ကျီနှင့် တစ်ဖန် ဆုံတွေ့ခြင်း
Vol. 22 Ch. 296
အမှတ်မှာ မှော်သင်္ကေတတစ်ခုနှင့် တူသည်။ ၄င်းက သူ့အရေပြားပေါ်တွင် မဟုတ်ဘဲ အသားအတွင်း၌ တည်ရှိနေလေသည်။ မန်ဟို ၄င်းနှင့် ရင်းနှီး၏။ သူ ချီအခြေတည်အဆင့်ရောက်ခဲ့သည့် အခိုက်အတန့်က ဤအမှတ်အသားအား မြင်ခဲ့ဖူးလေသည်။
ယနေ့က ဒုတိယအကြိမ်ဖြစ်သည်။
မန်ဟိုမှာ မူးဝေစွာဖြင့် အမှတ်အသားကို ကြည့်နေသည်။
အချိန်အတော်ကြာပြီးနောက် တုန်ခါနေခြင်း ရပ်တန့်သွားသည်။ တောင်ပိုင်းဒေသ၏တစ်ဝက်ကျော်အား ဖုံးလွှမ်းခဲ့သော ထူးဆန်းသည့်လက္ခဏာသည် အင်မိုတယ်အလောင်းအား ပို၍ပင် စိတ်ဝင်စားသွားစေ၏။
မန်ဟိုက သူ၏ကျင့်ကြံခြင်းဂူထဲတွင် မလှုပ်မယှက် ရပ်နေပြီးနောက် ခေါင်းမော့လိုက်သည်။ ယခုတွင် သူ၏မျက်လုံးများသည် စူးရှသောအလင်းရောင်ဖြင့် ပြည့်နှက်နေချေသည်။
"သူက.....ဘယ်သူလဲ။ အဲ့ဒီနှစ်က ငါ ဘာလို့ သူ့ကို မြင်နိုင်ခဲ့တာလဲ။ ဘာကြောင့် တောင်ပိုင်းဒေသကို ပြုတ်ကျလာတာလဲ။ ပြီးတော့ ဘာကြောင့် ငါ့သွေးကြောတွေကို လွှမ်းမိုးပြီး ဒီအမှတ်ပါလာအောင် လုပ်နိုင်တာလဲ.... အဲ့ဒီနှစ်က သူ့ကြောင့် ဒီအမှတ်ဖြစ်လာခဲ့တာလား" မန်ဟိုသည် သူ့အဖေနှင့် သူ့အမေ ပျောက်ဆုံးသွားခဲ့သည့် ညနှင့် အပြင်ဘက်၌ တိုက်ခတ်သွားခဲ့သော ခရမ်းရောင်လေအကြောင်း တိတ်ဆိတ်စွာ စဉ်းစားနေ၏။
မန်ဟို မှန်မှန်ကန်ကန် မှတ်မိလျှင် ထိုလေတိုက်တုန်းက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်တိုက်ခတ်သွားခဲ့လေသည်။ ၄င်းက သာမန်လေမဟုတ်ဘဲ စွမ်းအားတစ်မျိုးမျိုး ပါဝင်နေကြောင်း သူမှတ်မိသည်။
မန်ဟိုသည် အပြင်၌ မှောင်လာသည်အထိ အကြာကြီး တွေးနေလေသည်။ အတွေးများနှင့်အတူ စူးရှသောအလင်းရောင်သည် သူ၏မျက်ဝန်းများ၌ စတင်တောက်ပလာသည်။
