← Chapters

ဖြောင့်မတ်တဲ့ ‘ရန်ကျောက်ကဲ’

Vol. 44 Ch. 619

ဖြောင့်မတ်တဲ့ ‘ရန်ကျောက်ကဲ’

Vol. 44 Ch. 619

အခန်း (၆၁၉) ဖြောင့်မတ်တဲ့ ‘ရန်ကျောက်ကဲ’

ယခင်က ကွမ်းမင်ဂိုဏ်းမှရောက်လာကြသော တိန့်စန်း ၊ ယန်ကျန်းဟွာ ၊ စွန်းဟောက်နှင့် အခြားသူများပြောဆိုသည့် ဘာသာစကားကို ကြားသိရပြီးနောက် အထက်ဘုံကမ္ဘာတွင် အသုံးပြုသော ဘာသာစကားက မဟာကပ်ဘေးကြီးမတိုင်ခင်က ရှေးဟောင်းဘာသာစကားနှင့် အလွန်ဆင်တူကြောင်း ရန်ကျောက်ကဲ သိရှိထားသည်။

အပြောင်းအလဲအနည်းငယ်ရှိသော်လည်း အနီးစပ်ဆုံးတူညီသဖြင့် ကြီးမားသည့်ကွာဟချက်မရှိဘဲ အသုံးပြုနိုင်သည်။

ပိုးသားဝတ်စုံဝတ်ဆင်ထားသော လူငယ်က ရန်ကျောက်ကဲကို ကျေးဇူးတင်သည့်အကြည်ဖြင့် ကြည့်လိုက်သော်လည်း အနည်းငယ် သတိထားနေဟန် ရှိသည်။

သူက ခဏမျှ တုံ့ဆိုင်းနေပြီးမှ...

“ငါက ယိုးမင်ဂိုဏ်းကတပည့်မဟုတ်ပါဘူး”

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်း အရမ်းစိတ်မပူနဲ့ ၊ ငါက မင်းကို လှည့်စားမယ့်ရန်သူ မဟုတ်ပါဘူး ၊ တကယ်တော့ ယိုးမင်ဂိုဏ်းက ဒီလူသာ သတိလစ်မသွားဘူးဆိုရင် သူ့ကိုပဲ မေးမြန်းကြည့်ဖို့ ရည်ရွယ်ထားတာပါ”

သူက ဆက်ပြောသည်။

“ငါက ယိုးမင်ဂိုဏ်းက ဆရာတစ်ယောက်ရဲ့ အရိုးစုခန္ဓာကို မထင်မှတ်ဘဲ တွေ့ရှိခဲ့တယ် ၊ အဲဒါ သူ့ဂိုဏ်းကို ပြန်ပို့ပြီး သဂြိုဟ်‌ပေးချင်လို့ ယိုးမင်ဂိုဏ်းကတပည့်တွေကို လိုက်ရှာနေတာပါ”

ပိုးသားဝတ်စုံဝတ်ဆင်ထားသောလူငယ်က လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...

“ဘာပဲဖြစ်ဖြစ် မင်းက ငါတို့အသက်ကိုကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်”

သူက အနက်ရောင်ဝတ်လူရွယ်ကို ကြည့်ရင်း...

“တာ့ရွှမ်ပြည်က ခွေးတွေက သူတို့အုပ်ချုပ်တဲ့ ဒေသတစ်ခုလုံးမှာ ယုတ်မာလွန်းတယ် ၊ အဲဒါကြောင့် ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနဲ့ တခြားအင်အားစုတွေက တော်လှန်ဖို့ စတင်ခဲ့ကြတယ် ၊ တော်လှန်ဖို့အတွက် စုရုံးရောက်ရှိလာကြတဲ့ သိုင်းသမားတွေအများကြီးထဲမှာမှ ငါက သေးငယ်တဲ့အဖွဲ့ဝင်လေးတစ်ယောက်ပါပဲ”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ဒီနေရာက ကျူတောပင်လယ်ဒေသလား”

လူငယ်က အံ့အားသင့်သွားဟန်ဖြင့်...

“ဒီနေရာက ကျူတောပင်လယ်ဒေသလေ... မင်း... မင်းက...”

ရန်ကျောက်ကဲက ပခုံးတွန့်ရင်း...

