ကျန်းချန်စုန့်ကို တုန်လှုပ်သွားစေခြင်း
Vol. 44 Ch. 620
အခန်း (၆၂၀) ကျန်းချန်စုန့်ကို တုန်လှုပ်သွားစေခြင်း
ရန်ကျောက်ကဲက ဝေလန်လက်ထဲမှ စက္ကူကြိုးကြာကို တစ်ချက်အကဲခတ်လိုက်သည်။
မိသားစု ဆွေမျိုးသားချင်းများကြားတွင် သတင်းပေးပို့ရန်အတွက် အထူးလျှို့ဝှက်နည်းလမ်းဖြင့်ပြုလုပ်ထားသော အစီအရင်ဖြစ်ပြီး အထူးသဖြင့် အကြီးအကဲများက တပည့်ငယ်များကို ရှာဖွေကယ်တင်ရာတွင် အသုံးပြုကြသည်။
သိပ်မကြာခင် ရန်ကျောက်ကဲတို့ရှေ့သို့ လူတစ်စု ရောက်ရှိလာသည်။
အုပ်စုကို ဦးဆောင်လာသူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး ထိုသူကိုတွေ့တော့ ဝေလန်က ထိတ်လန့်တခြား အော်ဟစ်လိုက်သည်။
“ဦးလေး (၂) ....”
သက်လတ်ပိုင်းလူရွယ်က ရန်ကျောက်ကဲနှင့်အခြားသူများကို အကဲခတ်လိုက်ပြီးနောက် ဝေလန်ကိုကြည့်ကာ သက်ပြင်းချရင်း...
“လန်အာ... အစ်ကိုကြီးရော ငါရော မင်းအတွက် ဘယ်လောက်စိတ်ပူနေလဲ သိလား”
ဝေလန်က အလျှင်အမြန်ပင် တောင်းပန်စကားဆိုသည်။
“အဖေရော ဦးလေး (၂)ရော စိတ်ပူစေမိလို့ တောင်းပန်ပါတယ် ၊ ကျွန်တော် မကောင်းတာပါ”
ဝေလန်က ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်တော့ ရန်ကျောက်ကဲ မျက်နှာအမူအရာက ပုံမှန်အတိုင်းပင်ရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် သူက မိတ်ဆက်ပေးလိုက်၏။
“အစ်ကို’ရန်’... ဒါက ငါ့ရဲ့ ဦးလေး (၂) ‘ဝေယွင်စန်း’ ပါ”
“ဦးလေး (၂) ၊ ဒီအစ်ကိုက ရန်ကျောက်ကဲလို့ခေါ်တယ် ၊ အခုပဲ ကျွန်တော့်အသက်ကို ကယ်ခဲ့တာ”
ထိုစကားကိုကြားတော့ ဝေယွင်စန်းက ရန်ကျောက်ကဲကို ဦးညွှတ်အရိုအသေပေးရင်း...
“တူလေး’လန်အာ’ ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဆရာ’ဝေ’ က ယဉ်ကျေးလွန်းနေပြီ”
ဝေယွင်စန်းက သတိလစ်နေသော ကျန်းချန်စုန့်ကို လှမ်းကြည့်လိုက်တော့ ဝေလန်က တိုးလျသောအသံဖြင့် ရှင်းပြသည်။
“ဦးလေး (၂) ၊ ဆရာကျန်းက ဒဏ်ရာရထားတယ်”
“မင်းကတော့လေ...”
ဝေယွင်ရှန်းက ခေါင်းခါယမ်းရင်း တူဖြစ်သူကို ဆူပူကြိမ်းမောင်းသည်။
“မင်းကိုငါ အရင်ကတည်းက ပြောခဲ့ပါတယ် ၊ ယိုးမင်ဂိုဏ်းကလူတွေနဲ့ မရှုတ်ပါနဲ့လို့ ၊ သူတို့က ဇာမဏီနယ်မြေမှာ နေတဲ့သူတွေမဟုတ်ဘူး ၊ အချိန်မရွေး ထွက်သွားလို့ရတယ် ၊ ငါတို့ ‘ဝေ’ အိမ်တော်ကတော့ တစ်ခုခုဆိုရင် ပြေးစရာမြေမရှိဘူး”
ဝေလန်က တိုးလျသည့်အသံဖြင့်...
