← Chapters

မင်း ငါ့ကို သတ်ရဲလား

Vol. 22 Ch. 305

မင်း ငါ့ကို သတ်ရဲလား

Vol. 22 Ch. 305

မန်ဟို ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဆွဲပြားကို ချိုးပစ်လိုက်၍ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဝတ်ရုံ ပျောက်ကွယ်လာစဥ် တုန်းလိုင်ပြည်၊ ဇီယွင်ဂိုဏ်း၊ အရှေ့ဆေးဝါးအဖွဲ့ရှိ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ ခပ်နိမ့်နိမ့်တောင်ပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်။

သီးသန့်တည်ရှိနေသော အဆောက်အဦးတစ်ခုထဲတွင် ကျောက်စိမ်းပြားများတင်ထားသည့် စင်သုံးခုရှိသည်။

တတိယမြောက်စင်တွင် ကျောက်စိမ်းပြားကိုးခုရှိသည်။ တစ်ပြားစီတွင် နာမည်တစ်ခုစီရေးထားပြီး အနီးကပ်ကြည့်ပါက အန်းဇဲ့ဟိုင်၊ ရီဖေးမုစသည့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များနှင့် သက်ဆိုင်ကြောင်း မြင်ရပေမည်။ သူတို့အားလုံးသည် ဆေးလုံးမိစ္ဆာ၏ ပညာသင်တပည့်များဖြစ်ကြသည်။

ဒုတိယမြောက်စင်တွင် ကျောက်စိမ်းပြားတစ်ပြားသာရှိသည်။ ယင်းက သူ၏တိုက်ရိုက်တပည့်ဖြစ်သော ချူယွီယန်နှင့် သက်ဆိုင်လေသည်။

ပထမဆုံးစင်တွင်လည်း စာလုံးနှစ်လုံး ရေးသားထားသည့် ကျောက်စိမ်းပြားတစ်ပြားရှိသည်။ ဖန်မု။

သူ၏ရာထူးသည် အမြင့်ဆုံးဖြစ်၏။ ဤကျောက်စိမ်းပြားသည် ဇီယွင်ဂိုဏ်း၊ အရှေ့ဆေးဝါးအဖွဲ့ရှိ မန်ဟို့၏ အရေးပါမှုကို ကိုယ်စားပြုသည်။ ရုတ်တရက် ဖန်မု၏ကျောက်စိမ်းပြား စတင်တုန်ခါလာသည်။ အက်ကွဲသံများ ထွက်လာပြီး ကျောက်စိမ်းပြား၏အလည်မှစ၍ အက်ကြောင်းများ ပျံ့နှံ့လာသည်။ တခဏအတွင်း .... ၄င်းမှာ ပေါက်ကွဲ၍ ပြာကျသွားတော့သည်။

ကျောက်စိမ်းပြား ပျက်စီးသွားသည့် အခိုက်အတန့်တွင် အဖြူရောင်ဝတ်ရုံနှင့်ဆေးလုံးမိစ္ဆာသည် တောင်ထိပ်တွင် တင်ပျဥ်ခွေထိုင်ရင်း အဝေးသို့ ငေးကြည့်နေသည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်သွား၏။ သူက ခေါင်းလှည့်၍ ကျောက်စိမ်းပြားများ ထားရှိသည့်အခန်းကို ငုံ့ကြည့်သည်။ သူ့မှာ အကြာကြီး စိုက်ကြည့်နေလေသည်။ သူ၏ရှေးဆန်သောမျက်နှာမှာ ရုတ်တရက် ပို၍အိုမင်းရွတ်တွလာ၏။

ထိုစဥ် တောင်ပိုင်းဒေသ၏ဗဟို၊ လီမျိုးနွယ်စုပိုင်နက်၏ အလယ်တွင် အင်မိုတယ်များနေထိုင်ရာနှင့်တူသော နေရာတစ်နေရာရှိသည်။ ရုတ်တရက် ဟိန်းဟောက်သံကြီး လေတွင်ပြည့်နှက်သွားသည်။ ဟိန်းဟောက်သံနှင့်အတူ ဒေါသူပုန်ထနေသော ပုံရိပ်တစ်ခုပေါ်လာသည်။

