သူ့ကိုယ်သူ အတော်လေးကျေနပ်မိခြင်း
Vol. 22 Ch. 297
တင်ပျဥ်ခွေထိုင်နေသော ဝူတင်းချိုး၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ မန်ဟို့ကို မြင်သောအခါ သူက ပြုံးပြီး ခေါင်းညိတ်ပြ၏။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ခရမ်းရောင်ချီအဖွဲ့အတွင်းရှိ ရာထူးအဆင့်အတန်းကို ထည့်တွက်လျှင် သူ့အတွက် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ဤကဲ့သို့ဆက်ဆံခြင်းက ဇီယွင်ဂိုဏ်း၌ မန်ဟို မည်သည့်အဆင့်အတန်းအား သိမ်းပိုက်ထားသည်လဲ မြင်ရန်လုံလောက်သည်။
မန်ဟိုက ဝူတင်းချိုးထက်ပင် ပိုမြင့်သည်ဟု ဆိုနိုင်သည်။ အကယ်၍ မန်ဟို့ကျင့်ကြံခြင်းအခြေခံသာ သည့်ထက်ပိုမြင်ခဲ့လျှင် ဝူတင်းချိုး ထရပ်ရန် လိုအပ်ပေမည်။
မန်ဟိုသည် ယခုတွင် ကျင့်ကြံခြင်းလောက၌ နှစ်ပေါင်းမျာစွာ ကျင်လည်ခဲ့ပြီးဖြစ်၍ မာန်မာနမထားခြင်းက အကောင်းဆုံးအပြုအမူဖြစ်ကြောင်း သိလေသည်။ သူက ချက်ချင်းလက်ယှက်ပြီး ဝူတင်းချိုးကို အရိုအသေပေးလိုက်ရာ ထိုလူ၏အပြုံးကား ပို၍ပင် တောက်ပသွား၏။
မန်ဟို့ကျင့်ကြံခြင်းအခြေခံမှာ အားနည်းသော်လည်း သူ၏အဆင့်အတန်းက မြင့်မားသည်။ သူ၏မောက်မာခြင်းမရှိသောပုံစံကြောင့် ဝူတင်းချိုး၏ သူ့အပေါ် အလေးပေးလိုစိတ်များအား ပို၍ပင် ပြင်းထန်စွာသွားစေသည်။ သူကပြုံးရင်း ပြောသည်။ "မဟာအကြီးအကဲဖန်၊ ဒီခေါင်းဆောင်ကြီးနှစ်ဦးနဲ့ မင်းကို မိတ်ဆက်ပေးခွင့်ပြုပါ" ဤသည်မှာ တစ်ဦးမေတ္တာတစ်ဦးမှာဆိုသော အခြေအနေဖြစ်သည်။
မန်ဟိုကလည်း ပြုံးလိုက်သည်။ သူသည် ဝူတင်းချိုးမိတ်ဆက်ပေးသည့် ခရမ်းရောင်အလင်းထဲရှိ ရှေးဆန်သောအသွင်နှင့် ခေါင်းဆောင်ကြီးနှစ်ဦးကို လေးလေးနက်နက် လက်ယှက်အရိုအသေပေးလိုက်သည်။
"အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဂျူနီယာဖန်မု ခေါင်းဆောင်ကြီးနှစ်ယောက်ကို ဂါဝရပြုပါတယ်"
ခေါင်းဆောင်ကြီးနှစ်ယောက်၏မျက်နှာများမှာ ပါးရေနားရေတွန့်နေပြီး သူတို့သည် အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြောင်း သိသာ၏။ မန်ဟို သူတို့ကို အရိုအသေပေးလိုက်စဥ် သူတို့၏မျက်လုံးများ ဖြေးဖြေးချင်းပွင့်လာပြီး နက်နဲသိမ်မွေ့မှုတို့ဖြင့် ပြည့်နှက်နေလျက် သူ့ကိုလှမ်းကြည့်သည်။ သူတို့မှာ မန်ဟို့၏ချီကို မှတ်သားနေပုံရသည်။
