ရှေးဟောင်းကြယ်တာရာကောင်းကင်
Vol. 22 Ch. 300
"အနောက်ပိုင်းသဲကန္တာရ....." မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ဤ နဂါးငွေ့တန်းပင်လယ်ဘက်ခြမ်းတွင် အနောက်ပိုင်းသဲကန္တာရနှင့် တောင်ပိုင်းဒေသရှိ၏။ ထိုနှစ်ခု၏အလယ်မှာ သိပ်မကြီးမားသော အနက်ရောင်နယ်မြေများဖြစ်သည်။
အနက်ရောင်နယ်မြေများသည် တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရအကြား ဆက်သွယ်ပေးသည့် တစ်ခုတည်းသောလမ်းဖြစ်သည်။ အခြားနေရာများမှာ ထိုအာဏာစက်နှစ်ခုမှ ခေါင်းဆောင်ကြီးအဆင့်ကျင့်ကြံသူများ၏ ချိတ်ပိတ်ခြင်းခံထားရရာ တိုက်ကြီးနှစ်တိုက် သို့မဟုတ် ပိုင်နက်နှစ်ခုအဖြစ် ကွဲထွက်နေသည်။
သမိုင်းတစ်လျှောက်လုံး တိုက်ကြီးနှစ်တိုက်အတွင်း၌ တစ်ကမ္ဘာလုံးတုန်လှုပ်သွားစေသော မဟာစစ်ပွဲကြီးနှစ်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုမဟာစစ်ပွဲကြီးနှစ်ပွဲအတွင်း အနောက်ပိုင်းသဲကန္တာရနှင့် တောင်ပိုင်းဒေသနှစ်ဖက်လုံးမှ ဂိုဏ်းအားလုံး ပါဝင်ခဲ့ကြသည်။ ယင်းကဲ့သို့ စစ်ပွဲများသည် ဂိုဏ်းနှစ်ဂိုဏ်း၊ မျိုးနွယ်စုနှစ်စုကြားက စစ်ပွဲမျိုးမဟုတ်၊ အင်အားကြီးမားသော အာဏာစက်ကြီးနှစ်ခုကြားက အဓိကစစ်ပွဲများဖြစ်သည်။
စစ်ပွဲနှစ်ပွဲလုံး၌ ကျူးကျော်ရန်စသူမှာ အနောက်ပိုင်းသဲကန္တာရပင်။
အနောက်ပိုင်းသဲကန္တာရ၏ ကျင့်ကြံခြင်းဆိုင်ရာရင်းမြစ်များမှာ အတိုင်းထက်အလွန် နည်းပါး၏။ ထိုမျှသာမက ရာသီဥတုမှာ ဆိုးဝါးပြီး စိတ်ဝိညာဥ်စွမ်းအင် ရှားပါးသည်။ သို့ထိတိုင် ထူးချွန်ပြောင်မြောက်သော သူရဲကောင်းများစွာ မြေတောင်မြှောက်ပေးနိုင်သေး၏။ ထို့ကြောင့် အခက်အခဲအားလုံး၏အလယ်တွင် အနောက်ပိုင်းသဲကန္တာရ၏အာဏာမှာ အားကောင်းသထက် အားကောင်းလာသည်။
အနောက်ပိုင်းသဲကန္တာရတွင် ကျင့်ကြံခြင်းမှာ အဓိကမဟုတ်။ အရေးအကြီးဆုံးက အသက်ရှင်သန်နိုင်ရေး ဖြစ်သည်။ ထိုနေရာတွင် ကြီးနိုင်ငယ်ညှင်းဝါဒသည် တောင်ပိုင်းဒေသထက်ပင် အဆများစွာ ပို၍ ရက်စက်၏။ ထိုကဲ့သို့ အခြေအနေမျိုးတွင် အိတ်ကိုဖောက်ထွက်နေသော ဆူးချွန်များသဖွယ် ကြံခိုင်သော အရည်အချင်းရှိကျင့်ကြံသူများသည် အဆင့်တူသောတောင်ပိုင်းဒေသပြိုင်ဘက်များထက် များစွာပို၍ အစွမ်းထက်လေသည်။
သူတို့သည် တောင်ပိုင်းဒေသ၏ စည်ပင်ကြွယ်ဝမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မနာလိုဖြစ်ကြသည်။ ထို့ကြောင့် ကျူးကျော်တိုက်ခိုက်ကြလေသည်။