ပုံရိပ် ထွက်သွားသည်နှင့် သူ့အနောက်တွင် လူခုနစ်ယောက်၊ ရှစ်ယောက် လိုက်ပါလာသည်။ ထိုလူသည် လက်ထဲတွင် တစစီကြေမွနေသော ကျောက်စိမ်းပြားတစ်ပြားကို ကိုင်ထား၏။ ၄င်းသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေပြီး အလယ်တွင် မျက်နှာတစ်ခုရှိသည်...... ၄င်းကား မန်ဟို့မျက်နှာပင်။

ဤသည်မှာ လီတောက်ရီမသေခင်က သူ၏သူငယ်အိမ်မှ သိမ်းဆည်းလိုက်သော အရိပ်ဖြစ်သည်။ မန်ဟို့၏မျက်နှာ။

"တောက်ရီ" အဘိုးကြီးက ကောင်းကင်ကိုမျက်နှာမူ၍ ယူကြုံးမရစွာ အော်ဟစ်လိုက်သည်။ မျိုးနွယ်စု၏ တာအိုကလေးတစ်ယောက် အသတ်ခံခဲ့ရလေပြီ။ လွန်ခဲ့သောနှစ်များက ထိုကဲ့သို့အရာမျိုး ဝမ်မျိုးနွယ်စုတွင် ဖြစ်ပွားခဲ့ဖူးသော်လည်း ကောလဟာလသာ ဖြစ်ခဲ့၏။ သို့ထိတိုင် ၄င်းက တောင်ပိုင်းဒေသကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည်။ ယခုတော့ လီမျိုးနွယ်စုတွင် အမှန်တကယ် ဖြစ်ပျက်သွားလေပြီ။ ဤတစ်ကြိမ်တွင် ၄င်းမှာ သတင်းမှာမဟုတ်ဘဲ တာအိုကလေး တကယ်သေဆုံးသွားခြင်း ဖြစ်၏။

"မင်း ဘယ်သူလဲ ငါဂရုမစိုက်ဘူး" အဘိုးကြီးက ဒေါသတကြီးအော်သည်။ "မင်းက ငါ့လီမျိုးနွယ်စုရဲ့ တာအိုကလေးတစ်ယောက်ကို သတ်ခဲ့တယ်။ မင်းဘယ်ဂိုဏ်းက ဖြစ်နေပါစေ သေကိုသေစေရမယ်" သူနှင့်ပုံရိပ်ရှစ်ခုသည် အဝေးသို့ တဟုန်ထိုးထွက်သွား၏။ သူတို့အနောက်တွင်ကား ပို၍ပင်များပြားသော လီမျိုးနွယ်စုကျင့်ကြံသူများ လိုက်ပါလာကြသည်။ သူတို့သည် မိုးကောင်းကင်ပင် အပေါက်ဖြစ်သွားစေနိုင်သော အမြန်နှုန်းဖြင့် ပြန်လည်မွေးဖွားခြင်းဂူထံ ဦးတည်နေသည့် ရောင်စုံအလင်းတန်းများအသွင် ပြောင်းသွားကြသည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်းဒေသ၏ ဝမ်မျိုးနွယ်စုရှိ အဆုံးအစမရှိသော တောင်စဥ်တန်းများထဲတွင် ဝမ်မျိုးနွယ်စု ဒသမခေါင်းဆောင်ကြီး၏ ချော်ရည်လိုဏ်ဂူရှိသည်။ ရုတ်တရက် ခေါင်းတလားအဖုံး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ပြီး ဆယ်ယောက်မြောက်ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီး ဖြေးဖြေးချင်း ထရပ်လာသည်။

သူက ချော်ရည်ပူထဲ လမ်းလျှောက်သွားရာ ၄င်းသည် တဖြေးဖြေး အေးခဲပြီး မည်းနက်သွားသည်။ လိုဏ်ဂူလည်း ထိုနည်းတူပင်။