“ဦးလေး (၂) ၊ တာ့ရွှမ်တိုင်းပြည်ကခွေးတွေက ဒီလောက်အနိုင်ကျင့်တာ ၊ ကျွန်တော်တို့ ‘ဝေ’ အိမ်တော်လည်း သူတို့အနိုင်ကျင့်တာ ခံနေရတာပဲ မဟုတ်လား ၊ အခု ‘ရွှမ်’ မင်းဆက် အားနည်းနေတဲ့အချိန်မှာ သူတို့ကို ဖြုတ်ချဖို့ အခွင့်ကောင်းပဲ”
ဝေယွင်စန်းက...
“လန်အာ... မင်းက အသက်ငယ်သေးလို့ ဘာမှနားမလည်ဘူး ၊ ‘ရွှမ်’ မင်းဆက်က တိုင်းပြည်ကိုမအုပ်ချုပ်လည်း တခြားသူ လာအုပ်ချုပ်မှာပဲလေ ၊ ဘယ်သူနန်းတက်ပါစေ ငါတို့ ‘ဝေ’ အိမ်တော် မထိခိုက်ဖို့လိုတယ် ၊ ပြီးတော့ သူတို့ကို ပုန်ကန်လို့လည်း ငါတို့ ‘ဝေ’ အိမ်တော်က ဘုရင်ဖြစ်လာနိုင်တာမှ မဟုတ်တာ”
ဝေလန်က မကျေမနပ်ဖြင့် ခပ်တိုးတိုးရေရွတ်သည်။
“ဒါပေမဲ့... ဘယ်သူပဲ အုပ်ချုပ်ပါစေ တာ့ရွှမ်တိုင်းပြည်က ခွေးတွေလောက်တော့ မဆိုးရွားနိုင်ပါဘူး...”
ဝေယွင်စန်းက သတိလစ်နေသော ကျန်းချန်စုန့်ကိုကြည့်ရင်း စကားမဆိုဘဲ အတွေးနက်နေသည်။
ထို့နောက် သူက ရန်ကျောက်ကဲကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး တူဖြစ်သူကို အသံပို့လွှတ်စနစ်ဖြင့် မေးမြန်းလိုက်သည်။
“သူက မင်းတို့ကို ဘာလို့ကယ်တင်တာလဲ ၊ ဒီအတိုင်း တရားမျှတမှုအတွက်လား... တခြားအကြောင်း ရှိသေးလား”
ဝေလန်က...
“တကယ်တော့ သူက ဆရာကျန်းကို ကယ်တင်ချင်တာပါ”
သူက ဆက်ပြောသည်။
“ဒီ အစ်ကို’ရန်’ က ... ကျူတောပင်လယ်ဒေသက လူမဟုတ်ဘူး ၊ သူက ယိုးမင်ဂိုဏ်းက အကြီးအကဲတစ်ယောက်ရဲ့ ရုပ်ကြွင်းကို ဌာနေပြန်ပို့ပေးဖို့ ရောက်လာတာ ၊ ဒါပေမဲ့ ယိုးမင်ဂိုဏ်းနဲ့ ဘယ်လိုဆက်သွယ်ရမှန်းမသိ ဖြစ်နေတာ ၊ ဦးလေး (၂)လည်းသိတဲ့အတိုင်း... ယိုးမင်ဂိုဏ်းရဲ့ အဓိကပလ္လင်တည်ရှိတဲ့နေရာက ဘယ်နေရာမှာလဲဆိုတာ အပြင်လူတွေ မသိနိုင်ဘူးလေ”
ဝေယွင်စန်းက ခဏမျှစဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။
“ထားလိုက်တော့... ဒီလိုဖြစ်လာမှတော့ သူတို့ကို လောင်ဖုန်းမြို့ကို အရင်ခေါ်သွားကြတာပေါ့”
ထိုစကားကိုကြားတော့ ဝေလန်က အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပြီး...
“သူတို့ကို အိမ်တော်ကိုခေါ်သွားမယ်ဆိုရင် ... ကျွန်တော်တို့ ‘ဝေ’ အိမ်တော် အန္တရယ်မရှိနိုင်ဘူးလား”
သူတစ်ယောက်တည်း ပုန်ကန်သည်က ကိစ္စမရှိသော်လည်း အိမ်တော်မှာတော့ သက်ကြီးဘိုးဘွားများ ၊ အားနည်းသောမိန်းကလေးများနှင့် ကလေးငယ်များလည်းရှိလေရာ တာ့ရှန်တိုင်းပြည်က ပစ်မှတ်ထားခံ၇လျှင် နောက်ဆက်တွဲဆိုးကြိုးများက မတွေးဝံ့စရာပင်။
ဝေယွင်စန်းက...