"အဲ့ဒီလူရဲ့ စကားတွေ မှားမှားမှန်မှန် .... ငါသွားမယ်" ခိုင်မာပြတ်သားသောစိတ်ဆန္ဒ သူ၏မျက်လုံးများတွင် တောက်ပလာသည်။ စွန့်စားမှသာ ဆုလာဘ်ကြီးကြီးမားမားရနိုင်မည် မဟုတ်လော။ ကျင့်ကြံသူများသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် အားထုတ်ရ၏။ ဆုံးဖြတ်ချက်တစ်ခု ချသည့်အခါ ခိုင်မာပြတ်သားရမည်ဖြစ်ပြီး နည်းနည်းလေးပင် ယိမ်းယိုင်၍မရပေ။
သူက ညာဘက် အင်္ကျီလက်စကို ခါပြီး ကျင့်ကြံခြင်းဂူအပြင်သို့ ထွက်လာသည်။
ခုနစ်ရက်ကြာသော် ခြောက်ဖွဲ့မြောက် ကျင့်ကြံသူများ ဇီယွင်ဂိုဏ်းမှ ထွက်လာကြသည်။ ၄င်းတွင် ရောင်စုံအလင်းတန်းအသွင်ဖြင့် လေကိုခွင်းလျက် သွားနေသော လူအယောက်သုံးဆယ်ပါဝင်သည်။ ဤအဖွဲ့၏အရှေ့တွင်ကား မန်ဟိုမှလွဲ၍ တခြားမဟုတ်ပေ။
သူသည် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ရှည်လျားသောဆံနွယ်များမှာ သူ့ကျောနောက်တွင် လွင့်လျက်ရှိသည်။ အရှေ့ဆေးဝါးအဖွဲ့မှဖြစ်စေ၊ ခရမ်းရောင်အဖွဲ့မှဖြစ်စေ မည်သူမဆို သူ့ကို ရိုသေလေးစားသောအမူအရာများဖြင့် ကြည့်နေကြ၏။
အဖွဲ့နှစ်ဖွဲ့ကား အမြင့်ဆုံးအရှိန်ဖြင့် အတူတကွ ခရီးနှင်နေကြသည်။
မန်ဟိုသည် ခရီးစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေသည်။ သူက စကားမပြောပေ။ သူ့စိတ်မှာ အင်မိုတယ်အလောင်းကြီး၏ခေါ်သံများ ပဲ့တင်ထပ်နေသဖြင့် မူးဝေနေလေသည်။
ဤ ခြောက်ဖွဲ့မြောက် ဇီယွင်ဂိုဏ်းကျင့်ကြံသူများသည် နေရာရွှေ့ပြောင်းခြင်းမုခ်ဝများ သုံးကြိမ်သုံးပြီး လဝက်ကြာသော် ပြန်လည်မွေးဖွားခြင်းဂူ အနီးပတ်ဝန်းကျင်သို့ ရောက်ရှိလာကြ၏။ ထိုကာလအတွင်း တုန်ခါသံကြီး နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။
တုန်ခါလှိုင်းများ သူတို့ကို ရိုက်ခတ်သောအခါ လူတိုင်း မြေပေါ်ဆင်း၍ တင်ပျဉ်ခွေထိုင်ကြရသည်။ မန်ဟိုတစ်ယောက်သာ အဝေးသို့ ငေးကြည့်ရင်း လေလယ်တွင် ပျံဝဲကျန်ခဲ့သည်။ နောက်တစ်ဖန် ခေါ်သံကြီးကို သူကြားလိုက်ရ၏။
"ငါ့ဆီလာ.... ငါဒီမှာ... မင်းကို စောင့်နေတယ်....အမှန်တရားတွေအားလုံး..... အဖြေတွေအားလုံး....."
