← Chapters

အစိမ်းရောင်အမှတ်

Vol. 21 Ch. 295

အစိမ်းရောင်အမှတ်

Vol. 21 Ch. 295

အင်မိုတယ်အလောင်း၏ သတင်းပြန့်လာသည်နှင့်အမျှ ဇီယွင်ဂိုဏ်းလည်း ထိုကိစ္စအား တဖြေးဖြေး အာရုံစိုက်လာသည်။ ပထမဆုံးစေလွှတ်ခံရသည့်အဖွဲ့မှာ ဂိုဏ်းအကြီးအကဲတစ်ဦးနှင့်အတူ ခရမ်းရောင်ချီအဖွဲ့မှ တာအိုကလေးတချို့ ဖြစ်သည်။ တစ်ချိန်တည်းနီးပါးမှာပင် အခြားဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများလည်း သူတို့၏အဖွဲ့များအား ထိုနေရာသို့ စေလွှတ်ကြသည်။

တစနှင့်တစ ပြန်လည်မွေးဖွားခြင်းဂူနယ်မြေတွင် ကံကောင်းခြင်းအား ရှာဖွေရန် မျှော်လင့်ရင်း တောင်ပိုင်းဒေသ၏ကျင့်ကြံသူများ စုရုံးရောက်ရှိလာကြသည်။

တောင်ပိုင်းဒေသရှိ အလွန်အရေးပါသောအဖြစ်အပျက်များမှာ အနောက်ပိုင်းသဲကန္တာရ၏အာရုံကို ဆွဲဆောင်နိုင်သည်အထိပင် ကြီးကျယ်၏။ တကယ်တမ်း အလောင်း ကောင်းကင်မှပြုတ်ကျခဲ့သည့် နှစ်ကတည်းက အနောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူများ စစ်ဆေးကြည့်ရှုရန် လာရောက်ခဲ့ကြလေသည်။ အလောင်းနှင့်ပတ်သက်၍ ကောလဟာလအသစ်များ ပျံ့နှံ့လာသည့်အတွက် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူအတော်များများ ထပ်မံထွက်ပေါ်လာသည်။

အရှေ့ဘက်နယ်မြေများပင်လျှင် ထိုအဖြစ်အပျက်ကို အလွန်အရေးထားပြီး ကျင့်ကြံသူများ စေလွှတ်ကြ၏။

နောက်ဆုံး၌ ပြန်လည်မွေးဖွားခြင်းဂူနှင့် အင်မိုတယ်အလောင်းပတ်ဝန်းကျင်၌ လာရောက်စုဝေးကြသော ကျင့်ကြံသူများ အလွန်ထူးဆန်းသောအရာတစ်ခုကို တွေ့လိုက်ကြသည်။ အလောင်းနား ချဥ်းကပ်သွားသော အနုသုခုမရုပ်ခန္ဓာကျင့်ကြံတိုင်း၏ ကျင့်ကြံခြင်းအခြေခံ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံရလေသည်။ သူတို့ အတင်းအဓမ္မဆက်သွားပါက အမြုတေဖြစ်တည်မှုအဆင့်အထိ ဖိနှိပ်ခံရပေမည်။

အခြားတစ်ဖက်တွင် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများမှာ မည်သည့်အတားအဆီးမှ မတွေ့ပေ။

ပို၍ပင် ထူးဆန်းသည်က တောင်တစ်လုံးနှင့် သဏ္ဍာန်တူသည့် အလောင်းကို ထိလိုက်သော မည်သည့်ကျင့်ကြံသူမဆို ချက်ချင်း နေရာရွှေ့ပြောင်းခံလိုက်ရ၍ ပျောက်ကွယ်သွားပေမည်။ အများစုမှာ ခဏကြာလျှင် ပြန်ရောက်လာ၏။