"မင်း ကျင့်ကြံခြင်းအခြေခံက မလုံလောက်ဘူး" တစ်ယောက်က မျက်လုံးများပိတ်လျက် အေးစက်စွာ ပြောသည်။ "တတ်နိုင်သမျှ အပြင်မထွက်နဲ့။ ဒီမှာနေရင် မင်းအန္တရာယ်ကင်းလိမ့်မယ်" အခြားခေါင်းဆောင်ကြီးက ချီးကျူးနေသောမျက်ဝန်းမျါးဖြင့် မန်ဟို့ကို ပြုံးပြနေသည်။
သူတို့၏စေတနာမှာ သူ့ဆရာကြောင့်ဖြစ်ကြောင်း မန်ဟို သိလေသည်။
မန်ဟို ခေါင်းဆောင်ကြီးများကို အရိုအသေပေးပြီးနောက် ဝူတင်းချိုးက ခရမ်းရောင်ချီအဖွဲ့မှ ကျင့်ကြံသူများကို နှုတ်ဆက်ရန် ခေါ်သွားသည်။ သူတို့အားလုံးက မန်ဟို့ကို တလေးတစား ဆက်ဆံကြလေသည်။ စကားအပြောအဆိုအရသော်လည်းကောင်း၊ အပြုအမူအရသော်လည်း သူတို့သည် လေးစားမှုအား ပြသကြ၏။
အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများပင်လျှင် သူ့ကို အလွန်လေးစားကြသည်။
ဝူတင်းချိုးသည် မန်ဟို့ကို ခရမ်းရောင်ချီအဖွဲ့ကျင့်ကြံသူများနှင့် မိတ်ဆက်ပေးသော်လည်း အရှေ့ဆေးဝါးအဖွဲ့သားများအတွက်မူ မလိုအပ်ပေ။ သူတို့က မန်ဟို့ကို ရိုသေလေးစားသည့်အကြောင်း တစ်ယောက်ပြီးတစ်ယောက်လာပြောကြ၏။
မန်ဟို လင်ဟိုက်လုံ၊ အန်းဇဲ့ဟိုင်နှင့် အခြားသူများ အနားရောက်သောအခါ ပတ်ဝန်းကျင်ရှိ အခြားဂိုဏ်းများမှ အဖွဲ့များ သတိထားမိကြလေသည်။ အကြည့်များစွာ သူတို့အပေါ်ရောက်လာပြီး အများစုက မန့်ဟိုအပေါ် ရစ်ဝဲနေသည်။ ကြည့်ရှုနေသူများ၏အမူအရာများမှာ ချက်ချင်း အံ့သြသည့်အသွင်ပြောင်းသွား၏။ အများစုသည် မန်ဟို မည်သူဖြစ်ကြောင်း ခန့်မှန်းခဲ့ပြီးလေပြီ။
မန်ဟိုက လင်ဟိုက်လုံ၊ အန်းဇဲ့ဟိုင်နှင့် အခြားသူများကို လက်ယှက်နှုတ်ဆက်သည်။ သူသည် ချူယွီယန်ကို လှမ်းကြည့်ကာ ပြုံးရင်း ခေါင်းညိတ်ပြလိုက်၏။ ရီဖေးမုကိုလည်း တစ်ချက်ကြည့်ပြီးနောက် တင်ပျဥ်ခွေထိုင်လိုက်သည်။
သူသည် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ဦးဖြစ်သော်လည်း မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ အမွေခံတပည့်ဖြစ်သည့်အတွက် အလွန်အဆင့်အတန်းမြင့်မားလေသည်။ ဂိုဏ်းစည်းမျဥ်းများအရဆိုလျှင် တကယ်တမ်း ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်ထက်ပင် မြင့်သေး၏။
