← Chapters

အမြုတေဖြစ်တည်ခြင်း

Vol. 22 Ch. 304

အမြုတေဖြစ်တည်ခြင်း

Vol. 22 Ch. 304

ကျီဟုန်တုန်ပါးစပ်မှ စကားလုံးများ ထွက်လာသည့်အချိန်တွင် အနက်ရောင်ချီမှ ဖြစ်ပေါ်လာသော ဇာမဏီငှက်နှင့် မရေမတွက်နိုင်သော လေလွင့်ဝိညာဥ်များသည် သူ့ထံမှ ၂၀၊ ၂၅မီတာခန့်သာ ဝေးတော့၏။

လေလွင့်ဝိညာဥ်များ၏ ရက်စက်ကြမ်းကြုတ်သောမျက်နှာများမှာ ကြောက်စရာကောင်းသောအရာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ရုတ်တရက် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်သွားသည်။

အနက်ရောင်ချီဇာမဏီငှက်က ရှေ့ဆက်မတိုးရဲတော့သည့်အလား စူးစူးဝါးဝါးအော်သည်။ ၄င်းမှာ ကျီဟိုင်တုန်ကို အရိုအသေပေးနေသကဲ့သို့ ခေါင်းငုံ့လိုက်သည်။

ရှူချင်၏မျက်နှာထား ချက်ချင်း ပြောင်းသွားသည်။ သူမမှာ တုန်ရီလာပြီး သူမမျက်ဝန်းတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လာသည်။ မွန်းတည့်နေတမျှ အစွမ်းထက်သော ချင်းလော်ဂိုဏ်း၏ လေလွင့်ဝိညာဥ်များက အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်အရှေ့တွင် ဝပ်စင်းသွားလိမ့်မည်ဟု သူမ အဘယ်သို့ တွေးနိုင်ခဲ့မည်နည်း။

"သွေးဆက်...." စောစောက ကျီဟုန်တုန်ပြောခဲ့သည့်စကားများကို ရုတ်တရက် တွေးမိလိုက်သဖြင့် သူမ ရင်တဒိန်းဒိန်းခုန်လာသည်။

ကျီဟုန်တုန်က အေးစက်စက်နှာမှုတ်ပြီး နောက်တစ်ခေါက် ထပ်ပြောသည်။ "မလောက်လေးစား လေလွင့်ဝိညာဥ်တွေ။ မင်းတို့က ကျီမျိုးနွယ်စုရဲ့ သွေးဆက်အရှေ့မှာ ခွေရူးတစ်ကောင်ထက် မပိုဘူး။ ပိုးကောင်လေးသာသာပဲ ရှိတယ်။ မင်းတို့သေရင် ကျီမျိိုးနွယ်စုရဲ့ ကောင်းကင်အောက်မှာ သေရတာပဲ" သူ၏ စကားလုံးများ အေးစက်ပြီး သူ၏မျက်နှာက ဂုဏ်ယူမော်ကြွားနေသည်။ သူသည် တစ်ချက်လေးပင် မရပ်တန့်ဘဲ ရှေ့လျှောက်လာ၏။ လေလွင့်ဝိညာဥ်များမှာ စူးစူးဝါးဝါး အော်ဟစ်ရင်း အသနားခံနေသောမျက်နှာများဖြင့် ခေါင်းငုံ့လျက် နောက်ဆုတ်သွားကြသည်။

ကျီဟုန်တုန် ချဥ်းကပ်လာသည်နှင့်အမျှ အနက်ရောင်ဇာမဏီငှက်သည် ပြင်းပြင်းထန်ထန် တုန်ရီလာပြီး ရုတ်တရက် ၄င်း၏မျက်နှာပေါ်တွင် မျက်နှာတစ်ခုပေါ်လာသည်။

၄င်းက အမျိုးသမီး၏မျက်နှာပင်။ သို့သော် ရှုချင်မဟုတ်၊ ချုပ်နှောင်ခံထားရသော ဇာမဏီသခင်မ ဖြစ်သည်။