အတွေ့အကြုံများအား အသေးစိတ်ပြောကြသောအခါ လူတိုင်း၏ဖော်ပြချက်များကား မတူညီပေ။

တစ်ယောက်က မြစ်၊ အခြားတစ်ယောက်က အဆောက်အအုံများ၊ နန်းတော်များနှင့် ဘုရားကျောင်းများမြင်သည်။ တစ်ယောက်က အဖိုးထိုက်ရတနာများကို မြင်ရသော်လည်း ယူမရခဲ့ပေ။ နောက်တစ်ယောက်က ကောင်းကင်ဆေးလုံးများ မြင်ခဲ့ကြောင်း ဖော်ပြပြီး အခြားတစ်ယောက်က ကျောက်နံရံပေါ်၌ ရေးသားထားသော ဆေးဖော်စပ်နည်းများ တွေ့ခဲ့သည်။ ပို၍ပင် ဆန်းကြယ်သည်က တစ်ယောက်သည် စစ်မြေပြင်နှင့် ၄င်း၏အလယ်၌ ခေါင်းတလားတစ်ခုအား မြင်ခဲ့ရသည်ဆိုသော ပြောကြားချက်ပင်။

ဤဖော်ပြချက်အားလုံးက လားလားမှ မတူပေ။

အဆိုပါအခြင်းအရာအားလုံးက အင်မိုတယ်အလောင်းကို ပို၍ပင်ဆန်းကြယ်စေပြီး လာရောက်စူးစမ်းကြသူများအား ပို၍ပင် ဆွဲဆောင်နေစေသည်။

လအနည်းငယ်အတွင်း ဇီယွင်ဂိုဏ်းသည် အဖွဲ့ငါးဖွဲ့ စေလွှတ်ခဲ့ပြီးဖြစ်၏။ လေးဖွဲ့မြောက်တွင် ခရမ်းရောင်ချီအဖွဲ့ဝင်များသာ မဟုတ်တော့ဘဲ အရှေ့ဆေးဝါးအဖွဲ့မှ ဆေးဝါးပညာရှင်များလည်း ပါဝင်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော ဆေးဖော်နည်းများမြင်ခဲ့သည့် ကျင့်ကြံသူမှာ ခရမ်းရောင်ချီအဖွဲ့သားဖြစ်၍ပင်။ သူ ပြန်လာပြီး သူ့ဇတ်လမ်းအားပြောပြီးနောက် အရှေ့ဆေးဝါးအဖွဲ့အတွက် လေးဖွဲ့မြောက်တွင် ဆေးဝယးပညာရှင်များအား ထည့်သွင်းစေလွှတ်ရန် ရက်အနည်းငယ်သာကြာလိုက်သည်။

အဆိုပါအဖွဲ့၏ခေါင်းဆောင်များမှာ ရီဖေးမု၊ အန်းဇဲ့ဟိုင်နှင့် ရီယွင်တျန်းတို့မှတစ်ပါး အခြားမဟုတ်ပေ။

ခရမ်းရောင်ချီအဖွဲ့မှ ပညာရှင်များနှင့်အတူ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်သုံးယောက် တစ်ပြိုင်တည်း ထွက်လာကြသည်။ ဤသည်မှာ အင်မိုတယ်အလောင်း၏နယ်ပယ်ထဲသို့ ဝင်ရောက်ရန် စေလွှတ်ခံရသည့် လေးသုတ်မြောက်ဖြစ်လေသည်။

တစ်လကြာပြီးနောက် ပို၍ထူးဆန်းသောအဖြစ်အပျက်များ ပေါ်ပေါက်လာခဲ့သည်။ ဂိုဏ်းနှင့်မျိုးနွယ်စုမျိုးစုမှ လူများ ဆက်တိုက်စေလွှတ်နေပြီး ယခုတွင် ခေါင်ဆောင်ကြီးအဆင့် ပညာရှင်များပင် ပါဝင်လာကြသည်။

ယခုအချိန်တွင် ဇီယွင်ဂိုဏ်းသည် ပြန်လည်မွေးဖွားခြင်းဂူသို့ စေလွှတ်ရန် ငါးဖွဲ့မြောက်အား စတင်စုစည်းနေပြီဖြစ်သည်။

မန်ဟို တံခါးပိတ်ကျင့်ကြံနေသည်မှာ နှစ်ဝက်ကြာခဲ့လေပြီ။ ချူယွီယန်နှင့် လင်ဟိုက်လုံ ဦးဆောင်သည့် ငါးဖွဲ့မြောက် ထွက်သွားပြီး သုံးရက်ကြာသော် သူ ထွက်လာသည်။

