← Chapters

ကျီကို သတ်ဖြတ်ခြင်း

Vol. 22 Ch. 306

ကျီကို သတ်ဖြတ်ခြင်း

Vol. 22 Ch. 306

ကျိုးဟုန်တုန်၏စကားလုံးများ ပဲ့တင်ထပ်နေစဥ် မန်ဟို့ခေါင်းထက်ရှိ ကောင်းကင်တွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက်လက်လာ၏။ လက်မောင်းတမျှ ထူသော လျှပ်စီးတန်းကြီးတစ်တန်းသည် မန်ဟို့ကို ဦးတည်ရင်း မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ထိုးဆင်းလာသည်။

သူ့ကိုယ်ထဲရှိ ခရမ်းရောင်အမြုတေသည် အကန့်အသတ်မဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအားကို တွန်းထုတ်ရင်း လျင်မြန်စွာ လည်သွား၏။ ၄င်း မန်ဟို့ကို ဝန်းရံလိုက်စဥ် သူ၏ညာလက်က အပေါ်မြောက်တက်သွားသည်။ ခရမ်းရောင်ချီအမြောက်အမြား သူ့အထက်တွင် ပေါ်လာကာ ဒိုင်းကွေးတစ်ခုအသွင် ပြောင်းသွားသည်။

လျှပ်စီးတန်းက ဒိုင်းကို ဝင်ဆောင့်ပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားစေသဖြင့် ပေါက်ကွဲသံကြီး မြည်ဟည်းသွားသည်။ တစ်ဆက်တည်းမှာပင် တတိယမြောက်၊ စတုတ္ထနှင့် ပဥ္စမမြောက် လျှပ်စီးဒိုင်းများ ထွက်ပေါ်လာသည်......အဆုံးရှိပုံမရသော ဒိုင်းများက လျှပ်စီးတန်းကို ခုခံရင်း ဖောက်ခနဲ ဖောက်ခနဲ ဖြစ်တည်လာ၏။ မကြာမီ လျှပ်စီးတန်းသည် လက်တစ်ချောင်းစာသာ ရှိတော့သည်။ မန်ဟိုက ပါးစပ်ထဲမှ တစ်စုံတစ်ခုအား ထွေးထုတ်လိုက်ရာ လျှပ်စီးတိမ်တိုက် ပေါ်လာသည်။ ၄င်းသည် လျှပ်စီးတန်းအား တမုဟုတ်ချင်း ဝါးမြိုလိုက်၏။

"အဆုံးသတ်ဖို့ အချိန်ကျပြီ" ကျီဟိုင်တုန်က အေးစက်စက်ရယ်ရင်း ပြောသည်။ သူက ခေါင်းလောင်းကို နောက်တစ်ဖန် ဝှေ့ယမ်းလိုက်ရာ ခေါင်းလောင်သံ မြည်လာသည်။ ချက််ချင်းပင် မန်ဟို့အပေါ်ရှိ ကောင်းကင်၏ အနက်ရောင်တိမ်တိုက်များအတွင်း၌ လျှပ်စီးတန်းသုံးတန်းမှာ အောက်သို့ထိုးဆင်းရန်ပြင်ရင်း တစ်တန်းနှင့်တစ်တန်း လှိမ်ယှက်နေ၏။

မန်ဟိုမျက်ဝန်းများ လင်းလက်သွားသည်။ သူသည် စစ်မှန်သော အတိုက်အခိုက်စွမ်းရည်ကို ရောက်ရှိနေပြီဖြစ်သည်။ သူ့တွင် အမြုတေချီမရှိသော်လည်း အမြုတေချီရှိသည့် အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိသော တစ်စုံတစ်ယောက်ကို သေချာပေါက် တိုက်ခိုက်နိုင်သည်။

သို့သော် အောင်မြင်ရန် မသေချာပေ။ လက်ရည်တူသာ ကျလောက်သည်။ ရင်ဆိုင်နေရသူမှာ ကျီမျိုးနွယ်သွေးဆက်ပိုင်ဆိုင်ထားသော ကျီဟိုင်တုန်သာမဟုတ်လျှင်တော့ မန်ဟို့အတွက် အသာစီးရပေမည်။