“ငါက ဒီဒေသကလူ မဟုတ်ပါဘူး ၊ ယိုးမင်ဂိုဏ်းက ကွယ်လွန်သူသိုင်းသမားကို သူ့မွေးရပ်မြေ ပြန်ပို့ပေးဖို့ ရောက်လာတဲ့သူလို့ ပြောပြီးပြီလေ”

လူငယ်လေးက...

“အင်း... ကြည့်ရတာ မင်းက ဖြောင့်မတ်ပြီး ရှေးလူကြီးတစ်ယောက်လိုပဲနော်”

သံသယများလျော့ပါးသွားသည့်အခါ စကားစမြည်ပြောရဆိုရ ပိုမိုလွယ်ကူလာသည်။

အဘိုးအို’မော့’ ထွက်ခွာသွားပြီးနောက်ပိုင်း ကျူတောပင်လယ်ဒေသတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကျောက်ကဲ သဘောပေါက်သွား၏။

လူငယ်၏ပြောပြချက်အရ...

လွန်ခဲ့သောနှစ်တစ်ရာခန့်က ထိပ်တန်းသိုင်းကျင့်ကြံသူတစ်ယောက် ကျူတောပင်လယ်ဒေသသို့ ရောက်ရှိလာပြီး နယ်မြေကိုအုပ်စိုးကာ တာ့ရွှမ်တိုင်းပြည်ကို တည်ထောင်ပြီး ‘ရွှမ်’ ဧကရာဇ်အဖြစ် ခံယူကာ အုပ်စိုးခဲ့သည်။

ထို တာ့ရွှမ်မင်းဆက်က အစွန်းရောက်ရှစ်ပါးကမ္ဘာထက်ပင် ပိုမိုကြီးမားသော ကျူတောပင်လယ်ဒေသကို အချိန်ကြာမြင့်စွာ လွှမ်းမိုးချုပ်ကိုင်ထားခဲ့သည်။

ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနဲ့ တခြားထိပ်တန်းအဆင့်စွမ်းအားစုများမှလွဲပြီး ကျူတောပင်လယ်ဒေသတွင် လှုပ်ရှားသွားလာသော သိုင်းသမားများ ၊ သိုင်းဂိုဏ်းများအားလုံး တာ့ရွှမ်ဧကရာဇ်ကို ခစားကြရသည်။

တာ့ရွှမ်မင်းဆက်ကိုတည်ထောင်ခဲ့သော ‘ရွှမ်’ ဧကရာဇ် လွန်ခဲ့သော (၁၀)နှစ်ခန့်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး တာ့ရွှမ်တိုင်းပြည် အနည်းငယ် အင်အားလျော့နည်းသွားသည်။

ယခင် ‘ရွှမ်’ ဧကရာဇ်မျိုးဆက်နှစ်ဆက်လုံးက အလွန် ရက်စက်ကြမ်းတမ်းစွာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြသလို တတိယမျိုးဆက်ဖြစ်သော ဧကရာဇ်’ရွှမ်မု’ သည်လည်း ကျူတောပင်လယ်ဒေသတစ်ခုလုံးမှ သိုင်းသမားများကို အလွန်တရာ ညှင်းပန်းနှိပ်စက်ခဲ့သည်။

ယခု တာ့ရွှမ်မင်းဆက် အင်အားလျော့နည်းသွားသည့်အခါ ပုန်ကန်မှုများ ချက်ချင်းစတင်ခဲ့သည်ပင်။

ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနှင့် အခြားသော အင်အားစုများက တာ့ရွှမ်တိုင်းပြည်ကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ခဲ့ကြပြီး ကျူတောပင်လယ်ဒေသတစ်ခုလုံး စစ်ပွဲမီးတောက်များ စတင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်အဖွဲ့အစည်းများဖွဲ့စည့်ပြီး တာ့ရွှမ်ပြည်မှ ထိပ်တန်းသိုင်းသမားများကို စုစည်းပြီး နေရာတိုင်းတွင် ပုန်ကန်ထကြွမှုများ ဖြစ်ပေါ်စေကာ တာ့ရွှမ်ဧကရာဇ်ကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

ဤအလုပ်များကို ဦးဆောင်ခဲ့သူမှာ ယခု ဒဏ်ရာရပြီး သတိလစ်နေသော ယိုးမင်ဂိုဏ်းမှ ကျန်းချန်စုန့်တို့အုပ်စုပင် ဖြစ်၏။