“ငါ ရှိနေတော့ မင်းအကြောင်း မပေါက်ကြားအောင် ကာကွယ်ပေးထားနိုင်တယ် ၊ မင်းတို့ ဒီအတိုင်း အပြင်မှာ လျှောက်သွားနေမှသာ တာ့ရွှမ်တိုင်းပြည်ကလူတွေ ဖမ်းမိသွားရင် ငါတို့တစ်မိသားစုလုံး သေချာပေါက် ဒုက္ခရောက်မှာ”
ဝေလန်က အားတုံ့အားနာဟန်ဖြင့်...
“ကျေးဇူးတင်ပါတယ် ဦးလေး (၂)...”
ထို့နောက် ဝေလန်က ရန်ကျောက်ကဲအား အစီအစဉ်ကိုပြောပြရန် ဟန်ပြင်လိုက်စဉ် ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် ခေါင်းညိတ်ရင်း...
“ဒီလိုဆိုရင်တော့ အားနာနာနဲ့ပဲ မင်းတို့ကို နှောက်ယှက်ရတော့မယ်”
ထို့နောက်မှာတော့ ‘ဝေ’ အိမ်တော်၏ အကာအကွယ်ဖြင့် သူတို့အုပ်စု တောတောင်ရေမြေများကို ကျော်ဖြတ်ကာ အလျှင်အမြန် ခရီးထွက်ခဲ့ကြသည်။
လမ်းမများထက် လမ်းလျှောက်ရင်း ရန်ကျောက်ကဲတို့အုပ်စုကတော့ အထက်ဘုံကမ္ဘာနှင့်ပတ်သက်သည့်အရာအားလုံးကို သေသေချာချာ လေ့လာနေကြသည်။
အထက်ဘုံကမ္ဘာ၏ ကောင်းကင်ပြင်က ပြာလွင်သောကောင်းကင်ပြင်မဟုတ်ဘဲ အပြာနုရောင်မျှသာဖြစ်ပြီး နေ့နှင့်ညက သိပ်ပြီးသဲကွဲခြင်း မရှိပေ။
ညအချိန်ဆိုလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် လုံးဝမတူညီစွာ တောက်ပသော ကြယ်စင်များစွာ ကောင်းကင်ထက်တွင် တွေ့မြင်ရသည်။ ညကောင်းကင်သည်လည်း အနက်ရောင်မဟုတ်ဘဲ မီးခိုးရောင်သမ်းသော အပြုရောင်မျှသာ ဖြစ်၏။
တစ်ခါတစ်ရံ ကောင်းကင်ထက်တွင် တောက်ပသောကြယ်ရောင်များ ထွက်ပေါ်လာတတ်သည်။ နေမင်းကဲ့သို့ ကမ္ဘာတစ်ဝန်းလုံးကို အလင်းဓာတ်မပေးနိုင်သည့်တိုင် အလွန်တရာတောက်ပပြီး ကမ္ဘာကြီးတစ်ခုလုံးနှင့် စီးဝင်ရောယှက်သွားသည့်အလား ခံစားရသည်။ သို့သော် တစ်ခဏတာမျှပင်။
“ကျွန်မတို့ နဂါးငွေ့တန်းထဲရောက်နေသလို ခံစားရတယ်နော်...”
ဖန်းယွင်ရှန်းက ရေရွတ်လိုက်သည်။
“နဂါးငွေ့တန်းမဟုတ်ဘူးဆိုရင်တောင် ကြယ်စင်ပင်လယ်ကြီးကျနေတာပဲ”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒါပေါ့... ဒီနေရာက ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာပဲလေ”
မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံကိုးထပ်နှင့် နှိုင်းယှဉ်မရသော်လည်း အထက်ဘုံကမ္ဘာက သာမန်ကမ္ဘာတစ်ခုမဟုတ်သည်မှာ ထင်ရှားသည်။
ရက်အနည်းငယ် ခရီးထွက်ခဲ့ပြီးနောက် မိုးကုတ်စက်ဝိုင်းတစ်နေရာတွင် ခမ်းနားသောမြို့ကြီးတစ်မြို့ကို လှမ်းမြင်ရသည်။
မြို့တစ်ဖက်ခြမ်းက ကုန်းမြေကို မျက်နှာမူထားပြီး ကျန်တစ်ဖက်ခြမ်းကတော့ ပင်လယ်ကို မျက်နှာမူထားသည်။ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုအောက်မှာပင် ထိုမြို့တော်ကြီးက ယိမ်းယိုင်မှုမရှိဘဲ မားမားရပ်တည်နေပြီး အလွန်တရာ ကြီးကျယ်ခမ်းနားလှ၏။