ယခုအချိန်တွင် အနက်ရောင်နယ်မြေမှ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှင့် တစ်ဖန်ရင်ဆိုင်ရလျှင်တော့ ထိုလူ့ကို သူအသာလေးအနိုင်ယူသည်။

နားလည်သွားသောအရိပ်အယောင်များ သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ "ငါ အမြုတေချီကို ကျင့်ကြံရင်" သူက တွေးသည်။ "ဒါမှမဟုတ် ပြီးပြည့်စုံတဲ့အမြုတေကို ပိုင်ဆိုင်ထားရင် ... အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ကို သုတ်သင်ရတာက လက်ကလေးလှန်လိုက်သလို လွယ်ကူလိမ့်မယ်"

သူက ကျိုးဟုန်တုန်ကို တည်ငြိမ်စွာ ကြည့်ပြီး ပြောသည်။ " မင်းမှန်တယ်။ အဆုံးသတ်ဖို့ အချိန်ကျပြီ" သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူ့လက်ထဲတွင် သွေးမျက်နှာဖုံးပေါ်လာသည်။

သွေးအင်မိုတယ်၏ အမွေအနှစ် မျက်နှာဖုံး။ ဤမျက်နှာဖုံးကို တပ်ဆင်နိုင်ဖို့ အနည်းဆုံး စံသတ်မှတ်ချက်မှာ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံခြင်းအခြေခံရှိရန်ဖြစ်သည်။

မန်ဟို့ခေါင်းထက်က လျှပ်စီးတန်းသုံးတန်းသည် သူ့ထံ ထိုးဆင်းရန် ပြင်ရင်း စုဆုံနေကြ၏။

မန်ဟိုက မျက်နှာဖုံးကို သူ၏မျက်နှာပေါ် တင်လိုက်သည်။ ၄င်း သူ့အရေပြားကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။

မျက်နှာဖုံးမှာ သူ့အရေပြားနှင့် ခွာမရအောင် ကပ်နေသကဲ့သို့ သူ့မျက်နှာပေါ်၌ အသည်းခိုက်မတတ် နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့မြင်ကွင်းရှိ အရာအားလုံး အနီရောင်ပြောင်းသွားသည်။

စိတ်ရိုင်းက သူ၏အသိစိတ်ကို ရုတ်တရက် ဝါးမြိုသွားသည်။ သူ့မှာ မကောင်းဆိုးဝါးဝင်ပူးခံလိုက်ရသကဲ့သို့ အသတ်အဖြတ်စိတ်ဆန္ဒများ ဟုန်းဟုန်းတောက်လာသည်။

သူ့ခေါင်းထဲတွင် စကားလုံးတစ်လုံးတည်း ပဲ့တင်ထပ်နေသည်။ "သတ်...သတ်.....သတ်...." ၄င်းမှာ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များ ရောနေသော လူအုပ်ကြီးမှ ပြောနေသည့်အလား ထင်ရသည်။ တိရစ္ဆာန်နှင့်အပင်များ၏အသံပင် ရှိနေပုံရသည်။ သက်ရှိအရာအားလုံး သူ့နားနားကပ်၍ စကားတစ်လုံးတည်းပြောနေသည်နှင့်တူသည်။

သူ့အရှေ့က ကမ္ဘာသည် ပို၍ပင် ရဲရဲနီလာ၏။ အသက်တစ်ရှိုက်လေးအတွင်း အရာအားလုံး နီရဲသွားလေပြီ။

ဤအနီရောင်ကမ္ဘာအတွင်း၌ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူသည် အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း ယခုတွင် ကြက်သွေးရောင်အမြုတေချီကို ဖန်တီးနိုင်လေပြီ။

မယုံနိုင်လောက်အောင် သိပ်သည်းသော အမြုတေချီသည် မန်ဟို့ခေါင်းထက်တွင် ပေါ်လာသည်။ သေသေချာချာ ကြည့်ပါက အမြုတေချီမှာ မန်ဟို့အပိုင်မဟုတ်ဘဲ သွေးအင်မိုတယ်အမွေအနှစ်မျက်နှာဖုံးနှင့် သက်ဆိုင်ကြောင်း မြင်နိုင်ပေမည်။

