတော့ ဆေးဝါးတာအိုကြောင့် ဆက်နေနေတာပါ"
ဆေးလုံးမိစ္ဆာက မန်ဟို့ကို အကြာကြီး စိုက်ကြည့်နေသည်။ နောက်ဆုံး၌ ကျေနပ်သွားသောဟန်သည် သူ၏မျက်နှာကို စိုးမိုးသွားပြီး အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။
သူက ဖြေးဖြေးချင်း ပြောသည်။ "မင်း ဂိုဏ်းကို ပထမဆုံး ရောက်လာတဲ့ နေ့ထဲက ရှင်သန်ခြင်းနှင်းပန်းရဲ့ချီကို ဆရာခံစားလိုက်ရတယ်။ နောက်ပိုင်း မင်းကို တွေ့တော့ အခြေအနေကို နားလည်သွားတယ်။ မင်းအတွက် အဆိပ်ဖြေဖို့ နည်းလမ်း သုံးခုရှိတယ်။ ပထမတစ်ခုက မင်းနဲ့တစ်သားတည်းဖြစ်စေရမှာ၊ အဲ့လိုဖြစ်သွားရင် မင်းက မင်းမဟုတ်တော့ဘူး။ ဒုတိယတစ်ခုက မင်းက သူ့ကို ဝါးမြိုလိုက်ရင်တော့ သူက သူမဟုတ်တော့ဘူး
"တတိယတစ်ခုကတော့.....မင်းဘာသာမင်း အဆိပ်ဖြေဖို့ မင်းရဲ့ဆေးဝါးတာအိုကို အသုံးပြုတာပဲ။ ကံကြွေးဆိုတာ ကောင်းကင်နဲ့မြေကြီးမှာ တည်ရှိတယ်။ မင်းကိုယ်ထဲက ရှင်သန်ခြင်းနှင်းပန်းဟာ ကံကြွေးကြောင့်ပဲ။ မင်းကလွဲပြီး ဘယ်သူ့မှ အဲ့တာကို မဖြေပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခြားသူတွေက မင်းမဟုတ်တဲ့အတွက်ကြောင့်ပဲ။ မင်းကလွဲပြီး တခြားဘယ်သူမှ အဆိပ်ဖြေမပေးနိုင်တဲ့အချက်က ကံကြွေးကြောင့်ဖြစ်တယ်
"ဒီနည်းလမ်းမှာ ပထမဆုံးတစ်ခုက ခံရတယ်။ ဒုတိယက ထိရောက်တယ်။ မင်းရဲ့ဆေးဝါးတာအိုကို အသုံးပြုရတဲ့ တတိယနည်းလမ်းကတော့ အထိရောက်ဆုံးပဲ။ ဆရာ့စကားတွေကို မင်း နားလည်မယ် ထင်ပါတယ်"
မန်ဟို တိတ်ဆိတ်နေသည်။ အဆိပ်သည် ကျိုးပြည်မှာကတည်းက သူ့ကိုယ်တွင်း၌ ရှိခဲ့ပြီး ယခုအထိ တစ်လျှောက်လုံး ဒုက္ခပေးနေလေသည်။ သူ့မှာ ထိုတစ်ချိန်လုံး ၄င်းကို မဖယ်ရှားနိုင်ခဲ့ပေ။ ဇီယွင်ဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်တုန်းက ဆေးဝါတာအိုအကြောင်း သူနည်းနည်းလေးမှ နားလည်ခြင်းမရှိခဲ့။ သို့သော် သူ၏အဆက်မပြတ် ကြိုးစားထုတ်မှုကြောင့် မျှော်လင့်ချက်အနည်းငယ်နှင့်အတူ အဆိပ်နှင့်စပ်လျဥ်း၍ ဉာဏ်အလင်းထပ်မံရရှိခဲ့လေသည်။ သို့သော် ယခု သူ့ဆရာ၏စကားများက သူ့ကို သက်ပြင်းခိုးချမိလိုက်စေသည်။
"အဆိပ်က ဘာမှမဟုတ်ပါဘူး" ဆေးလုံးမိစ္ဆာက ပြောသည်။ "မင်းရဲ့ ဆေးဝါးတာအိုအသိနဲ့ဆိုရင် အနှေးနဲ့အမြန် ဖယ်ရှားနိုင်လိမ့်မယ်။ ရှင်သန်ခြင်းနှင်းပန်းက တစ်နည်းနည်းနဲ့ ဖိနှိပ်ခံထားရတာပဲ။ ထူးဆန်းတယ်။ အခုအချိန်မှာ အဲ့တာက အိပ်ပျော်ပုံရပေမယ့် ဖိနှိပ်အားက တဖြေးဖြေး အားနည်းလာနေတယ်ထင်တယ်...."
