ဝင်္ကပါထဲက အရုပ်များကို ဖျက်စီးခြင်း
Vol. 22 Ch. 299
တစ်ချိန်တည်းဆိုသလို သူ့အရှေ့ရှိ ကမ္ဘာကြီးသည် အမည်းရောင်မဟုတ်တော့ဘဲ ခဲရောင်အလင်းဖြင့် ပြည့်နှက်သွားသည်။ ယခုတွင် သူ၏ခန္ဓာကိုယ်မှာ နေရာရွှေ့ပြောင်းခြင်းမန္တန်တစ်ခု၏ သက်ရောက်ခြင်းခံလိုက်ရကြောင်း မန်ဟိုပြောနိုင်လေသည်။
နေရာရွှေ့ပြောင်းခြင်းမန္တန်က သူ့ကို တစ်နေရာကို ရွှေ့ပြောင်းခဲ့သော်လည်း မည်သည့်နေရာမှန်း သူမသိပေ။
အမြင်အာရုံ တဖြေးဖြေးရှင်းလင်းပြတ်သားလာသောအခါ မန်ဟို ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏မျက်ခုံးနှစ်ဖက် တွန့်ချိုးသွား၏။
သူသည် နှစ်ပေါင်းမည်မျှကြာခဲ့ပြီလဲ မသိနိုင်သော သွေးကွက်များ စွန်းထင်းနေသည့် ရှေးဟောင်းနံရံကြီးတစ်ခုကို တွေ့လိုက်သည်။ အရှေ့ကို မျှော်ကြည့်လျှင် နံရံကြီးမှာ ကောင်းကင်ဘုံအထိ ဆန့်တန်းနေသယောင်ပင်။ ကြည့်ရသရွေ့ ၄င်းမှာ အဆုံးပင် မရှိသည့်တိုင်အောင် မြင့်မားပုံရသည်။
နံရံမှာ တစ်ခုသာမဟုတ်၊ နှစ်ခုပေါင်း၍ လျှောက်လမ်းတစ်ခု ဖန်တီးပေးထားသည်။သူသည် လျှောက်လမ်းအတိုင်းမသွားဘဲ အပေါ်တည့်တည့်သို့ ပျံတက်လိုက်သည်။
သူသည် အချိန်အနည်းငယ်ကြာသည်အထိ တက်ကြည့်သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို မျက်စိ၌ စုဆုံစေပြီးနောက်တွင်ပင် ထိပ်ကို မြင်နိုင်စွမ်းမရှိသေးပေ။
"အဆုံးမရှိဘူးပဲ...." သူက ဖြေးဖြေးချင်း ပြန်ဆင်းရင်း တွေးလိုက်သည်။ သူသည် မြေကြီးပေါ်သို့ မဆင်းဘဲ လေလယ်တွင် တန့်နေ၏။
ဤနေရာမှာ အတော်မွန်းကြပ်စရာကောင်းသည်။ ရှေ့သွားမလား၊ နောက်ဆုတ်မလား ရွေးချယ်စရာ လမ်းနှစ်ခုသာရှိသည်။
မန်ဟိုသည် အလောင်းအားထိခဲ့မိသည့် ကျင့်ကြံသူများနှင့် သူတို့ပြောပြခဲ့သောအကြောင်းကို ပြန်စဥ်းစားလိုက်သည်။ ပြန်ရောက်လာလျှင်ချင်း သူတို့က မတူညီသောမြင်ကွင်းများကို ဖော်ပြခဲ့သည်။ တစ်ယောက်သည် တောင်တန်းများကို မြင်ပြီး တစ်ယောက်က မြစ်။ အခြားတစ်ယောက်က အဆောက်အအုံ၊ ကျန်တစ်ယောက်က ကောင်းကင်ရှုခင်းများ။ စစ်မြေပြင်ကို မြင်ခဲ့သည့်တစ်ယောက်ပင် ရှိသေးသည်။
မန်ဟိုက စဥ်းစားနေရင်း လက်ကို လေထဲမြှောက်ကာ ခုနစ်ခေါက်၊ ရှစ်ခေါက်ခန့် ထိုးလိုက်သည်။ ထစ်ချုန်းသံကြီးနှင့်အတူ တလိပ်လိပ်ထနေသော မြူများမှ ဖန်တီးထားပုံရသည့် အနက်ရောင်လက်ဝါးကြီးတစ်ဖက်ပေါ်လာသည်။ ၄င်းက နံရံဆီ ပြေးဝင်သွား၏။
၄င်း၏ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းကို စဥ်းစားကြည့်လျှင် နံရံကို ဝင်ဆောင့်ရန် တခဏသာကြာလိုက်သည်။ မည်သည့်အသံမှ ထွက်မလာ။ လက်ဝါးမှာ နံရံ၏စုပ်ယူခြင်း ခံလိုက်ရပုံပင်။ အရာသေးသေးလေးပင် မကျန်ခဲ့ပေ။