သို့သော် မန်ဟိုမှာ သူ၏ကျင့်ကြံခြင်းအခြေခံက သိပ်မမြင့်မားကြောင်းသိသဖြင့် ဟန်မထုတ်လိုပေ။ ထို့ကြောင့် လင်ဟိုက်လုံကို အလယ်တွင် မသိမသာထားပြီး အန်းဇဲ့ဟိုင်ဘေးတွင် ထိုင်လိုက်သည်။ အဘိုးကြီးလင်ဟိုက်လုံမှာ ပါးနပ်သောသူတစ်ယောက်ဖြစ်ရာ မန်ဟို ဘာလုပ်နေလဲ နားမလည်ဘဲ ရှိမည်လော။ သူက ထိုအပြုအမူအား ဘာမှမပြောဘဲ ပြုံးရင်း ခေါင်းခါလိုက်သည်။
အန်းဇဲ့ဟိုင်က ခပ်တိုးတိုးရယ်၏။ သူသည် မန်ဟို့ကိုကြည့်ပြီး အသံနှိမ့်ကာ ပြောသည်။ "အစ်ကိုကြီးလင်က ဆေးဝါးတာအိုကိုပဲ ဂရုစိုက်တဲ့ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်လေ...." သူက ဆုံးအောင်မပြောဘဲ မန်ဟို့ကို တစ်ချက်ကြည့်သည်။ မန်ဟိုသည် ထက်မြက်သောသူတစ်ယောက်ဖြစ်သည့်အတွက် သူ့စကား၏အဓိပ္ပါယ်ကို နားလည်ကြောင်း သူသေချာသိသည်။
"မပူပါနဲ့ အစ်ကိုကြီးအန်း၊ ကျွန်တော်နားလည်ပါတယ်" အန်းဇဲ့ဟိုင်မှာ မန်ဟို ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဖြစ် တိုးမြှင့်ခံလိုက်ရသည့်နေ့မှ အဖြစ်အပျက်များကို တွေးမနေကြောင်း ပြောရန် ကြိုးစားနေခြင်းဖြစ်ကြောင်း မန်ဟိုပြောနိုင်သည်။ မန်ဟိုက ပြုံးပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ နောက်ဆုံး သူ့မျက်လုံးများသည် ကျီဆိုသည့်စာလုံးနှင့် အလံအပေါ် ကျရောက်သွားသည်။
ထိုအလံကို ပထမဆုံးမြင်တုန်းက သူ ရင်တဒိန်းဒိန်း ခုန်သွားခဲ့သည်ကို ဘယ်သူမှမသိပေ။ မှန်ပါသည် ၊ သူက ခံစားချက် နည်းနည်းလေးပင် မပေါ်လွင်စေအောင် ပီပီပြင်ပြင်ဖုံးကွယ်ထားခြင်းဖြစ်၏။
သို့သော် သူ့ရင်ထဲတွင် ကျီစာလုံးအား မတွေးတတ်အောင် နက်နဲသော လျှို့ဝှက်ချက်များက ခြံရံလျက်ရှိသည်။
တံခွန်သုံးခုနှင့်အလံမှာ ကျီမျိုးရိုးဖြင့် ချိတ်ပိတ်ခံထားရသည်မဟုတ်လော။
ရှေးကံကြမ္မာဆိုးမျိုးနွယ်စု၏ သွေးအင်မိုတယ်၏ ထာဝရဆုတောင်းမှာ ကျီမျိုးနွယ်စု၏သွေးကို အသတ်အဖြတ်လက်နက်များအဖြစ် သန့်စင်ရန် ဖြစ်သည်။