သူမ၏မျက်လုံးများမှာ မှိတ်နေပြီး မျက်နှာအမူအရာမှာ ကြောက်လန့်နေဟန်ရှိပြီး အသနားခံနေသည်။ သူမသည် ရှင်းပြချင်သော်လည်း စကားပြောရန်အသာထား၊ မျက်လုံးဖွင့်ရန်ပင် အစွမ်းအစမဲ့နေပုံရသည်။ သူမမျက်နှာပေါ်တွင် တောက်ပနေသော အနီရောင်ချုပ်နှောင်အမှတ်အသားတစ်ခု ဖြေးဖြေးချင်း ပေါ်လာသည်။

ကျိုးဟုန်တုန် ထိုမျက်နှာကို မြင်သောအခါ ခုနစ်ကြိမ် မျက်တောင်ခတ်လိုက်သည်။ စူးရှတောက်ပသော အလင်းဖြာထွက်လာပြီး သူက သူမကို ကြည့်ရှုလေသည်။ ထူးဆန်းသော အရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာပြီး သူက တဟားဟားရယ်သည်။

"စိတ်ဝင်စားစရာပဲ" သူက အဓိပ္ပါယ်ပါပါပြုံးရင်း ဆိုသည်။ "လေလွင့်ဝိညာဥ်တွေ လူကို ဝင်ပူးတာ ကြားဖူးပေမယ့် လက်ခံကောင်က လေလွင့်ဝိညာဥ်ကို ထိန်းချုပ်နိုင်တာ တစ်ခါမှ မကြားဖူးဘူး" သူက လီတောက်ရီကို ကြည့်သည်။ "သူ့နာမည်နဲ့ ဂိုဏ်းက ဘာလဲ"

"ချင်းလော်ဂိုဏ်း ရှုချင်" လီတောက်ရီက မဆိုင်းမတွ ပြန်ဖြေသည်။

"ရှုချင် ၊ စိတ်ဝင်စားစရာပဲ" သူက ညစ်ကျယ်ကျယ်ပြုံးရင်း ပြောသည်။ "မင်း ဘယ်လိုလုပ်နိုင်ခဲ့လဲ ငါမသိဘူး။ မင်းက ချင်းလော်ဂိုဏ်းနဲ့ တခြားလေလွင့်ဝိညာဥ်တွေကို အရူးလုပ်ထားတာပဲ။ မင်းက လေလွင့်ဝိညာဥ်လို့ ထင်အောင် လူတိုင်းကို လှည့်စားထားတာကိုး။ ပြောစမ်းပါဦး၊ ဒီသတင်းသာ ပေါက်ကြားသွားရင် မင်းဘာဖြစ်မယ်ထင်လဲ" သူက ကျယ်လောင်စွာ အော်ရယ်ရင်း ရှေ့လျှောက်လာသည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လေလွင့်ဝိညာဥ်အားလုံးနှင့် အနက်ရောင်ဇာမဏီငှက်ပါ နောက်ဆုတ်သွား၏။ ၄င်းတို့မှာ ရှေ့ဆက်မတိုးရဲဘဲ တဆတ်ဆတ်တုန်ရီနေကြသည်။

၄င်းတို့မှာ ထိုလူငယ်ကို ကြောက်ခြင်းမဟုတ်၊ သူ့ကိုယ်တွင်းရှိ ကြောက်မက်ဖွယ် ကျီမျိုးနွယ်စု၏သွေးဆက်ကို ထိတ်လန့်ခြင်းပင်။