အဝေးမှတွေ့မြင်ရသည်နှင့် ထိုမြို့တော်က ‘လောင်ဖုန်း’ မြို့ဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။ ‘လောင်ဖုန်း’မြို့က ကျူတောပင်လယ်ဒေသ၏ အချက်အချာကျသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ဝေလန်နှင့် ဝေယွင်စန်းတို့ နေထိုင်သော ‘ဝေ’ အိမ်တော်က ဤဒေသကို လွှမ်းမိုးအုပ်ချုပ်ကြသည်။
‘ဝေ’ အိမ်တော်သခင်က ဝေလန်၏ဖခင် ၊ ဝေယွင်စန်း၏ အစ်ကိုကြီး ‘ဝေယွင်ချန်း’ ဆိုသူ ဖြစ်၏။
‘ဝေ’ အိမ်တော်သို့ ပြန်ရောက်သည်နှင့် ဝေယွင်ချန်းက သားဖြစ်သူ ဝေလျန်ကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်လေရာ ဝေလန်မှာ ခေါင်းပင် မဖော်ဝံ့တော့ပေ။
သို့သော် ရန်ကျောက်ကဲတို့ရှေ့တွင် ဝေယွင်ချန်းက သားဖြစ်သူကို ဆူပူကြိမ်းမောင်းခြင်းမရှိဘဲ ရန်ကျောက်ကဲတို့အုပ်စုကိုသာ ဖော်ရွေစွာဧည့်ခံပြီး ဝေလန်ကိုကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း စကားဆိုသည်။
ထို့နောက် ရန်ကျောက်ကဲတို့အုပ်စုအတွက် ‘ဝေ’ အိမ်တော်တွင် နေရာထိုင်ခင်းပြင်ဆင်ပေးပြီး ကျန်းချန်စုန့်ကိုလည်း အထူးတာဝန်ပေးအပ်ထားသူတစ်ယောက်က ပြုစုစောင့်ရှောက်ပေးသည်။
ရန်ကျောက်ကဲ၏ဆေးဝါးကုသပေးမှုအောက်တွင် ကျန်ချန်စုန့်၏ဒဏ်ရာ တဖြည်းဖြည်းသက်သာလာပြီး မကြာမီ သတိပြန်ရလာလေသည်။
စကားစမြည်ပြောဆိုကြပြီးနောက်...
“လျန်ကျီးချောင် ဟုတ်လား ၊ သူက ငါတို့ ဘိုးဘေးတွေထဲက တစ်ယောက်ပါပဲ ၊ အရင်တုန်းက သိခဲ့ရတာတော့ အဲဒီဘိုးဘေးက အောက်ဘုံကမ္ဘာတွေကို ခရီးထွက်သွားပြီး သတင်းမကြားရတော့ဘူးတဲ့”
ကျန်းချန်စုန့်က ဖြူဖျော့သည့်မျက်နှာဖြင့်...
“အခုတော့... မင်းပြောသလိုဆိုရင် ဆရာဘိုးဘိုး ‘လျန်ကျီးချောင်’ တကယ်ပဲ ဆုံးပါးသွားခဲ့ပြီပေါ့”
ရန်ကျောက်ကဲက ကျန့်မုနတ်သစ်သားဖြင့်ပြုလုပ်ထားသော စက္ကူယပ်တောင်လေးကို သက်သေအဖြစ် ထုတ်ပြလိုက်သည်။ ထို့နောက် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် ကျန်းချန်စုန့်နှင့် ဆင်တူသော ဝတ်စုံကိုဝတ်ဆင်ထားသည့် အရိုးစုတစ်ခု ပေါ်လာသည်။
နဂါးသင်္ချိုင်းထဲတွင် အမှုန့်ဖြစ်ကာ လွင့်ပြယ်သွားသော ထိုအရိုးစုကို ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအားဖြင့် ပုံမပျက်အောင် ပြန်လည်ထိန်းသိမ်းထားခဲ့ခြင်းပင်။
ကျန်းချန်စုန့်က သူ၏လက်ချောင်းများကို အရိုးစုပေါ်သို့အသာတင်လိုက်ပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရများထည့်သွင်းလိုက်သည်။
အတန်ကြာအာရုံခံကြည့်ပြီးမှ စိတ်မကောင်းဟန်ဖြင့်...