မန်ဟို့မျက်နှာ သုန်မှုန်သွားသည်။
စောစောက သူသည် စွမ်းအား ငါးဆယ်ရာခိုင်နှုန်းဖြင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သို့သော် ချီအခြေတည်အဆင့် စက်ဝန်းပြည့်ပြီးကြောင်း ထည့်တွက်လျှင် သူ့အနေဖြင့် နံရံလေးတစ်ခုကို အမှုန့်ဖြစ်သွားအောင် အလွယ်တကူ ရိုက်ခွဲဖြစ်နိုင်သည်။ သို့သော် ဤနံရံကား တုန်ခါခြင်းပင်မရှိ။
သူသည် အရှေ့သို့ ရှေးရှုရင်း အမြင့်ဆုံးအရှိန်ဖြင့် လေကိုခွင်း၍ သွားနေသည်။ သူခပ်ဝေးဝေးမရောက်ခင် သူ့ဘေးတစ်ဖက်တစ်ချက်ရှိ နံရံနှစ်ဖက်မှာ ဘေးသို့ ကျယ်သွားသည်။ သူအရှေ့ရှိ ဧရိယာမှာ ကြီးမားကျယ်ပြန့်လာပြီး နောက်နံရံတစ်ဖက်ပေါ်လာကာ လမ်းကို နှစ်လမ်းကွဲသွားစေသည်။
အရှေ့၌ ကွဲသွားသော လမ်းကြောင်းကို မြင်သောအခါ သဘောပေါက်သွားမှုက သူ၏မျက်ဝန်းများထဲ လင်းလက်သွားသည်။
"ဝင်္ကပါ....."
ထိုအချိန် ဝင်္ကပါထဲရှိ အခြားတစ်နေရာတွင် လီတောက်ရီသည် မျက်နှာထားတင်းမာခက်ထန်နေလျက် အရှေ့သို့ တဟုန်ထိုးသွားနေ၏။ ကျိုးကျဲ၊ ဝမ်လီဟိုင်၊ ရှုချင်၊ ဟန်ပေ့နှင့် အခြားသူများလည်း ထိုနည်းတူပင်။ သူတို့အားလုံး ဝင်္ကပါထဲ ရောက်နေကြလေသည်။
ကျီမျိုးနွယ်စုမှ လူငယ်နှင့် ဖန်မန်းကလေးလည်း အတူတူပင်။ သူတို့အားလုံးသည် ဤဝင်္ကပါကြီးထဲ၌ မတူညီသောနေရာအသီးသီးတွင် ရှိနေကြသည်။
သို့သော် တစ်ယောက်နှင့် တစ်ယောက် ဆုံတွေ့ခြင်းမရှိသည့်အတွက် လူတိုင်းမှာ အထဲ၌ မိမိတစ်ယောက်တည်းသာရှိသည်ဟူ၍ ကောက်ချက်ချထားကြလေသည်။
ယခင်က အင်မိုတယ်အလောင်းကို ထိပြီးနောက် ပြန်လည်ရောက်ရှိလာသော မည်သူမဆို မတူညီနေသော နေရာများသို့ရွှေ့ပြောင်းခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ထပ်သည်ဟူ၍ မရှိခဲ့ပေ။
နေ့ရက်များကုန်ဆုံးသွား၏။ မန်ဟို့မျက်နှာ တည်ငြိမ်အေးဆေးလျက်သာ ရှိသည်။ သူသည် လမ်းဆုံအမြောက်အမြား တွေ့ခဲ့ရသော်လည်း ဘယ်တော့မှ မတုံ့ဆိုင်းခဲ့ပေ။ လမ်းတစ်လမ်းရွေးချယ်ပြီး ထွေထွေထူးထူးစဥ်းစားမနေဘဲ ရှေ့ဆက်သွားမည်ဖြစ်သည်။
"ခင်ဗျား ကျုပ်ကို ဒီနေရာခေါ်ခဲ့တာဆိုတော့.... ကျုပ် ခင်ဗျားကိုလိုက်မရှာတော့ဘူး၊ ဘာဖြစ်ဖြစ် နောက်ဆုံးကျရင် ကျုပ်ကို ကိုယ်ထင်ပြရမှာပဲလေ" သူသည် ရက်ပေါင်းများစွာ အေးအေးလူလူပျံသန်းနေ၏။ တစ်နေ့တွင် ငါးလမ်းဆုံတစ်ခု သူ့အရှေ့တွင် ပေါ်လာသည်။ မန်ဟိုက ၄င်းကို သာမန်ကာလျှံကာ ကြည့်ပြီး အလယ်လမ်းကို ရွေးရန်ပြင်လိုက်စဥ် ရုတ်တရက် သူ၏မျက်လုံးများ လင်းလက်သွားပြီး နောက်ဆုတ်လိုက်လေသည်။