"ဒဏ္ဍာရီလာဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီး တစ်ခါက ပြောခဲ့သလို သက်ရှိသတ္တဝါအားလုံး ကံကြွေးရှိကြတယ် ၊ ဒါကြောင့် ကံကြွေးကို မဖြစ်မနေ ပြန်ဆပ်ရတယ်။ ရှင်ခြင်းနှင့်အတူ သေခြင်းက လာစမြဲပဲ .... ဒီနေ့ ငါမင်းကို ကူညီမယ်။ ဒါက ကံကြွေးချတာပဲ။ ဒါပေမယ့် နောက်ကျရင် ငါမင်းကို ဝါးမြိုမယ်။ အဲ့တာက မင်းပြန်ဆပ်ရမယ့် ကံကြွေးပဲ။ ဒီနေ့ မင်းသေမှာမဟုတ်ဘူး။ ဒါပေမယ့် နောင်တစ်ချိန်ကျရင် မင်းက ငါ့အပိုင်ဖြစ်လာမယ်ဆိုတာ ဖော်ပြနေတယ်" ဝမ်မျိုးနွယ်စု ဒသမခေါင်းဆောင်ကြီး အသံပြာကြီးဖြင့် ရယ်မောနေစဥ် အနီရောင်အလင်းက သူ၏ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။

"ငါအပြင်မရောက်တာတောင် ကြာပြီ..." သူသည် ပေါ့ပေါ့ပါးပါးရေရွတ်ပြီးနောက် ပျောက်ကွယ်သွား၏။

****

ပြန်လည်မွေးဖွားခြင်းဂူအနား၊ အင်မိုတယ်အလောင်း၏ စိတ်နယ်ပယ်အတွင်းရှိ ဝင်္ကပါထဲတွင် မန်ဟိုသည် လီတောက်ရီ၏အလောင်းဘေးတွင် အသက်ပြင်းပြင်းရှူလျက် ရပ်နေသည်။

မျက်နှာအစစ်အမှန်ဖော်ပြခဲ့ပြီးကတည်းက မန်ဟို့ခေါင်းထဲ၌ အတွေးများမရပ်မနား ဖြတ်ပြေးနေခဲ့သည်။ လီတောက်ရီသေမှဖြစ်မည်။ မန်ဟို ကျီဟုန်တုန်၏စကားလုံးများ ကြားခဲ့သည့်အခိုက်အတန့်မှစ၍ လီတောက်ရီ၏ကံကြမ္မာမှာ သတ်မှတ်ပြီးသွားလေပြီ။ သူသေကိုသေရမည်။

သေလူများသာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်သည် မဟုတ်လော။

ရှုချင်မှာ လျှို့ဝှက်ချက်ရှိသလို မန်ဟို့တွင်လည်း လျှို့ဝှက်ချက်ရှိသည်။ သတင်းသာအပြင်ပေါက်ကြားသွားပါက ရှုချင် အသက်အန္တရာယ်စိုးရိမ်ရလိမ့်မည်.... တကယ်တမ်း သေဖို့က သေချာသည်။

ထို့ကြောင့် လီတောက်ရီ သေရမည်။

သို့သော် ဖန်မုလက်ကြောင့် သေရခြင်းနှင့် မန်ဟို့လက်ကြောင့် သေရခြင်းက တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းလို ကွာခြားလေသည်။

မန်ဟိုသည် ကျင့်ကြံခြင်းလောကထဲသို့ ပထမဆုံးဝင်ရောက်လာစဥ်ကကဲ့သို့ နုံနုံအအ ကောင်လေး မဟုတ်တော့ပေ။ ဇီယွင်ဂိုဏ်းတွင် ကျင့်ကြံအားထုတ်ခဲ့သည့်နှစ်များအတွင်း သူ၏နားလည်သဘောပေါက်မှုသည် အဆများစွာ တိုးတက်ခဲ့၏။ ဂိုဏ်းတစ်ဂိုဏ်းသည် သူတို့၏တာအိုကလေးသေဆုံးခြင်းအား ချက်ချင်း သိလိမ့်မည်ကို သူမသိဘဲရှိမည်လော။

ထိုမျှသာမက သူတို့တွင် တရားခံ၏ချီနှင့် ပုံပန်းသွင်ပြင်ကို ဖော်ထုတ်နိုင်သော ပညာရပ်များရှိသည်။ အခင်းဖြစ်ပွားသည့်နေရာအတိအကျကိုပင် ဆုံးဖြတ်ရခက်မည် မဟုတ်ပေ။ အသားဂျယ်လီအနေဖြင့် လီမျိုးနွယ်စုမသိအောင် အမှန်ကိုဖုံးကွယ်ပေးနိုင်သည်။ သို့သော်.....မန်ဟို ထိုသို့စွန့်စားရန်အထိ ယုံကြည်ချက်မရှိပေ။