မန်ဟိုမှာ မျက်နှာဖုံးဖြင့် အတိုင်းထက်အလွန် ထူးခြားဆန်းကြယ်နေ၏။ သူနှင့်ပတ်သက်၍ ရက်စက်သော မိစ္ဆာအရှိန်အဝါတစ်ခုပင် ရှိနေသည်။ ကျီဟုန်တုန်က မျက်နှာဖုံးကို ကြည့်သည်။ ၄င်းတွင် မျက်နှာသွင်ပြင်မှမပါဘဲ မန်ဟို့၏ ရဲရဲတောက်နေသော မျက်လုံးတစ်စုံကို မြင်နိုင်သည့် မျက်လုံးပေါက်နှစ်ပေါက်သာ ရီသည်။

သူ၏မျက်လုံးအရောင်မှာ သူ့ခေါင်းထက်တွင် ပျံဝဲနေသော အမြုတေချီနှင့် တစ်ရောင်တည်းပင်။

ယခုတွင် သူ၏အစိမ်းရောင်ဝတ်ရုံမှာ အနီရောင်သမ်းနေလေပြီ။ ၄င်းက တဖတ်ဖတ်လွင့်နေရာ သူ့ကို သွေးမိစ္ဆာတစ်ကောင်နှင့် တူနေစေသည်။

"အဲ့တာ ဘာမှော်ပစ္စည်းလဲ" ကျီဟုန်တုန်က ပြောသည်။ မန်ဟို မျက်နှာဖုံးတပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ရင်ထဲ၌ အန္တရာယ်ကို ခံစားလိုက်ရသည်။ သူ့မှာ ဘဝအတွေ့အကြုံများများစားစား မရှိသည့်အတွက် ဤခံစားချက်က သူ့တစ်ကိုယ်လုံးကို တုန်ရီသွားစေသည်။ သူ့မှာ အယောင်ယောင်အမှားမှားဖြင့် လက်ထဲရှိ ခေါင်းလောင်းကို နောက်တစ်ကြိမ် တီးလိုက်မိသည်။ မန့်ဟို့ခေါင်းထက်ရှိ လျှပ်စီးတန်းသုံးတန်း အောက်သို့ ထိုးဆင်းလာသည်။

မန်ဟိုက ရယ်သည်။ သူ့ရယ်သံနှင့်အတူ ဒွန်တွဲနေသည့် အပြုံးမှာ မျက်နှာဖုံး၏ကာဆီးခြင်း ခံထားရသော်လည်း ရယ်သံနှင့်ပင် နားမခံသာဖြစ်နေလေပြီ။ သူက ညာလက်ကို လာနေသောလျှပ်စီးတန်းသုံးတန်းထံ မြှောက်လိုက်သည်။ ထို့နောက် လက်သီးဆုပ်လိုက်ရာ သူ့အပေါ်ရှိ အမြုတေချီသည် ဧရာမလက်သီးကြီးအသွင် ပြောင်းသွား၏။ လေထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်နှင့်တစ်ပြိုင်တည်း လက်သီးကြီးက လျှပ်စီးတန်းသုံးတန်းဆီ ပြေးဝင်သွားသည်။

ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးက ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့်တုန်သွားသည်။ လျှပ်စီးတန်းသုံးတန်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။ အပေါ်ထက်ရှိ ကောင်းကင်ပင်လျှင် တုန်ခါသွား၏။

ကျီဟုန်တုန် မျက်နှာပျက်သွားပြီး သူ့မျက်လုံးများ၌ သွေးကြောများထောင်လာသည်။ ရုတ်တရက် သူ့လက်ထဲရှိ ခေါင်းလောင်းမှ အသံမြည်လာပြီး သူ့မှာ သွေးတစ်လုပ်အန်လိုက်ရ၏။ သူ၏မျက်နှာထားမှာ ပို၍ကြမ်းကြုတ်လာပြီး ဟိန်းဟောက်လိုက်သည်။ "မိုးကောင်းကင်ရဲ့စိတ်ဆန္ဒ ၊ မိုးကြိုးပြစ်ဒဏ် သက်ဆင်းလော့"

သူ၏စကားသံ ထွက်လာသည်နှင့်တစ်ပြိုက်နက် မန်ဟို့အပေါ်ရှိ ကောင်းကင်သည် ရုတ်တရက် တစ်လွှာပြီးတစ်လွှာ ဆပွားလာ၏။ အနက်ရောင်တိမ်တိုက်များအတွင်းတွင် လျှပ်စီးတန်းကိုးတန်းသည် မိုးကောင်းကင်၏စိတ်ဆန္ဒနှင့် ပေါင်းစည်း၍ ပစ်ချရန် ပြင်ရင်း ပေါ်လာသည်။