ရှုချင်၏မျက်နှာမှာ ပို၍ပင် ဖြူဖျော့လာသည်။ သတင်းပြန့်သွားလျှင် ဝေးဝေးထွက်ပြေးနိုင်မည်မဟုတ်ကြောင်း သူမကောင်းကောင်းသိလေသည်။ သူမ သေမည်မှာ မလွဲဧကန်ပင်။ ချင်းလော်ဂိုဏ်းသာမဟုတ်၊ ကြောက်မက်ဖွယ် လေလွင့်ဝိညာဥ်အားလုံး သူမအနောက်လိုက်လာလိမ့်မည်။

ချင်းလော်ဂိုဏ်း၏မြေပြင်ပေါ်၌ နေထိုင်သော ကျင့်ကြံသူများဖြစ်စေ၊ အောက်ရှိ လေလွင့်ဝိညာဥ်များဖြစ်စေ ဘယ်သူမှ သူမကို အလွှတ်ပေးမည်မဟုတ်။ တောင်ပိုင်းဒေသတစ်ခွင်လုံးတွင်လည်း ပြေးစရာမြေမရှိ။ ဂိုဏ်းမှ အထောက်အပံ့အားလုံး ဖြတ်တောက်ခံရမည်။ တောင်ပိုင်းဒေသ၌ ခိုလှုံရာလည်း ရှာတွေ့မည်မဟုတ်။ ထို့အပြင် သူမထွက်ပြေးလျှင်တောင်မှ ဝေးဝေးမပြေးနိုင်ပေ။ ဇာမဏီသခင်မနှင့် ပေါင်းစည်းထားသော ဖြစ်စဥ်မှာ ချင်းလောဂိုဏ်း၌သာ ဆောင်ရွက်၍ရလေသည်။

ထိုနေရာတွင်သာ သူမ ဆက်လက်ပေါင်းစည်းထားနိုင်၏။ ဇာမဏီသခင်အား အလုံးစုံ ဝါးမြိုမပြီးမချင်း သူမ ဂိုဏ်းနှင့် အလွန်ကြာမြင့်စွာ ဝေးကွာနေလျှင် သူမ၏ကျင့်ကြံခြင်းအခြေခံ ယိုယွင်းလာမည်။ ဤကိစ္စမှာ ရုတ်တရက် သူမအတွက် ဂြိုဟ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ရှုချင်၏ပျက်ယွင်းနေသော မျက်နှာလေးက ကျီဟုန်တုန်ကို ရယ်စေသည်။ သူ၏မျက်လုံးများသည် လှောင်ပြောင်မှုများဖြင့် ပြည့်နေသည်။ လူများအား ဤသို့ ဖြစ်နေသည်ကို ကြည့်ရတာ သူ သဘောကျသည်။ ၄င်းက သူ့ကို ကြီးမြတ်သောဘုရင်တစ်ပါးသဖွယ် ခံစားရစေ၏။ "ပြီးတော့ ဒီချုပ်နှောင်တံဆိပ်..." သူက ပြောသည်။ "စိတ်ဝင်စားစရာပဲ။ ဒါက မင်း လေလွင့်ဝိညာဥ်ကို ထိန်းချုပ်နိုင်အောင် ကူညီပေးတယ်။ ခေါင်းဆောင်ကြီးတွေတော့ တော်တော်လေး စိတ်ဝင်စားမှာပဲ" သူက သူ့ထိန်းချုပ်မှုအောက်တွင် အရာအားလုံးရှိနေသည့်အလား တဟားဟားရယ်ရင်း လှောင်ပြောင်နေသောမျက်နှာထားဖြင့်် အနားကပ်လာသည်။

ရှုချင်မျက်နှာလေးမှာ သွေးမရှိတော့ပေ။ လေလွင့်ဝိညာဥ်များကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ပြီး ဇာမဏီသခင်မ၏ စွမ်းအားမရှိပါက သူမမှာ သာမန်ကျင့်ကြံသူလေးတစ်ယောက်သာ။ သူမအနေဖြင့် အမြုတေဖြစ်တည်မှုအဆင့်စွမ်းအားကိုပင်လျှင် ခက်ခက်ခဲခဲ အသုံးချနေရသည်။