တာ့ရွှမ်ဧကရာဇ်ကလည်း အလျှော့မပေးဘဲ ပုန်ကန်သူများကို စွမ်းအားရှိသမျှဖြင့် နှိမ်နင်းရန်ကြိုးစားလေရာ နှစ်ဦးနှစ်ဖက် ကြီးမားပြင်းထန်သော စစ်ပွဲကြီး စတင်ဖြစ်ပေါ်လာသည်။

ဤနေရာတွင်သာမဟုတ်ဘဲ ကျူတောပင်လယ်ဒေသ နေရာတိုင်းတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခဲ့သည်။

လူငယ်၏စကားများကိုနားထောင်ရင်း ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်၏။

“ပြဿနာရှုတ်လေ ပိုကောင်းလေပဲ ၊ သူတို့တွေ ပြောင်းဆန်လေ ငါတို့ဝါဒတောင်အတွက် ပိုအဆင်ပြေလေပဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ယခုအတိုင်းဆိုလျှင် မပြေနိုင်သောရန်သူများဖြစ်ကြသည့် ကွမ်းမင်ဂိုဏ်းရော ယိုးမင်ဂိုဏ်းပါ ကျူတောပင်လယ်ဒေသသို့ ရောက်ရှိနေကြဟန်ပင်။

စိတ်မကောင်းစရာမှာ တာ့ရွှမ်တိုင်းပြည်ကို ပစ်မှတ်ထားခြင်းက ကောင်းမွန်သောလုပ်ရပ်ဖြစ်သည့်တိုင် ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းတို့ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိကြခြင်း ဖြစ်၏။

သို့ပေသိ ကမ္ဘာရန်ဖြစ်သော ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းသည်ပင် တာ့ရွှမ်မင်းဆက်ကို ကိုယ်ပိုင်ဆန္ဒသဘောထားဖြင့် ဆန့်ကျင်ကြသည်ကို ကြည့်ခြင်းအားဖြင့် လူအများက ထိုမင်းဆက်ကို မည်မျှမုန်းတီးကြသည်မှာ ထင်ရှားသည်။ ထို့ပြင် ယုတ်မာဆိုးသွမ်း  ရက်စက်ကြမ်းကြုတ်သော တာ့ရွှမ်ဧကရာဇ်နှင့် ပူးပေါင်းမည်ဆိုလျှင် ကျားနှင့်ပူးပေါင်းရသကဲ့သို့ပင် ဆိုးရွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ကျူတောပင်လယ်ဒေသတွင် မငြိမ်မသက်ဖြစ်နေခြင်းက ရန်ကျောက်ကဲနှင့် ဝါဒတောင်အတွက် သတင်းကောင်းတစ်ခုဖြစ်သည်မှာ မလွဲမသွေပင်။

ကွမ်းမင်ဂိုဏ်းကဲ့သို့ ကြီးမားသည့်သိုင်းဂိုဏ်းကြီးတစ်ခုမှ သိုင်းကျင့်ကြံသူများ အုပ်စုလိုက်ရောက်လာမည်ဆိုလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သို့မဟုတ် သမုဒ္ဒရာကမ္ဘာကဲ့သို့သော ကမ္ဘာတစ်ခုကို အမှုန့်ချေပစ်ရန် လုံလောက်သည်။

အဘိုးအို’မော့’ ၏ စကားအရဆိုလျှင် ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ကွယ်လွန်ပြီးနောက် ယိုးမင်ဂိုဏ်းသည်လည်း ယိုယွင်းသွားပြီး ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းအဖြစ် ကွဲထွက်သွားသည်။ တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး သိုင်းကျင့်ကြံသူများစွာ အသက်ဆုံးခဲ့ကြသည်။

သို့တိုင် ထိုစဉ်အချိန်က ကွမ်းမင်ဂိုဏ်းကို အုပ်စိုးသူမှာ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်၏။ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် နှိုင်းယှဉ်ပါက အထက်ဘုံကမ္ဘာတွင် သိုင်းသူတော်စင်အရေအတွက်က ကောင်းကင်ထက်မှ တိမ်တိုက်များပမာ များပြားလွန်းလှသည်။

ထို့ပြင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ကျင့်ကြံခြင်းအခြေခံများက အထက်ဘုံကမ္ဘာထက် သာလွန်ခြင်းမရှိလေရာ တကယ်တမ်း သူသေကိုယ်သေရင်ဆိုင်ရလျှင် သေချာပေါက် အထက်ဘုံကမ္ဘာကို ရှုံးနိမ့်သွားနိုင်၏။

