အလောင်း လှုပ်သွားတယ်
Vol. 22 Ch. 298
ဝူတင်းချိုးသည် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် လေပေါ် ခုန်တက်၍ ရှေ့သို့ ပျံသန်းသွားသည်။ "အရှေ့ဆေးဝါးအဖွဲ့သားတွေ အလောင်းရဲ့ဘယ်အပိုင်းကိုမှ မထိနဲ့" သူက အော်ပြောသည်။ "ခရမ်းရောင်ချီအဖွဲ့၊ ငါ့နောက်လိုက်ခဲ့။ ငါတို့ အမွေးတိုင်တစ်တိုင်ထွန်းစာ အချိန်ရမယ်။ ဒီအချိန်ကို အခွင့်ကောင်းယူပြီး ဒီအင်မိုတယ်ရဲ့သွေးနည်းနည်းပါးပါး ယူကြရအောင်"
ခရမ်းရောင်ချီအဖွဲ့ ကျင့်ကြံသူများ သူနှင့်အတူ လေပေါ်ပျံတက်လာကြသည်။ မန်ဟို့အနားရှိ အရှေ့ဆေးဝါးအဖွဲ့ကျင့်ကြံသူများလည်း ပျံတက်၍ လိုက်ပါသွားကြသည်။
ချူယွီယန်က မန်ဟို့ကို တခဏကြာသည်အထိ စိန်းစိန်းဝါးဝါး ကြည့်နေသည်။ ထို့နောက် သူမက ခါးသိမ်သိမ်လေးကို လှည့်ပြီး သူမခြေတံရှည်ရှည်လေးကို ဆန့်လိုက်၏။ သူမက တစ်ဖက်လှည့်သွားစဥ် သူမ၏ဝတ်ရုံကို တင်ပါးအနား၌ ခပ်တင်းတင်းစီးလိုက်သည်ကို မန်ဟို သတိမထားမိဘဲမနေပေ။ သူမသည် လင်ဟိုက်လုံနှင့် အခြားဆေးဝါးပညာရှင်အားလုံးနှင့်အတူ ပြန်လည်မွေးဖွားခြင်းဂူကို ဝန်းရံထားသည့် ချိုင့်ဝှမ်းထံ တဟုန်ထိုးထွက်သွားသည်။
မှန်ပါသည်၊ ယင်းက အင်မိုတယ်အလောင်းတည်ရှိနေသော နေရာ အတိအကျပင်။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူသည် ချူယွီယန်အကြောင်း တွေးမနေတော့ပေ။ ထိုအစား လေပေါ်ပျံတက်ပြီး သူ့အတွေးများကို အာရုံစိုက်လိုက်သည်။ သူ့ဘေးတွင် ပျံသန်းနေသူမှာတော့ ရီဖေးမုက လွဲ၍ တခြားမဟုတ်ပေ။
ရီဖေးမုသည် အသက်ရှိုက်စာအနည်းငယ်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် မန်ဟို့ကို ဖြစ်ပျက်နေသည့်အရာအား ရှင်းပြသည်။ "အလောင်းဆီသွားတဲ့လမ်းမှာ အတားအဆီးတစ်ခုမှ မရှိဘူး။ ဒါပေမဲ့ ခင်ဗျား အဲ့တာကို သွားထိရင် ချက်ချင်း ထူးဆန်းတဲ့နယ်ပယ်တစ်ခုဆီ စုပ်ယူခံရလိမ့်မယ်။ တချို့ကတော့ ပြန်ရောက်လာတယ်။ တချို့ကတော့ ပေါ်မလာတော့ဘူး။ နေ့တိုင်း ဒီအချိန်လောက်ဆို အလောင်းကြီးရဲ့စွမ်းအား ရုတ်တရက် တစ်ဝက်ကျသွားတတ်တယ်။ အဲ့လိုကျသွားတဲ့အခါ ပြန်လည်မွေးဖွားခြင်းဂူထဲက ထူးခြားဆန်းကြယ်တဲ့ သတ္တဝါတွေ ထွက်လာလိမ့်မယ်
"ဒါကြောင့် ဂိုဏ်းသားတွေအတွက် အချိန်ရအောင် ဂိုဏ်းအသီးသီးက ခေါင်းဆောင်ကြီးတွေ အရင်ကြိုသွားပြီး စောင့်ကြပ်ပေးတာပဲ။ တခြားဂိုဏ်းတွေနဲ့မတူတာက ကျုပ်တို့အတွက် သွေးနမူနာပဲ လိုတာ။ ခရမ်းရောင်ချီအဖွဲ့မှာတော့ တခြားရည်ရွယ်ချက်တွေ ရှိလောက်တယ်။ ဒါမဲ့ သူတို့ ကျုပ်တို့နဲ့အတူ ပူးပေါင်းပေးလိမ့်မယ်။ သွေးနမူနာရပြီးရင် တခြားကိစ္စတွေအပေါ် အာရုံစိုက်နိုင်ပြီ