ထိုမျှသာမက သူမ နောက်ဆုတ်၍မရပေ။ မလှုပ်နိုင်အောင် ကြိုးဖြင့် ချုပ်နှောင်ခံထားရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူမ တစ်လက်မလေးပင် ရွေ့မရပေ။

"မပူပါနဲ့ ငါ မင်းကို မသတ်ဘူး" ကျိုးဟုန်တုန်က ပြောသည်။ သူက မန်ဟို့ကို လှမ်းဆွဲရန် အနားကပ်သွား၏။

သူနီးကပ်လာစဥ်မှာပင် မန်ဟို့၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှ ကြောက်ခမန်းလိလိ စွမ်းအားကြီး တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။ ၄င်းက မမြင်နိုင်သော မိုးသက်မုန်တိုင်းကြီးသဖွယ် လှိုင်းဂယက်များ ရိုက်ခတ်သွားသဖြင့် ကျီဟုန်တုန် မျက်နှာပျက်သွားသည်။ သူက နောက်သို့ မီတာသုံးဆယ်ခန့် ကမန်းကတမ်း ဆုတ်လိုက်သည်။ သူ၏မျက်နှာမှာ မည်းမှောင်နေပြီး သူငယ်အိမ်များကျုံ့သွားခဲ့သည်။

သူ့ဘေးရှိ လီတောက်ရီ၏မျက်နှာမှာ အံ့သြမယုံနိုင်ဖြစ်နေပြီး သတိကပ်သွားပုံရသည်။ သူက တစ်ကိုယ်လုံး တုန်ရီနေရင်း မုန်တိုင်းထဲက မန်ဟို့ပုံရိပ်ကို စိုက်ကြည့်ပြီး နာကြည််းမုန်းတီးမှု နှင့် အံသြတုန်လှုပ်ခြင်းတို့ သူ့မျက်ဝန်းများ၌ စိုးမိုးသွားသည်။ သူက ရုတ်တရက် ပြော၏။ "မင်းက.... မင်းက ဖန်မုမဟုတ်ဘူး။ မန်ဟို" သူအသံမှာ စူးဝါးကျယ်လောင်ပြီး သူ၏အသက်ရှူသံမှာ ဟောဟဲလှိုက်နေ၏။ သူ ဤနှစ်များတစ်လျှောက်လုံး မြေလှန်ရှာခဲ့သည့်လူက တကယ်တမ်း သူ့မျက်စိရှေ့တည့်တည့်တွင် ဖြစ်နေလိမ့်မည်ဟု သူမည်သို့ တွေးနိုင်ခဲ့မည်နည်း။

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မိုးထစ်ချုန်းသံများ မြည်ဟည်းလာပြီး ခရမ်းရောင်လေပြင်းများ တိုက်ခတ်လာသည်။ မန်ဟို့၏ပုံရိပ်မှာ အပေါ်သို့ ထိုးတက်သွား၏။ သူက မုန်တိုင်း၏ ဗဟိုချက်ဖြစ်သည်။ ကြောက်မက်ဖွယ်လေပြင်းများက သူ့ခန္ဓာကိုယ်မှ လာနေခြင်းပင်။

မန်ဟို့မျက်နှာ လျှပ်တပြက် ပြောင်းသွား၏။ ၄င်းကား ဖန်မုမဟုတ်တော့ဘဲ သူ၏မူလမျက်နှာ ပြန်ဖြစ်သွားလေပြီ။ အလွန့်အလွန် ချောက်ခြားဖွယ်ကောင်းသော ချီတစ်ခုသည် ရုတ်တရက် သူ့ကိုယ်အတွင်းမှ အပေါ်သို့ ထိုးတက်သွား၏။