ဆုတ်လိုက်သည်နှင့် တစ်ပြိုင်တည်းမှာပင် သူသည် လက်ခလယ်ကို လျင်မြန်စွာ လှီးရင်း ညာလက်ကို မြှောက်ပြီးနောက် လမ်းဆုံထံ ဝှေ့ယမ်းလိုက်သည်။
သူနောက်ဆုတ်လိုက်စဥ် လျှပ်စီးကဲ့သို့ အနက်ရောင်အတန်းတစ်တန်းက သူ့ထံ ပြေးဝင်လာ၏။ စောစောက သူသာ မဆုတ်ခဲ့လျှင် သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
ထိုအစား သူ၏လက်ချောင်းတိုက်ကွက်သည် တလိပ်လိပ်လှုပ်ရှားနေသော သွေးချီဖြင့် ပေါက်ကွဲထွက်သွားသည်။ ၄င်းက လာနေသော အနက်ရောင်အတန်းကို ဝင်ဆောင့်လိုက်၏။
ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်။ မန်ဟို၏မျက်နှာ ခက်ထန်သွားပြီး သူ့မျက်ဝန်းများ၌ အသတ်အဖြတ်စိတ်ဆန္ဒ တောက်လောင်လာသည်။ သူက နောက်သို့ ခြေသုံးလှမ်း ထပ်ဆုတ်ပြီး ရပ်လိုက်သည်။ ထို့နောက် သူ့လက်ကို နောက်တစ်ဖန် မြှောက်လိုက်ရာ ခရမ်းရောင်ချီသည် သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်သွား၏။ ချီက သူ့လက်ထံ စီးဆင်းသွားပြီး ခရမ်းရောင်ဓားရှည်တစ်လက် အသွင်ပြောင်းသွားသည်။
ရုတ်တရက် သူသည် တုံ့ဆိုင်းမနေဘဲ ရှေ့တက်ပြီး လက်ကို ခုတ်ပိုင်းသည့်ဟန် ဝှေ့ယမ်းလိုက်သည်။
သူ့လက်မှ ခရမ်းရောင်အလင်း လက်သွားကာ သုံးမီတာရှည်သော စက်ဝန်းပြတ်တစ်ခုအဖြစ် ပြောင်းသွားသဖြင့် ထစ်ချုန်းသံကြီး မြည်ဟည်းလာသည်။ ခရမ်းရောင်ချီမျှင်များသည် မန်ဟို့ဆီမှ ထွက်လာပြီး စက်ဝန်းပြတ်အတွင်း ဝင်ရောက်သွားသည်။
ဤသည်ကား .... ခရမ်းရောင်ချီခေါင်းဖြတ်စက်ပင်။
တာအိုမဏ္ဍိုင်ဆယ်ခု၊ အရှေ့အရပ်မှခရမ်းရောင်ချီနှင့် ပြီးပြည့်စုံသော အခြေ၏စွမ်းအားဖြင့် ပြည့်ဝနေသော ဤတိုက်ကွက်ကား သေစေနိုင်သော မှော်တိုက်ကွက်ဖြစ်၏။
ခရမ်းရောင်ချီခေါင်းဖြတ်စက်မှာ ဆန်းသစ်စလခြမ်းကွေးသဖွယ် ဆုံမှတ်သို့ ပြေးဝင်သွားသည်။ ၄င်း လမ်းဆုံထဲ ဝင်ရောက်သွားစဥ် ၄င်းပတ်လည်ရှိ လေထုသည် ပုံပျက်ရှုံ့တွကာ လှိုင်းများထလာ၏။ လေဟာနယ်မှာ ဖုံးကွယ်ထားသည့်အရာအား ဖယ်ရှားပစ်လိုက်သကဲ့သို့ တွ့န်လိမ်သွားသည်။ ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာ၏။
၄င်းသည် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်သည်။ သူက မန်ဟို့ထက် ခေါင်းသုံးလုံးပိုမြင့်ကာ တော်တော်လေး ဗလတောင့်သည်။ သူသည် သာမန်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အရေပြားပေါ်၌ ခေါင်းသုံးလုံးရေနဂါးအရုပ် ရေးဆွဲထားသည်ကို မြင်နိုင်သည်။
