ကျီမျိုးနွယ်စု၏ သွေးဆက်
Vol. 22 Ch. 303
"ရှုချင်" လီတောက်ရီ၏ မျက်လုံးများ တောက်ပသွားသည်။ ရှုချင်ကို သူမသိဘဲ မနေပေ။ တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေမှာတုန်းက သူ သူမကို တိုက်ခိုက်ခဲ့ဖူးသည်။
ထိုတိုက်ပွဲအတွင်း သူ့မှာ မရှုမလှ ရှုံးနိမ့်ခဲ့၏၊
နောက်ပိုင်း၌ သူသည် အမြုတေဖြစ်တည်မှုအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သော်လည်း ထိုနေ့ကရှူံးနိမ့်မှုမှာ တနုံ့နုံ့နှင့် စိတ်တိုစရာကောင်းခဲ့သည်။ ရှုချင်ကို ယခု ထပ်တွေ့ရသည့်အခါ သူ၏မျက်လုံးများတွင် အေးစက်မှုတို့ ပြည့်နှက်လာသည်။ အသတ်အဖြတ်စိတ်ဆန္ဒသည် သူရင်ထဲ၌ လောင်မြိုက်လာပြီး အမြုတေဖြစ်တည်မှုအဆင့်စွမ်းအား ထွက်ပေါ်လာသည်။
ရှုချင်၏မျက်နှာလေးမှာ အေးစက်ခက်ထန်နေခြင်းမှ ဘယ်တော့မှ ပြောင်းမသွားပေ။သူမ၏ခန္ဓာကိုယ်မှ အဖြူရောင်ချီတစ်ခု ထွက်လာပြီး အမျှင်များအသွင်ပြောင်း၍ လီတောက်ရီထံ ပြေးဝင်သွားစဥ် သူမမျက်ဝန်းလေးများမှာ တဖျပ်ဖျက်လက်နေသည်။
ဝုန်းခနဲပေါက်ကွဲသံတစ်သံ ချက်ချင်း ပဲ့တင်ထပ်သွား၏။ မန်ဟိုက မျက်လုံးမှိတ်လျက် ကျင့်ကြံခြင်းအခြေခံ လှည့်ပတ်ရာတွင် အာရုံအပြည့်အဝ စိုက်ထားသည်။ သူ၏တတိယတာအိုမဏ္ဍိုင်က ခရမ်းရောင်ချီကို သူ၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်း၍ စိမ့်ဝင်ပျံ့နှံ့စေရင်း အရည်ပျော်လာ၏။ ယခုတွင် မန်ဟို၏ခန္ဓာကိုယ်မှာ ခရမ်းရောင်ဖြစ်နေလေပြီ။
ရှုချင်နှင့် လီတောက်ရီမှာ မှော်တိုက်ပွဲအား အကြိတ်အနယ် ဆင်နွှဲနေသည်။ သိသိသာသာပင် ရှုချင် အသာစီးရနေ၏။ အမှန်တွင် ကျင့်ကြံခြင်းအခြေခံအရ သူမသည် ဇာမဏီသခင်မနှင့်အတူ ပေါင်းစည်းထားသည့်အတွက် လီတောက်ရီ သူမကို ယှဥ်ပင် မယှဥ်နိုင်ပေ။ သူမမှာ ဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦးအဆင့်တွင် ဖြစ်သည်။
သို့သော် ရှုချင် ပေါင်းစည်းရန် အပြင်းအထန် ကြိုးစားနေသည့်တိုင် အချိန်တိုအတွင်း မဖြစ်နိုင်ပေ။ လောလောဆယ်တွင် သူမသည် စွမ်းအားရာနှုန်းပြည့်၏ တစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးချနိုင်၏။ ထိုသေးငယ်သောပမာဏပင် သူမကို လီတောက်ရီထက် သာစေသေးလေသည်။