စစ်ပွဲနှစ်ပွဲမှာ အနောက်ပိုင်းနှင့် တောင်ပိုင်းအကြား နယ်နိမိတ်အပိုင်းအခြားကို ထင်ရှားပေါ်လွင်လာစေခဲ့၏။
မန်ဟိုက လက်မြှောက်လိုက်သည်။ မီးပင်လယ်တစ်စင်းက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏ခန္ဓာကိုယ် ပြာကျသည်အထိ တိုက်စားလောင်ကျွမ်းသွားသည်။ မန်ဟိုသည် အလင်းတန်းအသွင်ပြောင်းကား ယခင်ထက်ပင်ပို၍ သတိရှိရှိနှင့် ရှေ့ဆက်သွား၏။
အချိန်များ တဖြေးဖြေးကုန်ဆုံးလာသည်။ ဤဝင်္ကပါထဲတွင် အနောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူများသာမဟုတ်၊ တောင်ပိုင်းဒေသမှ ဒေသခံများလည်း ရှိသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် ဆုံသောအခါ တစ်ခါတရံ အချင်းချင်းဖေးမကြပြီး တစ်ခါတရံ တိုက်ပွဲများ ဖြစ်ပွားတတ်သည်။ အရာအားလုံးကား အတော်လေး ရုန့်ရင်းဆန်ခတ်ပင်။
အပြင်ဘက်ကမ္ဘာတွင် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်ကြီးများသည် သက််ဆိုင်ရာ အလင်းတန်းများဆီသို့ ပြန်ရောက်နေကြပြီဖြစ်သည်။ ယခုအချိန်တွင် စိုးရိမ်သောကများအား သူတို့မျက်နှာများအပေါ်တွင် မြင်နိုင်သည်။ တစ်လကြာခဲ့ပြီးသည့်တိုင် တစ်ယောက်မှ ပြန်မရောက်လာသေးသည်မဟုတ်လော။
ဤဖြစ်ရပ်မျိုးမှာ တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။ ယခင်က အလောင်းကို ထိလိုက်သည်နှင့် နေရာရွှေ့ပြောင်းခြင်းခံရသော်လည်းအလွန်ဆုံး လဝက်ကြာလျှင် ပြန်လည်နေရာရွှေ့ပြောင်းခံရမည်။ ထိုသို့မဟုတ်လျှင်.... သူတို့သေဆုံးသွားပြီဖြစ်သည်။
ပြီးခဲ့သည့်လက နောက်ထပ် ပြောင်းလဲမှုတစ်ခု ဖြစ်သွားသေးသည်။ ဒိုင်းတစ်ခုသည် အလောင်းပတ်ပတ်လည်တွင် ပေါ်လာကာ အနား ဘယ်သူမှ မကပ်နိုင်အောင် ကာဆီးထား၏။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများပင်လျှင် ထိုဒိုင်းကို ဖြတ်မသွားနိုင်ပေ။
သို့သော် ဒိုင်းသည် အလောင်းမှ ထုတ်လွှတ်နေသော ချီတစ်မျိုးဖြစ်ကြောင်း သူတို့အာရုံရ၏။ ဤချီကား.... အသက်စွမ်းအားဖြစ်ကြောင်း အလွယ်တကူခန့်မှန်းနိုင်လေသည်။
အင်မိုတယ်ကား မသေသေးပေ။ သူ့တွင် အသက်တစ်ရှိုက်စာ ကျန်နေသေးသည်။