မန်ဟိုသည် အခြေအနေနှင့် အကျိုးဆက်များကို ကောင်းကောင်းနားလည်သည်..... သို့ဖြစ်၍ လီတောက်ရီကို ဖန်မုအနေဖြင့် သတ်မရပေ။

ကျီဟုန်တုန်မှာမူ နန့်ရှန်းတိုက်ကြီးတစ်တိုက်လုံး၌ နံပါတ်တစ်ဖြစ်သော မျိုးနွယ်စု၏ အယောင်ဆောင်တပ်သားဖြစ်ရာ သူသေလျှင် ကျီမျိုးနွယ်စု မည်သို့တုံ့ပြန်မည်ကို မန်ဟိုတွေးသာကြည့်နိုင်သည်။ မည်သည့် အစွမ်းထက်မျိုးနွယ်စုမဆို မျိုးနွယ်စုဝင်တစ်ယောက် သတ်ဖြတ်ခံရသည့်ကိစ္စကို အလေးအနက်ထားကိုင်တွယ်ကြ၏။ ယင်းက မျိုးနွယ်စု၏ ဂုဏ်သိက္ခါနှင့် သြဇါအာဏာကို ထိန်းသိမ်းရန် လိုအပ်သောတုံ့ပြန်မှူဖြစ်သည်။

ကျီဟိုင်တုန်ကို သတ်ဖြတ်ခြင်းက အင်ပါယာတစ်ခု၏မင်းသားကို လုပ်ကြံခြင်းနှင့်တူမည်။ အင်ပါယာတစ်ခု၌ မင်းသားအမြောက်အမြားရှိကောင်းရှိနိုင်သော်လည်း ထိုကဲ့သို့အရာမျိုးမှာ ခြင်္သေ့အမြီးသွားဆွဲသကဲ့သို့ဖြစ်ပြီး မပြီးဆုံးနိုင်သောပြဿနာများ ဖြစ်လိမ့်မည်။

ဇီယွင်ဂိုဏ်းအနေဖြင့် ကျီမျိုးနွယ်စုကို ဘယ်နည်းနှင့်မှ ပြန်မတိုက်ခိုက်နိုင်ပေ။ အန်းဇဲ့ဟိုင် ရှင်းပြခဲ့သည့်အကြောင်းများနှင့် မန်ဟို ကိုယ်တိုင်နားလည်သည့်အပေါ် အခြေခံ၍ ဇီယွင်ဂိုဏ်းသည် တောင်ပိုင်းဒေသတွင် အင်းအားကြီးမားသော မျိုးနွယ်စုတစ်စုဖြစ်ပါသော်လည်း ကျီမျိုးနွယ်စုနှင့်နှိုင်းယှဥ်လျှင်......ပိုးဖလံလေးသဖွယ်ပင်။

ဇီယွင်ဂိုဏ်းသားတစ်ယောက်က ကျီမျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်လျှင် ထိုကိစ္စ၌ သတ်ခဲ့သည့်ဂိုဏ််းသားသာ ပါဝင်တော့မည်မဟုတ်။ ဂိုဏ်းတစ်ဂိုဏ်းလုံးပင် ပြိုလဲသွားနိုင်သည်။

မန်ဟို့လက်ချောင်းများ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဆွဲပြားအပေါ် ဖိချလိုက်တုန်းက သူသည် သူ့ဆရာအကြောင်း တွေးနေမိသည်။ အခြားခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များကိုလည်း သူတွေးမိသည်။ အရှေ့ဆေးဝါးအဖွဲ့၏ စိမ်းလဲ့သောတောင်စဥ်တန်းများ၊ ကြည်လဲ့နေသော ရေများအကြောင်း တွေးမိသည်။ ထိုနေရာ၌ ကုန်ဆုံးခဲ့သည့်နှစ်များတစ်လျှောက် အတွေ့အကြုံများကို သူတွေးနေမိသည်။

သို့သော်..... ကျီဟုန်တုန် သေမှဖြစ်မည်။

သူ မသေလျှင် ရှုချင် အန္တရာယ်ဖြစ်မည်။ ထိုမျှသာမက ကျီမျိုးနွယ်စုသာ မိစ္ဆာချုပ်နှောင်သူ၏ တည်ရှိမှုကို သိနေခဲ့လျှင် ..... ထိုအကြောင်းတွေးလိုက်ရုံနှင့် မန်ဟို့မှာ ခေါင်းကြိမ်းလာ၏။