လီတောက်ရီ မည်သည့်ပညာရပ်သုံးစေကာမူ ရှုချင်၏မျက်နှာထားကား ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူမသာ မန်ဟို့အနားမှခွာ၍ လီတောက်ရီနောက်လိုက်ကာ သူမပိုင်ဆိုင်သည့် မှော်ပညာရပ်များအသုံးပြုလျှင်တော့ သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ပေမည်။
သို့သော် သူမ မစွန့်စားချင်ပေ။ တိုက်ပွဲကို အာရုံအပြည့်အဝစိုက်လိုက်ပါက လီတောက်ရီ မန်ဟို့ကျင့်ကြံခြင်းအခြေခံကို ထိခိုက်စေနိုင်သော လှည့်ကွက်များ အသုံးပြုမည်ကို သူမစိိုးရိမ်သည်။
သူတို့နှစ်ယောက် တိုက်ခိုက်နေစဥ် မန်ဟို၏ ဒုတိယတာအိုမဏ္ဍိုင် အရည်ပျော်လာ၏။ ၄င်းပျောက်ကွယ်သွားသည်နှင့် ပထမတာအိုမဏ္ဍိုင် အရည်ပျော်သည်။ အသက်ဆယ်ရှိုက်အတွင်း သူ၏အမြုတေပင်လယ်၌ မိုးနဂါးပျံအမြုတေ ထွက်ပေါ်လာသည်။ ၄င်းက ချက်ချင်းပင် ခရမ်းရောင်မြူအဖြစ်ပြောင်းသွား၏။
မိစ္ဆာအမြုတေမှာ သေးသေးလေးသာ ရှိတော့သည်။ ခရမ်းရောင်မြူအတွင်း ဝင်ရောက်ပေါင်းစည်းပြီးနောက်တွင် မြူစက်လုံးသည် ပို၍လျင်မြန်စွာ လည်လာသည်။ ယခုတွင် ၄င်းမှာ အမြုတေအဖြစ် ခဲလာပြီဖြစ်၏။
ထိုစဥ် သူတို့၏နေရာသို့ တဟုန်ထိုးပျံသန်းလာနေသော ကျီဟုန်တိုင် ပေါ်လာသည်။ သူသည် ချီလမ်းကြောင်းအတိုင်း ခြေရာခံနေရသည့်အလား မျက်လုံးများပိတ်ထား၏။
သူ့မျက်နှာမှာ ဖြူဆုပ်နေရာ ဖန်မိန်းကလေးနှင့်တိုက်ပွဲအတွင်း၌ ဒဏ်ရာရခဲ့ကြောင်း သိသာလေသည်။ သူမကို ဖယ်ထုတ်ပြီးနောက် ယခု ဤနေရာသို့ သူရောက်လာလေပြီ။ သူ၏မျက်ခွံအောက်၌ ခပ်စူးစူးအလင်းရောင် တောက်ပလာသည်။
"နိမ့်ကျတဲ့ ကျင့်ကြံသူတစ်ယောက်က အင်မိုတယ်အာရုံကို ထိုးဖောက်ပြီး ခေါင်းဆောင်ကြီးပြောခဲ့တဲ့ အင်မိုတယ်ချီကို ဘယ်လိုလုပ်ရသွားတာလဲ မသိဘူး။ ထားပါ အဲ့ဒါအရေးမကြီးဘူး။ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံအရဆိုရင် မြန်မြန် မစုပ်ယူနိုင်မှာ သေချာတယ်။ ငါ သူ့ကိုသတ်လိုက်ရင်တော့ အင်မိုတယ်ချီကို ငါ့အတွက် ယူလို့ရပြီ။ ဒါဆိုရင် ငါအယောင်ဆောင်တပ်သားအဆင့်ကနေ သေချာပေါက် တက်ပြီး အစစ်အမှန်တပ်သား ဖြစ်လာလိမ့်မယ်" ဤနေရာသို့ရောက်သော် သူ၏အတွေးရထားကြီး ရပ်တန့်သွားပြီး မျက်လုံးဖွင့်လိုက်သည်။ ၄င်းတို့သည် ပြင်းပြသော မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။
သူက ရုတ်တရက် ခေါင်းလှည့်ပြီး မန်ဟို့ကို ကြည့်သည်။ "တွေ့ပြီ" ထို့နောက် သူ့ထံ တန်းတန်းမတ်မတ် ပျံသန်းသွား၏။