သက်ရှိအရာအားလုံးကို ဖျက်စီးရန် လုံလောက်သည်အထိ အစွမ်းထက်သော ချီတစ်ခု ရုတ်တရက် ပျံ့နှံ့လာသည်။ အဝေးတွင် ရပ်နေသော ရှုချင်၏မျက်နှာလေးပေါ်တွင် စိုးရိမ် ထိတ်လန့်မှုတို့ ဖုံးလွှမ်းသွား၏။

သို့သော် ဤအခိုက်အတန့်တွင် မန်ဟိုက စကားပြောသည်။

သူ၏အသံသည် ခပ်အက်အက်ဖြစ်ပြီး ထူးခြားဆန်းကြယ်စွာ ညှို့ယူဖမ်းစားနေ၏။

"မျက်နှာမဲ့....." မန်ဟိုက သွေးအင်မိုတယ်အမွေအနှစ်၏ နတ်ဘုရားစွမ်းရည်မှ စကားလုံးသုံးလုံးကိုသာ ပြောသည်။ မျက်နှာမဲ့၊ စကားတစ်ခွန်း ၊ စစ်ပွဲမီးတောက်ပေါင်းစည်း။ ကွဲကွာနေတဲ့တိမ်တိုက်တွေ၊ သွေးမိုး၊ ကောင်းကင်အပြည့်ပင်လယ်တွေ။ နတ်ဘုရားတွေ ဖမ်းဆီး၊ စစ်သားတွေချီတက်၊ မီးတောက်တွေ မျှော်စင်ကို ဝါးမြို။ ဝိညာဥ်နဲ့သွေးဆက်အားလုံးကို အသတ်အဖြတ်စွမ်းအား ၉ ရပ်အဖြစ် ပုံသွင်း။

ဤစကားလုံးများတွင် တကယ်တမ်း သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်များ ပါရှိလေသည်။ မျက်နှာဖုံးတပ်ထားမှသာ ၄င်းတို့ကို အသုံးပြုနိုင်၏။ ယခုအချိန်တွင် နှစ်ထောင်ပေါင်းများစွာအတွင်း တစ်ခါမှ မမြင်ခဲ့ရသည့် ရှေးဟောင်းကြမ္မာဆိုးမျိုးနွယ်စု၏ ကြောက်မက်ဖွယ် မှော်ပညာရပ်တစ်ခု မန်ဟို့၏ဆန့်တန်းထားသော လက်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။

သူ့ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ခေါင်းထက်ရှိ အမြုတေချီအမြောက်အမြား ရုတ်တရက် မျက်နှာကြီးတစ်ဖက်အသွင်ပြောင်းရင်း ပြန့်ကားလာသည်။ မန်ဟိုတွင် မျက်လုံးနှစ်လုံးက လွဲ၍ မည်သည့်ပုံပန်းသွင်ပြင်မှ မရှိပေ။ ၄င်းမှာ အနီရောင်ပင်လယ်ပြင်ကြီးသာ ဖြစ်၏။

ဘယ်မျက်လုံးသည်လည်း အနီရောင်အတိပင်။ သို့သော် တုန်လှုပ်ဖွယ်ကောင်းစွာ ညာမျက်လုံး၏နေရာတွင်...မန်ဟိုရှိနေ၏။

ဧရာမမျက်နှာကြီးသည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုးဆင်းလာနေသော လျှပ်စီးတန်းကိုးတန်းထံ ပြေးဝင်သွားသည်။

အရာအားလုံး တုန်ခါသွား၏။ ဤနေရာမှာ အစစ်အမှန်မဟုတ်သည့်တိုင် ပြင်းပြင်းထန်ထန် တုန်ခါနိုင်သေးသည်။ လျှပ်စီးတန်းကိုးတန်း ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။ ကောင်းကင်ရှိ အနက်ရောင်တိမ်တိုက်များ လွင့်စင်ပျောက်ကွယ်လာပြီး မျက်နှာကြီး ဝိညာဥ်ဒဏ်ခတ်ကောင်းကင်ကို ဝင်တိုက်လိုက်သည်နှင့် ၄င်းလည်း အပြီးတိုင်ပျက်စီးသွားသည်။