ထို့ကြောင့် ကျီဟုန်တုန် သေကိုသေရမည်။ သူသေမှသာလျှင် ရှုချင် ချင်းလော်ဂိုဏ်းတွင် ဘေးကင်းကင်းနှင့် နေကာ ဘယ်သူမှသံသယမဝင်ဘဲ ဇာမဏီသခင်မနှင့် အပြည့်အဝပေါင်းစည်းနိုင်မည်။

သို့နှင့် မန်ဟို ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဆွဲပြားကို ဖျက်စီးလိုက်ခြင်းပင်။ ၄င်းက သူသည် ဇီယွင်ဂိုဏ်းနှင့်ပတ်သက်မှုအားလုံး ဖြတ်တောက်လိုက်ပြီဟု ဆိုလိုသည်။ ယခုတွင် သူနှင့် သူတို့ဘာမှမသက်ဆိုင်တော့ပေ။ သူက မန်ဟိုဖြစ်သည်။ ဖန်မုမှာ နာမည်တစ်ခုသာဖြစ်၏။ ထိုအကြောင်း ပေါ်သွားသည်နှင့် ဇီယွင်ဂိုဏ်း ဖြေရှင်းချက်ထုတ်ပြနိုင်လိမ့်မည်။

အရေးအကြီးဆုံးက ဆွဲပြားကို ဖျက်စီးခြင်းသည် သူ ဂိုဏ်းမှ ကျောခိုင်းသွားပြီဖြစ်ကြောင်း ဆိုလိုသည်။ ဖန်မုသေသွားပြီဟူသော ဂယက်များပင် ရိုက်ခတ်လောက်သည်။

တစ်ခုတည်းသော မချင့်မရဲဖြစ်စရာမှာ သူဤနေရာမှ ထွက်သည်နှင့် လီမျိုးနွယ်စုက သူ့ ခေါင်း လိုက်ဖြတ်လိမ့်မည်။ တောင်ပိုင်းဒေသတွင် ပုန်းစရာမြေမရှိပေ။ သူ့မှာ ထွက်သွား၍ တောင်ပိုင်းဒေသမှ အမှန်တကယ် ပျောက်ကွယ်သွားရလိမ့်မည်။

ထိုမျှသာမက မပျောက်ကွယ်ခင် ဆက်တိုက်ရိုက်ခတ်မည့် မုန်တိုင်းများအတွက် ပြင်ဆင်ရပေဦးမည်။

ကျီဟိုင်တုန် ရှုချင်၏ သရုပ်မှန်ကို သိသွားသည့်အခိုက်အတန့်၌ ဤအတွေးများ မန်ဟို့ခေါင်းထဲတွင် ဖြတ်ပြေးနေသည်။ ကျင့်ကြံခြင်းအခြေခံအဆင့်တက်သွားသည့်တိုင် သူ့မှာ အစပိုင်းတွင်တော့ တွန့်ဆုတ်နေသေးသည်။ သို့သော် အဆုံးသတ်တွင် စိတ်ပိုင်းဖြတ်လိုက်လေသည်။

"ဆရာ" သူက ဇီယွင်ဂိုဏ်းရှိရာသို့ ဖြေးညင်းစွာ လှမ်းကြည့်ရင်း တွေးသည်။ "ကျွန်တော် တာဝန်မကျေဘူး..... ဖန်မုသေသွားပြီလို့သာ သတ်မှတ်လိုက်ပါ" သူ၏မျက်လုံးများ အရောင်လဲ့သွားပြီး သူက ကျီဟုန်တုန်ကို ပြန်ကြည့်သည်။ ပထမဆုံးအနေဖြင့် ၄င်းတို့သည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်လောင်နေလေသည်။ မန်ဟိုစိတ်ထဲရှိ အတွေးများအား ခွဲခြမ်းစိတ်ဖြာရန် အချိန်တချို့ကြာလိုက်သော်လည်း လက်တွေ့တွင် တခဏအတွင်း ဖြတ်ပြေးသွားခြင်းပင်။ ထိုအတွေးများက အားကောင်းသောအသတ်အဖြတ်စိတ်ဆန္ဒအသွင် ပြောင်းသွားသည်။