တောင်ပိုင်းဒေသမှာ အဆုံးစွန်အထိ တုန်လှုပ်သွားသည်။ ခေါင်းဆောင်ကြီးများ ပို၍ရောက်လာကြသော်လည်း တစ်ယောက်မှ မတတ်နိုင်ပေ။ ရေတိုအတွက် တစ်ခုတည်းသောရွေးစရာမှာ အဖိုးထိုက်ရတနာတချို့ သုံးပြီး ဒိုင်းကို ထိုးဖောက်ရန်ပင်။ သို့သော် ဒိုင်းမှာ ..... အဖိုးထိုက်ရတနာများ မသုံးဘဲနှင့်ပင် နောက်တစ်လအတွင်း အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း သိသာသည်။
ထို့ပြင် ဂိုဏ်းများသည် သူတို့၏ဂိုဏ်းသားများ၏ သက်စောင့်ပေလွှာအများစုမှာ အကောင်းတိုင်းရှိနေပြီး မအက်ကွဲသေးကြောင်း သတိမထားမိဘဲ မနေပေ။ ဂိုဏ်းသားအများစုမှာ အန္တရာယ်ရှိသော်လည်း အသက်ရှင်နေသေး၏။ ယခုလောလောဆယ်အတွက် အကောင်းဆုံးမှာ စောင့်နေရုံသာဖြစ်သည်။
ဘယ်သူမှ မပြောသည့်တိုင် ဒိုင်းမှာ ဟန့်တားခြင်းအစား အကာအကွယ်နှင့်တူသည်ကို ခေါင်းဆောင်ကြီးများ မမြင်ဘဲရှိမည်လော။ ဂိုဏ်းသားအားလုံး တစ်ပြုံတည်းပျောက်ကွယ်သွားခြင်းက အန္တရာယ်များသော်လည်း ကံကောင်းသည်ဟုလည်း မြင်နိုင်၏။
ဤသည်ကား.... သေချာပေါက် အမွေအနှစ်ပင်။
ဝင်္ကပါအတွင်း၌ ရွေးချယ်ခံများနှင့် တာအိုကလေးများသည် ထွက်ပေါက်ရှာရန် နည်းလမ်းအမြောက်အမြား အသုံးပြုနေကြသည်။ ယခုထက်ထိ ဘယ်သူမှ မအောင်မြင်သေးပေ။ သို့သော်.... တော်တော်များများမှာ ကံကောင်းမှုအမျိုးမျိုး ရရှိခဲ့ကြ၏။
ဥပမာ လောလောဆယ်တွင် ချူယွီယန်မှာ အသက်ရှူသံများ မြန်ဆန်နေသည်။ သူမသည် ယခုတင် လမ်းဆုံတစ်ခု၏အဆုံးသို့ ရောက်လာခဲ့ခြင်းဖြစ်၏။ အရှေ့တွင် ဆေးဖော်စပ်နည်းများ ပြည့်နေသော နံရံအကြီးကြီးရှိသည်။ တစ်ခုစီတိုင်းက သူမစိတ်အား ချာချာလည်သွားစေသည်။
လီရှိချီသည် အဆောက်အအုံများပြည့်နေသော နေရာတစ်ခုသို့ ရောက်နေသည်။ သူမက ၄င်းတို့အား တခဏ ငေးကြည့်နေပြီးနောက် မကြာခင် ဟိုဟိုသည်ဟည် လမ်းလျှောက်နေသော ဝိညာဥ်များဖြင့် ဝန်းရံခံထားရကြောင်း သဘောပေါက်လိုက်သည်။
သူမသည် ကြည့်ရှုသူတစ်ယောက်သာဖြစ်နေသည့် ထူးဆန်းသောကမ္ဘာတစ်ခုကို ရှာတွေ့သွားခဲ့ပုံပေါ်သည်။
ကျီမျိုးနွယ်စုမှ လူငယ်၊ အယောင်ဆောင်တပ်သားကျင့်ကြံသူသည် လက်အနောက်ပစ်ရင်း ကြီးမားသောစစ်မြေပြင်ကြီးကို ဝင့်ကြွားစွာ ရပ်ကြည့်နေသည်။ သူ့ပတ်ပတ်လည်ရှိ အဆုံးမရှိသော အပျက်အစီးများက သူ၏အမူအရာကို နည်းနည်းလေးပင် ပြောင်းမသွားစေချေ။ သူသည် သူ့အရှေ့၌ ခေါင်းတလားကြီးတစ်ခု ပေါ်လာသည်တိုင်အောင် လျှောက်လာသည်။