ဤမျက်နှာမဲ့မှော်ပညာသည် နက်နဲသောဘယ်မျက်လုံး နှင့် ညာမျက်လုံးတွင် မန်ဟိုရှိသော အဆင်းမဲ့သည့် ဧရာမမျက်နှာကြီးအသွင်ပြောင်းသွား၏။ ၄င်းက ကျီဟုန်တုန်ကို ခေါင်းနပန်းကြီးသွားစေပြီး သေခြင်းအရိပ်က သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

"မင်း...." ကျီဟုန်တုန်မှာ စကားပြောရန်ပြင်လိုက်သော်လည်း စကားလုံးများ လည်ချောင်းတွင် တစ်ဆို့သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်တွင် ဧရာမမျက်နှာကြီးက သူ့အရှေ့တည့်တည့်တွင် ပေါ်လာခြင်းကြောင့်ပင်။ မန်ဟိုက ညာမျက်လုံးတွင် ရပ်နေလျက် လက်ကိုမြှောက်ကာ ကျီဟုန်တုန်၏လည်ပင်းကို ညစ်လိုက်သည်။

သူ၏လက်ကြောင့် ကျီဟုန်တုန်မှာ စကားဆက်မပြောနိုင်တော့ဘဲ ရှုံ့မဲ့သွားလေသည်။ သူ့မှာ ရုန်းချင်သော်လည်း ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်ခံထားရကြောင်း သိလိုက်၏။ သူဘယ်နည်းနှင့်မှ ပြန်မတိုက်ခိုက်နိုင်တော့ပေ။

သူ၏မျက်လုံံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုတို့ အတိုင်းသား မြင်သာလာသည်။ မန်ဟို့၏အသတ်အဖြတ်စိတ်ဆန္ဒကို သူအာရုံရနေ၏။ ၄င်း၏ရက်စက်မှုကား ပြိုင်ဘက်ကင်းနေသည့်တိုင် ..... သူ့အဖို့ နန့်ရှန်းတိုက်ကြီးတွင် ကျီမျိုးနွယ်ဝင်တစ်ယောက်ကို သတ်ရဲသူရှိကြောင်း ယုံနိုင်ရန်ခဲယဥ်းနေသည်။

ဤအတွေးက သူ့ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေလေသည်။ ၄င်းမှာ သူကလေးဘဝကတည်းက တည်ရှိခဲ့သောအတွေးဖြစ်၏။ ယခုလောလောဆယ်တွင် သူသည် သေမင်းလက်ထဲကျရောက်ခါနီးဖြစ်သော်လည်း သူ၏အကြောက်တရား လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ခက်ထန်မှုက အစားထိုးဝင်ရောက်လာသည်။ သူက မထီမဲ့မြင် ပြုံးရင်း မန်ဟို့ကို စိုက်ကြည့်သည်။

သူသည် စကားမပြောနိုင်သော်လည်း သူ၏မျက်လုံးများက ပြောနေ၏။ "သတ်ရဲလို့လား" ၄င်းက မန်ဟို့နှလုံးသားထဲ ချက်ချင်း ရောက်ရှိလာသည်။

သူက အသက်ချမ်းသာပေးရန် တောင်းဆိုခြင်းမရှိသလို၊ စိတ်တိုအောင်လည်း မပြောပေ။ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူသည် ကျီမျိုးဆက်၏ ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုကို မမေ့နိုင်ပေ။ သူက မေးမော့ပြီး မန်ဟို့ကို အေးစက်စက်ကြည့်နေသည်။

မန်ဟိုက အချိန်အတန်ကြာသည်အထိ ငြိမ်သက်နေပြီးနောက် ခပ်အက်အက်ပြောသည်။ "တကယ်တော့....ငါ မင်းကို ... မသတ်ချင်ပါဘူး...." နီရဲနေသောမျက်ဝန်းများအစား မန်ဟို့၏မျက်လုံး ဝင်ရောက်လာသည်။