ရန်ကျောက်ကဲက သူ့အရှေ့မှ လူငယ်ကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ငါတို့ စကားပြောနေကြတာ အတော်ကြာပြီ ၊ မင်းနာမည် ဘယ်လိုခေါ်လဲ မသိရသေးဘူး”

လူငယ် ခဏမျှ တုံ့ဆိုင်းသွားသည်။

ရန်ကျောက်ကဲက သူနှင့် ကျန်းချန်စုန့်တို့ကို ကယ်တင်ခဲ့သည်ဖြစ်ရာ နာမည်မပြောဘူးဆိုလျှင် အတော်လေး ရိုင်းစိုင်းရာကျမည်။

သို့သော် ရန်ကျောက်ကဲက တာ့ရွှမ်တိုင်းပြည်ဘက်မှ ရန်သူဖြစ်နေမည်ကို အနည်းငယ် စိုးရိမ်နေသေးသည်။ အကယ်၍ ဤ အဖြစ်အပျက်တစ်ခုလုံးက ဇာတ်တိုက်ထားသည့် လုပ်ကြံမှုတစ်ခုဆိုလျှင် မည်သို့ရှိမည်နည်း။

သူနေထိုင်သော ‘ဝေ’ အိမ်တော်ဆိုသည်က ကျူတောပင်လယ်ဒေသ ၊ ဇာမဏီနယ်မြေတွင် အတော်လေး နာမည်ကျော်ကြားသည်။ သူ့နာမည်ကို ထုတ်ဖော်ပြောလိုက်သည်နှင့် တစ်ဖက်လူက ‘ဝေ’ အိမ်တော်မှဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားနိုင်သည်။

လူငယ်က ကျန်းချန်စုန့်နှင့်အတူ တာ့ရွှမ်တိုင်းပြည်ကို ပုန်ကန်ရန် ထွက်ခွာလာခဲ့ခြင်းက သူ၏ကိုယ်ပိုင်စိတ်ကူးဖြစ်ပြီး ‘ဝေ’ အိမ်တော်မှ အကြီးအကဲများက သိရှိခြင်း မရှိပေ။

အတန်ကြာမှ လူငယ်က သက်ပြင်းတစ်ချက်ချရင်း...

“ငါ့နာမည် ဝေလန် ပါ ၊ ဒီက ကျေးဇူးရှင်ကရော နာမည်ဘယ်လိုခေါ်ပါသလဲ”

“ငါက ‘ရန်’ မျိုးနွယ် ၊ နာမည်က ရန်ကျောက်ကဲ...”

နာမည်အမှန်ပြောလိုက်ခြင်းက ကွမ်းမင်ဂိုဏ်းနားထဲသို့ ရောက်သွားနိုင်သော်လည်း သူက နာမည်အတု မသုံးခဲ့ပေ။

သူက ဝေလန်ကို အကဲခတ်ရင်း...

“မင်းရဲ့သိုင်းပညာအဆင့်အတန်းကိုကြည့်ရတာ ထိပ်တန်းအဆင့်မဟုတ်ပေမယ့် အတော်လေး အဆင့်မြင့်တယ် ၊ မင်းက ဘယ်ဂိုဏ်းကလဲ မသိရဘူးလား”

ရန်ကျောက်ကဲသာ တာ့ရွှမ်တိုင်းပြည်ဘက်မှ ရန်သူဆိုပါက သူ့နာမည် ‘ဝေလန်’ ဟု သိရှိကတည်းက ‘ဝေ’ အိမ်တော်ကမှန်း သိသွားမည် ဖြစ်သည်။ ယခု ဤသို့မေးမြန်းခြင်းက ရန်ကျောက်ကဲက အမှန်တကယ်ပင် ကျူတောပင်လယ်ဒေသမှမဟုတ်ကြောင်း သေချာစေသည်။

ဝေလန်က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချရင်း...

“ဒီသိုင်းပညာက ငါတို့ မိသားစုအစဉ်အဆက် လေ့ကျင့်ခဲ့တဲ့သိုင်းပညာပါ ၊ တော်ဝင်ကျူတော်ပင်လယ်ဒေသရဲ့ ဇာမဏီနယ်မြေမှာ ‘ဝေ’ အိမ်တော်ကို မသိတဲ့သူ မရှိပါဘူး”

ရန်ကျောက်ကဲက အနက်ရောင်ဝတ် သိုင်းသမားကို ကြည့်ရင်း...