"ဆေးဝါးပညာရှင်တွေနဲ့ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တွေ အများကြီး ဒီကိုရောက်နေရတဲ့ အကြောင်းရင်းက အင်မိုတယ်အလောင်းရဲ့သွေးကို မမြင်ရလို့ပဲ။ သွေးက အလောင်းဆီက ထွက်လာတာနဲ့ ကောင်းကင်နဲ့ မြေကြီးအတွင်း လွင့်ပျယ်ပျောက်ကွယ်သွားတယ်။ ကျုပ်တို့လို ဆေးဝါးတာအိုကျင့်ကြံသူတွေပဲ ဆေးဖော်စပ်နည်းပညာရပ်တွေကို အသုံးပြုပြီး ထွက်ပြေးနေတဲ့သွေးကို ဖမ်းပြီး သန့်စင်ဖို့ အဲ့အခိုက်အတန့်ကို အခွင့်ကောင်းယူနိုင်တယ်"
ရီဖေးမု ရှင်းပြသည်မှာ အသေးစိတ်ကျလွန်းလေသည်။ သူက ရှင်းပြပြီးသည်နှင့် ခေါင်းငုံ့အရိုအသေပေးကာ တဟုန်ထိုးထွက်သွားသည်။ သူနောက်ကျန်ခဲ့ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ မန်ဟို့ကို ဤအကြောင်းများ ရှင်းပြဖို့အတွက်သာ ဖြစ်၏။
သူတို့နှစ်ယောက်ကြား၌ တင်းမာမှုအနည်းငယ် ပြေလျော့နေလေပြီ။ သို့သော် သူသည် မည်သူက အင်မိုတယ်၏သွေးကို ပထမဆုံးသန့်စင်နိုင်မည်လဲ ကြည့်ရန် စောင့်နေမည်ဟု သတိပေးချင်နေသည့်အလား သူ့စကားများအတွင်း၌ စိန်ခေါ်မှုတချို့ ရှိနေသေးသည်။
သို့သော် မန်ဟိုမှာ သွေးနမူနာအတွက် ဤနေရာသို့ လာခြင်းမဟုတ်။ ခေါ်သံကြောင့် လာခဲ့ခြင်း ဖြစ်သည်။ အခြားသူများ သတိထားမိချင်မှ ထားမိမည်၊ သို့သော် ဤပုဂ္ဂိုလ်ကား....မသေသေးကြောင်း မန်ဟိုသိလေသည်။
သူ အလင်းတန်းအသွင်ဖြင့် ရှေ့ဆက်သွားနေစဥ် သူ့ခေါင်းထဲ၌ အတွေးများ ဖြတ်ပြေးလျက်ရှိသည်။ သူသည် လေကိုခွင်း၍လာနေစဥ် လီတောက်ရီ၊ ကျိုးကျဲ၊ ရှုချင်နှင့် အခြားသူများကို မြင်လိုက်၏။ သူတို့အားလုံးသည် ချိုင့်ဝှမ်းသို့ ဦးတည်နေကြ၏။
မန်ဟို့အာရုံကို အဖမ်းစားနိုင်ဆုံးမှာ ကျီအမည်ရှိလူငယ် ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှုအဆင့်၏ အထွတ်အထိပ်တွင်ဖြစ်ပြီး အစောင့်အဘိုးကြီး ခုနစ်ယောက်၊ရှစ်ယောက်က သူ့ကို ဝန်းရံထားကြ၏။ သူသည်မောက်မာထောင်လွှားသော အငွေ့အသက်ကိုထုတ်လွှတ်ရင်း ပျံသန်းနေသည်။ သူက ပတ်ဝန်းကျင်ရှိ တောင်ပိုင်းဒေသကျင့်ကြံသူအားလုံးကို အဖက်မလုပ်ဘဲ တဟုန်ထိုးသွားနေ၏။
တစ်ချိန်တည်းမှာပင် ဖန်မျိုးရိုးနှင့်မိန်းကလေးသည် အေးစက်သောမျက်နှာထားလေးဖြင့် ပျံသန်းနေသည်။ သူမတစ်ကိုယ်လုံးမှ စူးရှတောက်ပသော ငွေရောင်အလင်းကို ထုတ်လွှတ်လျက်ရှိသည်။ အလင်းတန်းများက မြားတံများသဖွယ် သူမဆီမှ ဖြာထွက်နေရာ သူမကိုကြည့်လိုက်သည့်မည်သူမဆို မျက်စိစူးသွားမည်ဖြစ်၏။