အရှေ့ဘက်နယ်မြေ၏ ဖန်မျိုးနွယ်စုမှ မိန်းကလေးကမူ အေးစက်ခက်ထန်သောမျက်နှာလေးဖြင့် ကောင်းကင်နယ်မြေတတစ်ခုတွင် လမ်းလျှောက်နေသည်။ အဖြူရောင်ကြိုးကြာများက ခေါင်းထက်တွင် ပျံသန်းနေပြီး ပတ်ဝန်းကျင်မှာ မယုံနိုင်လောက်အောင် လှပ၏။
လီတောက်ရီ၊ ဝမ်ယိုချိုင်၊ ဟန်ရှန့်တောက်၊ ချန်ဖန်း၊ ရှုချင်နှင့် ဟန်ပေ့တို့အားလုံး ဝင်္ကပါ၏ နယ်ပယ်အသီးသီးတွင် ရောက်ရှိနေကြသည်။ သူတို့မြင်နေရသည့် မြင်ကွင်းများမှာ ယခင်က ဝင်္ကပါထဲ ရောက်ခဲ့သူများ မြင်ခဲ့သည့် မြင်ကွင်းများနှင့်တစ်ထပ်တည်းတူနေ၏။
ရက်ပေါင်းများစွာ ခရီးနှင်ပြီးနောက်ဆုံး မန်ဟိုသည် လမ်း၏အဆုံးသတ်သို့ ရောက်ကာ ကမ္ဘာအသစ်ထဲ ဝင်ရောက်သွားသည်။
တိတိကျကျပြောရလျှင် ၄င်းသည် ကြယ်များအပြည့်နှင့် ကွင်းပြင်အကျယ်ကြီးဖြစ်၏။
စူးရှတောက်ပနေသည့် မရေမတွက်နိုင်သောကြယ်များ။ အရ,အားလုံး တိတ်ဆိတ်နေသည်။ အသံသဲ့သဲ့ပင်မကြားရ။ မန်ဟိုက ဘေးဘီဝဲယာကို ကြည့်ရင်း ကြယ်များအကြား လျှောက်လာ၏။ သူသည် လျှောက်နေစဥ် အချိန်စွမ်းအားကို အာရုံရလိုက်သည်။ ဤနေရာရှိ ရှေးကျမှု၏အကြွင်းအကျန်များကို သူခံစားနေရ၏။
ရှေးကျမှုမှာ နှစ်တစ်သိန်းကျော် ယိုယွင်းပျက်စီးနေသကဲ့သို့ ခံစားရသည်။ ၄င်းသည် အသက်ရှင်လိုစိတ်ကို နှိုးဆွပေးနေသည့် အသက်တစ်ရှိုက်စာလေးကို ရှာတွေ့ရန် ရုန်းကန်နေရခဲ့သည့်လား မောဟိုက်ပင်ပန်းနေသည်။
ဤကြယ်ကွင်းပြင်မှာ မန်ဟို့အတွက် မရင်းနှီးပေ။ ညအခါ သူ မော့ကြည့်လျှင် မြင်ရလေ့ရှိသည့် ကြယ်တာရာကောင်းကင်မှာ....လုံးဝကွဲပြားသည်။
၄င်းတွင် တူညီသော ကြယ်လေးတစ်လုံးပင် ရှိပုံမရပေ။ ဤကြယ်တာရာများက ရှေးကျမှုကို ထုတ်လွှတ်နေသည်။ သူတို့ အပေါ်သို့မော့ကြည့်လိုက်ပါက ဤသည်မှာ တောင်ပိုင်းဒေသ၏ ညကောင်းကင်မဟုတ်ကြောင်း သိသာသည်။ သူ့မှာ ဤကြယ်များနှင့် တစ်နည်းနည်းဖြင့် ပေါင်းစည်းနေကြောင်း အနည်းငယ်အာရုံရနေသည်။ အဆိုပါ ခံစားချက် ပေါက်ဖွားလာသောအခါ သူ့နှလုံးသားထဲ၌ ယုံကြည်ချက်နှင့်မျှော်လင့်ချက်တို့ ရုတ်တရက် ထွက်ပေါ်လာသည်။
၄င်းမှာ ထူးဆန်းသော ခံစားချက်တစ်ခုဖြစ်၏။
အလောင်းမှ ဤနေရာသို့ နေရာရွှေ့ပြောင်းခံရသည့်လူတိုင်း မတူညီသောအရာများ မြင်ခဲ့ရကြောင်း မန်ဟိုသိသည်။ သို့သော် သူတို့ယခင်က မြင်ခဲ့သည့် နေရာအားလုံးအား ယခုတွင်း အတွင်းရှိလူများ တစ်ဖန်အလည်ပြန်ရောက်သွားကြလေပြီ။ ဤကြယ်တာရာကောင်းကင်မှလွဲ၍.....