မန်ဟိုမှာ သူ၏ခန္ဓာကိုယ်ထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းနေသည်။ အမြုတေပင်လယ်ထဲရှိ ခရမ်းရောင်မြူစက်လုံးမှာ ကျုံံ့လာနေလေပြီ။ ၄င်းသည် ပို၍ပင် မာလာပြီး အပြင်လွှာ စတင်ဖြစ်ပေါ်လာသည့်အတွက် စူးရှတောက်ပသော ခရမ်းရောင်အလင်း ထုတ်လွှတ်နေသည်။
၄င်း အစိုင်အခဲဖြစ်သည်နှင့် ခရမ်းရောင်အမြုတေဖြစ်ပေါ်လာကာ မန်ဟို၏ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုး တက်သွားလိမ့်မည်။ သူသည် ချီအခြေတည်အဆင့်မှ ထွက်ခွာပြီး အမြုတေအဆင့်ဝင်ရောက်ကာ အစစ်အမှန် အစွမ်းထက်သောပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။
၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း.... သူ့ကိုယ်တွင်းရှိ ခရမ်းရောင်အမြူတေစက်လုံး၏ လည်ပတ်မှု နှေးကွေးလာပြီး ပိုပို၍မာကြောလာပုံရသည်။ ၄င်းမှာ ဆက်လက်ကျုံ့လာနေပြီး လက်သီးဆုပ်အရွယ်သာ ရှိတော့၏။
များမကြာခင် ခရမ်းရောင်အမြုတေ အမှန်တကယ် ထွက်ပေါ်လာပေတော့မည်။ ယခုတွင် မန်ဟိုသည် တဒိန်းဒိန်းခုန်နေသော စွမ်းအားတစ်ခု သူ့ကိုဖြတ်၍ စီးဆင်းနေသည်ကို ခံစားရ၏။ ၄င်းမှာ သူယခင်က ခံစားခဲ့ဖူးသော မည်သည့်အရာမဆိုထက် ကြီးမားလေသည်။
ဤသည်မှာ သာမန် ခရမ်းရောင်အမြုတေမဟုတ်။ ပြီးပြည့်စုံသော အခြေတစ်ခု၏ တာအိုမဏ္ဍိုင်ဆယ်ခုမှ ဖြစ်ပေါ်လာသော အမြုတေပင်။ ၄င်းပေါ်လာသည့်နှင့်တစ်ပြိုင်နက် ဇီယွင်ဂိုဏ်း၏ နှစ်ထောင်ပေါင်းများစွာသော သမိုင်းတစ်လျှောက် မြင်ခဲ့ဖူးသမျှထဲ အင်အားအကြီးဆုံး ခရမ်းရောင်အမြုတေ ဖြစ်လာမည်။
ဤစွမ်းအားအဆင့်မျိုးမှာ တစ်ခါမှာ မကြားဖူးပေ။ ထိုမျှသာမက မိုးနဂါးပျံကြီး၏ မိစ္ဆာအမြုတေဖြင့် ပေါင်းစည်းပြီးနောက် ခရမ်းရောင်အမြုတေသည် ရက်ရက်စက်စက် အစွမ်းထက်လာပေမည်။
ဇီယွင်ဂိုဏ်းရှိ ဘယ်သူမှ ထိုစွမ်းအားအဆင့်မျိုးနှင့် နီးပင် မနီးစပ်ခဲ့ဖူးပေ။ ဆရာကြီးဇီတုန်ကိုယ်တိုင် အမြုတေဖြစ်တည်မှုအဆင့်ရောက်တုန်းက ဤမျှအံ့ဖွယ်ကောင်းသောအဆင့်အား မရောက်ရှိခဲ့ပေ။
အားလုံးအထဲ အံ့ဖွယ်အကောင်းဆုံးမှာ.... မန်ဟို့၏ခရမ်းရောင်အမြုတေသည် အင်မိုတယ်ချီ အသက်ငွေ့၏ အကူအညီဖြင့် ဖြစ်ပေါ်လာခြင်းပင်။ ဤအမြုတေသည်....ဇီယွင်ဂိုဏ်း၊ တောင်ပိုင်းဒေသ၊ အနောက်ပိုင်းသဲကန္တာရ၊ မြောက်ပိုင်းသဲကန္တာရ သို့မဟုတ် အရှေ့ဘက်နယ်များတွင်ပင် တစ်ခါမှ မမြင်ခဲ့ဖူးသောအရာဖြစ်သည်။
၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း..... သူ့ကိုယ်တွင်းရှိ ခရမ်းရောင်မြူ၏ချီသည် အားကောင်းလာနေသော မန်ဟို အာရုံရနေ၏။ သူ၏နှလုံးခုန်နှုန်း ပို၍မြန်လာပြီး သူ၏ခန္ဓာကိုယ်မှာ ပို၍သန်မာလာသည်။ စိတ်ဝိညာဉ်အာရုံအကွာအဝေးလည်း ပို၍ကျယ်ပြန့်လာသည်။ ဤအဆက်မပြတ်ပြောင်းလဲနေမှုများကို သူအာရုံရနေသည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် သူ၏စိတ်ဝိညာဥ်အာရုံဖြင့် ကျီဟုန်တုန်ကို ရုတ်တရက် လှမ်းမြင်လိုက်၏။ သူက အလွန်လျင်မြန်စွာ ချဥ်းကပ်လာနေသည်။ သူကား အသက်တစ်ရှိုက်တုန်းက အဝေးတွင်ဖြစ်သော်လည်း တခဏကြာသော် မန်ဟိုနှင့် အခြားသူများအပေါ် ရောက်နေချေပြီ။
ကျီဟုန်တုန် ပေါ်လာသည့်အချိန်မှာပင် ပေါက်ကွဲသံတစ်သံ လေတွင် ပြည့်နှက်သွားသည်။ လီတောက်ရီမှာ သွေးအနည်းငယ်အန်၍ နောက်သို့ ယိုင်ထွက်သွားကာ ကျီဟုန်တုန်ဘေးရောက်သွား၏။ သူက သတ်ဖြတ်လိုစိတ်များ ပြည့်နေသော မျက်လုံးများဖြင့် ရှူချင်ကို စိန်းစိန်းဝါးဝါး ကြည့်သည်။
ရှုချင်မှာ မျက်နှာလေးအတန်ငယ်ဖြူဖျော့နေသော်လည်း ကျိုးဟုန်တုန်ကို အေးတိအေးစက် စိုက်ကြည့်သည်။
"တော်တယ် လီတောက်ရီ" ကျီဟုန်တုန်က အေးစက်စက်ပြောသည်။ "ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်မျိုးနွယ်စုကို အသိပေးပြီးတော့ လီမျိုးနွယ်စုရဲ့ ကျေးဇူးတင်ထိုက်တဲ့ အပြုအမူအကြောင်း ပြောလိုက်မယ်"
"သိပ်ယဥ်ကျေးနေစရာမလိုပါဘူး သခင်လေးကျီ။ ကျီမျိုးနွယ်စုကို ကူညီပေးရတာပဲ ဝမ်းမြောက်လှပါတယ်။ သခင်လေးကျီ၊ ဒီအမျိုးသမီးကို ခေါ်သွားခွင့်ပေးပါ။ သူ ကျွန်တော့်ကို နှစ်ခါတောင် တိုက်ခိုက်ခဲ့တယ်။ ဒီနေ့ ရှင်လျက်နဲ့သေနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သူနားလည်အောင် ကျွန်တော်လုပ်ပေးရမယ်" သူ၏မျက်လုံးများက စက်ဆုပ်ဖွယ်ကောင်းစွာ ရမ္မက်ခိုးဝေနေ၏။ ဤကဲ့သို့ အေးတိအေးစက်မိန်းမမျိုးကို သူသဘောကျသည်။
"ကြိုက်သလိုလုပ်" ကျီဟုန်တုန်က အေးတိအေးစက်ပြန်ဖြေသည်။ သူက ရှုချင်ကို ကြည့်ပြီးနောက် တင်ပျဥ်ခွေလျက် တရားထိုင်နေဆဲဖြစ်သော မန်ဟို့ကို ကြည့်သည်။
သူက သူ၏ကျင့်ကြံခြင်းအခြေခံကို ကြည့်ပြီး အမြုတေတည်ဆောက်နေကြောင်း တွေ့သော် ပြက်ရယ်ပြုနေသောအကြည့် သူ၏မျက်လုံးများ၌ ပေါ်လာသည်။