“သူ့နာမည်က ကျန်းချန်စုန့် မဟုတ်လား ၊ သူ့ ဒဏ်ရာက အတော်လေးပြင်းထန်တယ် ၊ ကြည့်ရတာ တော်‌တော်နဲ့ သတိရလာမှာ မဟုတ်သေးဘူး ၊ ယိုးမင်ဂိုဏ်းကလူတွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာ မင်းသိလား”

ထိုစကားကိုကြားတော့ ဝေလန်က တုန်လှုပ်ချောက်ချားသွားပြီး...

“အစ်ကို’ရန်’ ... မင်းကို ငါ လိမ်မပြောပါဘူး ၊ ငါက တကယ်ပဲ ယိုးမင်ဂိုဏ်းက တပည့်မဟုတ်ဘူး ၊ အရင်တုန်းက တခြား ယိုးမင်ဂိုဏ်းသားတွေနဲ့ သိကျွမ်းဖူးပေမယ့် သူတို့ကို ဘယ်လိုဆက်သွယ်ရမလဲ ငါ မသိဘူး”

သူ့စကားကြားတော့ ရန်ကျောက်ကဲက နဖူးကိုလက်ဖြင့်ပွတ်ရင်း စိတ်ထဲကတော့ မချိပြုံးပြုံးလိုက်သည်။

“ဒါက... တကယ့်ကိုပဲ...”

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက တိတ်တဆိတ်ထွက်ခွာသွားပြီဖြစ်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် စိတ်ချင်းဆက်သွယ်လိုက်သည်။

အထက်ဘုံကမ္ဘာသို့ ရောက်လာပြီးနောက် ဤနေရာအခြေအနေကိုနားလည်ရန် အရင်ဆုံးကြိုးစားရမည်။ ပြီးလျှင် ကွမ်းမင်ဂိုဏ်း၏ရန်သူများနှင့် အဆက်အသွယ်ရရှိအောင် ကြိုးစားရမည်ဖြစ်သလို ရာဟုကြယ်နှင့်သက်ဆိုင်သော ရတနာပစ္စည်း ကွမ်းမင်ဂိုဏ်းလက်ထဲ ရောက်မသွားအောင် ကာကွယ်ရပေမည်။

ယခု ယိုးမင်ဂိုဏ်းနှင့် အဆက်အသွယ်ရပြီဟု ဆိုနိုင်သော်လည်း သူတို့ကြားဆက်ဆံရေးက မည်သည့်အချိန်ရောက်မှ တိုးတက်မှုရှိလာမည်ကို မခန့်မျန်းနိုင်ပေ။ ထို့ကြောင့် ရန်ကျောက်ကဲက အလုပ်နှစ်ခုလုံးကို တစ်ပြိုင်တည်းလှုပ်ရှားရန် ဆုံးဖြတ်ထား၏။

သူက ယိုးမင်ဂိုဏ်းနှင့်ဆက်ဆံရေးပြေလည်အောင်ပြုလုပ်နေချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ ရာဟုကြယ် ရတနာပစ္စည်းကိစ္စအတွက် လုပ်ဆောင်သွားမည် ဖြစ်သည်။ သို့မှသာ ထိုရတနာပစ္စည်းနှင့်ပတ်သက်သော သဲလွန်စတစ်ခုခု တွေ့ရှိလျှင် ကိစ္စရပ်များ နှောင့်နှေးတော့မည် မဟုတ်ပေ။

ဖန်းယွင်ရှန်းကတော့ သူ့ဘေးနားမှာပင်ရှိနေပြီဖြစ်သည်။

ဝေလန်က သတိလစ်နေသော ကျန်းချန်စုန့်အတွက် စိုးရိမ်နေသဖြင့် ရန်ကျောက်ကဲ လှုပ်ရှားမှုများကို မရိပ်လိုက်မိပေ။

ရုတ်တရက်...

ဝေလန်က အင်းစက္ကူဖြင့်ပြုလုပ်ထားသော စက္ကူကြိုးကြာရုပ်လေးတစ်ရုပ်ကို ထုတ်ယူလိုက်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

စက္ကူကြိုးကြာက အ‌တောင်ပံခတ်လိုက်သည့်အခါ ဝေလန် အတော်လေး အံ့အားသင့်သွားပြီး...

“ငါ့အိမ်တော်က အကြီးအကဲတစ်ယောက် ဒီအနားကိုရောက်နေပြီး ငါ့ကို လိုက်ရှာနေတယ်”

All Chapters