လီတောက်ရီ၏မျက်နှာ ဖြူဆုပ်သွားသည်။ သူ့မှာ ချာချာလည်နေပြီး ဖြစ်ပျက်နေသည်ကို မယုံနိုင်ဖြစ်နေတော့သည်။ သို့သော် ဖန်မုက မန်ဟို၊ မန်ဟိုက ဖန်မုဖြစ်သည်ကို သူ နားမလည်ဘဲရှိမည်လော။

"ဇီယွင်ဂိုဏ်းအမွေခံတပည့်၊ မဟာအကြီးအကဲဆေးဒယ်အိုး၊ ဖန်မု၊ မန်ဟို...." သူက လက်ပြတ်ခဲ့စဥ်က နာကျင်မှုကို ပြန်တွေးရင်း နောက်ဆုတ်လိုက်သည်။ လက်မှာ အကောင်းပကတိပြန်ဖြစ်ခဲ့သော်လည်း သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲက ရန်ငြိုးမှာ သူ့တစ်ဘဝလုံးတွင် အကြီးအကျယ်အရှက်ကွဲခြင်းအဖြစ် သတ်မှတ်ထားသောအရာတစ်ခု ဖြစ်သည်။

မန်ဟိုသည် ခရမ်းရောင်အလင်းဖြင့် ခြံရံလျက် မျက်ဝန်းများ၌ နက်နဲသိမ်မွေ့သောအရိပ်အယောင်တစ်ခု ပြည့်နှက်နေသည်။ သူ မူလပုံစံပြန်ပြောင်းခဲ့ရသည့် အကြောင်းရင်းကို သူကလွဲ၍ ဘယ်သူမှမသိနိုင်ပေ။

သူ၏မျက်လုံးများသည် အေးစက်စက်တောက်ပနေသည်။ သူ့ကိုယ်ထဲတွင် ကလေးတစ်ယောက်၏ လက်သီးဆုပ်အရွယ် ခရမ်းရောင်အမြုတေတစ်ခု ရှိနေလေပြီ။ ၄င်းသည် သူ၏အမြုတေပင်လယ် ရှိခဲ့ဖူးသောနေရာကို သိမ်းပိုက်ကာ လည်လျက်ရှိ၏။ ၄င်း တစ်ပတ်ပြည့်တိုင်း ခရမ်းရောင်အမျှင်များသည် လျှပ်စီးတန်းများသဖွယ် သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ တိုးဝင်နေသည်။

ခရမ်းရောင်အမျှင်များသည် ချီစီးဆင်းမှုလမ်းကြောင်းများတစ်လျှောက် တရဟောစီးဆင်းနေရင်း ချီအခြေတည်အဆင့်ထက် အဆများစွာ သာလွန်သော အနှိုင်းမဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအားဖြင့် ပြည့်နှက်နေစေသည်။ ဤသည်မှာ အမြုတေဖြစ်တည်မှုအဆင့်မှ အမြုတေဖြစ်တည်မှုချီဖြစ်သည်။

အမှန်တွင် အမြုတေဖြစ်တည်မှုချီသည် အမြုတေဖြစ်တည်မှုအဆင့်ကို ဝင်ရောက်ရုံရှိသေးသော ကျင့်ကြံခြင်းအခြေခံမှ ထုတ်လွှတ်ပေးမည့် ချီမျိုးမဟုတ်ပေ။ ဤသည်မှာ အမြုတေဖြစ်တည်ခြင်း စဦးပိုင်းအထွတ်အထိပ်အဆင့်၏ စွမ်းအားဖြစ်သည်။

ခရမ်းရောင်လေသည် ပတ်ဝန်းကျင်တွင် တဝေါဝေါ ဝှေ့တိုက်နေသည်။ မန်ဟို၏ ရှည်လျားသောဆံနွယ်များပင် ခရမ်းရောင်သမ်းလျက် သူ့ခေါင်းတစ်ဝိုက်တွင် တလွင့်လွင့်ဖြစ်နေသည်။ သူ့ဘေးရှိ ရှုချင်မှာ သက်ပြင်းချလိုက်သည်။ သူမသည် တစ်ခုခုကို တွေးမိသွားပုံရ၏။ သူမမျက်နှာလေးပြောင်းသွားပြီး စကားပြောရန်ပြင်လိုက်စဥ် မန်ဟိုက ရုတ်တရက် ကြားဖြတ်ပြောသည်။