မန်ဟို၏မျက်လုံးများ ဝင်းလက်သွားသည်။ သူက တည်ငြိမ်စွာ ပြော၏။ "ဆရာ ကျွန်တော် ကိုယ့်ဘာသာကိုယ် အဆိပ်ဖြေရမယ်ဆိုရင် ဆရာ့ရဲ့အတွေ့အကြုံအရ ဒီလိုမျိုး အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တဲ့သူကိုများ သိလား"
"တစ်ယောက်ရှိတယ်" ဆေးလုံးမိစ္ဆာက ပြန်ဖြေသည်။ "နဂါးငွေ့တန်းပင်လယ်မှာ နေတယ်၊ သူ့နာမည်က ဆရာကြီးငွေမီးအိမ်တဲ့။ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက မတွေးတတ်အောင်ကို နက်နဲတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာတုန်းက ဆရာ့ဆီမှာ သူ့အဆိပ်ဖြေဖို့ နည်းလမ်း လာရှာခဲ့ဖူးတယ်။ မင်းကိုပြောခဲ့တဲ့အတိုင်းပဲ ဆရာပြောခဲ့တယ်။ အဲ့ဒီနောက်နှစ်သုံးရာကြာတော့ သူ ဆရာ့ကို ကျေးဇူးတင်ကြောင်း လာပြောတယ်။ သူ့အဆိပ်ကို သူ့ဘာသာ အောင်အောင်မြင်မြင် ဖယ်ရှားနိုင်ခဲ့တယ်လေ"
မန်ဟိုက အလေးအနက်စဥ်းစားနေပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ "အဲ့လူတောင် အဆိပ်ဖြေနိုင်ရင် ကျွန်တော်လဲ ဆေးဝါးတာအိုကို အသုံးပြုပြီး အဲ့ဒီလို သေချာပေါက် ဖြေနိုင်စေရမယ်"
ဆေးလုံးမိစ္ဆာက တည်ကြည်လေးနက်သောအသွင်ဖြင့် ခပ်တိုးတိုးပြောသည်။ "ဆရာ မင်းကို အဆိပ်ဖြေပေးဖို့ အတင်းအကြပ်ကူညီခဲ့ရင် ကံကြွေးသံသရာကို ထိခိုက်စေလိမ့်မယ်။ အဲ့တာက မင်းအတွက် နည်းနည်းလေးမှ အကျိုးရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဆရာရဲ့သင်ပြမှုအောက်မှာ မင်းရဲ့ဆေးဝါးတာအိုဟာ နောက်ဆုံး မင်းဘာသာမင်း အဆိပ်ဖြေနိုင်တဲ့အထိ ရောက်သွားလိမ့်မယ်။ ရှင်သန်ခြင်းနှင်းပန်းရဲ့ အဆိပ်က မင်းကို သဘာဝစွမ်းရည်ပေးထားတယ်။ နောက်တစ်ချိန်မှာ မင်း အဆိပ်ဖြေပြီးသွားရင် အဲ့ဒီစွမ်းရည်ကို အပြည့်အဝအသုံးချနိုင်ပြီ။ အဲ့ဒီလိုဖြစ်ရင် မင်းက မိုးကောင်းကင်အောက်မှာ အပြင်းဆုံးအဆိပ်တစ်မျိုးကို မြင်ရခဲတဲ့ ရတနာတစ်ပါးအဖြစ် ပြောင်းလဲလိုက်တာပဲ
"အဲ့ဒီရတနာက မင်းအတွက် မိုးကောင်းကင်သို့သွားရာလမ်းကို ဖွင့်ပေးလိမ့်မယ်။ အခုတော့ ဒီအဆိပ်က ကံဆိုးမိုးမှောင်ကျသလို ဖြစ်နေပေမယ့် အဲ့တာကပဲ ကံကောင်းခြင်းတစ်မျိုးပဲကွ" သူက ရုတ်တရက် စကားလမ်းကြောင်းပြောင်းသွားသည်။ "သုံးကြိမ်ဂါဂရပြုပြီးရင် မင်းက ဆရာ့အမွေခံတပည့်ဖြစ်ပြီ။ ဒါကြောင့် ဆရာ့မှာ မင်းအတွက် လက်ဆောင်သုံးခုရှိတယ်" သူက အင်္ကျီလက်စကို ခါလိုက်သည်။ ချက်ချင်းပင် သူတို့ပတ်ပတ်လည်ရှိ အရာအားလုံး အရောင်ပေါင်းစုံဝဲကြီးအဖြစ် လည်သွားသည်။