သူ မြေအောက်လိုဏ်ဂူမှ လမ်းလျှောက်ထွက်လာသောအခါ သူ့ခန္ဓာကိုယ်မှာ အတော်လေး အားနည်းနေ၏။ သို့သော် သူ၏မျက်ဝန်းများသည် ယခင်ထက်ပို၍နက်ရှိုင်းသော နက်နဲသိမ်မွေ့မှုဖြင့် ပြည့်နှက်နေသည်။ သူ့တွင် ထာဝရမီးတောက်ကို ပိုင်ဆိုင်ထားသည့် လက္ခဏာမရှိပေ။ သို့သော် သူ၏မျက်ဝန်းများအထဲ စိုက်ကြည့်လိုက်ပါက ထိုအတွင်းထဲ၌ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်ကြီးရှိနေကြောင်း မတွေးမိဘဲမနေပေ။

မန်ဟိုသည် သူ့စိတ်နှလုံးနှင့် ထာဝရမီးတောက်အား တစ်သားတည်းဖြစ်စေခဲ့ပြီးလေပြီ။ ချီအခြေတည်အဆင့်မှ ဖောက်ထွက်ပြီး ခရမ်းရောင်အမြုတေဖန်တီးနိုင်သည်နှင့်တစ်ပြိုင်နက် သူသည် ၄င်းကို အသွင်ပြောင်း၍ ထာဝရမီးတောက်အား လောင်ကျွမ်းစေကာ ဘယ်တော့မှ မငြိမ်းအောင် လုပ်နိုင်သည်။

တံခါးပိတ်ကျင့်ရာမှ ထွက်လာပြီးနောက် ဂိုဏ်း၌ ရုတ်ရုတ်သဲသဲဖြစ်နေကြောင်း မန်ဟို ချက်ချင်းအာရုံရလိုက်သည်။ နည်းနည်းပါးပါး စုံစမ်းပြီးနောက် လွန်ခဲ့သောနှစ်ဝက်က စတင်ခဲ့သည့် အင်မိုတယ်အလောင်းနှင့်ပတ်သက်သော အံ့ဖွယ် ဖြစ်ရပ်များအကြောင်း သိလိုက်ရ၏။

အမှန်တွင် မန်ဟိုသည် အင်မိုတယ်အလောင်းအကြောင်း အခြားသူများထက်ပို၍ သိလေသည်။ ထိုအလောင်း ကမ္ဘာမြေသို့ ပြုတ်ကျလာခဲ့သည့်အကြောင်းရင်းမှာ.....သူ့ကို ရှာဖို့အတွက်ဖြစ်ကြောင်း သူ မကြာခဏ ခံစားရလေသည်။

ဤခန့်မှန်းချက်က သူ့ကို အလောင်းနားကပ်ရန် ဝန်လေးစေသည်။

အလောင်းနှင့်ပတ်သက်သည့် ဇာတ်လမ်းမျိုးစုံကြားပြီးနောက် မန်ဟိုသည် ထိုကိစ္စအား အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်စွာ တွေးနေ၏။ ထို့နောက် သူ့ဆရာကို သွားရောက်အရိုအသေပေးသည်။ ထို့နောက်တစ်ဖန် သေခြင်းသုံးရပ်ဆေးလုံး ဖော်စပ်၍ အမြုတေဖြစ်တည်မှုအဆင့်တက်ဖို့ တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်ပြန်သည်။

ယခုလောလောဆယ်တွင် မန်ဟိုသည် ချီအခြေတည်ခြင်း မဟာစက်ဝန်းအတွင်းတွင် ဖြစ်သည်။ သူ့အတွက် တစ်ခုတည်းသောလမ်းမှာ အမြုတေဖြစ်တည်မှုအဆင့် ပညာရှင်အဖြစ်သို့ ဦးတည်နေသောလမ်းပင်။

ထို့နောက်တွင် သူအနေဖြင့် အမြုတေချီကျင့်ကြံကာ အစွမ်းထက်လာနိုင်သည်။ အမြုတေဖြစ်တည်အဆင့်ကျင့်ကြံသူများပင်လျှင် သူ့အနား၌ ဂရုတစိုက် နေရပေလိမ့်မည်။ လမ်းကြောင်းအသစ်များစွာ ပွင့်လာပေမည်။

အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်တစ်ယောက် ဖြစ်ခြင်းမှာ စစ်မှန်သောကျင့်ကြံသူတစ်ယောက် ဖြစ်လာခြင်းဟု သင်ပြောနိုင်သည်။