အစမှအဆုံးအထိ သေသွားခဲ့သူများသော်လည်းကောင်း၊ အသက်ရှင်ကျန်ရစ်သူများသော်လည်းကောင်း ဤမြင်ကွင်းကို မမြင်ခဲ့ပေ။
မန်ဟိုက ပထမဆုံးလူဖြစ်၏။
မန်ဟိုသည် အကြောင်းကိစ္စများကို တွေးတောဆင်ခြင်နေရင်း ရုတ်တရက် ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ သူ့အောက်တွင် ခေါ်နေသောစွမ်းအားတစ်မျိုး ထုတ်လွှတ်နေသည့် ကြယ်တာရာတစ်ခုရှိကြောင်း သူ အာရုံရလေသည်။ သူ၏ခန္ဓာကိုယ်မှာ ၄င်းဆီ လျင်မြန်စွာ ဆွဲငင်ခံနေရကြောင်း သူခံစားနေရ၏။
အမြန်နှုန်းမှာ ဖော်ပြရခက်သည်။ အဆိုပါကြယ်သည် သူ၏မြင်ကွင်းတစ်ခုလုံး ပြည့်သွားသည့်တိုင်အောင် ကြီးသထက်ကြီးလာသည်။ သူ တိမ်များကို မြင်လိုက်သည်။ ထို့နောက် ပင်လယ်၊ ကုန်းမြေ။
ကုန်းမြေသည် အကန့်အသတ်မရှိစွာ ဆန့်တန်းလာ၏။ တောင်စဥ်တန်းများ၊ မြစ်များကို မန်ဟိုမြင်ရပြီး ရုတ်တရက် သူ့အရှေ့၌ တောင်တစ်လုံးပေါ်လာသည်။ ညအချိန်ဖြစ်၍ ခေါင်းထက်တွင် ကြယ်များ တောက်ပနေလျက်ရှိသည်။ မန်ဟိုက မသိလိုက်ဘဲ ၄င်းကို တောင်ပိုင်းဒေသ၏ကောင်းကင်နှင့် နှိုင်းယှဥ်မိလိုက်သည်။ သူ့စိတ်နှလုံးတုန်ရီသွား၏။
မှန်သည်။ ဤကြယ်တာရာကောင်းကင်ကား လုံးဝကွဲပြားလေသည်။
ကြယ်များမှာ ၄င်းတို့၏ဂုဏ်ကျက်သရေ၊ ရှေးဆန်မှု၊ ရှေးကျမှုတို့ကို မဖုံးကွယ်ဘဲ ထင်ရှားပြတ်သားလာသည်။ ၄င်းတို့မှာ ဤကောင်းကင်တွင် မည်မျှကြာမြင့်စွာ တည်ရှိနေခဲ့သည်လဲ ပြောရခက်သည်။
ကြယ်အားလုံးမှာ ထူးဆန်းနေ၏။ ယင်းကဲ့သို့ကြယ်တစ်ခုမှ တောင်ပိုင်းဒေသ၏ကောင်းကင်တွင် မရှိပေ။
"ဒါတွေက ငါ့မှတ်ဉာဏ်ထဲမှာ ရှိတဲ့ ရှေးဟောင်းကြယ်တာရာတွေပဲ" မန်ဟို့အနောက်မှ အေးစက်စက်အသံတစ်သံ ထွက်လာသည်။ မန်ဟို ဖြေးဖြေးချင်း လှည့်လိုက်သည်။ မည်သည့်အချိန်က သက်လတ်ပိုင်းလူတစ်ယောက် ကျောက်ဆောင်ထိပ်တွင် ထိုင်လျက်ပေါ်လာခဲ့သည်လဲ သူမသိပေ။