ထိုမျှသာမက ကောင်းကင်က လုံးပြီး မြေပြင်က လေးထောင့်ဖြစ်သည့် မြင့်မြတ်သော ရှေးဟောင်းနယ်မြေတွင် စကြဝဠာ၏ အမိန့်ကို တွန်းလှန်လိုသည့် လေးထောင့်ဒယ်အိုးကြီးအနား၌ ရပ်ခဲ့စဥ်တုန်းက မန်ဟိုသည် ဒယ်အိုးကြီး ကျီနာမည်နှင့် တစ်မိုးအောက်တွင် အတူမရှိလိုကြောင်း ငြင်းဆန်နေသည့် မြင်ကွင်းကို ကြုံခဲ့ရဖူးသည်။
၄င်းဘာသာ၄င်း ဖျက်စီး၍ ကြယ်တာရာများအတွင်း လွင့်စင်ပျောက်ကွယ်သွားခဲ့သော ရှေးဟောင်းကမ္ဘာသစ်ပင်၏ ဒဏ္ဍာရီလည်း ရှိသေးသည်။
ဤအရာအားလုံးက ကျီနာမည်နှင့် ဆက်စပ်နေပုံရသည်။ ပတ်သက်မှုများ မရေတွက်နိုင်အောင် ရှိနေသည့်အတွက် မန်ဟိုမှာ တဆတ်ဆတ်တုန်ရီသွား၏။ အထူးသဖြင့် ထိုအလံပေါ်တွင် တံဆိပ်ခတ်ထားသော နာမည်ကို သူ၏ မျက်စိဖြင့် တပ်အပ်မြင်ခဲ့ပြီးနောက်တွင်ဖြစ်သည်။
မန်ဟို ကြည့်နေသည့်အရာကို သတိထားမိသောအခါ အန်းဇဲ့ဟိုင်က တခဏတိတ်ဆိတ်သွားပြီးနောက် ခပ်တိုးတိုးပြောသည်။ "အဲ့တာ အရှေ့ဘက်နယ်မြေတွေက ကျီမျိုးနွယ်စုပဲ" သူ့မှာ အခြားသူများ ကြားမည်စိုး၍ သတိထားပြောနေပုံရသည်။ သူသည် ပုရွက်ဆိတ်မှ ဆင်အကြောင်းပြောနေသကဲ့သို့ နာမည််အကြောင်းပြောသောအခါ ထိတ်လန့်နေပုံရပြီး ကြောက်စိတ်များဖြင့်ပင် ပြည့်နေချေသည်။
မန်ဟို့၏မျက်လုံးများက မသိမသာလက်သွားသည်။ အန်းဇဲ့ဟိုင်အသံကြားသောအခါ သူက သူ့ကိုလှည့်ကြည့်လိုက်သည်။
"အရင်က သူတို့မျိုးနွယ်စုအကြောင်း သိပ်မကြားဖူးဘူး" အန်းဇဲ့ဟိုင်က ခပ်တိုးတိုးဆက်ပြောသည်။ "ငါသိသမျှအားလုံးက ဆရာ့ဆီက ကြားခဲ့တာပဲ။ အရှေ့ဘက်နယ်မြေတွေက ကျီမျိုးနွယ်စုက နန်ရှန်းတိုက်ကြီးမှာ နံပါတ်တစ် မျိုးနွယ်စုတဲ့.... သူတို့ဌာနချုပ်က အရှေ့ဘက်နယ်မြေတွေထဲမှာပဲ။ သူတို့ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ဘယ်သူမှ တိတိကျကျမသိဘူး။ ဒါပေမယ့် ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ ကျီမျိုးနွယ်စုကို ဘယ်တော့မှ ဘာအကြောင်းနဲ့မှ ရန်သွားမစလေနဲ့"
သူ့အသံမှာ အလွန်တိုးသည့်အတွက် မန်ဟိုတစ်ယောက်သာ ကြားရလေသည်။ "တကယ်တော့ သူတို့ဆီမှာ မျိုးနွယ်စုဝင် သိပ်များများစားစားမရှိဘူး။ ဒါပေမယ့် ဘယ်သူ့ကိုမှ ရန်သွားစလို့မရဘူး။ အထူးသဖြင့် ကျီသားတော် အယောင်ဆောင်တပ်သားတွေပဲ။ တစ်ယောက်စီတိုင်း အင်မတန် အဆင့်မြင့်တယ်။ မင်းအခုမြင်နေရတဲ့ တစ်ယောက်က....