မန်ဟိုစိတ်မှာ ချာချာလည်နေ၏။ ပြန်လည်မွေးဖွားခြင်းဂူပတ်ဝန်းကျင်ရှိ ကျင့်ကြံသူသောင်းပေါင်းများစွာအနက် မန်ဟိုသာလျှင် ခေါ်သံများကို ကြားနိုင်သည်။ သူ၏မျက်လုံးများမှာ ယခင်ထက်ပင်ပို၍ ခိုင်မာပြတ်သားစွာ တောက်ပလာသည်။
တောင်ပိုင်းဒေသတွင် အန္တရာယ်နယ်မြေသုံးခုရှိ၏။ ကမ္ဘာဦးတာအိုရေကန်များ၊ ရှေးကံကြမ္မာဆိုးဘုရားကျောင်းနှင့် နောက်ဆုံး ပြန်လည်မွေးဖွားခြင်းဂူ။ တစ်ချက်ကြည့်လျှင် ၄င်းသည် မြေကြီးပေါ်ရှိ ဧရာမချိုင့်ခွက်ကြီးနှင့်တူသည်။ ရေတွက်၍မရလောက်အောင် များပြားသော မီးတောင်များအား ပတ်ဝန်းကျင်တစ်ခွင်တွင် မြင်နိုင်လေသည်။ ၄င်းတို့မှာ ဘယ်တော့မှ အဆုံးသတ်မည် မထင်ပေ။
မြင်ရသည်မှာ အနက်ရောင်ကောင်းကင်နှင့် အရာခပ်သိမ်းအား ပိတ်ပိန်းနေအောင် လွှမ်းခြုံထားသော အနက်ရောင်မြူများဖြစ်သည်။
ဤသည်မှာ ပြန်လည်မွေးဖွားခြင်းဂူဒေသပင်။
ယုံတမ်းစကားများအရ သေခါနီးလူများ အချိန်ကျလျှင် ပြန်လည်မွေးဖွားခြင်းဂူသို့ ဝင်ရောက်နိုင်ပြီး အောင်မြင်ခဲ့ပါက နောက်တစ်ဘဝ ရှင်သန်ရန် အခွင့်အရေးရပေမည်။
ယင်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရှေးအခါကတည်းက သေမင်းလက်အောက်သို့ မသက်ဆင်းလိုသည့် အစွမ်းထက်ကျင့်ကြံသူ အမြောက်အမြား ပြန်လည်မွေးဖွားခြင်းဂူသို့ ဝင်ရောက်သွားခဲ့ကြ၏။ နှစ်ပေါင်းအသင်္ချေကြာခဲ့သည့်တစ်လျှောက်လုံး လူသုံးယောက်သာ အောင်အောင်မြင်မြင် ပြန်ထွက်လာခဲ့ဖူးလေသည်။
ပြန်လည်မွေးဖွားခြင်းဂူမှ ထွက်လာပြီးနောက်တွင် ထိုလူသုံးယောက်သည် အထဲ၌ ဖြစ်ပျက်ခဲ့သည့်အရာများအား တစ်ခါမှ မပြောခဲ့ပေ။ နောက်ဆုံး၌ သူတို့ ပျောက်ကွယ်သွားပြီး သူတို့အကြောင်း ဘယ်တော့မှ ထပ်မကြားရတော့ပေ။
သို့သော် ဒဏ္ဍာရီများအား ပိုပို၍ ပုံကြီးချဲ့လာကြလေသည်။ မည်သို့ဆိုစေ ပြန်လည်မွေးဖွားခြင်းဂူနှင့်ပတ်သက်သော ဇာတ်လမ်းများသည် နှစ်ပေါင်းထောင်ချီကြာသည့်အထိ အဆင်ဆင့်ပျံ့နှံ့နေဆဲဖြစ်ရာ.... ၄င်း မည်မျှအံ့ဖွယ်ကောင်းကြောင်း သက်သေပြနေသည်။
ရှေ့ဆက်သွားလျှင် ပြန်လည်မွေးဖွားခြင်းဂူဒေသသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း မန်ဟို နားလည်သည်။ ဝင််လိုက်သည်နှင့် အန္တရာယ်ရှိမှုအဆင့်မှာ အဆုံးစွန်ဖြစ်သွားပေလိမ့်မည်။
အင်မိုတယ်အလောင်းမှာမူ ပြန်လည်မွေးဖွားခြင်းဂူ၏အရှေ့တည့်တည့် ကီလိုမီတာငါးဆယ်အကွာသို့ ပြုတ်ကျလာခဲ့ခြင်း ဖြစ်၏။
လောလောဆယ်တွင် တုန်ခါလှိုင်းများမှာ တဖြေးဖြေး ပျောက်ကွယ်လာနေသည်။ ထိုစဉ် မြေပြင်ပေါ်မှ ပုံရိပ်တစ်ခုပြီးတစ်ခု လေပေါ်သို့ ပျံတက်လာကြသည်။