ကျီလူငယ်နှင့် ဖန်မိန်းကလေးတို့ နှစ်ယောက်လုံးသည် ပြိုင်ဘက်ကင်းလောာက်အောင် အထင်ကြီးစရာကောင်းသည်။ ရည်ရွယ်ချက်ရှိရှိမရှိရှိ၊ သူတို့သည် အများ၏အာရုံစိုက်ရာဖြစ်လာသည်။ သူတို့အနားတွင် လက်ရွေးစင်မက၍ တာအိုကလေးဖြစ်ပါစေ ပုရွက်ဆိတ်လေးများသဖွယ်ပင်။ အဆင့်အတန်းကွာခြားမှုကား ကြီးမားလွန်း၏။ ဤအခြင်းအရာက တောင်ပိုင်းဒေသ၏ ရွေးချယ်ခံများနှင့် တာအိုကလေးများကို အောင့်သက်သက်ဖြစ်စေသည်။ သို့သော် သူတို့သည် ဤနှစ်ယောက်၏ ကြောက်မက်ဖွယ်အစွမ်းနှင့် ဂိုဏ်းမှ သတိပေးချက်များကို အကြိမ်ကြိမ် ပြန်စဥ်းစားရင်း တိတ်ဆိတ်စွာသာ နေကြသည်။
အနောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူများလည်း ရှိသည်။ သူတို့သည် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး တစ်ကိုယ်လုံး အရုပ်များ ရေးဆွဲထား၏။ သူတို့ ချိုင့်ဝှမ်းထံ ပျံသန်းနေစဥ် သူတို့၏အရုပ်များသည် တောက်ပသောအလင်းတန်းများ ဖြာထွက်နေရာ သာမန်မဟုတ်ကြောင်း သိသာသည်။
အချိန်အနည်းငယ်ကြာပြီးနောက် အနားရောက်သွားသည့် ကျင့်ကြံသူတိုင်းအတွက် အခွင့်ကောင်းအခါသမယ ရောက်ရှိလာပေတော့မည်။ ဂိုဏ်းတွင် မည်သည့်ရည်ရွယ်ချက်ရှိစေကာမူ ဂိုဏ်းသားအားလုံး ရှေ့သို့ ချီတက်သွားနေကြသည်။
အမှန်တွင် အပြင်ဧရိယာရှိ ဂိုဏ်းများမှ ဂိုဏ်းသားအမြောက်အမြားလည်း အချိန်ကိုတွက်ချက်၍ ဝင်လာကြလေသည်။
မန်ဟိုက အသက်ရှိုက်ဆယ်ရှိုက်ကျော် ကြာသည်အထိ အရှိန်တင်ရင်း အာရုံစိုက်နေသည်။ ရုတ်တရက် လေက သူ့ကို တိုက်နေသည်ဟု သူခံစားလိုက်ရသည်။ လေသည် ပုပ်သိုးသိုးအနံ့ဆိုးများကိုပါ ၄င်းနှင့်အတူသယ်လာရာ သူ့ကိုဖြတ်တိုက်သွားသည့်အခါ သူ့အရေပြားကို ချွေးထွက်နေသကဲ့သို့ စေးကပ်ကပ်ဖြစ်လာစေသည်။
ထူးဆန်းသော ပျက်စီးခြင်းလေသည် သူ့အသားကိုဖောက်၍ သူ့ကိုယ်ထဲ ဝင်ရောက်လာရာ သူ၏မျက်နှာအမူအရာ ပြောင်းသွား၏။ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း ထိုသို့ခံစားနေရကြောင်း သူ ချက်ချင်း အာရုံရလိုက်သည်။
တစ်ချိန်တည်းမှာပင် မျိုးနွယ်စုအသီးသီးမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ချီမှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံနေရသည့်အလား အားနည်းလာသည်။ မန်ဟိုသည် သူပထမဆုံး ရောက်လာတုန်းက ဤအဖြစ်အပျက်အကြောင်း ကြားခဲ့ရသည်ကို သတိရသွား၏။