“ဒီ ရုပ်ကြွင်းက ဆရာဘိုးဘိုး’လျန်ကျီးချောင်’ ဆိုတာ အတည်မပြုနိုင်ပေမယ့် ငါတို့ ယိုးမင်ဂိုဏ်းက လူတစ်ယောက်ဆိုတာ သံသယမရှိပါဘူး”
သူက ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ဒီကသခင်လေးရဲ့ ဖြောင့်မတ်မှုအတွက် ကျေးဇူးတင်ပါတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“အားမနာပါနဲ့ ၊ မင်းတို့ဂိုဏ်းက အကြီးအကဲရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တာက တိုက်ဆိုင်မှုတစ်ခုပါပဲ ၊ ငါ ယိုးမင်ဂိုဏ်းကို ဆက်သွယ်ချင်တဲ့ နောက်ထပ်ကိစ္စတစ်ခုက အခု ကျူတောပင်လယ်ဒေသမှာရှိနေတဲ့ ထိပ်တန်းအဆင့် စွမ်းအားစုတစ်ခုနဲ့လည်း သက်ဆိုင်နေပါတယ်”
ထိုစကားကြားတော့ ကျန်းချန်စုန့်က မျက်ခုံးတစ်ချက်ပင့်ရင်း...
“အိုး ဟုတ်လား ၊ ဘယ်သိုင်းဂိုဏ်းများလဲ သိပါရစေ”
ရန်ကျောက်ကဲက...
“ကွမ်းမင်ဂိုဏ်း...”
ထိုစကားကြားတော့ ကျန်းချန်စုန့်က အေးစက်စွာ နှာတစ်ချက်မှုတ်ရင်း..
“ဟွန်း...ကွမ်းမင်ဂိုဏ်း... ဟုတ်လား”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဆရာကျန်း... အထင်မလွဲပါနဲ့ ၊ ငါတို့ဂိုဏ်းရော ငါကိုယ်တိုင်ရောက ကွမ်းမင်ဂိုဏ်းနဲ့ မိတ်ဆွေတွေ မဟုတ်ပါဘူး ၊ ရန်သူတွေပါ”
သူက ဆက်ပြောသည်။
“တိန့်စန်း ၊ စွန်းဟောက် ၊ လျိုဖုန်း ၊ ယန်ကျန်းဟွာနဲ့ ကျိကျယ်ဆိုတဲ့ နာမည်တွေကို ဆရာကျန်း ကြားဖူးမလား မသိဘူး”
ထိုစကားကိုကြားတော့ ကျန်းချန်စုန့် အံ့အားသင့်သွားပြီး...
“သူတို့အကုန်လုံးက ကွမ်းမင်ဂိုဏ်းက သိုင်းသူတော်စင် အကြီးအကဲတွေပဲ ၊ (၃)ယောက်က ပင်မတိုက်ရိုက်တပည့်တွေဖြစ်ပြီး နှစ်ယောက်ကတော့ ဧည့်သည်တော်တွေ ဖြစ်တယ် ၊ ဒီ ‘ကျန်း’ မျိုးနွယ် ဘယ်လိုလုပ် မသိဘဲနေမှာလဲ ၊ သူတို့ထဲမှာ တိန့်စန်းက သိုင်းသူတော်စင် စတုတ္ထအဆင့်ဖြစ်ပြီး အရမ်း တန်ခိုးစွမ်းအားမြင့်မားတယ် ၊ ဒီ ကျူတောပင်လယ်ဒေသတစ်ခုလုံးမှာ သူ့ကို မသိသူ မရှိသလောက်ပါပဲ”
ရန်ကျောက်ကဲက ပြုံးရင်း...
“အခုတလော သူတို့တွေ သတင်းမကြားပျောက်ကွယ်နေတယ်လို့ ဆရာကျန်း မတွေးမိဘူးလား”
ထိုစကားကြားတော့ ကျန်းချန်စုန့် အံ့အားသင့်သွားပြီး ခဏကြာမှ တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ပိုမိုတုန်လှုပ်သွားဟန် ရှိသည်။
“သူတို့တွေ သေကုန်ပြီလား ၊ အဲဒါ မင်းတို့ဂိုဏ်းနဲ့ ပတ်သက်နေတာလား”
ရန်ကျောက်ကဲက ပြုံးရင်း...
“တကယ်တော့... နောက်ထပ် သိုင်းသူတော်စင် တတိယအဆင့် (၃)ယောက် ကျန်သေးတယ် ၊ အဲဒီလူတွေရဲ့နာမည်တွေကိုတော့ ငါ မသိခဲ့ရဘူး ၊ မကြာခင်က ဖြစ်သွာတာဆိုတော့ ငါတို့ဂိုဏ်းအနေနဲ့ နာမည်တွေကိုလည်း စုံစမ်းချိန် မရခဲ့ဘူး”
ကျန်းချန်စုန့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး...
“ဒီကသခင်လေးက ဘယ်ဂိုဏ်းကလဲဆိုတာ သိခွင့်ရှိနိုင်မလား”