လက်ရှိအချိန်တွင် တောင်ပိုင်းဒေသတစ်ခွင်မှ ကျင့်ကြံသူထောင်သောင်းပေါင်းများစွာသည် ပြန်လည်မွေးဖွားခြင်းဂူ၏ ပတ်ပတ်လည် ကီလိုမီတာ တစ်ထောင်အတွင်း စုဝေးရောက်ရှိနေကြသည်။ ဤပတ်ဝန်းကျင်တွင် ကျင့်ကြံသူများသည် ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးကို ကိုယ်စားပြုသော ယာယီခံတပ်များ တည်ဆောက်ခဲ့ပြီးလေပြီ။
ခံတပ်တိုင်းတွင် ဂိုဏ်း၏ အကြီးပိုင်းမျိုးဆက်ဝင်များ ရှိသည်။ နေ့စဉ်နေ့တိုင်း ဂိုဏ်းအသီးသီးမှ လူများ ဤဒေသသို့ ပိုပိုရောက်ရှိလာ၏။ အတော်များများသည် ကံကောင်းမှုအနည်းငယ် ဖမ်းဆုပ်ရန် မျှော်လင့်ရင်း အန္တရာယ်ကို ရင်ဆိုင်၍ အလောင်းနား ချဉ်းကပ်သွားကြသည်။ တချို့က ပြန်လာပြီး တချို့က ဘယ်တော့မှ ပြန်မလာခဲ့ပေ။
ကျင့်ကြံသူထောင်ပေါင်းများစွာ စုဝေးနေခြင်းကြောင့် ပဋိပက္ခများအား ရှောင်ရှားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မှော်တိုက်ပွဲများမှာ မထူးခြားသည့်အပြင် နေ့တိုင်း အနည်းဆုံး လူတချို့ သတ်ဖြတ်ခံရသည်။
ထိပ်သီးဂိုဏ်းများနှင့် မျိုးနွယ်စုများအတွက်မူ သူတို့သည် အကြီးပိုင်းမျိုးဆက်များ၏ ကာကွယ်မှုအောက်တွင် ဖြစ်သည်။ ဆူပူမှုအနည်းငယ်ရှိသော်လည်း ထိန်းထိန်းသိမ်းသိမ်းရှိကြလေသည်။
တုန်ခါလှိုင်းများ ပျောက်ကွယ်သွားသောအခါ မန်ဟိုက ဇီယွင်ဂိုဏ်းကျင့်ကြံသူများကို ဦးဆောင်၍ ဝင်ရောက်လာသည်။ ဤအခြင်းအရာက အတော်များများ၏အာရုံကို ဆွဲဆောင်လိုက်ပြီး သူတို့က လှမ်းကြည့်လိုက်ကြသည်။
မန်ဟို့ကိုမြင်ပြီး သူ၏ခရမ်းရောင်ဆေးပေါင်းဖိိုဝတ်ရုံကို သတိထားမိသောအခါ စကားသံများ ပွက်လောရိုက်လာသည်။
"ဒါက ဇီယွင်ဂိုဏ်းက ဖန်မုမဟုတ်လား"
"အဲ့တာ အရှေ့ဆေးဝါးအဖွဲ့ရဲ့တာအိုကလေး ဖန်မုပဲ"
မန်ဟို ဤစကားသံများ ကြားသော်လည်း သူ၏အမူအရာသည် ယခင်အတိုင်းသာဖြစ်သည်။ သူက သူ့အဖွဲ့ကို ဦးဆောင်ရင်း ပြန်လည်မွေးဖွားခြင်းဂူအနားသိို့ ဆက်လက်ချဥ်းကပ်လာသည်။
သူတို့ ပျံသန်းနေစဥ် သူသည် ပတ်ဝန်းကျင်ကို စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ရောက်ရှိနေသော ကျင့်ကြံသူအမြောက်အမြားကို ချက်ချင်း အာရုံရလိုက်သည်။ အတွင်းဧရိယာ၌ လူသိပ်မများမပေ။ အလွန်ဆုံးတစ်သောင်းဝန်းကျင်သာ ရှိသည်။
အပြင်ဧရိယာနှင့် နှိုင်းယှဥ်လျှင် အတွင်းပိုင်းမှာ မြူများ ပိုမိုထူထပ်ပြီး စိတ်ဝိညာဥ်အာရုံကို ဖိနှိပ်နေသည့်အတွက် မြင်ရကြားရ ပိုခက်လေသည်။