"ပထမဆုံးလက်ဆောင်က ဆန်းကြယ်ဆေးလုံးတစ်သုတ်ပဲ။ 'ဆန်းကြယ်သောအိပ်ရာဝင်ပုံပြင်တွေ' ဆီကနေ နာမည်ပေးထားတာ။ ဒီလိုဆေးလုံးမျိုးက တောင်ပိုင်းဒေသမှာ တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးဘူး။ လွန်ခဲ့တဲ့သုံးနှစ်က ဆေးဝါးပညာရပ်နဲ့ပတ်သက်ပြီး ဉာဏ်အလင်းရခဲ့တဲ့အတောအတွင်း ဆရာ ဒါကို ဖန်တီးခဲ့တာ
"ဒီတစ်သုတ်မှာ စုစုပေါင်း ဆေးလုံးသုံးလုံးပါတယ်။ ဆေးလုံးတစ်လုံးစားရင် ရှင်သန်ခြင်းနှင်းပန်းကို နှစ်တစ်ရာ အိပ်ပျော်စေပြီးတော့ မင်းရဲ့သက်တမ်းကို နှစ်တစ်ရာတိုးပေးလိမ့်မယ်။ မင်းရဲ့ကျင််ကြံခြင်းအခြေခံလည်း တိုးတက်လာလိမ့်မယ်။ မင်း အတားအဆီးတစ်ခုခု ကြုံတွေ့ရင် ဒီဆေးလုံးက မင်း ဖောက်ထွက်နိုင်အောင် ကူညီပေးနိုင်တယ်။ ဒီဆေးလုံးသုံးလုံးက ငါ့တပည့်ကို ဘာအခက်အခဲမှမရှိဘဲ အနုသုခုမရုပ်ခန္ဓာအဆင့် တက်အောင် ကူညီပေးလိမ့်မယ်
"စုစုပေါင်း မင်းကို အဆိပ်ဖြေဖို့ အချိန်နှစ်သုံးရာလည်း ရလိမ့်မယ်။ တကယ်လို့ နှစ်သုံးရာကြာလို့မှ အဆိပ်ဖြေတာ မအောင်မြင်သေးရင် မင်းအတွက် ဆရာ နောက်တစ်သုတ် ထပ်ဖော်ပေးမယ်။ မင်း အဆိပ်ဖြေမပြီးမချင်း ဆရာ ဖော်ပေးသွားမယ်"
စကားလုံးများက မန်ဟို့နားထဲ ဝင်ရောက်လာပြီး သူ့နှလုံးသားထဲအထိ စီးဝင်လာ၏။ သူက သူ့ဆရာကို ကြည့်ပြီး ထိုစကားလုံးထဲမှ စစ်မှန်ရိုးသားမှုနှင့်အတူ ချစ်ခြင်းမေတ္တာကိုပါ ခံစားလိုက်ရသည်။
လွန်ခဲ့သောသုံးနှစ်က မဟာအကြီးအကဲဆေးလုံးမိစ္ဆာသည် သူ့အတွက်လေးနှင့် ဉာဏ်အလင်းရခဲ့သည့်အတောအတွင်း ဆေးလုံးများ ဖော်စပ်ခဲ့လေသည်။ မန်ဟို လက်နှစ်ဖက်ယှက်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"
"မင်းအတွက် ဆရာ့ရဲ့ ဒုတိယလက်ဆောင်က အရှေ့ဆေးဝါးအဖွဲ့ရဲ့ အမွေအနှစ်ပညာရပ်ပဲ။ နာမည်က ဝိညာဥ်ဆင့်ခေါ်ခြင်းမန္တန်လို့ခေါ်တယ်။ ဆေးလုံးတစ်လုံးကို ခြောက်ကြိမ်အထိ သန့်စင်ဖို့ သူ့ကို သုံးနိုင်တယ်ဆိုပေမယ့် လုံလောက်တဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် ကန့်သတ်ချက်ဖြစ်တဲ့ ခြောက်ကြိမ်ကို ချိုးဖျက်နိုင်တယ်။ ထပ်ပြောမယ်၊ ဒါက အရှေ့ဆေးဝါးအဖွဲ့ရဲ့ အမွေအနှစ်ပညာရပ်။ ဒီနေ့အထိ ဆရာ လူနှစ်ယောက်ကို လက်ဆင့်ကမ်းပေးခဲ့ဖူးသေးတယ်။ မင်းနဲ့ မင်းရဲ့ အရှေ့က အစ်ကိုကြီးလျူရုဖန်းပဲ" ထို့နောက် ဆေးလုံးမိစ္ဆာက မန်ဟို့နဖူးထံ လက်လှမ်းပြီး ဖိချလိုက်သည်။
ချက်ချင်းပင် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး ရေခဲတမျှ အေးစက်သော အအေးဓာတ်က သူ့ကို လွှမ်းခြုံသွားသည်။ စာပိုဒ်ရှည်ကြီးတစ်ပိုဒ် သူ့စိတ်ထဲ၌ ပေါ်လာသည်။ ၄င်းမှာ ခက်ခဲနက်နဲပုံရသော်လည်း ၄င်းကို စေ့စေ့ကြည့်ပြီးနောက်တွင် မန်ဟို ဉာဏ်အလင်းအပြည့်အဝရသွားဟန်တူသည်။