"ငါမှန်းတာမှန်မယ်ဆိုရင် သူက သေချာပေါက် ကျီမျိုးနွယ်စုရဲ့ အယောင်ဆောင်တပ်သား၊ ကျီသားတော်တစ်ပါးပဲ။ မဟုတ်ရင် ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အမြုတေဖြစ်တည်မှုအဆင့်ရောက်နေမှာ မဟုတ်ဘူး။ ကျီမျိုးနွယ်ဝင်၊ အထူးသဖြင့် အဲ့ဒီ အယောင်ဆောင်တပ်သားတွေအားလုံးက ရွေးချယ်ခံတွေပဲ။ မျိုးဆက်တိုင်း အစစ်အမှန်တပ်သားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်လာဖို့အတွက် အဆင့်တစ်ရာအတွင်းဝင်အောင် လေ့ကျင့်ရေးတွေ အပြင်းအထန်ဆင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ကြတယ်"
မန်ဟိုသည် ထိုင်စဥ်းစားနေ၏။ သူလည်း ကျီမျိုးနွယ်စုကို အခြေခံလောက်တော့ နားလည်သည်။ ကျီနှင့်ပတ်သက်သည့်အတွေ့အကြုံများအရ သူတို့တွင် ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းသော ရင်းမြစ်များရှိပြီး နားလည်ထားသည်ထက်ပင်ကျော်လွန်နေလောက်ကြောင်း သူသေချာသည်။
အန်းဇဲ့ဟိုင်က အစိမ်းရောင်အလင်းတန်းနှင့် ၄င်းအတွင်း တင်ပျဥ်ခွေထိုင်နေသည့် လူသုံးယောက်ကို လှမ်းကြည့်ပြီး အသံနှိမ့်၍ ဆက်ပြောသည်။ "မင်း ကျီမျိုးနွယ်စုလိုပဲ အဲ့ဒီလူသုံးယောက်ကိုလည်း သွားရန်မစနဲ့။ သူတို့က နန်ရှန်းတိုက်ကြီးမှာ နောက်ထပ် အစွမ်းထက်ဆုံးမျိုးနွယ်စုပဲ။ ကြောက်စရာကောင်းတယ်။ မင်းက ဒီကိုနည်းနည်းနောက်ကျပြီးမှ ရောက်လာတော့ ဘာတွေဖြစ်သွားခဲ့လဲ အသေးစိတ်မသိတာ။ ကျီမျိုးနွယ်စုကျင့်ကြံသူတစ်ယောက် အဲ့ဒီဖန်မျိုးနွယ်စုက မိန်းကလေးအကြောင်းပြောပြီး ကြောက်နေတာ ငါကိုယ်တိုင်တွေ့ခဲ့ဖူးတယ်။ စဥ်းစားကြည့်။ အဲဒီ့သုံးယောက်မှာ ဘယ်လိုနောက်ခံအင်အားရှိနေလို့ ကျီမျိုးနွယ်စုအတွက် ကြောက်စရာဖြစ်နေတာလဲ။ သူတို့လည်း အရှေ့ဘက်နယ်မြေတွေက ဖြစ်ရမယ်"
အန်းဇဲ့ဟိုင်၏ ရှင်းပြမှုကြောင့် ယခုတွင် မန်ဟိုသည် ပတ်ဝန်းကျင်ရှိ အဖွဲ့အသီးသီးအကြောင်း ယေဘုယျသဘောနားလည်သွားလေပြီ။ သူက ဘေးဘီဝဲယာကို ကြည့်လိုက်စဥ် ရုတ်တရက် ရှုချင်နှင့် အကြည့်ဆုံသွား၏။
ဘယ်သူမှ စကားမပြောပေ။ အကြည့်မှတစ်ဆင့် အားလုံးပြောပြီးလေပြီ။ သူတို့နှစ်ယောက်သည် လျင်မြန်စွာ အကြည့်လွှဲလိုက်သော်လည်း နားလည်သင့်သည့်အရာအားလုံးကို နားလည်၏။