"ဖန်ယုသာ ပေါ်မလာခဲ့ရင် မင်းအရူးလုပ်တာ ငါခံခဲ့ရမှာ။ မင်းကိုယ်ထဲမှ အင်မိုတယ်ချီရှိနေတယ်ဆိုတော့ မင်းကိုသတ်ပြီး မင်းအလောင်းကို သန့်စင်ရုံပဲရှိတော့တယ်" ထို့နောက် သူက ရှေ့တစ်လှမ်းလှမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ အင်အားကြီးမားသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာ၏။ တောင်တန်းများ၊ မြစ်များနှင့် ကြီးမားသောကုန်းမြေထုကြီးဖြင့် ပုံရိပ်တစ်ခု သူ့အနောက်တွင် ပေါ်လာသည်။ ၄င်းမှာ ထူးဆန်းသောမြင်ကွင်းတစ်ခုဖြစ်သည်။ သူသည် ဧကရာဇ်ဖြစ်ပြီး သူနင်းလိုက်သည့်မြေက သူ့အင်ပါယာ၏အပိုင် ဖြစ်သွားသကဲ့သို့ပင်။
သူရှေ့တက်လာစဥ် မန်ဟို့ကိုယ်တွင်းရှိ အမြုတေမြူစက်လုံးမှာ ရှစ်ဆယ်ရာခိုင်နှုန်း ပြီးမြောက်ပြီး ကိုးဆယ်ရာခိုင်နှုန်းသို့ ဝင်ရောက်နေလေပြီ။ အထဲရှိ အစွမ်းထက်ချီသည် အပြင်သို့ နည်းနည်းလေးပင် စိမ့်ထွက်လာခြင်းမရှိ။ ထိုအစား သူ၏ခန္ဓာကိုယ်ကိုဖြတ်၍ တဝုန်းဝုန်း စီးဆင်းနေသည်။
ရှုချင်က မန်ဟို့ အရှေ့ဝင်ကာ ကျိူးဟုန်တုန်၏လမ်းကို တားသည်။
"မင်းကိုယ်မင်း အထင်ကြီးနေတာပဲ" ကျိုးဟုန်တုန်က အေးစက်စက်နှာမှုတ်၍ ပြောသည်။ သူက နောက်တစ်လှမ်းလှမ်းလိုက်ရာ သူ့အနောက်ရှိ တောင်နှင့်မြစ်များ ရုတ်တရက် ပြန့်ကားလာပြီး ရှုချင်အပေါ် ဖိနှိပ်သည်။
ဤသည်မှာ ကျီဟုန်တုန် အမြုတေချီ၏ သရုပ်သကန်ပင်။ တောင်တန်းများနှင့် မြစ်ချောင်းများက သူ့ကို ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် ဧကရာဇ်တစ်ပါးသဖွယ် ဖြစ်နေစေသည်။ ဖိအားအောက်တွင် ရှုချင်၏မျက်နှာလေးမှာ သွေးမရှိတော့ပေ။ ရုတ်တရက် သူမ၏ မျက်ဝန်းများမှာ အနက်ရောင်တောက်ပလာပြီး အဖြူရောင်မျက်သားလွှာကို နေရာလပ်မကျန် ဖုံးလွှမ်းသွားသည်။ ယခုတွင် သူမကိုကြည့်လိုက်သည့် မည်သူမဆို အနက်ရောင်ဗလာသက်သက်ကိုသာ မြင်ရပေမည်။
ရုတ်ခြည်းဆိုသလို သူမခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ချီသည် အဖြူရောင်မဟုတ်တော့ဘဲ အနက်ရောင်ပြောင်းသွား၏။ အနက်ရောင်ချီမျှင်များသည် ရက်စက်ကြမ်းကြုတ်သော သရဲမျက်နှာများအသွင်ပြောင်းလာသည်။ မျက်နှာများက သူမမျက်နှာထက်တွင်.... အနက်ရောင်ဇာမဏီငှက်တစ်ကောင်အသွင် အတူတကွ စုပေါင်းသွား၏။
၄င်းသည် တောင်တန်းများနှင့်မြစ်ချောင်းထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