မကြာမီ ဝူတင်းချိုး၏ ကျင့်ကြံခြင်းအခြေခံ အမြုတေဖြစ်တည်မှု မဟာစက်ဝန်းအထိ ဖိနှိပ်ခံလိုက်ရသည်။ သူက မျက်နှာဖြူဆုပ်စွာဖြင့် အနက်ရောင်မြူများကို ထိုးခွင်း၍ လူတိုင်းကို ဦးဆောင်ကာ အလောင်းထံ ချဥ်းကပ်သွားနေသည်။
မန်ဟို အလောင်းကို မြင်လိုက်သည့်အခိုက်၌ ၄င်းသည် တကယ့်ကို တောင်အသေးတစ်လုံး၏ အရွယ်ရှိကြောင်း တွေ့လိုက်သည်။ ၄င်း၏အရေပြားမှာ ခဲရောင်ဖြစ်ပြီး မှော်သင်္ကေတများနှင့်တူသော အမှတ်အသားများဖြင့် ဖုံးလွှမ်းနေလေသည်။ သင်္ကေတများသည် ထူးဆန်းစွာ လူးလွန့်နေပြီး အလင်းရောင်များဖြာထွက်နေသည်။
ငါးရောင်ခြယ်အလင်းသည် လေထဲသို့ လိမ်ယှက်တက်နေသော်လည်း အနက်ရောင်မြူထု၏ ပိတ်ဖုံးမှုကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် သူ အနားကပ်လာသည်နှင့်အမျှ ပို၍ထင်ရှားလာသည်။ မှော်သင်္ကေတများသည် သိသာစွာပင် ကျမ်းစာပိုဒ်တစ်ပိုဒ်အဖြစ် စုပေါင်းနေကြသည်။
အခြားဂိုဏ်းမှ ကျင့်ကြံသူများ အနားကပ်လာပြီး မှော်စာပိုဒ်ကို မြင်သောအခါ တစ်ယောက်က ထအော်သည်။ "တာအိုနတ်ဘုရားကျမ်းစာ" ပိုပို၍များပြားသော ကျင့်ကြံသူများ အနားရောက်လာပြီး တစ်ဝက်ကျော်သည် မြေပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ ကျမ်းစာကို စိုက်ကြည့်လိုက်ကြ၏။
ဇီယွင်ဂိုဏ်းသားတချို့လည်း ရပ်ကာ မှော်သင်္ကေတများအား ကြည့်ရန် တင်ပျဥ်ခွေထိုင်လိုက်ကြသည်။ မန်ဟိုက မျက်မှောင်ကြုတ်ရင်း လှမ်းကြည့်လိုက်သည်။ ထိုသို့ကြည့်လိုက်သည်တွင် သူ၏စိတ်ဝိညာဥ်အာရုံမှာ ကစဥ့်ကလျားဖြစ်နေသည့် လက္ခဏာများ ပြနေကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။
သူသည် ချက်ချင်း အလောင်းကို ကြည့်ရင်း အမြင်အာရုံကို စူးစိုက်လိုက်၏။ အလောင်းကို ပိုစိတ်ဝင်စားသည့် အခြားဂိုဏ်းမှ ဂိုဏ်းသားများသည် ယခုတွင် ၄င်းနှင့်နီးကပ်နေလေပြီ။
သူချဥ်းကပ်လာစဥ် ၄င်း၏အလွန်ကြီးမားသောကိုယ်ထည်ကြီး သူ၏အမြင်အာရုံတစ်ခုလုံး ပြည့်နှက်သွား၏။ ဝူတင်းချိုးသည် ထူးဆန်းသော နေရာရွှေ့ပြောင်းခြင်းဖြစ်စဥ်ကို ထိတ်လန့်နေလျက် ခရမ်းရောင်ချီဂိုဏ်းသားများကို ဦးဆောင်သွားနေသည်။ ရုတ်တရက် ခေါ်နေသောခံစားချက်ကြီးက မန်ဟို့စိတ်ထဲတွင် နောက်တစ်ဖန် ပေါက်ဖွားလာသည်။
"လာ..... ငါ့ဆီလာ..... ငါ မင်းကို စောင့်နေတာကြာပြီ .... အမှန်တရား၊ အဖြေတွေအားလုံး မင်းသိရမယ် ငါ့ဆက်ခံသူလေး...."