ဤလူကား အနောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူတစ်ယောက်ပင်။
ယခုတွင် သူ့မှာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်၍ ရုတ်တရက် ညာလက်ကိုမြှောက်ပြီး ပါးစပ်ဟကာ အော်သည်။ အနက်ရောင်အလင်းဖန်လုံးတစ်ခု သူ့နဖူးမှ ထွက်လာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖုံးနေသော အရုပ်သည် အနက်ရောင်အခိုးအငွေ့များဖြင့် တောက်ပလာကာ သူ့အရှေ့တွင် မယုံလောက်အောင် အသက်ဝင်နေသော ခေါင်းသုံးလုံးရေနဂါးပုံရိပ် ပေါ်လာသည်။ ၄င်းက တွန်ရင်း ခရမ်းရောင်ချီခေါင်းဖြတ်စက်ထံ ပြေးဝင်သွားသည်။
ပေါက်ကွဲသံကြီးက အရာအားလုံးကို တုန်ခါသွားစေသည်။ မန်ဟို့ကြည့်နေစဥ် ခရမ်းရောင်ချီခေါင်းဖြတ်စက်သည် ခရမ်းရောင်ချီမျှင်များအဖြစ် ပြိုကွဲကာ လွင့်စင်ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် ခေါင်းသုံးလုံးရေနဂါးလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လာသည်။ အနောက်တိုင်းသဲကန္တာရကျင့်ကြံသူ၏ မျက်နှာ မည်းမှောင်သွားပြီး မန်ဟို့ကို တအံ့တသြစိုက်ကြည့်လိုက်သည်။
မန်ဟိုက အေးစက်စက် နှာမှုတ်၍ လက်ကိုမြှောက်ပြီး ရှေ့သို့ဝှေ့ယမ်းလိုက်သည်။
"ခရမ်းရောင်ချီကြိုး" သူလက်ကို ဝှေ့ယမ်းလိုက်စဥ် ပတ်ပတ်လည်ရှိ ခရမ်းရောင်ချီ ရုတ်တရက် ငြိမ်သက်သွားသည်။ ထို့နောက် ၄င်းသည် တွန့်လိမ်ပြီး ဆန့်ထွက်လာကာ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူကို ပတ်၍ပျံဝဲနေသည့် မရေမတွက်နိုင်သော အမျှင်များအသွင် ပြောင်းသွားသည်။ ၄င်းက အသံစူးစူးများ ထုတ်လွှတ်ရင်း သူ့ကို လျင်မြန်စွာ ပတ်လိုက်သည်။ ရုတ်တရက် မန်ဟိုက လက်သီးဆုပ်လိုက်ရာ ခရမ်းရောင်ချီမျှင်များ ကျုံ့သွားသည်။
ဤပညာရပ်မှာ မန်ဟို ခရမ်းရောင်ဆေးပေါင်းဖို ဘုရင်ဖြစ်လာပြီးနောက် လေ့လာထားသောအရာတစ်ခု ဖြစ်၏။ ယင်းက ခရမ်းရောင်ချီအဖွဲ့မှ ပညာရပ်၊ ခရမ်းရောင်ချီခေါင်းဖြတ်စက်၏ ဒုတိယပုံစံပင်။ ဒုတိယပုံစံအပြင် ၄င်းတွင် ဆန်းသစ်စခရမ်းလခြမ်းဆိုသော တတိယပုံစံရှိသေးသည်။
ခရမ်းရောင်ချီကြိုးကျုံ့လာသည်နှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏မျက်နှာကြီး မည်းမှောင်လာသည်။ သူက အေးစက်စက်နှာမှုတ်ပြီးနောက် ညာလက်ကို မြှောက်လိုက်ရာ ရုတ်တရက် လက်ခုံပေါ်တွင် အရုပ်တစ်ရုပ်ပေါ်လာသည်။
ဤအရုပ်သည် မွေးကင်းစကလေး၏ လက်သီးဆုပ်အရွယ်ခန့်ရှိသော ရိုးရိုးရှင်းရှင်း အနီရောင်လက်သီးပုံစံဖြစ်သည်။ သို့ရာတွင် မျက်စိတစ်မှိတ်အတွင်း အနောက်တိုင်းသဲကန္တာရကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