ကျီဟုန်တုန်၏မျက်လုံးများမှာ ယခုလေးတင် ဖြစ်ပျက်သွားသောအရာကြောင့် အံ့သြလျက် ကျဥ်းမြောင်းသွား၏။ ဝုန်းခနဲ မြည်ဟည်းသွားပြီး ရှုချင်ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူမမှာ နောက်သို့ ယိုင်သွားပြီး မန်ဟိုကို လှမ်းဆွဲသည်။ ထိုနှစ်များက တာ့ချင်းတောင်မှာ သူ့ကို လှမ်းဆွဲလိုက်သည့်အတိုင်းပင်။ သူမက သူ့ကိုဖက်ရင်း အဝေးသို့ တဟုန်ထိုးထွက်သွား၏။
သူမမျက်နှာလေးမှာ ဖြူဆုပ်နေပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသည်။ စောစောက သူမသည် သူမအပြည့်အဝ ပိုင်ဆိုင်ထားခြင်းမရှိသော ဇာမဏီသခင်မ၏ စွမ်းအားကို ထုတ်သုံးခဲ့သည့်အတွက် ရလဒ်အနေဖြင့် သူမကိုယ်သူမ ဒဏ်ရာ အပြင်းအထန် ရသွားစေခဲ့သည်။
သူမမှာ စွန့်စားချင်သော်လည်း ထိုစွမ်းအားကို အများအပြားမထုတ်နိုင်ဘဲ အတန်ငယ်သာ အသုံးပြုနိုင်၏။
သူမ မန်ဟို့နှင့်အတူ ပြေးထွက်သွားသည့် အခိုက်အတန့်မှာပင် ကျီဟုန်တုန်က မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ခေါင်းငုံ့ပြီး သူ့ရင်ဘတ်နားမှ ပျက်စီးသွားသော ကျောက်စိမ်းဆွဲပြားကို ထုတ်လိုက်သည်။
သူ၏မျက်နှာမှာ အရုပ်ဆိုးနေပြီး သူ၏မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒနှင့်အတူ အံ့သြခြင်းတို့ ပြည့်နှက်နေသည်။
"စောစောက သူသုံးသွားတဲ့စွမ်းအားက အနုသုခုမရုပ်ခန္ဓာအဆင့်နဲ့တူတယ်။ သူက ငါ့ရဲ အသက်ကယ်ကျောက်စိမ်းပြားကိုတောင် ဖျက်စီးသွားသေးတယ်.....ဒီမိန်းကလေးရဲ့ချီ ....စိတ်ဝင်စားစရာပဲ။ လေလွင့်ဝိညာဥ်တစ်ကောင်ရဲ့စွမ်းအား ဖြစ်ရမယ်။ ငါ ကျီမျိုးနွယ်စုရဲ့ ကျီဟုန်တုန်ရဲ့အရှေ့ တောင်ပိုင်းဒေသရဲ့ ဘယ်လေလွင့်ဝိညာဥ် ပေါ်လာရဲတာလဲ ကြည့်ရမယ်။ ရာရာစစ ဘယ်ကောင် ငါ့ကို တိုက်ခိုက်ရဲတာလဲ" သူ နောက်သို့လိုက်သွားစဥ် သူ့မျက်နှာ၌ ရက်စက်သောအပြုံးပေါ်ပေါက်လာသည်။
လီတောက်ရီလည်း သက်ပြင်းခိုးချရင်း သူ့အနောက်၌ လိုက်လာသည်။ ရှုချင် သူ့ကို အားကုန်ထုတ်၍ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ကြောင်း သူသိလိုက်လေပြီ။ သူမသာ အားကုန်ထုတ်ခဲ့လျှင်တော့ သူအသက်နှင့်ကိုယ် အိုးစားကွဲသွားလိမ့်မည်။
"စောစောက တိုက်ပွဲမှာ အားအပြည့်အဝမသုံးခဲ့တာ သိသာပါတယ်။ သူတော်တော်တော့ ပေးဆပ်ရမှာပဲ....."