ဤသည်ကိုကြားသော် ကျီဟုန်တုန်က ခနဲ့ပြုံးပြုံးသည်။ သို့သော် ရုတ်တရက် မန်ဟို့ညာလက်က ခပ်တင်းတင်းဆုပ်လိုက်သည်။ ဂျွတ်ခနဲအသံ ထွက်လာပြီး ကျီဟုန်တုန်၏မျက်လုံးများ ပြူးထွက်သွား၏။ သူ့လည်ပင်းမှ ခြေမွခံလိုက်ရလေပြီ။ မန်ဟို့လက်၌ စီးဆင်းနေသော သွေးအင်မိုတယ်၏ စွမ်းအားသည် ကျီဟုန်တုန်၏ကိုယ်ထဲ စီးဝင်သွား၏။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး ချက်ချင်း ခြောက်ကပ်သွား၏။ သူ့တစ်ကိုယ်လုံးရှိ သွေးများသည် နဖူး၌ စုဆုံလာသည်။ သွေးအမှတ်အသားတစ်ခု ပေါ်လာပြီး ကျီသွေးဆက်အဖြစ် ခဲကာ ရုတ်တရက် လေထဲ ပျံတက်လာသည်။

သွေးသည် မန်ဟိုတပ်ထားသည့် မျက်နှာဖုံး၏နဖူးအတွင်း ဝင်ရောက်သွား၏။ မျက်နှာဖုံးမှာ စိတ်လှုပ်ရှားနေသည့်အလား လှိုင်းထသွားသည်။ မန်ဟိုက ကျီဟုန်တုန်၏အလောင်းကို လွှတ်ချလိုက်သည်။

သူက မျက်လုံးများပိတ်ပြီး ညာလက်ဖြင့် မျက်နှာဖုံးကို ခွာလိုက်သည်။ ၄င်းကွာသွားသောအခါ မန်ဟို့မျက်နှာ မည်မျှဖျော့တော့နေကြောင်း မြင်သာလာ၏။ မျက်နှာဖုံးး၏အစွမ်းမှာ အံ့မခန်းလိလိပင်။ မန်ဟို၏ စိတ်ဝိညာဥ်အာရုံသာ အစွမ်းမထက်ပါက သူဘယ်တော့မှ ကိုယ်ပိုင်အသိစိတ်ပြန်ရတော့မည် မဟုတ်ပေ။

သူ မျက်နှာဖုံးစွမ်းအားကို အသုံးပြုခဲ့သည့် အချိန်တိုလေးအတွင်း သက်တမ်းအားဖြင့် နှစ်ခြောက်စက်ဝန်းတစ်ဝက် ဆုံးရှုံးခဲ့ရကြောင်း သဘောပေါက်လိုက်သည်။

မျက်နှာဖုံးကို အသုံးပြုခြင်းအတွက် အဖိုးအခကား မြင့်လွန်းလေသည်။

မန်ဟိုက မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ရှုချင်ကို လှည့်ကြည့်သည်။ သူက နှုတ်ခမ်းကိုကိုက်ရင်း တိုးတိုးလေးပြော၏။ "ကျွန်တော်တို့ အခု အန္တရာယ်ကင်းပြီ။ ဘယ်သူမှ အစ်မလျှို့ဝှက်ချက်ကို မသိနိုင်တော့ဘူး"

ရှုချင်မှာ မျက်ရည်ဝဲနေသော မျက်ဝန်းလေးများဖြင့် မန်ဟို့ကို ကြောင်တောင်တောင် ငေးကြည့်နေသည်။ သူမသည် ရိုးအသော လူတစ်ယောက်ဖြစ်သော်လည်း သူမလျှို့ဝှက်ချက်ကို ကာကွယ်ဖို့ မန်ဟိုပေးဆပ်ခဲ့ရသည့် အဖိုးအခကို သိလေသည်။

သူသည် ကျီမျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်သဖြင့် ကပ်ဘေးကြီးကို ရန်သွားစေမိလေပြီ။ သူ့ဂိုဏ်းနှင့် မငြိစွန်းစေရန်အလို့ငှာ ဂိုဏ်းကို စွန့်ခွာခဲ့ရ၏....ယခုတော့ သူ့မှာ ခြေသလုံးအိမ်တိုင်အဖြစ်နေဖို့မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ သူအနေဖြင့် တောင်ပိုင်းဒေသသို့ ဘယ်တော့မှ ပြန်လာ၍မရတော့သလို ကျီမျိုးနွယ်စုထံမှလည်း ပုန်းနိုင်မည်မဟုတ်ပေ။

ထိုမျှသာမက သူ့မှာ အမြုတေဖြစ်တည်အဆင့်ကျင့်ကြံသူလေးတစ်ယောက်သာ....