ကျင့်ကြံသူများ လေ့ကျင့်သည့် အသက်ရှူလေ့ကျင့်ခန်းများမှ တကယ်တမ်း အမြုတေဖြစ်တည်မှုလမ်းကြောင်းအတွက် ပြင်ဆင်ခြင်းတစ်မျိုးဖြစ်ပြီး အစဟုသာ သတ်မှတ်နိုင်သည်။ ချီအခြေတည်အဆင့်အတောအတွင်း၌ အခြေကို တည်ဆောက်ရသည်။ ၄င်း ပို၍ခိုင်မာလေလေ ၊ အမြုတေဖြစ်တည်မှုအဆင့်၌ ပိုအစွမ်းထက်လေလေ ဖြစ်သည်။ အမှန်တွင် အမြုတေဖြစ်တည်ခြင်းသည်......  ကျင့်ကြံခြင်းလမ်းကြောင်းပေါ်၌ အမှန်အကန်ပြင်းထန်သော ပထမဆုံးစွမ်းအားဖြစ်၏။

အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများသည် မှော်ပညာရပ်များအား စွမ်းအားအထွတ်အထိပ်ရောက်အောင် အမြုတေချီကို အသုံးပြုနိုင်သည်။ ထိုအထွတ်အထိပ်ကို ကျော်လွန်ပြီးနောက် ထိုပညာရပ်များသည် နတ်ဘုရားစွမ်းရည်ဖြစ်လာ၏။ နတ်ဘုရားစွမ်းရည်များမှာ အမှန်တွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများသာ ကျွမ်းကျင်တတ်မြော်နိုင်သော ပညာရပ်များသာ ဖြစ်သည်။

"အမြုတေဖြစ်တည်မှုအဆင့် တက်ရမယ်" မန်ဟိုက တွေးသည်။ သူသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် မျက်လုံးများ ဝင်းလက်နေလျက် သူ၏ကျင့်ကြံခြင်းဂူထဲ၌ တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူက ညာဘက် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်ဆေးပေါင်းဖိုတစ်လုံး ပေါ်လာသည်။ ၄င်းပေါ်လာလျှင်ချင်း လူငယ်၏မျက်နှာလည်း မျက်နှာပြင်ပေါ်၌ ပေါ်လာသည်။ ၄င်းက အငြိုးအာဃာတများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မန်ဟို့ကို မုန်းတီးစွာ ကြည့်ပြီး အသံမထွက်သော အော်သံတစ်သံပြုလိုက်သည်။

၄င်းမှာ မန်ဟို ၄င်းကို ဆေးပေါင်းဖိုမိခင်၏ ကမ္ဘာအတွင်းမှ ထုတ်ယူခဲ့ခြင်းကြောင့် ယခုထက်ထိ ဒေါသူပုန်ထနေသေးလေသည်။

မန်ဟိုက အနက်ရောင်ဆေးပေါင်းဖို၏ မျက်နှာပြင်အပေါ်က လူငယ်ကိုကြည့်သည်။ ထို့နောက် သူက အေးစက်စက် နှာမှုတ်လိုက်၏။ ဆေးပေါင်းဖို၏ စိတ်ဝိညာဥ်မှာ အကောင်းအဆိုး မခွဲခြားတတ်ပေ။ မန်ဟို ဆေးဖော်စပ်ရန် အသုံးပြုသည့်အခါတိုင်း ၄င်းသည် အမြဲ မကျေမချမ်းဖြစ်လေသည်။

"မင်း သေချင်နေမှတော့ သေတာထက်ဆိုးရွားတဲ့ ဘဝနဲ့နေရတာ ဘာနဲ့တူလဲဆိုတာ မင်းနားလည်အောင် ငါ ကူညီပေးမယ်။ မင်း ငါ့ကို ခယပြီး အကူအညီတောင်းဖို့ သိပ်မကြာတော့ပါဘူးကွာ" ထို့နောက် သူက အနက်ရောင်ဆေးပေါင်းဖိုကို လှမ်းဆွဲပြီး လူငယ့်မျက်နှာပေါ်က အတင်းအကြပ်ရုန်းကန်နေသော အမူအရာနှင့် အသံမထွက်သောအော်သံများကို လျစ်လျူရှုကာ သွေးရောင်မျက်နှာဖုံးထဲ ထည့်လိုက်သည်။