"စိတ်မပူနဲ့ ကျွန်တော် ရှင်းလိုက်မယ်" သူက ပေါ့ပေါ့ပါးပါးပြောသည်။ သူသည် ခရမ်းရောင်တောက်နေသော မျက်လုံးများဖြင့် ကျီဟုန်တုန်ကို လှည့်ကြည့်သည်။

ကျီဟိုင်တုန်၏ မျက်နှာအမူအရာမှာ ယခင်အတိုင်းသာ။ "ဖန်မု၊ မန်ဟို။ မင်းက နာမည်တော်တော်များများရှိနေတာပဲ။ အမြုတေဖြစ်တည်မှုအဆင့်ကို မြန်မြန်ရောက်သွားတာကြည့်ရင် အင်မိုတယ်ချီရဲ့အသက်ငွေ့က တကယ့်ကို မယုံနိုင်လောက်အောင် အစွမ်းထက်ပုံပဲ။ ငါ့အတွက် ပျော်စရာကောင်းတယ်" သူက ပြုံးပြီး လက်မြှောက်၍ အင်္ကျီစကို ခါလိုက်သည်။ ရုတ်တရက် ကြယ်တာရာများ သူ့အနောက်တွင် ပေါ်လာသည်။

ကြယ်ပြင်မှာ ကြီးမား၏။ ၄င်းက ဖိအားထုတ်လွှတ်ရင်း မန်ဟို့ထံ တဟုန်ထိုးပြေးဝင်လာသည်။ ဤကြယ်ပြင်မှာ အနောက်ပိုင်းသဲကန္တာရနှင့် အရှေ့ဘက်နယ်မြေများအပါအဝင် တောင်ပိုင်းဒေသအထက်တွင် တောက်ပနေသောကြယ်ပြင်ဖြစ်ကြောင်း ထင်ရှားသည်။

၄င်းသည် ဘယ်သူမှ မရှောင်တိမ်းနိုင်အောင် အရာအားလုံးကို လွှမ်းခြုံရင်း ချဥ်းကပ်လာသည်။

မန်ဟိုက ခေါင်းမော့လိုက်သည်။ သူ၏မျက်နှာမှာ အတန်ငယ် အူကြောင်ကြောင်ဖြစ်နေ၏။ သူသည် ကြယ်ပြင်ကြီး သူ့အနားချဥ်းကပ်လာနေသည်ကို သတိမထားမိသည့်အလား တိတ်ဆိတ်နေသည်။ ၄င်း နိမ့်ဆင်းလာစဥ် ငေးကြောင်မှု ပျောက်ကွယ်ပြီး ခိုင်မာပြတ်သားသောစိတ်ဆန္ဒက အစားထိုးဝင်ရောက်လာသည်။

ယခုတွင် ဆုံးဖြတ်ချက်ချပြီးလေပြီ။

သူက လက်သီးဆုပ်၍ လက်မြှောက်လိုက်ရာ ရုတ်တရက် အနီရောင်အလင်း တောက်ပလာသည်။ ဤသည်မှာ သွေးမရဏကမ္ဘာဖြစ်သည်။ ၄င်းက ကြယ်ပြင်ကို ဝင်တိုက်၏။

ပေါက်ကွဲမှုကြီး လေတွင် ပြည့်နှက်သွားပြီး မန်ဟိုမှာ ကြိုးဖြတ်ခံလိုက်ရသည့်စွန်သဖွယ် နောက်သို့ လွင့်ထွက်သွားသည်။