"ဒါက အမွေခံတပည့်ကလွဲပြီး ဘယ်သူ့ကိုမှ လက်ဆင့်ကမ်းပေးမှာမဟုတ်တဲ့ အမွေအနှစ်ပညာရပ်ပဲ။ သုံးပုံသုံးနည်းကို နားလည်ဖို့က မခက်ဘူး။ မင်း အခြေခံသဘောတရားတွေကို ပိုင်နိုင်သရွေ့ ဒါကို အသုံးပြုလို့ရတယ်။ နောင်တစ်ချိန်ကျရင် မင်း ဒီပညာရပ်ကို နောက်တစ်ယောက်ဆီ လက်ဆင့်ကမ်းပေးရမယ်။ ဒါမှ မျိုးရိုးစဥ်ဆက် တည်ရှိနေမှာ" လေးနက်သောအရိပ်အယောင်တစ်ခု ဆေးလုံးမိစ္ဆာ၏မျက်ဝန်းများတွင် ဖြတ်ပြေးသွားသည်။
"ဆရာ့လက်ဆောင်သုံးခုရဲ့ နောက်ဆုံးလက်ဆောင်က အရှေ့ဆေးဝါးအဖွဲ့ရဲ့ အဖိုးထိုက်ရတနာတစ်ပါးပဲ။ အရှေ့ဆေးဝါးထာဝရမီးတောက်" သူက ညာဘက်အင်္ကျီလက်စကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ တောင်နံရံ ပွင့်သွားသည်။ ဝုန်းခနဲ ထစ်ချုန်းသံကြီးနှင့်အတူ ဧရာမအက်ကြောင်းကြီးတစ်ကြောင်း ပေါ်ပေါက်လာ၏။
အတွင်းတွင် မြေကြီးအထဲ ဆင်းသွားပုံရသော လှေကားတစ်ခုရှိသည်။ ဆေးလုံးမိစ္ဆာနှင့် မန်ဟို၊ ဆရာနှင့်တပည့်နှစ်ယောက် အောက်သို့ လျှောက်ဆင်းသွားလေသည်။ သူတို့သည် အလွန့်အလွန်ကြာမြင့်စွာ လျှောက်လာခဲ့ကြသည်။
နောက်ဆုံး၌ ဇီယွင်ဂိုဏ်း၏ မြေကြီးအောက်ထဲ ရောက်သွားကြလေပြီ။ မန်ဟို့မှာ အရှေ့ကိုကြည့်ရင်း စိတ်နှလုံးတုန်လှုပ်နေသည်။ သူ့အရှေ့တွင်ကား ဧရာမထုံးကျောက်လိုဏ်ဂူကြီးတစ်လုံး။
လိုဏ်ဂူအတွင်းတွင် တစ်ဝက်လောင်ကျွမ်းထားပြီးဖြစ်သော ဧရာမ အမွှေးတိုင်ကြီးသုံးတိုင် ရှိသည်။ အနက်ရောင်အခိုးငွေ့များက ၄င်းထံမှ လွင့်လူတက်လျက်ရှိ၏။ လိုဏ်ဂူတစ်လျှောက် မျောလွင့်နေသော အငွေ့များအပြင် အစိမ်းရောင်မီးတောက်များလည်း နေရာအနှံ့ လောင်ကျွမ်းနေသည်။
အမွှေးတိုင်သုံးတိုင်အထက်တွင် အမြင့်သုံးမီတာခန့်ရှိသော အနက်ရောင်ဆေးပေါင်းဖိုတစ်လုံး မျောလွင့်နေသည်။ အငွေ့များက ၄င်းကို ပင့်မပေးပြီး မီးတောက်များက လောင်စာဖြည့်ပေးထားသည့် အလားပင်။
ဆေးလုံးမိစ္ဆာက ဆေးပေါင်းဖိုကို ကြည့်နေပြီး သူ၏မျက်လုံးများမှာ အမှတ်တရတချို့ကို ပြန်ပြောင်းတွေးတောနေသကဲ့သို့ တောက်ပနေ၏။ ထိုနားလည်ရခက်သော အမူအရာသည် တခဏသာ ခံလိုက်ပြီးနောက် သူက သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။
"ဒီအမွှေးတိုင်က ဒီကမ္ဘာက မဟုတ်ဘူး။ အငွေ့တွေက ဘယ်တော့မှ မပျောက်ပြယ်သလို အမွှေးတိုင်တွေကလည်း ဘယ်တော့မှ လောင်ကျွမ်းတာ မရပ်ဘူး။ ဒါက အရှေ့ဆေးဝါးအဖွဲ့ရဲ့ ထာဝရမီးတောက်ပဲ။ လောင်ကျွမ်းနေခဲ့တာ နှစ်ပေါင်းနှစ်သောင်းကျော်ခဲ့ပြီ ......ဒါက ငြိမ်းသတ်လို့မရတဲ့ အမွေအနှစ်ပဲ။ ဒါကို မင်းနှလုံးသားထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်စေလိုက်ရင် ဆေးမီးတောက် ဖြစ်လာနိုင်တယ်