မန်ဟိုမှာ ဖြစ်ပျက်နေသည်များကို မျက်စိဖြင့် မကြည့်နိုင်သော်လည်း စိတ်ဝိညာဥ်အာရုံကြောင့် အခြေအနေအပြောင်းအလဲများကို သူကောင်းကောင်း သိလေသည်။ အမှန်တွင် သူ၏ပကတိမျက်စိဖြင့် ကြည့်သည်ထက်ပင် ပို၍ရှင်းလင်းပြတ်သားနေသေးသည်။ ရှုချင်၏သွေးများနှင့် သူမအသက်ကိုပင် စွန့်စားနေသည်ကို သူမြင်ရလေသည်။
သူ၏နှလုံးသားမှာ ဓားချွန်နှင့် ထိုးနေသကဲ့သို့ တဆစ်ဆစ်နာကျင်နေပြီး ဒေါသလှိုင်းများ ရိုက်ခတ်လာသည်။ သူမ တတိယအကြိမ် သွေးအန်သည့်အခါ မန်ဟိုကိုယ်တွင်းရှိ ခရမ်းရောင်မြူစက်လုံးသည် ကိုးဆယ်ရာခိုင်နှုန်းပြီးမြောက်၍ တစ်ရာနှင့်နီးနေလေပြီ။
"အစ်မ" သူက မျက်လုံးဖွင့်ရင်း ပြောသည်။ "ကျွန်တော့်ကို အခုချပေးတော့နော် ဟုတ်ပြီလား"
ရှုချင်က ဘာမှမပြော။ သူ့ကို လျစ်လျူရှူပြီး မြန်နိုင်သမျှ မြန်မြန်သွားနေသည်။
သူက နွေးထွေးကြင်နာမှုများပြည့်နေသော မျက်ဝန်းများဖြင့် သူမကို ကြည့်လိုက်သည်။
ထိုစဥ် ရုတ်တရက် လေတိုးသံနှင့်အတူ လေကိုခွင်း၍ ပျံသန်းလာနေသော ကျီဟိုင်တုန်ပေါ်လာသည်။ ယခုအချိန်တွင် ပတ်ဝန်းကျင်ရှိ နံရံများသည် တစ်ဝက်ကျော် ပြိုကျနေပြီဖြစ်၏။ အပြီးတိုင်ပျောက်ကွယ်ရန် သိပ်ကြာတော့မည်မဟုတ်ပေ။
ကျီဟုန်တုန်ပေါ်လာသောအခါ ရှုချင်၏မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒ ပေါ်လာသည်။ သူမက ဘယ်လက်ကို ဝှေ့ယမ်းလိုက်သည်တွင် သူမ၏ကိုယ်လုံးလေး တုန််ရီသွားပြီး အနက်ရောင်ချီအမြောက်အမြားထွက်လာကာ မရေမတွက်နိုင်သော လေလွင့်ဝိညာဥ်များဖြင့် ပြည့်နေသော အနက်ရောင်ဇာမဏီငှက် အသွင်ပြောင်းသွား၏။ ၄င်းက စူးစူးဝါးဝါး အော်မြည်ရင်း ကျီဟိုင်တုန်ထံ ပြေးဝင်သွားသည်။
"ကန်းနေလား" ကျီဟိုင်တုန်က အေးစက်စက်နှာမှုတ်၍ ပြောသည်။ "ကျီသွေးဆက်ကို တကယ်ပဲ အာခံရဲလား" သူက တုံဆိုင်းခြင်းမရှိ ရှေ့တက်လာသည်။
***