ဤအသတ်အဖြတ်စိတ်ဆန္ဒက ကျီဟုန်တုန်ကို စိတ်နှလုံးတုန်လှုပ်သွားစေ၏။ သူ့ကို ဤသို့ စိုက်ကြည့်ဖူးသည့်သူအား ပထမဆုံးမြင်ဖူးခြင်းပင်။ ယခင်က သူမည်သည့်နေရာသွား၍ မည်သူနှင့်တိုက်ခိုက်စေကာမူ လူအများသည် သူ့ကို ပြန်တိုက်ခိုက်သော်လည်း သုတ်သင်လိုစိတ်တော့ မရှိခဲ့ကြပေ။

အကြောင်းရင်းက သူ၏ ကျီဆိုသောမျိုးရိုးကြောင့်ဖြစ်သည်။ သူ့သွေးကြောများတွင် ကျီမျိုးနွယ်၏သွေးဆက် စီးဆင်းနေသည်။ နန့်ရှန်းတိုက်ကြီးရှိ တောင်ပိုင်းဒေသတွင် ကျီမျိုးနွယ်စုကိို ရန်စဝံ့သူ မရှိသလောက်ရှားလေသည်။

"မင်းငါ့ကို သတ်ချင်တယ်ပေါ့။ သတ်ရဲလို့လား" သူက လက်မြှောက်၍ ဂါယာမန္တယားဆိုင်ရာမုဒြာလက်ကွက်ဖော်လိုက်စဥ် သူ၏မျက်လုံးများ အေးစက်စွာ တောက်ပသွားသည်။ ချက်ချင်းပင် အမြုတေချီသည် သူ့ခေါင်းထိပ်၌ ပွင့်လန်းလာ၏။ ကြယ်ပြင်က နောက်တစ်ဖန်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်စင်များ အဆများစွာ ပိုများလေသည်။ ၄င်းတို့က ၄င်းတို့အထက်ရှိ အရာအားလုံးကို ကာဆီးရင်း မန်ဟိုထံ ထိုးဆင်းလာ၏။

စူးရှတောက်ပသော ကြယ်အလင်း သူ့အပေါ် ဖြာကျနေစဥ် မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒသည် ယခင်အတိုင်း တောက်လောင်နေမြဲသာ။ ကြယ်များ အနားရောက်လာသည်နှင့် သူက ညာလက်ကိုမြှောက်၍ ရှေ့သို့ ရိုက်ချလိုက်သည်။ သူထိုသို့လုပ်လိုက်သည်နှင့် သူ၏ သွေးတို့စိုရွဲနေသော လက်ချောင်းများက အရာအားလုံးကို တုန်ခါသွားစေသည်။ ရုတ်တရက် ဧရာမသွေးလက်ဝါးကြီးတစ်ခု သူ့အောက်တွင် ပေါ်လာ၏။

သွေးလက်ဝါးသည် ပြန့်ကားရင်း ကြီးသထက်ကြီးလာ၏။ ထို့နောက် သွေးမရဏကမ္ဘာဖြစ်တည်လာကာ ၄င်းအတွင်း၌ မန်ဟို့၏သွေးကိုယ်ပွားများကို မြင်နိုင်လေသည်။ ၄င်းတို့က လာနေသောကြယ်အလင်းကို မျက်နှာမူ၍ ခုခံရန် ချက်ချင်းလှုပ်ရှားလိုက်ကြသည်။

ပေါက်ကွဲမှုကြီး လေထဲတွင် ပြည့်နှက်သွားသည်။ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့ပါးစပ်မှ သွေးများစီးကျလာ၏။ ကြယ်ပြင်မှာ ပြိုကျပျက်စီးလာပြီး ကြယ်အလင်း မှေးမှိန်ပျောက်ကွယ်လာသည်။ သို့သော် မန်ဟို့၏ သွေးမရဏကမ္ဘာလည်း လွင့်စင်ပြိုကွဲသွား၏။

လောလောဆယ်တွင် မန်ဟိုသည် အမြုတေချီကို မကျင့်ကြံရသေးပေ။ ယခုသူရင်ဆိုင်နေရသူက အမြုတေချီကျင့်ကြံထားပြီးသော ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သို့သော် မန်ဟိုမှာ မိုးပြာရောင်မျက်နှာဖုံးနှင့် အနက်ရောင်နယ်မြေကျင့်ကြံသူကို တိုက်ခိုက်ခဲ့စဥ်ကနှင့် အဆများစွာ ကွာခြားသွားလေပြီ။ သူထွက်ပြေးမည်မဟုတ်။ ယခုအချိန်တွင် လက်ရည်တူနေပြီဖြစ်သည်။