နောက်ဆုံး၌ မန်ဟို ဧရာမချိုင့်ဝှမ်းကြီးကို လှမ်းမြင်လိုက်သည်။ ချိုင့်ဝှမ်း၏အထက်လေအလယ်တွင် ပျံဝဲနေသည်က တလိပ်လိပ်ထနေသော အနက်ရောင်မြူများဖြစ်သည်။
မြူထု၏အောက်ရှိ ချိုင့်ဝှမ်းသည် ပတ်ပတ်လည် ကီလိုမီတာငါးရာခန့် ရှိ၏။ ၄င်းသည် အတိုင်းထက်အလွန်ကြီးမားပြီး ထိုကြီးမားမှုအတွင်း၌ တောင်ပိုင်းဒေသ၏ လျှို့ဝှက်ဆန်းကြယ် ပြန်လည်မွေးဖွားခြင်းဂူရှိလေသည်။
ဤသည်မှာ ပြန်လည်မွေးဖွားခြင်းဂူ၏ဗဟို ဖြစ်သည်။ ဤဗဟိုချက်၏ပတ်ပတ်လည်တွင် ကောင်းကင်ယံအထိ ထွန်းလင်းတောက်ပနေသော အလင်းတန်းဒါဇင်ကျော် ရှိသည်။ အလင်းတန်းတစ်တန်းစီသည် လှိုင်းပမာ တအိအိလှုပ်နေရာ မည်သူမဆို ၄င်းတို့အား သတိမထားမိဘဲ မနေပေ။
၄င်းတို့က အံ့မခန်းလိလိစွမ်းအားကြီးကို သရုပ်ဖော်နေသည်။ ဤအလင်းတန်းဆယ်တန်းကျော်၏တည်ရှိမှုက ပြန်လည်မွေးဖွားခြင်းဂူကို ဝန်းရံထားသည့် နေရာကျယ်ကြီးအား အန္တရာယ် သိပ်မရှိသည့်ပုံပေါက်စေသည်။
ထိုအလင်းတန်းများကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သည့် ထူးဆန်းသော သတ္တဝါများမှာ ပုန်းအောင်းနေကြပြီး အန္တရာယ်ပေးရန် ထွက်လာမည်မဟုတ်ပေ။
အလင်းတန်းတစ်ဒါဇင်ကျော်အနက် တစ်ခုစီသည် ပုံသေအမှတ်တစ်မှတ်စီ၌ နေရာချခံထားရခြင်းဖြစ်သည်။ ထိုနေရာတွင် ကျင့်ကြံသူအမြောက်အမြား တင်ပျဥ်ခွေလျက် တရားထိုင်နေကြသည်။ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုသာလျှင် ပြန်လည်မွေးဖွားခြင်းဂူ၏ ဗဟိုချက်အနား၌ ဤကဲ့သို့ ခံတပ်များ တည်ဆောက်နိုင်စွမ်းရှိ၏။
မန်ဟိုချဥ်းကပ်လာစဥ် ဖိနှိပ်ချုပ်ချုပ်သောစွမ်းအင်ထုတ်လွှတ်နေသည့် ခရမ်းရောင်အလင်းတန်းတစ်တန်းကို ချက်ချင်း မြင်လိုက်သည်။ ဤခရမ်းရောင်အလင်းကြောင့် အနက်ရောင်မြူတစ်မှုန်ကိုမှ အနီးနားတွင် မမြင်ရပေ။ ၄င်းကြောင့် မြေကြီးသည်ပင် ခရမ်းရောင်ဖြစ်နေ၏။
အတွင်း၌ ဝူတင်းချိုး၊ ချူယွီယန်၊ အန်းဇဲ့ဟိုင်၊ လင်ဟိုက်လုံနှင့် ဇီယွင်ဂိုဏ်းမှ အခြားကျင့်ကြံသူများ ရှိနေ၏။ စုစုပေါင်း တစ်ရာခန့် မျက်စိမှိတ်လျက် တရားထိုင်နေကြသည်။
ထိုအရေအတွက်တွင် အလင်းတန်း၏ အလယ်တည့်တည့်၌ တင်ပျဥ်ခွေလျက် တရားထိုင်နေသော အဘိုးကြီးနှစ်ယောက်လည်း ပါရှိသည်။ သူတို့က အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူတို့၏မျက်နှာသွင်ပြင်များမှာ ရှေးဆန်လေသည်။ သူတို့ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ် ဖိအားတစ်ခုရှိနေကြောင်း မန်ဟို အာရုံရလိုက်သည်။
ဝူတင်းချိုးမှာ ဤအဘိုးအိုနှစ်ယောက်ထက် အဆင့်တစ်ဆင့်လုံးနီးပါး အားနည်းကြောင်း သိသာသည်။
"စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်....." မန်ဟို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ သူတို့ထံ သွားနေစဥ် သူ၏မျက်လုံးများက အခြားအလင်းတန်းများထံ ရွေ့လျားသွား၏။ ယီးကျန့်ဂိုဏ်း၊ ချင်းလော်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်းနှင့်အတူ ဟန်ပေ့၊ ချန်ဖန်း၊ ကျိုးကျဲ၊ ဝမ်လီဟိုင်၊ လီတောက်ရီအပါအဝင် မဟာမျိုးနွယ်စုသုံးစုမှ ကျင့်ကြံသူများကို သူတွေ့လိုက်သည်။ မန်ဟို့အကြည့်သည် နောက်ဆုံး ချင်းလော်ဂိုဏ်းအဖွဲ့မှ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးအပေါ် ကျရောက်သွားသည်။
ရှူချင်။
သူက သူမကို တခဏစိုက်ကြည့်နေပြီးနောက် အကြည့်လွှဲလိုက်သည်။ အခြားအလင်းတန်းများလည်းရှိ၏။ တစ်ခုက လိမ္မော်ရောင်ဖြစ်ကာ ကြီးမြတ်သောဂုဏ်ကျက်သရေနှင့် ပြည့်နှက်နေသည်။ အတွင်းတွင် မျိုးနွယ်ကိုယ်စားပြု အရုပ်မျိုးစုံ ထိုးထားသော ကျင့်ကြံသူဒါဇင်အနည်းငယ် ရှိသည်။ သူတို့သည် အရပ်မြင့်ပြီး တောင်ပိုင်းသားများနှင့်မတူပေ။
"အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေ...." မန်ဟိုက မျက်လုံးများ ကျဥ်းမြောင်းရင်း တွေးသည်။ သူ့အနေဖြင့် အနောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူများ ပထမဆုံးမြင်ဖူးခြင်းမဟုတ်ပေ။ တောင်ပိုင်းဒေသ၏ အလယ်ဗဟိုသို့ ပထမဆုံးရောက်ရှိလာခဲ့စဥ်က ဤထူးဆန်းသော ဒေါင်ကောင်းကောင်းကျင့်ကြံသူများကို သူမြင်ခဲ့ဖူးလေသည်။
အနောက်ပိုင်းသဲကန္တာရ၏ နာမည်အစစ်အမှန်မှာ အနောက်လူရိုင်းပြည်ဖြစ်ကြောင်းကိုလည်း မန်ဟိုသိသည်။ အမှန်တွင် ၄င်းက သူ လွန်ခဲ့သောနှစ်များ မြင်ခဲ့ရသော မြေပုံတွင် ရေးထားသည့် နာမည်ဖြစ်လေသည်။ သို့သော် အနောက်ပိုင်းသဲကန္တာရမှ လူများက လူရိုင်းဆိုသည့်စကားလုံးက သိမ်ငယ်လွန်းသည့်အတွက် အနောက်ပိုင်းသဲကန္တာရဟု နာမည်ပြောင်းခဲ့လေသည်။ ၄င်းက မြောက်ပိုင်းသဲကန္တာရ၏နာမည်နှင့် ဆင်တူသည်။ သို့ထိတိုင် သူတို့ကို အနောက်ပိုင်းမကောင်းဆိုးဝါးများဟု ခေါ်သူများ ရှိနေဆဲပင်။
ရှေ့ဆက် ပျံသန်းလာစဥ် မန်ဟို့အကြည့်သည် အခြားအလင်းတန်းနှစ်တန်းအပေါ် ကျရောက်သွား၏။ တစ်တန်းက မိုးပြာရောက်တောက်နေသည်။ ၄င်း၏ဘေးတွင် အလံတိုင်တစ်တိုင်အား မြေကြီးထဲသို့ ထိုးစိုက်ထား၏။ ရွှေရောင်စာလုံးတစ်လုံး ရေးသားထားသည့် အလံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ စာလုံးကား.....