ဟန်ပေ့၊ ဝမ်ယိုချိုင်၊ လီရှိချီ၊ လီတောက်ရီ၊ ကျိုးကျဲ၊ ဝမ်လီဟိုင်၊ ဟန်ရှန့်တောက်၊ ချန်ဖန်း၊ စုန့်မျိုးနွယ်စုမှ စုန့်ယွင်ရှုနှင့် လှပသောမိန်းမပျိုလေးစုန်ကျားတို့အားလုံး မန်ဟို့အတွက် မစိမ်းပေ။ သူတို့အားလုံးသည် သူတို့၏ဂိုဏ်းနှင့် မျိုးနွယ်စုများအကြားတွင် ရောက်ရှိနေ၏။ လူတိုင်းကို လိုက်ကြည့်လိုက်သော်လည်း မန်ဟို ဖက်တီးကို မတွေ့ပေ။
အချိန်များ ကုန်လွန်သွားသည်။ လူတိုင်း မည်သည့်အရာကို စောင့်နေသည်လဲ မန်ဟိုမသိသော်လည်း အလင်းတန်းဧရိယာမှ ထွက်သွားသည့် လူတစ်ယောက်တလေကိုမှ သူမမြင်ပေ။
နောက်ဆုံး၌ အပေါ်ရှိ အနက်ရောင်မြူထုကြီး ပို၍ပင် မှောင်မိုက်လာသည်။ ဤအခိုက်အတန့်တွင် ချူယွီယန်က မန်ဟို့အနားကပ်လာပြီး သူ့ဘေးတွင် ဝင်ထိုင်သည်။ သူမက သူ့ကို မမှိတ်မသုန်ကြည့်နေ၏။
သူမ၏ဆဋ္ဌမအာရုံမှာ အလွန်စူးရှလွန်းကြောင်း မန်ဟို အမြဲခံစားခဲ့ရသည်။ သို့သော် သူသည် မပြောင်းလဲသောအမူအရာဖြင့် သူမကို ပြန်ကြည့်လိုက်သည်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသောအခါ ချူယွီယန်က အကြည့်လွှဲမသွားပေ။
"နင် အရှေ့ဆေးဝါးအဖွဲ့ကို ရောက်လာတဲ့နှစ်ထဲက" သူမက တိုးတိုးလေးပြောသည်။ "နင့်ကိုကြည့်တိုင်း ငါအမြဲ စိတ်တိုရတယ်။ အကြောင်းရင်းလည်း ရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့်.....ငါ နင့်ကို အရင်က တစ်နေရာရာမှာ တွေ့ဖူးတယ် ဖြစ်မယ်"
မန်ဟို့၏အမူအရာမှာ ယခင်အတိုင်းသာ။ သို့သော် ဒိန်းခနဲ ရင်ခုန်သွားလေသည်။ သူ့မှာ ချူယွီယန်၏ ထိတ်လန့်ဖွယ် စဥ်းစားနိုင်စွမ်းကြောင့် သက်ပြင်းသာ ခိုးချနိုင်တော့သည်။
"ငါတို့ ဘယ်နေရာမှာ တွေ့ခဲ့ဖူးတာလဲ" သူမက သဲလွန်စများ ရှာနေသည့်အလား မန်ဟို့မျက်လုံးများကို စေ့စေ့ကြည့်ရင်း ရုတ်တရက်ပြောသည်။
အချိန်အတန်ကြာသော် မန်ဟိုပြန်ဖြေမည်မဟုတ်ကြောင်း သူမပြောနိုင်လေသည်။
သူမက သူ့ကို ရွှန်းရွှန်းစားစားကြည့်သည်။ "နင် ဖန်မုဖြစ်ဖြစ် ဆေးဒယ်အိုးဖြစ်ဖြစ် ငါဂရုမစိုက်ဘူး " သူမက တစ်လုံးချင်းပြောသည်။ "နင့်မှာ သရုပ်မှန် နောက်တစ်ခု ရှိသေးတာ ငါသိတယ်။ နင်မပြောချင်ရင် ငါမေးမှာမဟုတ်ဘူး။ ဒါမဲ့ တစ်နေ့တော့ ငါရှာတွေ့မှာ။ ငါရှာတွေ့မှာ.... နင်ဘယ်သူလဲဆိုတာ" သူမ၏ခေါင်းမာမှုအတွင်းတွင် တောက်ပရွှန်းစိုနေသော အရိပ်အယောင်တစ်ခုရှိသည်။ ၄င်းက ခပ်ရေးရေးသာရှိသော်လည်း မန်ဟို ရှင်းရှင်းလင်းလင်းမြင်နိုင်၏။ ထိုအလင်းသည် သူမ မဟာအကြီးအကဲဆေးဒယ်အိုးအကြောင်း ပထမဆုံး ပြောခဲ့စဥ်က လက်သွားလေသည်။