ထိုလူသည် ရိုးရှင်းသော်လည်း သပ်ရပ်သောဝတ်ရုံကို ဝတ်ထားသည်။ သူက မျက်နှာပေါ်တွင် မိစ္ဆာဒိဋ္ဌိဆန်သော အရိပ်အယောင်အနည်းငယ်ဖြင့် ချောမောခန့်ညားလေသည်။ သူက မန်ဟို တန်မျှော်စင်မှာ မြင်ခဲ့သော အလောင်းနှင့် မတူပေ။ သို့သော် သေသေချာချာကြည့်ပါက တစ်ယောက်တည်းဖြစ်ကြောင်း မြင်နိုင်သည်။
အံ့ဖွယ်ကောင်းစွာ မီးပုံအသေးစားလေးတစ်ခု ထိုလူ့အရှေ့၌ ပေါ်လာသည်။ မီးတောက်များအထက်တွင်... သူသည် မြွေကဲ့သို့ သတ္တဝါတစ်ကောင်ကို ကင်နေ၏။
"ထိုင်" သူက အေးအေးလူလူပြောသည်။
မန်ဟိုသည် တခဏရပ်စဥ်းစားနေပြီးနောက် အနားကပ်သွားကာ ထိုင်ချလိုက်သည်။ သူသည် ကင်ခံနေရသော ထူးထူးဆန်းဆန်းမြွေအား ကြည့်လိုက်သည်။ ၄င်းတွင် ခြေသည်းလက်သည်းများရှိပြီး တူးခြစ်နေသည့်တိုင် မသေသေး၊ ရုန်းကန်နေဆဲဖြစ်သည်။
မန်ဟို့အတွက် ပို၍အံ့သြစရာကောင်းသည်မှာ မြွေတွင် သမင်ကဲ့သို့ ချိုများရှိနေ၍ပင်။ သူက ၄င်းကို ပို၍နီးနီးကပ်ကပ် စိုက်ကြည့်လိုက်သည်။ ၄င်း၏ခန္ဓာကိုယ်မှာ မီးသွေးကဲ့သို့ မည်းတူးနေသော်လည်း သူ သဲလွန်စတချို့ တွေ့လိုက်သေး၏။ သူ့မှာ ရုတ်တရက် ပင့်သက်ရှိုက်မိသွားသည်။
"ဒါက....."
"နဂါးဖြူတစ်ကောင်လေ ဒါပါပဲ" ထိုလူက ဘာမှမဖြစ်သလို ပြန်ပြောသည်။ "သူ့မှာ အင်မိုတယ်နယ်ပယ်ရဲ့ ပထမအဆင့်လောက်ရှိတဲ့ အကန့်အသတ်မဲ့ကျင့်ကြံခြင်းအခြေခံရှိတယ်။ ငါ သူ့ကို အဋ္ဌမတောင်မှာ တွေ့ခဲ့တာ။ သူက ဗိုက်ဆာလို့ ငါ့ကိုစားချင်နေတာလေ။ ခက်တာက ငါလည်း ဗိုက်ဆာနေခဲ့တာပဲ" အင်မိုတယ်နယ်ပယ်၏ ပထမအဆင့်မှာ ဘယ်လောက်အစွမ်းထက်သည်လဲ မန်ဟိုမသိသလို ၊ အဋ္ဌမတောင်အကြောင်းလည်း မသိပေ။ သို့သော် ဤနဂါးဖြူမှာ လက်ဖျားခါလောက်အောင် အစွမ်းထက်သည်ကို သူအာရုံရနေသည်။
"စားဦးမလား" ထိုလူက မန်ဟို့ကို ကြည့်ရင်း မေးသည်။ သူသည် လက်မောင်းလောက်ရှိသော နဂါးဖြူကို မပြီး နှစ်ပိုင်းပိုင်းလိုက်သည်။ "ခေါင်းယူမလား အမြီးယူမလား" သူက မေးသည်။
မန်ဟို့မှာ တွန့်ဆုတ်နေသည့်အတွက် ထိုလူက ခနဲ့တဲ့တဲ့ ရယ်သည်။
"ဟို... ကျုပ် ခေါင်းယူမယ်" မန်ဟိုက ပြောသည်။