"မင်း အမြုတေဖြစ်တည်မှုအဆင့်ရောက်ပြီးရင် ဒီမီးတောက်ကို မင်းရဲ့ခရမ်းရောင်အမြုတေနဲ့ ပေါင်းစပ်လိုက်ရင် အမြုတေ မီးတောက်သွားလိမ့်မယ်။ ဒါဆို နောက်ပိုင်း မင်း ဆေးဖော်စပ်တဲ့အခါတိုင်း မြေမီးတောက်ကို သုံးစရာ မလိုတော့ဘူး။ ဒါက ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့ အရာဝတ္ထုတိုင်းကို သန့်စင်ပေးနိုင်တဲ့ မင်းရဲ့ ကိုယ်ပိုင် ဆေးမီးတောက်ဖြစ်သွားလိမ့်မယ်။ အရှေ့ဆေးဝါးအဖွဲ့တစ်ဖွဲ့လုံးမှာ မင်းနဲ့ငါ နှစ်ယောက်ပဲ ဒီအမွေအနှစ်မီးတောက်ကို အသုံးပြုနိုင်တဲ့ အရည်အချင်းရှိတယ်။
"ထာဝရမီးတောက်က ဒီမှာအမြဲရှိနေလိမ့်မယ်။ ငါလည်း အတူတူပဲ" ဤနောက်ဆုံးစကားအား ဆေးလုံးမိစ္ဆာက ခပ်တိုးတိုးသာ ရေရွတ်လိုက်သည့်အတွက် မန်ဟို ကောင်းကောင်းမကြားလိုက်ပေ။ ဆေးလုံးမိစ္ဆာသည် အမွှေးတိုင်ကြီးသုံးတိုင်၊ လွင့်လူတက်နေသည့် အခိုးအငွေ့များနှင့် ကခုန်နေသည့် မီးတောက်များအား စိုက်ကြည့်နေပြီး မန်ဟို့ကို စကားပြောနေပုံပင်မရပေ။
တခဏကြာသော် သူက မန်ဟို့ကိုကြည့်သည်။ "မင်း ဒီမှာ တံခါးပိတ်ကျင့်ရမယ်။ မီးရဲ့စိတ်ဆန္ဒကို မင်းရဲ့နှလုံးသားနဲ့ သဟဇာတဖြစ်အောင် လုပ်ပြီီးရင် မင်းထွက်လာနိုင်တယ်" ထို့နောက် သူသည် လှေကားအတိုင်း ဖြေးဖြေးချင်း တက်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။
မန်ဟိုက အချိန်အတန်ကြာ တွေးနေပြီးနောက် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူသည် လက်ထဲက ဆေးလုံးကို ငုံ့ကြည့်လိုက်၏။ အထဲတွင် သူ့ဆရာ သူ့အတွက် ဖော်စပ်ပေးထားသော ဆန်းကြယ်ဆေးလုံးများရှိသည်။ ဤဆေးလုံးများ မည်မျှတန်ဖိုးကြီးကြောင်း မန်ဟို ခန့်မှန်းရခက်လေသည်။
သူက ဆေးပုလင်းကို သိုလှောင်အိတ်ထဲ ထည့်ပြီးနောက် မျက်လုံးမှိတ်လိုက်သည်။ သူ့စိတ်ထဲတွင် ဝိညာဥ်ဆင့်ခေါ်ခြင်းမန္တန် မျောလွင့်နေ၏။ အထဲတွင် ဆေးလုံးများအား သုံးကြိမ်၊ လေးကြိမ် သို့မဟုတ် ခြောက်ကြိမ်ပင် သန့်စင်ရန် နည်းလမ်းများရှိသည်။ သာမန်ဆေးလုံးတစ်လုံးအပေါ် ဤမန္တန်အား အသုံးပြုလိုက်ရုံနှင့် ပြီးပြည့်စုံသော ဆေးလုံးဖြစ်သွားလိမ့်မည်။
ထိုကဲ့သို့ ပညာရပ်တစ်ခု၏စွမ်းအားက မန်ဟို့ကို စိတ်နှလုံးတုန်လှုပ်စေသည်။ ဤသည်မှာ မြင့်မြတ်သောဝိညာဥ်ကျမ်းစားနှင့် အံဝင်ခွင်ကျဖြစ်သော ဆေးဝါးတာအို၏ နတ်ဘုရားစွမ်းရည်တစ်ခုပင်။