ခေါ်သံကြီးက မန်ဟို့တစ်ကိုယ်လုံးကို လွှမ်းခြုံနေသည့်အတွက် သူ့ကို တုန်ရီသွားစေသည်။ သူက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ သူ့ နားနှင့်ဆတ်ဆတ်ကြားနေရသည့်အသံများကို ဘယ်သူမှမကြားနိုင်ကြောင်း ထင်ရှားလေသည်။
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခိုက်၌ အလောင်းထံမှ ထစ်ချုန်းသံကြီး ရုတ်တရက် မြည်ဟိန်းသွားသည်။ တစ်ချိန်တည်းမှာပင် မြေကြီးသည် တသိမ့်သိမ့်တုန်လာ၏။ ပြန်လည်မွေးဖွားခြင်းဂူချိုင့်ဝှမ်းတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီး ပဲ့ထပ်လာရာ ကျင့်ကြံသူများ၏ မျက်နှာအမူအရာများအား ချက်ချင်း ပြောင်းလဲသွားစေသည်။
"လှုပ်သွားတယ်" အခြားဂိုဏ်းမှ တစ်ယောက်က အော်သည်။ "အလောင်းကြီးရဲ့လက် လှုပ်သွားတာ ကျုပ် အခု မြင်လိုက်တယ်"
"မဖြစ်နိုင်တာ။ ဒီအလောင်းက သေနေတာ နှစ်နဲ့ချီနေပြီလေ။ ဘယ်လိုလုပ် လှုပ်မှာတုန်း"
"ကျုပ်လည်း မြင်လိုက်တယ်။ အလောင်းရဲ့လက် နည်းနည်းလေးလှုပ်သွားတာကို..... ထင်ယောင်ထင်မှားဖြစ်တာမဟုတ်ဘူး"
မန်ဟိုအသက်ရှူသံများ မြန်ဆန်လာသည်။ သူလည်း အခုလေးတင် သေဆုံးနေသော အလောင်း၏လက် အနည်းငယ်လှုပ်သွားသည်ကို မြင်ခဲ့ရလေသည်။
သူအမြင်မမှားကြောင်း သေချာသည်။ ဤအလောင်းကြီးမှာ.... တကယ်တမ်း အသက်ရှိနေကြောင်း ယခင်ကတည်းက သူသိခဲ့ပြီးသည် မဟုတ်လော။
ပင့်သက်ရှိုက်သံများ လေထဲ ပြည့်နှက်လာပြီး ထစ်ချုန်းသံကြီး ထပ်မြည်ဟည်းလာပြန်သဖြင့် မျက်လုံးအားလုံးက ချက်ချင်း အလောင်းထံရောက်သွားသည်။ အလောင်းကြီးကား.... ၄င်း ၏ ဧရာမလက်ကြီးကို တဖြေးဖြေး မြှောက်နေသည်။ ရွေ့လျားနှုန်းက နှေးသည်ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းမှာ ၄င်း၏ ခေါင်းပေါ်သို့ တင်ရန် ကြိုးစားနေသည့်အလား အမြင့်ကြီးမြောက်တက်သွားလေပြီ။
ဤအခြင်းအရာက လူတိုင်းကို ဦးရေပြားများထုံကျင်သွားစေပြီး မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေမိစေသည်။ လူတိုင်းနောက်ဆုတ်ရန် ပြင်လိုက်စဥ်မှာပင် .... လက်ကြီးက မြေကြီးအား ရိုက်ချလိုက်သည်။
ဘုန်း
ဘုန်း
ဘုန်း
မယုံနိုင်လောက်အောင် ကျယ်လောင်သောအသံကြီးက လေထုကိုဖြိုခွဲလိုက်သည်။ မြေကြီးသည် တသိမ့်သိမ့်တုန်လာပြီး မိုးကောင်းကင်မှာ ညှို့မှိုင်းသွား၏။ တစ်ချိန်တည်းမှာပင် အနက်ရောင်မြူများ ကောင်းကင်ထံ ထိုးတက်သွားသည်။ မြေကြီးမှာ တိုက်ခိုက်ခံနေရသည့်အခါး လှိုင်းတွန့်များထသွား၏။
သွေးပျက်ချောက်ချားဖွယ် အော်သံများ ဆူညံသွား၏။ အရာအားလုံး အုံ့ဆိုင်းသွားပြီး ဖရိုဖရဲဖြစ်ကုန်သည်။
ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာပြီး မြေကြီး ကျွံကျသွားသည်။ ပြန်လည်မွေးဖွားခြင်းဂူကို ဦးဆောင်သွားနေသည့် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်ကြီးများ၏မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်တွင် မျောလွင့်နေသော မြုများ တဖွေးဖွေးလှုပ်လာပြီး မြေပြင်ထံပြန်လည် ထိုးဆင်းလာသည်။
ထို့နောက် ဖော်ပြ၍မတတ်နိုင်လောက်အောင် တုန်လှုပ်ဖွယ်ကောင်းသော ဆွဲအားကြီး ဖြစ်တည်လာ၏။ ၄င်းက အလောင်းကြီးမှလာပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးကို အလောင်းထံ ချက်ချင်းဆွဲယူနေသည်။ အနီးနားရှိ ကျင့်ကြံသူများမှာ ရှောင်ရန် အချိန်မရလိုက်သည့်အတွက် အတွင်းထဲ စုပ်ယူခံလိုက်ရသည်။ သူတို့အလောင်းကြီး၏မျက်နှာပြင်ကို ထိသည်နှင့် ပျောက်ကွယ်သွားလေသည်။
လီရှိချီ၊ ဝမ်ယိုချိုင်၊ လီတောက်ရီ၊ ဝမ်လီဟိုင်၊ ကျိုးကျဲ၊ ချန်ဖန်းတို့အားလုံး ချက်ချင်း ဆွဲအားကြီး၏စုပ်ယူခြင်း ခံလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှပင် သူတို့မှာ အလောင်းကြီးထံ ဒလိမ့်ခေါက်ခွေး လွင့်သွားပြီးနောက် ထူးဆန်းသောနေရာသို့ နေရာရွှေ့ပြောင်းခံလိုက်ရသည်။။
မန်ဟို၊ ချူယွီယန်၊ ရီဖေးမုအပြင် အရှေ့ဆေးဝါးအဖွဲ့နှင့် ခရမ်းရောင်ချီအဖွဲ့မှာ ကျန်ရှိသူများအားလုံး မရှောင်နိုင်ပေ။ သူတို့အားလုံး အလောင်းကြီးထံ လည်ထွက်သွားကြပြီး ပျောက်ကွယ်သွား၏။
မန်ဟိုအတွက်တော့ ဧရာမလက်ကြီးတစ်ဖက် သူ့ကို ဆုပ်ကိုင်၍ အလောင်းထံဆွဲယူနေသည့်အလား ခံစားရသည်။ သူ ဘာမှမတတ်နိုင်သော်လည်း သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်နေ၏။ သူ့ကိုဆွဲခေါ်နေသည့်အားကြီးတွင် မကောင်းသည့်ရည်ရွယ်ချက်မပါရှိကြောင်း သူပြောနိုင်သည်။ ပါရှိပါကလည်း သူအဝေးကြီးရောက်အောင် ပြေးလျှင်တောင်မှ ၄င်း၏အစွမ်းကိုစဥ်းစားကြည့်လျှင် သူ့အတွက် လုံခြုံဦးမည်မဟုတ်ပေ။
"အင်း ခင်ဗျား ကျုပ်ကို ခေါ်နေတာ သုံးခါရှိပြီဆိုတော့ လိုက်လာပါ့မယ်လေ" သူ၏မျက်လုံးများ စူးရှတောက်ပသွားသည်။ ခေါ်သံကြီးအား သုံးကြိမ်ခံစားပြီး စကားများကို နားထောင်ပြီးနောက် သူသည် ဤနေရာသို့ သေချာပေါက် လာရမည်ဖြစ်ကြောင်း အချိန်အတော်ကြာကတည်းက နားလည်ခဲ့လေသည်။
ကောင်းကင်နှင့်မြေကြီး၏ အရေးပါမှုသည် ဖခင်နှင့်မိခင်၏ အရေးပါမှုယှဥ်လျှင် မပြောပလောက်ပေ။
သူ့မိဘနှစ်ပါး၏ကိစ္စမှာ အစကတည်းက သူ့နှလုံးသားအား လေးလံစေခဲ့သည်။ ဤသည်မှာ သူ့အတွက် အဖြေတချို့ ရရန် အခွင့်အရေးဖြစ်ကြောင်း သူခံစားနေရ၏။
မန်ဟိုသည် အလောင်းကြီးအား ထိပြီး ပျောက်ကွယ်လာသည့် အခိုက်၌ ကျီလူငယ်နှင့် ဖန်မိန်းကလေးလည်း စုပ်ယူခံနေရသည်ကို တွေ့လိုက်သည်။
ထို့နောက် အရာအားလုံး အမှောင်ဖုံးသွားသည်.....
***