"ဆရာကြီး အန္တိမဒုက္ခ ၊ ဒါက ကျွန်တော် တလောက ပြောခဲ့တဲ့ စိတ်ဝိညာဥ်ပေါ့။ ဒီအယုတ်တမာကို ဖမ်းဖို့အတွက်နဲ့ ဂိုဏ်းကို ဝင်ခဲ့ရတာ။ ဆရာကြီး ဒီကောင့်ကို ဆုံးမပေးနိုင်မလား"

အသားဂျယ်လီသည် လောလောဆယ်တွင် သူ့ကို လှမ်းငုံ့ကြည့်ရင်း မျက်နှာချိုသွေးနေသော လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ထိပ်ပေါ်၌ နားနေသည်။ မန်ဟို့စကား ကြားသောအခါ ၄င်းတစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများ တောက်ပလာသည်။ ၄င်းသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မန်ဟို ကမ်းပေးလိုက်သည့် အနက်ရောင်ဆေးပေါင်းဖိုကို ချက်ချင်း ကြည့်လိုက်သည်။

"မကြောက်ဘူးပေါ့"  အသားဂျယ်လီက အပြုံးလေးနှင့်ပြောသည်။ "မင်းက အကျင့်မကောင်းရင် မကောင်းမယ်။ မှားကောင်းမှားခဲ့လိမ့်မယ်။ ဒါမဲ့ အေးဆေးသာနေသိလား။ ဟော့ဒီ ကြင်နာတတ်တဲ့ အချောကြီးအန္တိမဒုက္ခက မင်းကို အကျင့်ပျက်လမ်းစဥ်ကနေ ပြန်ခေါ်ပေးမယ်"  ၄င်းက အနက်ရောင်ဆေးပေါင်းဖိုအပေါ် ခုန်တက်လိုက်သည်....

မန်ဟိုသည် ဆေးပေါင်းဖို၏ စိတ်ဝိညာဥ်ကို လျစ်လျူရှုပြီး သူ၏စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ယူလိုက်သည်။ သူက သန့်စင်ခြင်းတစ်သောင်းဆေးပေါင်းဖိုနှင့် ဆေးပင်တချို့ ထုတ်လိုက်သည်။ တခဏ စဥ်းစားပြီးနောက်တွင် သူသည် ဆေးဖော်စပ်ရာ၌ စိတ်ရောကိုယ်ပါ မြှုပ်နှံလိုက်သည်။

သူသည် အခြေတည်အဆင့်မှ အမြုတေဖြစ်တည်မှုအဆင့်တက်ရန် လိုအပ်သော သေခြင်းသုံးရပ်ဆေးလုံးကို ဖော်စပ်ပေမည်။

မန်ဟို အဆင့်တက်ရန် လိုအပ်သော ဆေးလုံးကို ဖော်စပ်ရာ၌ မည်မျှ မဆုတ်မနစ်ကြိုးပမ်းနေသည်ကို အသေးစိတ်ဖော်ပြရန် မလိုအပ်ပေ။ သူ့အတွက် လဝက်တိတိကြာသွား၏။ ဆေးဝါးပညာရပ်ဆိုင်ရာ ဉာဏ်အလင်းမပါဝင်သည်ကို ထည့်တွက်လျှင် တကယ်တမ်း ၄င်းမှာ သူ့အတွက် အတော်လေးကြာသောအချိန်ဖြစ်သည်။ ယင်းသို့ မကြာခဏ ဖြစ်လေ့ဖြစ်ထမရှိပေ။

လဝက်ကြာသော် သူသည် လက်ဝါးအပေါ်က သေခြင်းသုံးရပ်ဆေးလုံးကို ကြည့်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ထို့နောက် စတင်ပွားတော့သည်။ နောက်တစ်နေ့ မနက်စောစောတွင် မန်ဟိုသည် သေခြင်းသုံးရပ်ဆေးလုံးအား တုံ့ဆိုင်းခြင်းမရှိ သောက်သုံးပြီးနောက် အရှေ့အရပ်မှခရမ်းရောင်ချီ၏စွမ်းအားကို လှည့်ပတ်ကာ ခရမ်းရောင်အမြုတေကို စတင်ဖော်ဆောင်၏။

တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။ မန်ဟိုမှာ သေခြင်းသုံးရပ်ဆေးလုံးဘယ်နှလုံး စားခဲ့ပြီးခဲ့သည်လဲ မသိတော့ပေ။ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ဆယ်ခုကို သုံး၍ ခရမ်းရောင်အမြုတေဖန်တီးခြင်းက ဤမျှခက်ခဲလိမ့်မည်ဟု သူ တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။

တစ်လကြာသွားပြီး မန်ဟိုသည် အမြုတေဖြစ်တည်မှုအဆင့်ရောက်ရန် သေခြင်းသုံးရပ်ဆေးလုံးများကို မရပ်မနား အသုံးပြုနေချေသည်။ သို့သော် သူမအောင်မြင်သေးပေ။ သူ့မှာ လက်တစ်လှမ်းသာ လိုတော့သော်လည်း မည်သို့ကြိုးစားစေကာမူ ခရမ်းရောင်ချီကိုသာ ထုတ်နိုင်ပြီး အမြုတေဖန်တီးရန် ကြိုးစားတိုင်း ကျရှုံးလေသည်။

ဆက်တိုက်ကျရှုံးမှုများက မန်ဟိုအား ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်ပြီးနောက် ဂိုဏ်းမှ ဝိညာဥ်ကျောက်တုံးအမြောက်အမြား ချေးခဲ့မိသည်ကို နောင်တရနေစေသည်။ ၄င်းတို့ ဝေါခနဲဝေါခနဲ ကုန်ဆုံးသွားသည်ကို ကျင့်ရင်း သူ့မှာ နှလုံးကွဲမတတ် နာကျင်ရလေသည်။ သို့သော် သူဘာမှမတတ်နိုင်။

"ဒီအတိုင်းဆိုရင် ငါ့ တာအိုမဏ္ဍိုင်ဆယ်ခုနဲ့ အောင်မြင်နိုင်နှုန်းက တစ်ထောင်ပုံမှ တစ်ပုံပဲ ရှိမှာလား" မန်ဟို သက်ပြင်းချလိုက်သည်။  ထိုအတွေးက တော်တော်လေး ကြောက်စရာကောင်း၏။ ကြေးမုံမရှိလျှင်တော့ သူ့ကျင့်ကြံခြင်းအခြေခံမှာ ဘယ်တော့မှ ချီအခြေတည်အဆင့်ထက် တက်နိုင်တော့မည်မဟုတ်ပေ။

သူသည် မျက်မှောင်ကြုတ်ရင်း လီတောက်ရီနှင့်အခြားသူများ တာအိုရေပူစမ်း၌ အဆင့်တက်သွားခဲ့သည်ကို ထိုင်စဥ်းစားနေ၏။

"ငါ့ တာအိုမဏ္ဍိုင်ဆယ်ခုနဲ့ ပတ်ကိုပတ်သက်ရမယ်" မန်ဟို သက်ပြင်းချလိုက်သည်။ သူ လက်မလျှော့သေးပေ။ စောစောက သူ၏ခန့်မှန်းချက်အပေါ် အခြေခံ၍ တစ်ထောင်ပုံမှတစ်ပုံသာ အခွင့်အရေးရှိလျှင်တောင်မှ မျှော်လင့်ချက်ရှိသေးလေသည်။

"ပထမအဆင့်က ခရမ်းရောင်အမြုတေဖန်တီးဖို့။ ပြီးပြည့်စုံသော ရွှေအမြုတေဆေးလုံးဖော်စပ်ပြီးရင် ရွှေအမြုတေဖန်တီးနိုင်ပြီ။ ငါ့အတွက် အမြုတေဖြစ်တည်မှုအဆင့်က စွမ်းအားတစ်ဟုန်ထိုးတက်သွားစေမှာ။ ငါ အမြုတေဖြစ်တည်မှုအဆင့်ရောက်တာနဲ့ သွေးမျက်နှာဖုံးတပ်ပြီး သွေးအင်မိုတယ်ရဲ့ နတ်ဘုရားစွမ်းရည်တွေကို အသုံးပြုနိုင်ပြီ။ အသားဂျယ်လီပြောတဲ့အတိုင်းဆို ကြက်တူရွေးလည်း ထွက်လာလိမ့်မယ်...." ထိုအတွေးများ တွေးနေစဥ် မန်ဟို့၏မျက်ဝန်းများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။