"မဖြစ်နိုင်တာ...." သူက တွေးလိုက်သည်။ သူအနေဖြင့် ယောက်ျားနှင့်မိန်းမကြားက ပတ်သက်မှုမျိုး တစ်ခါမှမကြုံခဲ့ဖူးသော်လည်း တုံးအသော လူငယ်လေးတစ်ယောက် မဟုတ်တော့သဖြင့် ထိုကဲ့သို့တုံ့ပြန်မှုမျိုးကို နားလည်နိုင်လေသည်။
သူမမျက်ဝန်းထဲက ထိုရွှန်းလဲ့မှုသည် ချင်းလော်ဂိုဏ်းအပြင်၌ ခွဲခွာခဲ့တုန်းက ရှုချင်၏မျက်ဝန်းလေးများ ရွှန်းလဲ့သွားမှုနှင့်ဆင်တူသည်။
မန်ဟို အနည်းငယ် လိပ်ပြာမလုံဖြစ်သွားသော်လည်း မာန်လည်းမာန်တက်သွား၏။ ချူယွီယန်သည် ဝမ်တန်ဖေးနှင့် စေ့စပ်ထားသည့်အချိန်ကပင် သူ့ကို နှစ်ပေါင်းမျာစွာ အနှောင့်အယှက်ပေးနေခဲ့လေသည်။ သူမဤသို့ပြောင်းလဲသွားခြင်းက သူ့ကိုယ်သူ အတော်လေး ကျေနပ်သွားစေသည်။
သူက သူ၏ခန့်မှန်းချက်များ မှန်မမှန် အတည်ပြုရန် ဆုံးဖြတ်ရင်း လည်ချောင်းရှင်းလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်သည်။ သူ့လက်က သူမ၏လှပသောမျက်နှာလေးပေါ် လှမ်းနေသဖြင့် ချူယွီယန်မှာ ကြောင်တောင်တောင်လေး ကြည့်နေသည်။
ချက်ချင်း သူမမျက်နှာလေးသည် နီရဲသွားပြီး မျက်ဝန်းလေးများ ဝိုင်းစက်သွားသည်။ ဖန်မုမှာ ဤမျှအတင့်ရဲလိမ့်မည်ဟု သူမတစ်ခါမှ မတွေးခဲ့ဖူးပေ။
သူက သူမကို တကယ်မထိခင် လက်ပြန်ရုတ်ပြီးနောက် သူမကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
သူသက်ပြင်းချလိုက်သည့်အတွက် ချူယွီယန်၏မျက်နှာလေးမှာ ပို၍ပင် နီမြန်းသွားလေသည်။ သူမ၏ ဖီးနစ်မျက်ဝန်းလေးများ၌ ဒေါသများ ဖူးပွင့်လာသည်။ သူမသည် မန်ဟိုက စိန်းစိန်းဝါးဝါးကြည့်နေပြီး ရှက်ရမ်းရမ်းရင်း ဒေါသအိုးပေါက်ကွဲတော့မည့်ပုံရသည်။
ဤအခိုက်အတန့်တွင် ရုတ်တရက် ချိုင့်ဝှမ်း ပတ်ပတ်လည် ဧရိယာတစ်ခုလုံး ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။ ဇီယွင်ဂိုဏ်းခေါင်းဆောင်ကြီးနှစ်ဦး ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ အလင်းတန်းများအနီးရှိ အခြားခေါင်းဆောင်ကြီးများလည်း မျက်လုံးများဖွင့်လာကြ၏။
တစ်ချိန်တည်းဆိုသလို သူတို့အားလုံး ချိုင့်ဝှမ်းထံ ပျံသန်းသွားသည်။ ဝူတင်းချိုး၏မျက်လုံးများ တောက်ပလာပြီး သူက ဇီယွင်ဂိုဏ်းသားများကို ပြောသည်။
"နောက်တစ်ခေါက် စပြီ။ ဂိုဏ်းအသီးသီးက ခေါင်းဆောင်ကြီးတွေ ပြန်လည်မွေးဖွားခြင်းဂူ ပတ်ဝန်းကျင်ကို ဖိနှိပ်ထားပေးလိမ့်မယ်။ ငါတို့ တတ်နိုင်သမျှ မြန်မြန် လှုပ်ရှားရမယ်။ ခရမ်းရောင်ချီအဖွဲ့ အရှေ့ဆေးဝါးအဖွဲ့နဲ့အတူ ပူးပေါင်းရမယ် မှတ်ထား။ ငါတို့ အလောင်းက သွေးနမူနာ ရကိုရရမယ်"
***