ဤဆေးဖော်စပ်နည်းပညာရပ်နှင့်ဆိုလျှင် မန်ဟိုသည် ဆေးဖော်စပ်ခြင်းနယ်ပယ်၌ မဟာအကြီးအကဲတစ်ဦးဖြစ်သည်ဟု ပြောနိုင်၏။ ဤပညာရပ်၏စွမ်းရည်မှာ မည်သူမဆို ကျင့်ကြံနိုင်သောအရာမဟုတ်ပေ။ လေးကြိမ်မြောက် သန့်စင်ခြင်းမှစတင်၍ အရှေ့ဆေးဝါးအဖွဲ့၏ ထာဝရမီးတောက်မှတစ်ပါး မည်သည့်မီးတောက်ကမှ ပညာရပ်ကို အသုံးပြုရန် လုံလောက်မည်မဟုတ်။
အရှေ့ဆေးဝါးအဖွဲ့တစ်ဖွဲ့လုံးတွင် ဆေးလုံးမိစ္ဆာနှင့် မန်ဟိုသာ ထာဝရမီးတောက်အသုံးပြုပြီး လေးကြိမ်မြောက်သန့်စင်ခြင်းကို ဆောင်ရွက်နိုင်သည်။ သူတို့နှစ်ယောက်သာလျှင် အရည်အချင်းပြည့်မှီ၏။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း မျက်လုံးဖွင့်လိုက်သည်။ ယခုတွင် သူသည် သူ့ဆရာ ဘာ့ကြောင့် သူ့ကို ဤနေရာတွင် နေ၍ နှလုံးသားထဲ၌ အရှေ့ဆေးဝါးထာဝရမီးတောက်ကို စုဆောင်းခိုင်းသည်လဲ နားလည်လိုက်လေပြီ။
"ဒါက ပြီးပြည့်စုံတဲ့ အမွေအနှစ်ပဲ" သူက အမွှေးတိုင်ကြီးများ၊ အခိုးအငွေ့များနှင့် ငြိမ်းသတ်၍မရသော အစိမ်းရောင်မီးတောက်များကို ကြည့်ရင်း တွေးလိုက်သည်။ " မီးတောက်နှင့် ပညာရပ်က တစ်ခုကိုတစ်ခု ဖြည့်စွက်ပေးနေတာပဲ။ တစ်ခု မဟုတ် တစ်ခုမရှိတာနဲ့ အထွတ်အထိပ်ရောက်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး...."
မျက်စိတစ်မှိတ်အတွင်း သုံးလကြာခဲ့လေပြီ။ ထိုသုံးလအတောအတွင်း မန်ဟိုသည် ထုံးကျောက်လိုဏ်ဂူမှ တစ်ဖဝါးမှ မခွာခဲ့ပေ။ သို့သော် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဖြစ် သုံးဦး ရွေးချယ်ခံရခြင်းက တောင်ပိုင်းဒေသ တစ်ဝှမ်းလုံး အကြီးအကျယ် အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။
ဤသည်မှာ ဆယ်နှစ်အတွင်း ကျင်းပခဲ့သည့် မယုံနိုင်ဖွယ်အကောင်းဆုံး ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရွေးချယ်ပွဲဖြစ်သည်ဟု ပြောနေကြသည်။
အခြားဂိုဏ်းများ၏သတင်းဖြန့်ပေးမှုကြောင့် ချူယွီယန်၏ ဆေးဝါးတာအိုနှင့်အတူ သူမ၏ ဆေးဖော်ရာ၌ ကျွမ်းကျင်မှုသည် တောင်ပိုင်းဒေသတွင် ပြောစမှတ်တွင်လာသာည်။ သူမကား ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်ရန် လုံးဝထိုက်တန်သည်ဟု ဆိုကြလေသည်။
သူမနာမည်သည် 'ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ချူယွီယန်' ဟူသော အသုံးအနှုန်းနှင့်အတူ ထိပ်သီးဂိုဏ်းကြီးများအထိ ပျံ့နှံ့နေသည်။