"ဘယ်လိုစားရမလဲ ကောင်းကောင်းသိသားပဲ ကောင်လေး" သက်လတ်ပိုင်းလူက မန်ဟို့ကို နဂါးဖြူ၏ခေါင်းအပိုင်းအား ကမ်းပေးရင်း ပြန်ပြောသည်။
မန်ဟိုမှာ ရင်တထိတ်ထိတ်ဖြင့် ၄င်းကို ယူလိုက်သည်။ သူက ထိုလူ နဂါးဖြူ၏အမြီးအား အားပါးတရ ကိုက်လိုက်သည်ကို ကြည့်နေသည်။ ပထမဆုံးတစ်ကိုက်ကိုက်ပြီးနောက် သူသည် နဂါးဖြူကို တစ်ကိုက်ပြီးတစ်ကိုက် တဂျွတ်ဂျွတ်ဝါးစားနေတော့သည်။ မန်ဟို့မှာ နဂါးဖြူ၏ခေါင်းပိုင်းကို ကြည့်ရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤသည်မှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်ကြောင်း သူ့ကိုယ်သူသတိပေးရင်း ၄င်းကို ပါးစပ်ထဲထည့်လိုက်သည်။
သူက တကျွတ်ကျွတ်နှင့် စဝါးတော့သည်။ ခေါင်းမှာ အလွန်ကြွပ်နေပြီး အတော်လေး အရသာရှိ၏။ သူ၏မျက်လုံးများ တောက်ပလာပြီး တစ်ခေါင်းလုံးအား လျင်မြန်စွာ စားလိုက်သည်။ မကြာမီ နဂါးဖြူတစ်ပိုင်းလုံး သူ့ဗိုက်ထဲ ရောက်သွားလေပြီ။
"ကောင်းလား" ထိုလူက တဟားဟားရယ်ရင်း မန်ဟို့ကို ကြည့်ကာ ပြောသည်။ "ငါ နှစ်တိုင်းတစ်ကောင် ပုံမှန်စားလေ့ရှိတယ်"
"မဆိုးပါဘူး" မန်ဟိုက ရှက်ကိုးရှက်ကန်းနှင့် ပြန်ဖြေသည်။
"တကယ်တော့ နဂါးဖြူတွေထက် ဘာက ပိုလို့တောင် အရသာရှိလဲ မင်းသိလား။ မင်းကိုယ်ထဲက တစ်ကောင်လို မိုးနဂါးပျံတွေပဲကွ။ သူတို့ကို စွတ်ပြုတ်ပြုတ်သောက်ကြည့် လျှာကျွမ်းပြန်သွားမယ်။ ကံဆိုးစွာနဲ့ မိုးနဂါးပျံတွေက တော်တော်ရှားတယ်။ ကြီးလာတာနဲ့ သူတို့ကို တိုက်ခိုက်ရလည်း ခက်တယ်။ ငါကံကောင်းရင် တစ်ကောင်လောက်ကို နှစ်သုံးထောင်ကြာတဲ့အထိ လိုက်ရှာပြီး စွတ်ပြုတ်ပြုတ်သောက်လောက်တယ်" ထိုလူက နှုတ်ခမ်းသပ်ပြီး မန်ဟို့၏ဒန်တျန်ကို လှမ်းကြည့်သည်။
ထိုလူမျက်ဝန်းများထဲက အကြည့်သည် မန်ဟို့ကို အသက်ပြင်းပြင်းရှူသွင်းမိလိုက်စေသည်။ အဘယ်ကြောင့်ဆိုသော် မိုးနဂါးပျံအမြုတေရှိသည့် သူ၏ပထမဆုံးတာအိုမဏ္ဍိုင်မှာ ရုတ်တရက် ကြောက်လန့်တုန်ရီနေသည်ကို သူသတိထားမိလိုက်၍ပင်။
***