"ငါ ခရမ်းရောင်အမြုတေ ဖန်တီးရမယ်" သူက အင်္ကျီလက်စခါပြီး ဝိညာဥ်ကျောက်တုံးများ ထပ်သွားချေးရန် ပြင်လိုက်စဥ် ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်သွားသည်။

သူတစ်ယောက်သာ မဟုတ်၊ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး တုန်ခါနေခြင်းပင်။ တောင်ပိုင်းဒေသ၏ တစ်ဝက်ကျော် တုန်ခါနေပြီး ၄င်းတို့အားလုံး၏ ဗဟိုပြုရာမှာ ကျင့်ကြံသူတစ်သိန်းနီးပါး စုဝေးနေခဲ့ကြသော ပြန်လည်မွေးဖွားခြင်းဂူအနားက အင်မိုတယ်အလောင်းမှတစ်ပါး အခြားမဟုတ်ပေ။

တုန်ခါမှုက နှလုံးခုန်နေသကဲ့သို့ အလောင်း၏ရင်ဘတ်မှ လာလေသည်။ ၄င်းက မြေပြင်တွင် လှိုင်းတွန့်များ ထနေစေရင်း ကမ္ဘာကြီးကို တသိမ့်သိမ့်တုန်ခါနေစေသည်။ ၄င်းသည် တောင်ထိပ်များကို ရိုက်ခတ်ပြီး တစ်ဂိုဏ်းပြီးတစ်ဂိုဏ်းအား လွှမ်းခြုံသွားသည်။

ဇီယွင်ဂိုဏ်း၏ တည်နေရာမှာ သိပ်မဝေးသည့်အတွက် ၄င်းလည်း သက်ရောက်ခံရသည်။ လူအမြောက်အမြား ထိုအသံကို ကြားလိုက်ကြပြီး ရင်တဒိန်းဒိန်းခုန်လာကြ၏။ မန်ဟိုက နှလုံးကိုဖိရင်း ခဏရပ်လိုက်သည်။

အရာအားလုံးကို ရိုက်ခတ်နေသော တုန်ခါမှုများအား သူခံစားရလေသည်။ ရုတ်တရင် သူ၏မျက်နှာအမူအရာ ပြောင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် သူ့အတွက် တုန်ခါသံကြီးမှာ ခေါ်သံကြီးနှင့်တူနေကြောင်း သဘောပေါက်လိုက်၍ပင်။

သူ၏တွက်ချက်မှုအရ ၄င်းသည် သူ အသည်းအသန် ရှောင်နေခဲ့သည့် အင်မိုတယ်အလောင်းကြီးမှ လာနေသော ခေါ်သံကြီးဖြစ်၏။

ခေါ်သံကြီးနှင့်အတူ ရှေးဆန်သောအသံကြီးတစ်သံ မန်ဟို့စိတ်ထဲ ရောက်ရှိလာသည်။

"မင်း.....  မင်းရဲ့သွေးမျိုးဆက်ကို ငါသိတယ်။ မင်း ဘယ်ကလဲ ငါသိတယ်....

"မင်း..... ဟိုးအရင်နှစ်တွေတုန်းက အဲ့ဒီတခြားကမ္ဘာထဲမှာ ငါ့ကို ဘာကြောင့်မြင််နိုင်ခဲ့လဲ မင်းသိချင်လား....

"မင်း....  အဲ့ဒီကမ္ဘာက ဘာလဲဆိုတာ မင်းသိချင်လား....

"ငါ မင်းအတွက် ဒီကိုရောက်လာတာ။ စောင့်နေရတာလာပြီ။ ငါ့ဆီလာခဲ့။ ငါ့ဆီလာခဲ့.... မင်း အရာအားလုံးနဲ့ပတ်သက်တဲ့ အမှန်တရားကို သိရလိမ့်မယ်"

အသံကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်းအသင်္ချေက လာခဲ့သည့်အလား ရှေးဆန်နေ၏။ ၄င်းက မန်ဟို့စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး သူ၏သွေးကြောများကို တဒိန်းဒိန်းခုန်နေစေ၏။ သွေးများ သူ့ခန္ဓာကိုယ်တစ်လျှောက် လျင်မြန်စွာ စီးဆင်းလာသည်။ ရုတ်တရက် သူ့ညာဘက် လက်ခုံပေါ်တွင် ...... အစိမ်းရောင်အမှတ်တစ်ခုပေါ်လာ၏။

***

All Chapters