ကျီ
၄င်းကို မြင်သောအခါ မန်ဟို့၏သူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ အလင်းတန်းအောက်တွင် တရားထိုင်နေသော ကျင့်ကြံသူဆယ်ယောက်ကျော်ရှိ၏။ တစ်ယောက်သည် မောက်မာသောဟန်ရှိသည့် နှုတ်ခမ်းပါးပါးနှင့် လူငယ်ဖြစ်ပြီး စိတ်မရှည်ခြင်းအား သူ့မျက်နှာပေါ်တွင် ရေးသားထားသည်။ သူက မန်ဟို့အကြည့်ကို အာရုံရသွားပုံပေါ်သည်။
အေးစက်စက်နှာမှုတ်သံက မန်ဟို့စိတ်ထဲ ရောက်လာကာ သူ့ကို ခဏရပ်သွားစေသည်။ သူက စိတ်တထင့်ထင့်ဖြစ်နေသော ခံစားချက်ကို ဖြေဖျောက်ရန် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။
"အမြုတေဖြစ်တည်မှုအဆင့်" သူက မပြောင်းလဲသော အမူအရာဖြင့် အကြည့်လွှဲလိုက်သည်။ လူငယ်၏မျက်လုံးများ လက်သွားပြီး သူက မန်ဟို့ကို တခဏ အကဲခတ်နေပြီးနောက် လျစ်လျူရှုလိုက်သည်။
မန်ဟိုက ကြောက်မက်ဖွယ်စွမ်းအားထုတ်လွှတ်နေပြီး အစိမ်းရောင်ရှိသည့် နောက်အလင်းတန်းကို ကြည့်လိုက်သည်။ ချင်းလော်ဂိုဏ်း၏ အလင်းတန်းမှာလည်း အစိမ်းရောင်ဖြစ်သည့်တိုင် ဤအရောင်က ပိုရင့်လေသည်။
အစိမ်းရောင်အလင်းတန်း၏အောက်တွင် လူသုံးယောက် တင်ပျဥ်ခွေထိုင်နေသည်။ တစ်ယောက်က သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ကာ နောက်တစ်ယောက်က အဘိုးကြီးဖြစ်သည်။ နောက်ဆုံးတစ်ယောက်မှာတော့ မိန်းမငယ်လေးတစ်ဦးဖြစ်၏။ မိန်းမငယ်လေးသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ရှည်လျားသောဆံနွယ်တို့က ပခုံးထက်မှ ဖြာကျနေလေသည်။ သူမသည် အတော်လေးလှသော်လည်း အေးစက်ခက်ထန်သော အငွေ့အသက်ကိုလည်း ပိုင်ဆိုင်ထား၏။ သူမသည် စိတ်ဆတ်ပြီး အလွယ်တကူ ချဥ်းကပ်၍ရသည့်လူစားမျိုး မဟုတ်ဟန်တူသည်။
မန်ဟိုသည် လူတိုင်းကို ကြည့်နေစဥ် တည်ငြိမ်အေးဆေးလျက်ရှိ၏။ သူက အဖွဲ့ကို ဇီယွင်ဂိုဏ်း၏ ခရမ်းရောင်အလင်းတန်းထံ တန်းတန်းမတ်မတ်ခေါ်သွားပြီး သူ အနားရောက်လာသည်နှင့် အတော်များများက သတိရှိရှိနှင့် မျက်လုံးများဖွင့်လိုက်ကြသည်။ မန်ဟို့ကို မြင်သောအခါ သူတို့၏မျက်နှာများတွင် လေးစားမှုများ ပြည့်နှက်သွား၏။
ချူယွီယန်မှာမူ ရှုပ်ထွေးနေသောအရိပ်ယောင်တစ်ခု သူမမျက်ဝန်းလေးများထဲ၌ ပေါ်လာသည်။ ရီဖေးမုက တိတ်ဆိတ်စွာသာ ဦးညွှတ်လိုက်၏။
***