ရှုချင်မှာ နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သော်လည်း မျက်ရည်တို့က အတားအဆီးမရှိစီးကျလာသည်။ သို့သော် ၄င်းတို့က မြေပေါ်သို့ မကျလိုက်ပေ။ မန်ဟိုက သူမမျက်ရည်များကို တယုတယသုတ်ပေးသည်။

"မငိုပါနဲ့" သူက ပြုံးရင်းပြောသည်။ "ရှေ့လျှောက်ရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်။ ကျွန်တော်တို့ ထပ်မတွေ့ဘူးလို့ ဘယ်သူပြောနိုင်မလဲ" သူ၏ ပြုံးနေသည့် ဖြူဖျော့ဖျော့မျက်နှာက သူ၏စကားလုံးများကို ရှုချင်၏နှလုံးသားထဲ၌ ပို၍နက်ရှိုင်းစွာ စွဲထင်သွားစေသည်။

"ကျွန်တော် အခုသွားတော့မယ်" သူက ဆက်ပြောသည်။ "ဒီနေရာက မကြာခင် ပြိုကျတော့မှာ" သူက သူမမျက်ဝန်းလေးကို လေးလေးနက်နက်ကြည့်သည်။ သူထွက်သွားပြီးနောက်တွင် သူတို့နှစ်ယောက်မှာ တစ်ယောက်အသက်ရှင်၍ တစ်ယောက်သေဆုံးသွားသကဲ့သို့ ကွဲကွာနေမည်ဖြစ်ကြောင်း သူသိလေသည်။ သူအသက်ရှင်လျှင်တောင်မှ ပြန်လာဖို့ နှစ်ပေါင်းမည်မျှကြာမည်လဲ ဘယ်သူမှမသိနိုင်ပေ။

သူပြန်လာနိုင်ခဲ့လျှင် ယခုသူ့အရှေ့က မိန်းမလှလေးမှာ ယခင်အတိုင်း မပြောင်းလဲရှိနေဦးမည်ဟု မည်သူပြောနိုင်မည်နည်း။

သို့သော် မန်ဟို နောင်တမရပေ။ ကျီဟုန်တုန် သေမှဖြစ်မည်။ ရှုချင်အတွက်ဖြစ်စေ၊ သူ့အတွက်ဖြစ်စေ ကျီဟုန်တုန်သေမှသာ သူတို့အသက်ဆက်ရှင်နိုင်မည်။

သူလျှောက်နိုင်သည့် တတိယလမ်းရှိကောင်းရှိနိုင်သော်လည်း ကံဆိုးစွာပင် အရာအားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၍ တတိယလမ်းအား စဥ်းစားရန် အချိန်မရှိခဲ့ပေ။ မန်ဟိုအနေနှင့်သတ်ပြီး ဖန်မုအဖြစ် ပုံမှန်အတိုင်းနေခြင်းကား ကျီမျိုးနွယ်စု၏ ကြောက်မက်ဖွယ်စွမ်းအားကို နားမလည်ရာကျသည်။ ယင်းက သူကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို အခြေခံသော ဆုံးဖြတ်ချက်ပင်။

သူသာ ထိုသို့လုပ်ခဲ့ပါက ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးသွားဖို့က ကိုးဆယ်ရာခိုင်နှုန်းဖြစ်နိုင်ခြေရှိသည်။ သူထိုသို့ မဖြစ်စေချင်ပေ။

မန်ဟို လှည့်လိုက်စဥ် ရုတ်တရက် တစ်ယောက်ယောက်က သူ့ကိုအနောက်မှဖက်လိုက်ကြောင်း သိလိုက်၏။ ၄င်းမှာ နူးညံ့ပြီး နွေးထွေးသည်။

"အစ်မ မင်းကို စောင့်နေမယ်" ရှုချင်က ပြောသည်။ သူမအသံမှာ ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေ၏။ အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ် မည်သည့်ဘဝတွင်ဖြစ်စေ သူတို့နှစ်ယောက် ထာဝရအတူ ရှိနေလိမ့်မည်။

***

All Chapters