သူ၏မြှောက်ထားသောလက်က လက်သီးဆုပ်၍ အောက်သို့ထိုးချလိုက်သည်။
လက်သီးက လေကိုသာ ထိုးခွင်းသွားသော်လည်း လှိုင်းအထပ်ထပ် ရိုက်ခတ်လာသည်။ မွေးကင်းစကလေးတစ်ယောက်၏ စူးစူးဝါးဝါး ငိုသံကြားလိုက်ရပြီး ၄င်းပဲ့တင်ထပ်နေစဥ် လှိုင်းများက ခရမ်းရောင်ချီကို ဝင်တိုက်သည်။ ချက်ချင်းပင် ခရမ်းရောင်ချီ လွင့်စင်ပြိုကွဲလာ၏။
အနောက်တိုင်းသဲကန္တာရကျင့်ကြံသူ၏မျက်နှာ ဖြူဖျော့သွားသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ သူက မန်ဟို့ကို ထိတ်လန့်နေသော မျက်ဝန်းများဖြင့် ကြည့်သည်။
"လူကြီးမင်းက တောင်ပိုင်းဒေသရဲ့ ဇီယွင်ဂိုဏ်းက ဆေးဝါးပညာရှင်တစ်ယောက်ကိုး" သူက နောက်ဆုတ်ရင်း ပြောသည်။ "ခင်ဗျားမှာ ဒီလိုကျင့်ကြံခြင်းအခြေခံ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်တော် စောစောက နည်းနည်းအလျင်လိုသွားလို့ပါ လူကြီးမင်း။ အခုသွားတော့မယ်နော်" တတိယမြောက်အရုပ် သူ၏ဘယ်လက်မောင်းပေါ်တွင် ပေါ်လာသော်လည်း ၄င်းမှာ တစ်ဝက်သာ ရုပ်လုံးပေါ်သည်။ ကျင့်ကြံသူ၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်တော့မည့်အလား ဝေဝါးလာ၏။
"နည်းနည်းအလျင်လိုလို့ပါတဲ့လား" မန်ဟို၏မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒ တောက်ပလာသည်။ စောစောက သူသာ အချိန်ကိုက်မရှောင်နိုင်ခဲ့လျှင် ခေါင်းပြတ်နေပြီဖြစ်သည်။ သူ့ပါးစပ်မှ စကားလုံးများမှ ထွက်သွားချိန်မှာပင် သူက ရှေ့သို့ တဟုန်ထိုးထွက်သွား၏။
"မင်းတို့ တောင်ပိုင်းဒေသကျင့်ကြံသူတွေက ဘယ်အချိန်မှာ အလျှော့ပေးရမလဲ တကယ်မသိဘူးပဲ" အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက အေးစက်စက်နှာမှုတ်ရင်း ပြောသည်။ "ငါတို့နှစ်ယောက်လုံး အတုအယောင်အမြုတေအဆင့်မှာဆိုတာ သိသာတယ်။ စောစောက မင်း အားကုန်သုံးခဲ့ပြီးပြီ။ ဒီတော့ ငါတို့က သရေပဲ" ရက်စက်ကြမ်းကြုတ်မှုက သူ၏မျက်နှာကို ဖုံးလွှမ်းသွား၏။
မန်ဟို ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း စွမ်းအားများ ထုတ်လွှတ်လိုက်သည့်အခါ သူ၏မျက်နှာထား ပြောင်းသွား၏။ ဤစွမ်းအားသည် ယခင်ထက်ပင်ပို၍ ပြင်းထန်ကာ ပတ်ဝန်းကျင်တွင် ရှိရှိအရာအားလုံးအား တုန်ခါနေစေသည်။
မန်ဟိုက ညာလက်ကို မြှောက်ပြီး လက်သုံးချောင်း ဆန့်ထုတ်လိုက်သည်။