ကျီဟုန်တုန်၏မျက်နှာထား ကွက်ခနဲ ပျက်သွားသည်။ သူ့ပါးစပ်မှ သွေးများပန်းထွက်ပြီး နောက်သို့ယိမ်းယိုင်သွားလေသည်။ အကျည်းတန်သောအသွင်က သူ့မျက်နှာကို ဖုံးလွှမ်းသွားပြီး သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။

"ဖန်မျိုးနွယ်စုက ထိုသောက်အရူးမကလွဲရင် မင်းက ငါဒဏ်ရာရအောင်လုပ်နိုင်တဲ့ ပထမဆုံးလူပဲ။ ချီးတဲ့မှ။ ကောင်းကင်မြေအောက်ခန်း၊ မိစ္ဆာအကျဥ်းတိုက်" သူက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် မန်ဟို့အထက်က လေထုထံ ဝှေ့ယမ်းရင်း အော်သည်။ ချက်ချင်းပင် အပြာရောင်အလင်းစက်လုံးပေါ်လာကာ အရာအားလုံးကို လွှမ်းခြုံရန် ပြန့်ကားလာ၏။ ၄င်းသည် အဖြူရောင်တိမ်တိုက်ပြည့်နေသော..... ၄င်း၏ကိုယ်ပိုင် အပြာရောင်ကောင်းကင်အဖြစ် ပြောင်းသွားသည်။

ပို၍ပင်ထူးဆန်းသည်က အဆိုပါကောင်းကင်မှာ မန်ဟို့တစ်ယောက်တည်းကိုသာ ဖုံးအုပ်နေသည်။ တခြားအရာအားလုံးမှာ ယခင်အတိုင်းပင်။

"အရှေ့ခေါင်းလောင်းကို တီး။ သုတ်သင်ခြင်းကိုးရပ်။ ကောင်းကင်၏စိတ်ဆန္ဒအသုံးပြုပြီး ခန္ဓာကိုယ်ကို ဖျက်စီး။ စိတ်ဝိညာဥ်ကို ဒဏ်ခတ်မယ့် အာကာသရဲ့အကြည့်။ ကျီမျိုးနွယ်သွေးဆက်ကိုသုံးပြီး ဒီလူကို မိုးကြိုးပြစ်ဒဏ်နဲ့ အပြစ်ပေးပါ" ကျီဟုန်တုန်၏မျက်လုံးများတွင် သွေးကြောများထောင်လာသည်။ သူက လက်ချောင်းကိုနှိမ့်လိုက်ရာ မန်ဟို့အပေါ်ရှိ အပြာရောင်ကောင်းကင်သည် တိမ်မည်းတိမ်စိုင်များဖြင့် ပြည့်နှက်လာ၏။ မိုးထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ပို၍အံသြဖွယ်ကောင်းသည်က လျှပ်စီးများကား မကြာမီ ထိုးဆင်းလာတော့ပေမည်။

"မင်း ငါ့ကို သတ်ချင်တယ်လား။ မင်းမှာ အရည်အချင်းမရှိဘူး" ကျီဟုန်တုန်က သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူ့လက်ထဲတွင် ငွေခေါင်းလောင်းတစ်လုံးပေါ်လာသည်။ ချက်ချင်းပင် ရှင်းလင်းပြတ်သားသော ခေါင်းလောင်းသံထွက်ပေါ်လာ၏။

"ကျီမျိုးနွယ် သွေးဆက်ကို အသုံးပြုပြီး အရှေ့ခေါင်းလောင်းရဲ့ လမ်းညွှန်မှုအတိုင်း ဒီမန်ဟိုကို တိုက်ခိုက်ဖို့ ကောင်းကင်စိတ်ဆန္ဒရဲ့အဆုံးအဖြတ်ကို ဆင့်ခေါ်တယ်။ သေစမ်း" သူက ဒေါသကြောင့် ရှုံ့တွနေသောမျက်နှာဖြင့် ဟိန်းဟောက်သည်။

***

All Chapters