သူမထက် ပို၍အုတ်အော်သောင်းနင်းဖြစ်စေသူက မှန်ပါသည်၊ ရီဖေးမုပင်။ သူသည် အဆုံးစွန်အထိ ထူးချွန်ပြောင်မြောက်ပြီး သူ့ဆေးဝါးတာအို၏ စွမ်းဆောင်ရည်နှင့် ကြံ့ခိုင်မှုမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ သူက တောင်ထိပ်သို့တက်ရန် လှေကားထစ် တစ်သောင်း ဖန်ဆင်းပေးသည့် ဆေးလုံးတစ်လုံးကို ဖော်စပ်ခဲ့သည်။ ဇာတ်လမ်းများကား သူ့အကြောင်း မကြားဖူးသည့်သူမရှိအောင် တောင်ပိုင်းဒေသတစ်ခွင် ဟိုးလေးကျော်နေတော့သည်။
သူက အရင်ကတည်းက ဂုဏ်သတင်း ကျော်စောပြီးဖြစ်ရာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာသောအခါ သူ့နာမည်မှာ ကမ်းကုန်အောင် အရေးပါလာတော့သည်။ အမှန်အတိုင်းဆိုရလျှင် သူ့အား ဇီယွင်ဂိုဏ်း၏မဏ္ဍိုင်အဖြစ် သတ်မှတ်နိုင်သည်။
အားလုံးအထဲ အံ့ဖွယ်အကောင်းဆုံးမှာတော့ ဖန်မုမှတစ်ပါး အခြားမရှိနိုင်။
သူသည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ အမွေခံတပည့်၊ မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်၏။ သူက တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေတွင် အနက်ရောင်နယ်မြေအမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပြီး ကျော်ကြားလာခဲဲ့သည်။ ဤအရာအားလုံးက ဖန်မုကို တောင်ပိုင်းဒေသ၌ အပြောအများဆုံးပုဂ္ဂိုလ်ဖြစ်နေစေတော့သည်။
သူ့အား တောင်ပိုင်းဒေသ၏ လေးယောက်မြောက် မဟာအကြီးအကဲအဖြစ် မြင်ကြသူများ တစတစများလာသည်။
တုန်းလှိုင်တောင်ထိပ်တွင် ဆေးလုံးတစ်ထောင်ဖြင့် ဧရာမ ဒယ်အိုးကြီးအား သူမည်ကဲ့သို့ ဖန်တီးခဲ့သည်ဆိုသော သတင်းများပျံ့နှံ့နေသည်။ လူများ ထိုအကြောင်းကြားသောအခါ သွေးများဆူပွက်လာပြီး သူက လေးယောက်မြောက်မဟာအကြီးအကဲဖြစ်ကြောင်း ပို၍ပင်ပြောလာကြသည်။
ဇီယွင်ဂိုဏ်း၏ အရှေ့ဆေးဝါးအဖွဲ့တွင် ဂုဏ်သရေရှိသော ဖန်မုသည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာပြီးနောက် ဒုတိယဖြစ်လေသည်။ အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်များအားလုံး ဤအခြင်းအရာကို သတိထားမိကြသည်။
လူအတော်များများသည် မန်ဟို့ကို ဂိုဏ်းတစ်ဂိုဏ်းလုံး၏ တာအိုကလေးနှင့်တန်းတူ သို့မဟုတ် ထိုထက်ပင် အနည်းငယ်ပို၍ အဆင့်အတန်းမြင့်သော အရှေ့ဆေးဝါးအဖွဲ့၏တာအိုကလေးအဖြစ် သတ်မှတ်ကြလေသည်။
ဤအချိန်တွင် လွန်ခဲ့သောနှစ်များက မိုးပေါ်မှ တောင်ပိုင်းဒေသသို့ ပြုတ်ကျလာခံသော အလောင်းတွင် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်သွားသည်။ မှော်သင်္ကေတများ ၄င်း၏အရေပြားအပေါ်တွင် ထွက်ပေါ်လာကာ ရောင်ပြန်တံလျှပ်များ ဖန်တီးရင်း လေထဲမျောလွင့်လာ၏။ ဤစာပိုဒ်မှာ မည်သည့်အရာဖြစ်ကြောင်း သတိထားမိသူတချို့ ရှိလေသည်။ ၄င်းကား ဂန္တဝင်ကျမ်းစာသုံးခုထဲက...... တာအိုနတ်ဘုရားကျမ်းစာပင်။
မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၊ တာအိုနတ်ဘုရားကျမ်းစာနှင့် ကောင်းကင်ဖျက်စီးခြင်းကျမ်းစာ။ ကြောက်မက်ဖွယ် အန္တရာယ်လှိုင်းလုံးကြီးများအား လှုံ့ဆော်နိုင်စွမ်းရှိသည့် ဂန္တဝင်ကျမ်းစာသုံးခု။ အနောက်ပိုင်းသဲကန္တာရနှင့် အရှေ့ဘက်နယ်မြေများမှ လူများပင်လျှင် အံဖွယ်နည်းလမ်းမျိုးစုံနှင့် အစွမ်းများသုံး၍ တောင်ပိုင်းဒေသသို့ နေရာရွှေ့ပြောင်းလာကြသည်။
ထိုမျှသာမက ကျမ်းစာပေါ်ပေါက်လာသည်နှင့် လူများအား အလောင်းနားမကပ်အောင် ဟန့်တားထားသော အားကြီးရုတ်တရက် ပျောက်ကွယ်သွား၏။ ယခုတွင် တောင်တမျှကြီးမားသော အလောင်းကြီးအနား ကပ်၍ရသွားလေပြီ။
ယီးကျန့်ဂိုဏ်းသည် အလောင်း၏ခေါင်းမှ ဆံခြည်တစ်မျှင်ရရန် တော်တော်လေး ပေးဆပ်လိုက်ရ၏။ ကောလဟာလများအရ သူတို့သည် ဆံပင်ကို ကောင်းကင်နှင့်မြေကြီးအား လှုပ်ရမ်းနိုင်သော အဖိုးထိုက်ရတနာတစ်ပါးအဖြစ် သန့်စင်ခဲ့သည်ဟူ၍။
ကျင်းဟန်ဂိုဏ်းမှ မဟာအကြီးအကဲထါဝရတောင်သည် အလောင်းထံမှ သွေးနမူနာယူရန် ဂိုဏ်း၏ရှိသမျှအစွမ်း အကုန်အသုံးပြုခဲ့သည်။ ကြားရသရွေ့ သူဖော်စပ်ခဲ့သောဆေးလုံးမှာ ကောင်းကင်ဆေးလုံးအဆင့်နီးပါးရှိသည်ဟူ၍။
သတင်းမျိုးစုံပျံ့နှံ့နေသဖြင့် တောင်ပိုင်းဒေသမှာ ထိန်းမနိုင်သိမ်းမရလောက်အောင် ပွက်လောရိုက်နေတော့သည်။ အင်မိုတယ်အလောင်းထံ တပ်ဖွဲ့များစေလွှတ်သည့် ဂိုဏ်းများ၊ မျိုးနွယ်စုများ တစတစများပြားလာ၏။
တစ်ချိန်တည်းမှာပင် ပြန်လည်မွေးဖွားခြင်းဂူအတွင်းမှ စူးစူးဝါးဝါးအော်သံများ ပို၍ကျယ်လောင်လာသည်။ မကြာမီ ဆွဲဆွဲငင်ငင်ဟိန်းဟောက်သံများ ဖြစ်လာ၏။ ထို့အပြင် အနက်ရောင်လေတစ်ချက်သည် ဂူအတွင်းမှ ထွက်လာကာ အလောင်းပတ်ဝန်းကျင်ကို တိုက်ခတ်သွား၏။
နှစ်ပေါင်းများစွာ တစ်လျှောက်လုံး ပြန်လည်မွေးဖွားရန် မျှော်လင့်ရင်း သေခါနီးကျင့်ကြံသူများ မရေမတွက်နိုင်အောင် ပြန်လည်မွေးဖွားခြင်းဂူထဲ ဝင်ရောက်ခဲ့ကြသည်။ ထိုလူများ သေလား၊ ရှင်လား မည်သူမှ မသိပေ။ သို့သော် ဒဏ္ဍာရီပုံပြင်များအပေါ် အခြေခံ၍ ပြန်လည်မွေးဖွားခြင်းဂူသည် ရှေးကံကြမ္မာဆိုးဘုရားကျောင်းကဲ့သို့ အန္တရာယ်နယ်မြေသုံးခုထဲက တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။
အလောင်းအား စစ်ဆေးစုံစမ်းနေသည့်အတောအတွင်း ဆယ်နှစ်ကျော် ကြာပြီးနောက်ဆုံး ဂူအတွင်းမှ ထူးဆန်းသော အသက်စွမ်းအားသည် လှုပ်ရှားလာကာ ၄င်း၏ လောဘကြီးသော စိတ်ဆန္ဒကို ထုတ်ဖော်လိုက်၏။
မိုးကြိုးတိမ်တိုက်ကြီးများ တောင်ပိုင်းဒေသအပေါ်တွင် တလိပ်လိပ်ထလာသည်။
***