လက်ချောင်းသုံးချောင်းဖြင့် ကြောက်မက်ဖွယ် သွေးလက်ဝါးကြီး ပေါ်လာသည်။ ၄င်းက အသတ်အဖြတ်ချီ အသွင်ပြောင်း၍ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူထံ ပြေးဝင်သွား၏။
"ဒီလက်သုံးချောင်းရိုက်ချက်ကနေ အသက်ရှင်သေးရင် မင်း ထွက်သွားလို့ရတယ်"
အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏မျက်နှာမှာ အံ့သြခြင်းများဖြင့် ပြည့်နှက်နေလျက် ရိပ်ခနဲ ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော ဝေဝါးမှုသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ့မှာ ကိုယ်ပျောက်အစွမ်းကို ဆက်ထိန်းထား၍မရတော့ပေ။ သူသည် လက်မြှောက်ပြီး နဖူးကို ရိုက်လိုက်သည်။ ခေါင်းသုံးလုံးရေနဂါးရုပ်နှင့် သွေးလက်သီးအရုပ် နှစ်မျိုးလုံးပေါ်လာကာ ရှေ့ထွက်သွား၏။
မန်ဟို့၏ လက်ချောင်းသုံးချောင်းဖြင့်လက်ဝါးကြီးက ၄င်းတို့ကို ဝင်ဆောင့်လိုက်သည်။
ထွက်လာသော ပေါက်ကွဲသံကြီးမှာ အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်နေ၏။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူမှာ သွေးပျက်စွာ အော်ဟစ်လိုက်သည်။ လက်သီးအရုပ် ကြေမွသွားစဥ် သူ့တစ်ကိုယ်လုံးတုန်ရီလာသည်။ ခေါင်းသုံးလုံးရေနဂါး လွင့်ပျယ်သွားသည့်အခါ သူ့ပါးစပ်မှ သွေးများပန်းထွက်သွား၏။ သူသည် မျက်နှာဖြူဆုပ်လျက် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူစကားတစ်လုံးပင် မပြောနိုင်ခင် သွေးလက်ချောင်းတစ်ချောင်းက သူ့နဖူးကို ဖောက်ထွက်သွားသည်။
သူ့ တစ်ကိုယ်လုံး တုန်သွားပြီး မြေကြီးပေါ်သို့ အသက်မဲ့လျက် လဲကျသွားလေသည်။
မန်ဟိုက အနားကပ်သွားသည်။ သူသည် နာမည်ပင် မသိလိုက်သည့် အသက်မဲ့သော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူကို ငုံ့ကြည့်သည်။ သူက အလောင်းဘေးတွင် ဒူးထောက်ကာ သိုလှောင်အိတ်ရှာလိုက်သည်။ သူ၏မျက်လုံးများသည် အတွေးများဖြင့် တောက်ပနေ၏။
"ဆိုတော့ ဒီနေရာမှာ ငါတစ်ယောက်တည်း မဟုတ်ပုံပဲ.... ဒီအနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေရဲ့ ပညာရပ်တွေက ထူးဆန်းတတယ်။ တောင်ပိုင်းဒေသက ပညာရပ်တွေနဲ့ အဖြူနဲ့အမည်းလို ကွဲပြားတယ်.....မဟုတ်ရင် သွေးလက်ချောင်းတစ်ချောင်းနဲ့တင် အတုအယောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့ လုံလောက်မှာ" သူသည် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူကို နောက်ဆုံးတစ်ချက်ကြည့််လိုက်ရာ ထိုလူ့လက်မောင်းနှစ်ဖက်ရှိ အရုပ်သည် တဖြေးဖြေး မှေးမှိန်လာကာ အနက်ရောင်မင်အဖြစ်ပြောင်းနေကြောင်း သတိထားမိလိုက်သည်။
***