"အရူး၊ မင်း.... " ကျိုးဟုန်တုန်က အထင်သေးစွာ အေးစက်စက်ရယ်သည်။ သို့သော် သူစကားပြောမပြီးခင် မန်ဟို့၏လွင့်ထွက်သွားသောကိုယ်သည် ရုတ်တရက် ဦးတည်ချက်ပြောင်းသွား၏။ ၄င်းမှာ မဖော်ပြနိုင်သောအမြန်နှုန်းဖြင့် ဖြစ်ပြီး ဘယ်သူ့မှမတုံ့ပြန်နိုင်ခင် သူသည် လီတောက်ရီ၏ အရှေ့တည့်တည့်တွင် ပေါ်လာသည်။ လီတောက်ရီမှာ တစ်ချိန်လုံး သတိရှိနေခဲ့သည့်တိုင် ရှောင်တိမ်းနိုင်ခြင်းမရှိပေ။

တကယ်တမ်း မန်ဟို့၏ ပထမဆုံးပစ်မှတ်မှာ လီတောက်ရီဖြစ်သည်။ သူသည် မည်မျှပြင်ဆင်ထားစေကာမူ ရှင်းရ အလွယ်ဆုံးမဟုတ်လော။

လီတောက်ရီ၏သူငယ်အိမ်နှစ်ဖက် ကျုံ့သွားသည်။ သူနောက်ဆုတ်တော့မည့်အချိန်မှာပင် မန်ဟိုက ညာလက်ကို မြှောက်၍ လီတောက်ရီနဖူးကိို ဖိချလိုက်သည်။ ဝုန်းခနဲ မြည်ဟည်းသွားပြီး ချေမှုန်းခြင်းစွမ်းအားသည် လီတောက်ရီ၏ခန္ဓာကိုယ်ထဲ စီးဝင်၍ သူ့ကို စုတ်ဖြဲလိုက်သည်။ သူကား ချက်ချင်းအသက်ထွက်သွား၏။

"မင်းကို သတ်လိုက်တဲ့သူရဲ့ မျက်နှာကို မှတ်ထားလား" သူက လီတောက်ရီ၏ သွေးသံရဲရဲအလောင်းကို ကြည့်ရင်း လေသံအေးအေးဖြင့် ပြောသည်။ ထို့နောက် ကျီဟုန်တုန်ကို လှည့်ကြည့်၏။

မန်ဟိုမှာ သက်ပြင်းချပြီးနောက် သိုလှောင်အိတ်ကို ပုတ်ကာ သူ၏အရှေ့ဆေးဝါးအဖွဲ့ သက်သေခံဆွဲပြားကို ထုတ်လိုက်သည်။ သူသည် ၄င်းကို အတန်ကြာစိုက်ကြည့်နေပြီး သူ၏မျက်လုံးများမှာ တွေဝေဝမ်းနည်းနေသောအကြည့်ဖြင့် ပြည့်နေသည်။ နောက်ဆုံး၌ ခိုင်မာပြတ်သါးသောစိတ်ဆန္ဒ သူ၏မျက်လုံးများ၌ နေရာယူလာပြီး သူက ဆွဲပြားကို......ချိုးပစ်လိုက်သည်။

သူ ချိုးလိုက်သည်နှင့် သူ၏ခရမ်းရောင်ဆေးပေါင်းဖိုဝတ်ရုံသည် စတင်ပျောက်ကွယ်လာ၏။ ယခုတွင် အစိမ်းရောင်ဝတ်ရုံက သူ့ကိုယ်ပေါ်တွင် နေရာယူထားသည်။

ဤအခိုက်အတန့်တွင် သူသည် အရှေ့ဆေးဝါးအဖွဲ့၏ အမွေခံတပည့် ဖန်မုမဟုတ်တော့ပေ။ ကျိုးပြည်၊ တာ့ချင်းတောင်က..... မန်ဟိုဖြစ်သွားလေပြီ။

***

All Chapters